← Chapters

ဖက်တီးချမ်ကို ဘုရင်မြှောက်မယ်

Vol. 1 Ch. 239

ဖက်တီးချမ်ကို ဘုရင်မြှောက်မယ်

Vol. 1 Ch. 239

"သွားသင့်ပြီ"

မီးနဂါးဓား၊ လေအရိပ် ဓားသိုင်းနှင့် ကမ္ဘာ့မီးလျှံတို့ကို ပြီးပြည့်စုံသည် အထိ ပေါင်းစပ်နိုင်ရန် သေချာ စမ်းသပ် လေ့ကျင့်ရန် လိုအပ်သည်။ သို့မှသာ သေသေသပ်သပ် တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။ လက်ရှိ အချိန်တွင် သူ့၌ အချိန်ပိုမရှိရာ စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မနည်းချိုးနှိမ် လိုက်ရသည်။ သူသည် အလွယ်တကူ မမြင်နိုင်သည့် နေရာတစ်ခု တွေ့သွားခဲ့ရာ ဟွမ်ကြီးကို ဆင့်ခေါ်၍ မြေတွင်းတူးကာ ဟွာယွင် တောင်အောက် ဦးတည် လိုက်သည်။

မီးတောင်နှင့် နီးကပ်လာသည်နှင့် အမျှ အပူချိန်မှာ ပိုမိုမြင့်တက် လာခဲ့ပြီး ဟွမ်ကြီးမှာ မသက်မသာ ဖြစ်နေလေသည်။ ကျန်းရီသည် ဟွမ်ကြီးကို နောက်ထပ် ကီလိုမီတာ အနည်းငယ် ဆက်တိုး ခိုင်းလိုက်သည်။ ထို့နောက် ဟွမ်ကြီးကို ဝိညာဉ်သားရဲ အဆောင်အတွင်း ပြန်ဝင်စေ၍ အနက်ရောင် အကြေးခွံဓားကို ထုတ်ကာ မီးတောင်ဆီ ဥမင်တစ်ခု တူးလိုက်သည်။

တစ်နာရီခန့် ကြာသော် ရွှံ့များမှာ အနီရောင်ရင့်ရင့် ဖြစ်လာခဲ့ပြီး အပူချိန်မှာ ကြောက်စရာ ကောင်းလောက်အောင် မြင့်နေလေပြီ။ အနက်ရောင် အကြေးခွံဓား၏ တွင်းတူးနိုင်သော နှုန်းသည်လည်း တဖြည်းဖြည်း လျော့ကျ လာခဲ့သည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ မီးနဂါးဓားကို ထုတ်လိုက် ရတော့သည်။ ကျန်းရီသည် ဓားထဲသို့ အတွင်းအား လုံးဝ မထည့်ဘဲ ထက်ရှလှသော ဓားသွား သက်သက်ဖြင့် ဥမင် လိုဏ်ခေါင်းကို ချဲ့ထွင်လိုက်သည်။

"ဝှစ်"

မကြာခင်တွင် မီးတောင်နံရံကို ကျန်းရီ ဖောက်နိုင်သွားခဲ့သည်။ ကျန်းရီသည် အပေါက်ထဲမှ ခေါင်းကို ထုတ်၍ အသက်အောင့်ကာ ပတ်ဝန်းကျင် အခြေအနေကို အရင် စစ်ဆေးလိုက်သည်။ မီးတောင်ထဲတွင် ဘယ်သူမှ မရှိကြောင်း သေချာတော့မှ ကြိုးတစ်ချောင်းမှ မသုံးဘဲ မီးတောင်ထဲသို့ ခုန်ဝင်လိုက်သည်။

"ဗွမ်း"

