ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်
Vol. 11(B) Ch. 153
ဝမ်လု မရှိတော့ဘူး။
ကျိယန်လင်သည် စိတ်နှလုံးကွဲကြေကာဖြင့် ငိုကြွေးနေလေသည်။
သူမသည် အန္တရာယ်အတွင်း ကျရောက်သည်ဖြစ်စေ၊ အထီးကျန်သည်ဖြစ်စေ မည်သည့် အနေအထားတွင်မဆို ကြံကြံခံခဲ့ပြီး မျက်ရည်တစ်စက်ပင် မကျခဲ့ချေ။ ယခုမူကား အစွမ်းကုန် ငိုကြွေးနေမိသည်။
ဝမ်လု၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီးသည့် နောက်တွင် ကြွင်းကျန်ရစ်သော အနက်ရောင် အော်ရာများသည် အန်လင်း ခန္ဓာကိုယ်အတွင်း စီးဆင်းလာလေသည်။
အန်လင်းသည် ထိုအနက်ရောင် အော်ရာများအား မငြင်းပယ်သင့်ဟု ခံစားမိသည်။
ယင်းတို့အား လက်ခံယူပြီးနောက်တွင် အန်လင်းသည် မကောင်းသော ခံစားချက်များ၏ ဖျက်ဆီး တိုက်စားခြင်း မခံရပေ။ ထို့အစား သူ၏ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ အားလုံးသည် ပိုမိုလှုပ်ရှား တက်ကြွလာပြီး မြင်ရသမျှ အရာအားလုံးသည် ပိုမိုကြည်လင် ပြတ်သားလာကာ နှေးကွေးသွားလေသည်။
“တင်းတောင် ... နတ်ဆိုးယုတ် အဆီအနှစ်ကို အောင်မြင်စွာ စုပ်ယူပြီးစီးပါပြီ။ ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင် အမွေအနှစ်အား စတင် လွှဲပြောင်းပါပြီ”
ဘုန်း
အန်လင်း၏ စိတ်ထဲသို့ အချက်အလက်များစွာ စီးဆင်း ရောက်ရှိလာကြသည်။
နည်းစနစ်၊ ကျင့်ကြံခြင်းနည်းလမ်း၊ ကမ္ဘာအောက်ခြေ တာအိုနှင့် ကျင့်ကြံခြင်း အခြေခံတို့အား သိမြင်နားလည်မှု စသည်။
နောက်တစ်ဖန် ဦးခေါင်း ပေါက်ကွဲမတတ် အတွေ့အကြုံအား ခံစားရပြန်သည်။ သို့သော်လည်း ယခင်နှင့် မတူစွာပင် ဤတစ်ကြိမ်တွင် သူ၏အတွေးများသည် အလွန်ကြည်လင်ကာ ရှင်းလင်းလျက်ရှိသည်။
ဪ ... ဒီလိုမျိုးပေါ့ ...