ကျန်းရီသည် ပွက်ပွက်ဆူနေသော ချော်ရည်အိုင်ထဲ ခုန်ချလိုက်ပြီး ချော်ရည် အိုင်ထဲတွင် ကူးခတ်ကာ ကမ္ဘာ့မီးလျှံများကို မီးဝိညာဉ် ပုလဲအတွင်း စုပ်ယူလိုက်သည်။ ပြီးခဲ့သည့် တစ်ခေါက်နှင့် နှိုင်းယှဉ် ကြည့်လျှင် ကမ္ဘာ့မီးလျှံများ ပိုမိုစုပ်ယူ ထားခြင်းက သူ့အတွက်  ပို၍ လုံခြုံဘေးကင်း နိုင်သည်။ အနည်းဆုံး နှစ်ဆခန့် ပိုမို စုပ်ယူရပေမည်။ မီးဝိညာဉ် ပုလဲအတွင်းတွင် သောင်းပြောင်း ထွေလာသော ပစ္စည်းများ ထောင့်တစ်ထောင့်တွင် အပုံလိုက် ရှိနေသည်မှ လွဲ၍ ကျန်နေရာ တစ်ခုလုံးသည် ကမ္ဘာ့မီးလျှံများနှင့် ပြည့်နေ လေသည်။

ကျန်းရီသည် ချော်ရည်အိုင်ထဲမှ မြန်မြန်ဆန်ဆန်ပင် ပြန်ထွက် လိုက်သည်။ သူသည် မီးတောင်ဝမှ ပြန်မထွက်ဘဲ သူစောစော တူး၍ ဝင်လာခဲ့သော ဥမင်လမ်းကြောင်း အတိုင်း ပြန်ထွက်ခွာ လာခဲ့သည်။ မိုင်ပေါင်းများစွာ ပြေးလာပြီးနောက် ကျန်းရီသည် ဟွမ်ကြီးကို ဆင့်ခေါ်၍ ရှားနိုင်ငံ၏ တော်ဝင် မြို့တော်ထံ ထွက်ခွာခဲ့သည်။

တစ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရှားဝူဟွေ့သည် ရှားနိုင်ငံ၏ မြို့တစ်မြို့သို့ ရောက်ရှိ နေလောက်ပေပြီ။ ကျန်းရီ သတင်းများ ထပ်စုံစမ်း လိုက်ပြီးနောက် နောက်ထပ် အလစ် တိုက်ခိုက်ရန် နေရာ ကောင်းတစ်ခုကို သိလိုက် ရလေသည်။

ဟွမ်ကြီးကိုစီး၍ တစ်ညလုံး ခရီးပြင်း နှင်ခဲ့ပြီးနောက် မိုးသောက်ချိန်တွင် ကျန်းရီသည် မြို့တစ်မြို့သို့ ရောက်သွားခဲ့သည်။ သို့သော် မြို့ထဲသို့ သူမဝင်ရဲချေ။ မြို့အဝင်ဝတွင် စစ်သား တစ်ရာခန့်သည် မြို့ထဲသို့ ဝင်သော သူတိုင်းကို စစ်ဆေးလျက် ရှိသည်။

"ဟမ့်"

ကျန်းရီသည် ခပ်လှမ်းလှမ်းမှ အကဲခတ်ကာ မြို့နှင့်ဝေးရာသို့ ထွက်လာ ခဲ့လိုက်သည်။ မြို့ထဲသို့ ဝင်ပေါက်မှ သူမဝင်နိုင်လျှင် မြေတွင်းတူး၍ တိုက်ရိုက် ဝင်လိုက်မည်။ သူ့တွင် ဥမင်လိုဏ်ခေါင်း တူးရာ၌ မြန်ဆန်စေသည့် ဟွမ်ကြီး ရှိနေသည် မဟုတ်ပါလော။

ကျန်းရီသည် အကွာအဝေးကို တွက်ချက်၍ မြို့အောက်ဘက်သို့ ဟွမ်ကြီးကို စီးနင်း သွားလိုက်သည်။ ထို့နောက် ဟွမ်ကြီးကို သိမ်းဆည်း၍ မြေတွင်းကို ကိုယ်တိုင် ဝင်တူးသည်။ ဟွမ်ကြီးသည် တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်ပြီး ၎င်း၏ အငွေ့အသက် အရှိန်အဝါတို့သည် သိသာ ထင်ရှား လွန်းနေသည်။ မြေပေါ် ရောက်မသွားခင် တည်းက အပေါ်မှ လူများ သတိပြုမိ သွားနိုင်သည်။

သူသည် ဥမင်ကို သတိကြီးကြီး ထား၍ တူးနေပြီး သူ၏ အစွမ်းထက်လှသော အကြားအာရုံကို အသုံးချကာ အပေါ်တွင် လူများ မရှိလောက်သည့် နေရာကို ရွေးချယ် လိုက်သည်။ မကြာခင်၌ မရင်းနှီးသည့် ခြံဝင်းတစ်ခုထဲတွင် သူမြေပေါ် ထွက်လာခဲ့ပြီး သူခိုး အဝတ်အစားများကို ပန်းထိုး အဝတ်အစား ကောင်းကောင်းများနှင့် အလျင်အမြန် လဲလိုက်ပြီး သာမန် မျက်နှာဖုံး တစ်ခုကို တပ်ဆင် လိုက်သည်။ ထို့နောက် သူသည် ခြံဝင်းထဲမှ ထွက်လာခဲ့ပြီး အဓိက လမ်းမကြီးများထက် လျှောက်လာခဲ့သည်။

ကျန်းရီသည် သပ်သပ်ရပ်ရပ် စားသောက်ဆိုင် တစ်ခုကို တွေ့သောအခါ ရွှေစအနည်းငယ်ကို သုံးလိုက်သဖြင့် စားပွဲထိုးထံမှ  သူလိုချင်သော သတင်း အချက်အလက်များ ရလိုက်လေသည်။ ရှားဝူဟွေ့သည် မြို့တစ်မြို့သို့ ရောက်နေခဲ့သော်လည်း ဤမြို့လေး မဟုတ်ပေ။ သူသည် ရှားဖုန်းမြို့သို့ သွားခဲ့ခြင်း ဖြစ်လေသည်။

စစ်သူကြီး စုတိကော စစ်သည်သုံးသောင်းကို ကိုယ်တိုင်ဦးဆောင်၍ ရှားဝူဟွေ့ကို သွားရောက် ကြိုဆို၍ ရှားဖုန်းမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။ ကြင်ယာတော် အစောင့်အရှောက် စစ်တပ် တိုက်ခိုက်ခံရသော သတင်းသည် ရှားနိုင်ငံ တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့် မြို့တိုင်းတွင် မြို့ပြင်ရော၊ မြို့တွင်း၌ပါ အစောင့်အကြပ်များ တင်းတင်းကျပ်ကျပ် ချထားခြင်း ဖြစ်လေသည်။ ထိုသတင်းသည် မြို့ထဲတွင် ရေပန်းအစားဆုံး သတင်းလည်း ဖြစ်နေခဲ့သည်။

"ရှားဖုန်းမြို့"

ကျန်းရီ၏ မျက်နှာ သုန်မှုန်သွားခဲ့သည်။ ထိုမြို့သည် ရှားနိုင်ငံ မြောက်ပိုင်း၏ အကြီးဆုံးမြို့ကြီး ဖြစ်လေသည်။ ထိုမြို့တွင် စစ်သည်ပေါင်း သိန်းသောင်းချီ၍ တပ်စွဲထားသည်။ ရှားဝူဟွေ့ကို ထိုမြို့၌ လုပ်ကြံလျှင် အောင်မြင်မှုနှုန်းသည် မရှိသလောက် နည်းပါးသွားပေလိမ့်မည်။

သူသည် တစ်ခဏ စဉ်းစားလိုက်ပြီးနောက် စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီး မြို့ထဲတွင် လျှောက်သွား နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် မြို့ထဲရှိ အကြီးဆုံး လုံယွမ် ကုန်စည်ခန်းမထဲသို့ ဝင်သွားလိုက်သည်။

ကုန်စည်ခန်းမသည် ကြီးမားလွန်းပြီး ကောင်းကင် တောင်ပံမြို့ရှိ ပုလဲမှုန် အစည်းအရုံး ဗိမ္မာန်ကဲ့သို့ အရောင်းဆိုင်လေးများစွာ ရှိလေသည်။ ပစ္စည်း အမျိုးအစားများလည်း စုံလင်လှပြီး ရွှေစသာ အလုံအလောက် ရှိပါက ကောင်းကင် အဆင့် ရတနာများပင် ဝယ်၍ ရနိုင်သည်။