အန်လင်းသည် မတ်တတ် ရပ်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ အနက်ရောင် အော်ရာပါးပါး ဖော်ထုတ်လျက် ကျိယန်လင်ထံ လျှောက်လှမ်းသွားလိုက်သည်။
[အလယ်အလတ် အဆင့် စစ်နတ်ဘုရား အင်မော်တယ်မန္တန်-ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်-ဤနည်းစနစ်အား အသုံးပြုလျှင် အချိန်တိုအတွင်း၌ သင့်ခန္ဓာကိုယ်၏ လုပ်ဆောင်နိုင်စွမ်းအင် အပြည့်အဝကို အသုံးပြုနိုင်မည် ဖြစ်သည်။]
သို့သော်လည်း ထိုနည်းစနစ်အား အသုံးပြုပြီးသည့် နောက်တွင် နောက်ဆက်တွဲ အကျိုးဆက်အား ခံစားရပေလိမ့်မည်။ ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို ပိုမိုကြာမြင့်စွာ သုံးစွဲပါက ခံစားရမည့် အကျိုးဆက်သည်လည်း များပြားမည် ဖြစ်သည်။
ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်အား အသုံးပြုပြီးသည့် နောက်တွင် အကျိုးဆက် အနေဖြင့် ရက်အနည်းငယ်ခန့် ကိုက်ခဲနာကျင်ကာ နုံးခွေ နေစေနိုင်သည်။ ထို့ထက်ပိုလျှင် ကျင့်ကြံခြင်း အခြေခံအား ထိခိုက်စေနိုင်သည် သာမက အသက် ဆုံးရှုံးရခြင်းပင် ဖြစ်ပေါ်စေနိုင်သည်။
ဝမ်လု သေဆုံးသွားသည့် အခါတွင် အိပ်မက်ကျောက်မျက်ပြာ၏ ကြည်နူးမှုမှ ဖြစ်ပေါ်လာသော အလင်းချပ်သည် စတင် ကွဲအက်လာသည်။
စက္ကန့်ဝက် အတွင်းမှာပင် လုံးဝ ကွဲကြေသွားပြီးနောက် ကျန်ရှိနေသည့် စွမ်းအင်များသည် ထက်မြိနေသော ဓားသွားများ အဖြစ်သို့ ပြောင်းလဲကာ ဆိုင်ကလော့ပ် နတ်ဆိုးယုတ်ထံသို့ ပစ်ဝင်သွားကြသည်။ ထိုသည်ကား ကမ္ဘာမြေပေါ်တွင် ကျန်ရှိသည့် ဝမ်လု၏ နောက်ဆုံးသော စွမ်းအား အကြွင်းအကျန်များ ဖြစ်ပေသည်။ ဓားသွား တစ်ခုချင်းစီတိုင်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားအပြည့်နှင့် ဖြစ်သည်။
ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် ဖမ်းဆီး ခံလိုက်ရပြီးနောက် ယင်း၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်လာသည့် ဓားသွားများကြောင့် နာကျင်စွာ အော်ဟစ်နေလေသည်။
ထိုအချိန်တွင် ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်သည် အန်လင်း၏ ခန္ဓာကိုယ်အတွင်း စတင် လှည့်ပတ်လာပြီး သူ၏ပတ်လည်ရှိ အော်ရာသည်လည်း သိသိသာသာ တိုးမြင့်လာသည်။
[စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်၊ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ...]
အလွန်ပြင်းထန် များပြားသော အော်ရာများသည် ကောင်းကင်ဆီသို့ ထိုးတက်သွားပြီးနောက် မိစ္ဆာရှင်းဓားထံမှ မဟူရာကျားသဏ္ဌာန် ထိုးဖောက်မြင်နိုင်သော ပုံရိပ်တစ်ခု ပေါ်လာသည်။ အလွန်အားကောင်းကာ ကြီးကျယ်သည့် ဖိအားတစ်ခု ထွက်ပေါ်လာပြီးနောက် တစ်ချိန်တည်းမှာပင် လေထုအတွင်း၌ အနက်ရောင် ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။
ဒုတိယနည်းစနစ်-ကျားအရိပ်။