ကျန်းရီ လိုအပ်နေသည်မှာ ရှားနိုင်ငံ၏ အသေးစိတ်ကျသော မြေပုံ၊ သူ့ဇစ်မြစ်ကို ဖုံးကွယ်နိုင်ရန် လူအရေပြား မျက်နှာဖုံးများနှင့် ကျောက်သား တံဆိပ်ပြား အနည်းငယ်တို့ ဖြစ်သည်။ ဤကဲ့သို့ ကုန်စည်ခန်းမ အကြီးကြီးတွင် ထိုပစ္စည်းများ အားလုံး ရနိုင်လေသည်။

ကျန်းရီသည် ကုန်စည်ခန်းမထဲ ရောက်သွားသည်နှင့် ဟိုဟိုဒီဒီ လျှောက်မသွားဘဲ နေရာတွင်သာ ဝံ့ကြွားသော အမူအရာနှင့် ရပ်နေခဲ့သည်။ သူထင်ထားသည့် အတိုင်း ဆိုင်အကူ တစ်ယောက် အလျင်အမြန် ရောက်လာကာ အပြုံးနှင့် မေးလာခဲ့သည်။

"ဘာများလိုချင်ပါလဲ...ဆရာ"

"ဒီမှာ အဆင့်မြင့်မြင့် ပစ္စည်းတွေ ရှိလား"

ကျန်းရီသည် မည်သည့် အမူအရာမှ မပေါ်စေရဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ဟုတ်ကဲ့ ဆရာ...ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ"

ဆိုင်အကူသည် ချက်ချင်း နားလည်လိုက်သည်။ ကျန်းရီ ပြောလိုက်သည်မှာ လျှို့ဝှက် စကားလုံးဖြစ်ပြီး ထိုသို့ စကားပြောပုံသည် သူ့ကို ချမ်ဝမ်ကွမ် သင်ပေးထားခဲ့ခြင်း ဖြစ်လေသည်။ အဓိပ္ပာယ်မှာ ကျန်းရီလိုချင်သော ပစ္စည်းများမှာ အရောင်း ကောင်တာများတွင် မရှိဘဲ ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ ဖြစ်သည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဆိုင်အကူသည် ကျန်းရီအား ခမ်းနားလှသော အခန်းတစ်ခုအတွင်း ခေါ်လာခဲ့ပြီး ထွက်သွားခဲ့သည်။ ဆိုင်အကြီး အကဲတစ်ယောက် ရောက်လာသော အခါ ကျန်းရီသည် ရှေ့ရှိ စားပွဲပေါ်သို့ ရွှေစများ တင်၍ ပြောလိုက်သည်။

"လူအရေပြား မျက်နှာဖုံး ဆယ်ခု၊ ရှားနိုင်ငံရဲ့ အသေးစိတ် အကျဆုံး မြေပုံတွေထဲက တစ်ခုနဲ့ ဇာစ်မြစ်ကို ဖုံးကွယ်ဖို့ တံဆိပ်ပြား အတု သုံးခု လိုချင်တယ်"

"အမ်"

ဆိုင်အကြီးအကဲသည် မျက်မှောင်ကြုတ် လိုက်မိသောကြောင့် အလွန်ဖော်ရွေသည့် အပြုံးတစ်ခု ချက်ချင်း ဆင်မြန်းလိုက်သည်။

"သခင်လေး လူသားအရေပြား မျက်နှာဖုံးတွေနဲ့ တံဆိပ်ပြား အတုတွေက လွယ်ပါတယ်... ရှားနိုင်ငံရဲ့ အသေးစိတ် အကျဆုံး မြေပုံကတော့ ခေါင်းဆောင် အကြီးအကဲဆီမှာ မေးကြည့် ရဦးမယ်"

"မြန်မြန်လုပ်ပေး"

ကျန်းရီ လက်ဝှေ့ယမ်း ပြလိုက်သောအခါ ဆိုင်အကြီးအကဲသည် မြန်မြန်ထွက်သွားခဲ့ပြီး ငယ်ရွယ်သော လူတစ်ယောက်နှင့် ပြန်ရောက် လာခဲ့သည်။ ထိုလူဝင်လာသော ခဏတွင် ကျန်းရီ၏ မျက်လုံးများ တောက်ပ သွားသော်လည်း သူ့ကိုယ်သူ ချက်ချင်း ပြန်ထိန်း လိုက်သည်။ သူသည် ဆိုင်အကြီးအကဲကို ညွှန်ပြကာ ပြောလိုက်သည်။

"မင်းသွားနိုင်ပြီ"

"ဟမ်"

ကျန်းရီ၏ အသံကို ကြားသောအခါ ခေါင်းဆောင် အကြီးအကဲ ဆိုသူသည် မျက်နှာအမူအရာ ပြောင်းလဲ သွားခဲ့သည်။ သူ့လက်အောက်မှ ဆိုင်အကြီးအကဲ ထွက်သွားသည့် အခါ သူသည် အခန်းတွင်းရှိ တားမြစ် အစီအရင်များကို ချက်ချင်း အသက်သွင်းလိုက်ပြီး ဒူးတစ်ဖက် ထောက်ကာ နှုတ်ဆက် လိုက်သည်။

"သခင်လေးရီကို ချမ်ခွမ်း အရိုအသေ ပေးပါတယ်"

"ဟားဟား"

ကျန်းရီသည် ခေါင်းဆောင် အကြီးအကဲကို လက်နှစ်ဖက်နှင့် ဆွဲထူလိုက်သည်။ ထို့နောက် မျက်နှာထက်မှ လူသားအရေပြား မျက်နှာဖုံးကို ဆွဲခွာကာ ဝမ်းသာအားရ ပြောလိုက်သည်။

"ချမ်ခွမ်း... မတွေ့တာကြာပြီ၊ ငါတို့ဝိညာဉ် သားရဲတောင်မှာ နှုတ်ဆက် ခဲ့တုန်းကနဲ့ဆို နှစ်ဝက်တောင် ကြာသွားပြီ... မင်း ဘယ်လိုလုပ်ပြီး ဒီမှာ ဆိုင်အကြီးအကဲ လာဖြစ်နေတာလဲ၊ ဒီကုန်စည် ခန်းမကို ချမ်ဂိုဏ်းက ပိုင်တာလား"

ချမ်ခွမ်းသည် ချမ်ဝမ်ကွမ်၏ နောက်လိုက် တစ်ယောက် ဖြစ်သည်။ ဟေးယွင်တောင်တွင် ကျန်းရီ သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံး၍ နတ်ဆိုး သားရဲများကို အမဲလိုက်စဉ်က ချမ်ခွမ်းသည် သူ့အတွက်ပါ အလုပ်လုပ် ပေးခဲ့သည်။ အမြီးသုံးချောင်း မြေခွေး ပေါ်လာခဲ့သောကြောင့် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ ပြန်သွားခဲ့ပြီး ကျန်းရီသည် ချမ်ခွမ်းတို့ လူစုနှင့်အတူ အချိန်အတော် ကြာအောင် အလုပ်အတူ လုပ်ခဲ့ရသည်။ ကျန်းရီ အမဲလိုက် ပြီးချိန်တိုင်းတွင် ချမ်ခွမ်းသည် သတိလစ်အောင် ရိုက်၍ ကျောက်ဂူဆီ ပြန်သယ် သွားပေးခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ချမ်ခွမ်းနှင့် တွေ့ရသောအခါ အလွန် သက်သောင့်သက်သာ ရှိနေလေသည်။