အန်လင်းစတင် လှုပ်ရှားလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုသဖွယ် ရှည်ထွက်လာသည်။ အရိပ်အတွင်း၌ သူ၏ မူလခန္ဓာကိုယ် ရှိနေကာ ဆိုင်ကလော့ပ် နတ်ဆိုးယုတ်အား သတိပေးခြင်း မရှိဘဲနှင့် ကြောက်ရွံ့ဖွယ် ကောင်းသည့် စွမ်းအားများ ပါဝင်နေသော ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် ထိခိုက်ဒဏ်ရာကြီးစွာ ရရှိထားပြီး ဖြစ်ကာ ယခုကဲ့သို့ အလွန်ပြင်းထန်သည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့် အခါတွင် ရှောင်ရှားနိုင်မည့်လမ်း မရှိတော့ဘဲ သူ၏လက်ကို မြှောက်ကာသာ ခုခံနိုင်လေသည်။
ဓားသည် တိတ်တဆိတ်သာ ခုတ်ပိုင်းလိုက်သော်လည်း ဓားခုတ်ချက်သည် ပေထောင်ပေါင်းများစွာ အထိ ကျယ်ပြန့်သွားသည်။
အန်လင်းသည် ဆိုင်ကလော့ပ် နတ်ဆိုးယုတ်၏ လက်နှစ်ဖက်အား ပြတ်တောက်သွားစေသည်။။ တစ်လုံးတစ်သော အနီရောင်မျက်လုံးအား ကွဲအက်သွားစေသည်။ မြေပြင်ပေါ်သို့ ပြုတ်မကျမီ နတ်ဆိုးယုတ်၏ ခန္ဓာကိုယ်အား နှစ်ပိုင်း တိတိကျကျ ပိုင်းပြတ်သွားစေသည်။
ဆိုင်ကလော့ပ် နတ်ဆိုးယုတ် ပြုတ်ကျသွားပြီးနောက် သူ၏ အပိုင်းပိုင်း ကွဲကြေနေသော ခန္ဓာကိုယ်သည်လည်း စတင်ကာ ကွယ်ပျောက်လာနေပြီ ဖြစ်သည်။ အန်လင်း၏ ခန္ဓာကိုယ် ပတ်လည်တွင် ရှိနေသည့် အနက်ရောင် အော်ရာသည်လည်း စတင်ပျောက်ကွယ် လာနေသည်။
ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်အား အချိန်ကြာမြင့်စွာ သုံးစွဲထားသည့်အပြင် စစ်နတ်ဘုရား၏ ခုတ်ချက် ၆ ချက်မှ ဒုတိယ နည်းစနစ်အားလည်း အသုံးပြုထားသည်ကြောင့် အန်လင်း၏ ခန္ဓာကိုယ်သည် မခံမရပ်နိုင်သည့် နာကျင်မှုများကြောင့် တုန်ခါနေလေသည်။ မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားပြီးနောက်တွင် အသက်ပြင်းစွာ ရှူနေမိသည်။
သို့သော်လည်း တိုက်ပွဲသည် ယခုထက်တိုင် မပြီးဆုံးသေးပေ။
နတ်ဆိုးယုတ် လေးကောင် ကျန်ရှိနေဆဲ ဖြစ်သည်။ ရှောင်ချိုးသည် နတ်ဆိုးယုတ် နှစ်ကောင်နှင့် တိုက်ခိုက်နေပြီး စုရှောင်လန်နှင့် တပိုင်တို့သည် ကျန်နှစ်ကောင်နှင့် ရင်ဆိုင်နေလေသည်။ လေးဦးစလုံးသည် နတ်ဆိုးယုတ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ရုန်းကန်နေကြရပြီး ရှုံးနိမ့်မသွားစေရန် အားထုတ်နေကြရသည်။
“သခင်ရေ ... သခင်ရေ ... ရှောင်းဟုန်လေးကိုလည်း တိုက်ခိုက် ခွင့်ပြုပါနော် ...” အန်လင်း၏ အိတ်ကပ်မှ အသံထွက်ပေါ်လာသည်။
အန်လင်းသည် ထိုအခိုက်အတန့်တွင် မတ်တတ်ရပ်နိုင်ရုံမျှသာ ရှိနေပြီး ရှောင်းဟုန်၏ တောင်းဆိုချက်အား ကြားလိုက်သည့် အခါတွင် အနည်းငယ် အံ့အားသင့် သွားမိသည်။ “အမှောင်ထုထဲမှာ နင့်ရဲ့စွမ်းအားက အလုပ်မလုပ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား ရှောင်းဟုန်ရဲ့။ ပြီးတော့ နတ်ဆိုးယုတ်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်အောင် ငါ့ကို အများကြီး ကူညီ ပေးခဲ့သေးတယ်လေ ... တကယ်ကော အဆင်ပြေနေရဲ့လား ...”
“ရှောင်းဟုန် အဆင်ပြေပါတယ် သခင်။ ရှောင်းဟုန်လေး စုပ်ယူ စုဆောင်းထားတဲ့ နေရောင်ခြည်တွေ ကနေ စွမ်းအားတွေ အသုံးပြုနိုင်တယ် ဆိုတာကို အခုမှ သတိရလိုက်မိလို့ပါ” ရှောင်းဟုန်၏ ချိုသာသည့် အသံလေးသည် သူ၏ အိတ်ကပ်အတွင်းမှ ပြန်ဖြေနေလေသည်။
အန်လင်း “…”
နေရောင်ခြည် စုပ်ယူခြင်းမှု စွမ်းအားထုတ်လုပ်မယ် ဟူသော အဓိပ္ပာယ်အား နားမလည်သော်လည်း စုရှောင်လန်နှင့် အခြားသူများအား ကူညီနိုင်မည်ဆိုလျှင် သူ့အနေဖြင့် ငြင်းပယ်ရန် မလိုအပ်ချေ။
ထိုသို့ဖြင့် ရှောင်းဟုန်သည် အန်လင်း၏ အိတ်ကပ်အတွင်းမှ ခုန်ထွက်လာပြီးနောက် လှပသည့် ကောက်ကြောင်းများနှင့် မိန်းမပျိုလေး အသွင်သို့ ပြောင်းလဲလိုက်သည်။
သူမသည် နီနီရဲရဲ ဝတ်စုံအား ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူမ၏ ပြီးပြည့်စုံသော သွင်ပြင်ဖြင့် တည်ငြိမ်စွာ ရှိနေလေသည်။
“နေမင်းကြီးရဲ့ နာမတော်အားဖြင့် သင့်အား ကျွန်ုပ် သုတ်သင်မည်” ရှောင်းဟုန်သည် လေထဲသို့ ခုန်လိုက်ပြီးနောက် သူမ၏ ချစ်စဖွယ် အသံလေးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရုတ်တရက် ဆိုသလို သူမ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ရွှေအလင်းတန်းများသည် လှိုင်းများအသွင် ပြောင်းလဲသွားပြီးနောက် သန့်စင်ယန် စွမ်းအားဖြင့် နတ်ဆိုးယုတ် လေးကောင်အား ဖိကြိတ်လိုက်လေသည်။
ဘုန်း ဘုန်း ဘုန်း
ဤသို့သော တိုက်ခိုက်မှု အမျိုးအစားသည် ရှောင်ရှားရန် မဖြစ်နိုင်ချေ။
အလင်းလှိုင်းများ ရိုက်ခတ်လာသည့် အခါတွင် နတ်ဆိုးယုတ် လေးကောင်သည် စူးစူးဝါးဝါးဖြင့် မချိတင်ကဲ အော်မြည်ကြတော့သည်။
ရှောင်ချိုးသည် ထိုအခွင့်အရေးကာ ဖမ်းဆုပ်ကာဖြင့် သူ၏ ငွေသံတုတ် ပတ်လည်တွင် မဟူရာ မီးတောက်များ စုဆုံလာစေပြီး သူ၏အရှေ့တွင် ရှိနေသည့် နတ်ဆိုးယုတ် နှစ်ကောင်အား ရိုက်ချလိုက်တော့သည်။
စုရှောင်လန်သည်လည်း သူမ၏ မီးတောင်ပံများ ဖြန့်ကြက်ကာ သူမ၏ ဓားရှည်ဖြင့် သူမရင်ဆိုင် တိုက်ခိုက်လျက်ရှိသည့် နတ်ဆိုးယုတ်အား ခုတ်ပိုင်းလိုက်သည်။
တပိုင်၏ တိုက်ခိုက်မှုသည် ပို၍ ရိုးရှင်းလှပေသည်။ သူ၏ လက်သည်းအား ထုတ်ကာဖြင့် နတ်ဆိုးယုတ်အား နှစ်ပိုင်း ပိုင်းလိုက်တော့သည်။
နတ်ဆိုးယုတ် လေးကောင်သည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပြီးနောက် ယင်းတို့၏ လိမ်တွန့်နေသော ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ပျောက်ကွယ် သွားကြတော့သည်။