"ဟီးဟီး... ခေါင်းဆောင်ငယ်က ကျွန်တော့်ကို အသိမှတ်ပြုပြီး အရင် အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် ကြံ့ခိုင်သွားအောင် လုပ်ခိုင်းတယ်... ပြန်လာတဲ့ အခါမှာ ပိုအရေးပါတဲ့ ရာထူးတစ်ခုကို တာဝန်ယူရမယ်တဲ့... ဒီလုံယွမ် ကုန်စည်ခန်းမက အပေါ်ယံကြည့်ရင် ရှားနိုင်ငံရဲ့ ဂိုဏ်းကြီး တစ်ခုက ပိုင်တာပဲ၊ တကယ်တမ်းကျ ချမ်ဂိုဏ်းရဲ့ စီးပွားရေး တစ်ခုပဲ"

ချမ်ခွမ်းသည် ရှင်းပြပြီးနောက် ကျန်းရီကို လေးစားသည့် မျက်လုံးများနှင့် ကြည့်ကာ စကားဆိုလာခဲ့သည်။

"သခင်လေးရီ... ကျွန်တော် ဒီမှာ တစ်ချိန်လုံး ရှိနေပေမယ့် သခင်လေးရီရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ အကြောင်း ကြားမိပါတယ်၊ ညီအစ်ကိုတွေ အားလုံးလည်း ဒီသတင်းကို ကြားတဲ့အခါ သွေးတွေ ဆူလာတဲ့ အထိ စိတ်တက် ကြွလာကြပြီး သခင်လေးရီကို လေးစားအားကျ နေကြတယ်၊ သခင်လေးရီလို သူရဲကောင်းနဲ့ ရက်တွေအများကြီး အတူတူနေပြီး အတူတူ အမဲလိုက်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ အားလုံး ဂုဏ်ယူနေမိတယ်"

"ဟားဟား"

ကျန်းရီသည် ခါးသီးစွာ ရယ်မောလိုက်သည်။

"ငါကအခု နိုင်ငံသစ္စာဖောက်မှုကို ကျူးလွန်ထားတဲ့ အပြစ်သားပါပဲ၊ မင်းတို့တွေ ငါ့ကို မိတ်ဆွေ တစ်ယောက် အဖြစ် အသိအမှတ် ပြုသေးတာပဲ ငါက ကျေးဇူးတင်ရမှာပါ"

"သောက်ရေးမပါတဲ့ နိုင်ငံသစ္စာဖောက်မှု "

ချမ်ခွမ်းသည် မကျေမနပ် ပြောလာခဲ့သည်။

"မင်းကြီးက သခင်လေးရီ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို လိုနေတာ သိရက်နဲ့ ရှားဝူဟွေ့ကို ပေးလိုက်တယ်၊ ဒါက သူတို့မှားတာလေ...ခေါင်းဆောင်ငယ်က ကျွန်တော်တို့ကို သခင်လေးရီ ရှိလောက်တဲ့ နေရာတွေနဲ့ အရေးကြုံလာရင် ကူညီဖို့ အကြောင်းကြား ထားတယ်၊ ချမ်ဂိုဏ်းက ရှန်ဝူနိုင်ငံရဲ့ အရာရှိမိသားစု ဖြစ်နေသေးတဲ့ အတွက် ကျွန်တော်တို့ ပေါ်ပေါ်ထင်ထင် လုပ်လို့မရတဲ့ အရာတွေ အများကြီး ရှိနေတယ်...သခင်လေးရီ နားလည် ပေးမယ်လို့ မျှော်လင့်ပါတယ်"

"ဟားဟားဟား"

ကျန်းရီသည် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး ချမ်ခွမ်း၏ ပခုံးကို ပုတ်လိုက်သည်။

"ဖက်တီးချမ်ဆီ သတင်းပို့ပေး...ငါကောင်းကောင်း အသက်ရှင်နေတယ်၊ ဆက်ပြီးလည်း ရှင်သွားမယ်လို့... ငါတကယ် အင်အားကြီးလာတဲ့ တစ်နေ့ကျရင် ရှန်ဝူနိုင်ငံကို သွားပြီး ရှားထင်ဝေ့ကို သတ်မယ်...ပြီးရင် ဖက်တီးချမ်ကို ဘုရင်မြှောက်မယ်လို့"

*****

All Chapters