ရှောင်းဟုန်၏ ‘နေမင်းကြီ၏ နာမတော်ဖြင့် သုတ်သင်ခြင်း’ နည်းစနစ်မှာ တိုက်ပွဲ အခြေအနေအား ပြောင်းလဲပေးနိုင်သည့် အဓိက ရိုက်ချက်ဖြစ်သည်။
“မိုက်တယ်ဟေ့ ... တခြားအပင်တွေက သူတို့ကြီးထွားဖို့ အတွက်ပဲ နေရောင်ခြည်ကို စုပ်ယူကြတာ။ နင်ကတော့ စုပ်ယူထားတဲ့ နေရောင်ခြည်တွေကနေ အလင်းလှိုင်းအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်နိုင်တယ်” အန်လင်း၏ မျက်လုံးများ ပြူးကျယ်လျက်ရှိပြီး သူ၏ ပါးစပ်မှနေ ချီးကျူးစကားများ ထွက်ကျလာသည်။
ရှောင်းဟုန်သည် သူမ၏ မျက်လုံးများကို ပွတ်ကာဖြင့် သမ်းဝေနေလေသည်။ ထို့နောက်တွင် ချစ်စဖွယ် နီရဲရဲ ပန်းပွင့်လေးအဖြစ် ပြောင်းလဲလိုက်ပြီးနောက် အန်လင်း၏ အိတ်ကပ်အတွင်း ပြန်လည် ဝင်ရောက်သွားတော့သည်။
“သခင်ရေ ... ရှောင်းဟုန်လေးက သိမ်းဆည်းထားတဲ့ နေရောင်ခြည် စွမ်းအင်တွေကို အကုန်သုံးပစ်လိုက်ပြီ။”
“ရှောင်းဟုန်က ခဏလောက်တော့ အိပ်မောကျနေလိမ့်မယ်။ ရှောင်းဟုန်လေးကို နေ့တိုင်းနေ့တိုင်း နေရောင်အောက်မှာ ထားပေးဖို့ မမေ့ရဘူးနော်”
အန်လင်းသည် အလေးအနက် ခေါင်းညိတ်လိုက်သည်။
သာမန် ပန်းပွင့်လေးတွေလို နေရောင်အောက် ထားပေးရုံပဲ မဟုတ်လား။ လွယ်ပါတယ်။
နောက်ဆုံးတော့ တိုက်ပွဲပြီးဆုံး သွားလေပြီ။
ရှောင်ချိုး၊ တပိုင်နှင့် စုရှောင်လန်တို့သည် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
အန်လင်းသည်လည်း သူ၏ဝမ်းဗိုက်တွင် နာကျင်လာလေသည်။ ထို့နောက် သူ၏အော်ရာသည် အလွန်အားနည်း လာတော့သည်။ အခြေခံ အကျဆုံးသော အင်မော်တယ် မန္တန်ကိုပင်လျှင် အသုံးပြုနိုင်စွမ်း မရှိတော့ချေ။
သို့သော်လည်း အားလုံးထဲတွင် အနာကျင်ဆုံးသော သူမှာ ကျိယန်လင် ဖြစ်သည်။
သူမသည် မြေပြင်ပေါ်တွင် အသက်မဲ့စွာဖြင့် ထိုင်လျက်သား ရှိနေပြီး ပြိုလဲကြေကွဲ နေလေသည်။ သူမ၏ တောက်ပရွှန်းစိုသော မျက်ဝန်းများသည်လည်း မှေးမှိန်လျက်ရှိသည်။
ဆံပင်များသည်လည်း ရှုပ်ပွလျက်ရှိနေပြီး အိပ်မက် ကျောက်မျက်ပြာအား လက်ထဲတွင် ကိုင်ဆောင်လျက် ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း အိပ်မက် ကျောက်မျက်ပြာသည် တောက်ပမှုအားလုံး ပျောက်ကွယ်သွားပြီး သာမန်ကျောက်တုံး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
စုရှောင်လန်နှင့် အခြားသူများသည် နေရာတွင်ပင် မတ်တတ်ရပ်နေကြပြီး ကျိယန်လင်အား မည်သို့ နှစ်သိမ့်ရမည်ကို မသိနိုင်ဘဲ ရှိနေကြည်။
ကျိယန်လင်၏ စိတ်အခြေအနေမှာ တစ်ခုခု မှားယွင်းနေလေပြီ။ ထိုအမျိုးသမီးသည် လွန်ခဲ့သည်အချိန်က သူမ၏ ခွန်အားနှင့် ကြံ့ကြံ့ခိုင်နိုင်မှု တို့ကြောင့် လူတိုင်း၏ လေးစားခြင်းကို ရရှိခဲ့သည်။ ယခုအခါတွင် ထိုအရာများအားလုံး ပျောက်ကွယ်သွားပြီး အသက်မဲ့သည့် မျက်လုံးများသာလျှင် ကျန်ရှိတော့သည်။
အန်လင်းသည် သူမထံသို့ လျှောက်လှမ်း သွားလိုက်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်များ ဖြစ်လာမည်ကို သူကြိုမြင်နေမိသည်။ “ကျိယန်လင်ရေ ... ကျွန်တော့်မှာ ဝမ်လုရဲ့ မှတ်ဉာဏ်တချို့ ရှိနေတယ်။ အစ်မကို လွှဲပေးလိုက်မယ်နော်”
ကျိယန်လင်၏ ခန္ဓာကိုယ်သည် တုန်ယင်ကာဖြင့် ခေါင်းမော့လာသည်။ သူမ၏ ဖြူဖျော့ဖျော့ မျက်နှာပြင်တွင် မျက်ရည်စီးကြောင်း နှစ်ခု ရှိနေလေသည်။
အန်လင်းသည် သက်ပြင်း အသာချလိုက်ပြီးနောက် သူ၏လက်ချောင်းထိပ်တွင် အဖြူရောင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် ထိုလက်ချောင်းဖြင့် ကျိယန်လင်၏ နဖူးအလယ်သို့ ထိလိုက်လေသည်။
ကျိယန်လင်၏ စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။ အသူရာချောက်နက် အတွင်း ဝမ်လု နတ်ဆိုးယုတ် အဖြစ်သို့ ပြောင်းလဲသွားပုံ၊ အရိပ်ထဲမှနေ ကျိယန်လင်အား ကာကွယ်ပုံနှင့် သူ့တည်းဘာသာ ရေရွတ်နေပုံတို့ ဖြစ်သည်။
မှတ်ဉာဏ်များ အဆုံးသတ်သွားသည့် အခါတွင် သူမ၏ စိတ်ထဲ၌ ရင်းနှီးနေသော နူးညံ့ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“အသက်ရှင်သန်ပြီး ပျော်နေရမယ်နော် ယန်ကလေး ...”
အလွန်ရိုးရှင်းသည့် စကားတစ်ခွန်း ဖြစ်သော်လည်း ကျိယန်လင်၏ မျက်ရည်များ အတားအဆီးမရှိ စီးကျလာပြန်သည်။
သူမ နားလည်သွားပြီ ဖြစ်သည်။ အမှောင်ထုအတွင်း သူမ လှည့်လည် သွားလာနေစဉ်တွင် တစ်ဦးတည်း မဟုတ်ခဲ့ပေ။
ဝမ်လုသည် သူမ၏ နံဘေးတွင် အမြဲရှိနေခဲ့သည်။
“ယန်ကလေးက အသက်ရှင်ပြီး ပျော်ပျော် နေသွားပါ့မယ် ဝမ်လုရယ် ...”
“ယန်ကလေးက ရှင့်ရဲ့ ကာကွယ်ပေးမှုတွေကို အလဟဿ မဖြစ်စေရပါဘူး”
ကျိယန်လန်သည် သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များအား သုတ်လိုက်ပြီးနောက် အိပ်မက်ကျောက်မျက်ပြာအား တင်းတင်း ဆုပ်ကိုင်ထားသည်။ သူမထံတွင် အတွေးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ချိုသာသည့် အပြုံးတစ်ခု ပေါ်လာသည်။
“အခုဆို ၈၈၉၁၂၇ ကြိမ်တောင် ရှိရောပေါ့ ...”
***