ပြိုင်စံရှား ထျန်းတိုက်ကျုံး (၄)
Vol. 127 Ch. 1769
“ထျန်းတိုက်ကျုံး... ခင်ဗျား ကျုပ် ပြောထားတာတွေ ပြီးအောင် လုပ်ပြီးပြီလား...”
မေးခွန်းတစ်ခု...။
လူတစ်ဦးနှင့် သားရဲတစ်ကောင်...။
အဆုံးမဲ့ ခရီးသွား နယ်မြေနှင့် ချိပ်ပိတ် နယ်မြေ နှစ်ခု အတွင်းမှ ကျင့်ကြံသူများ အားလုံးမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားခဲ့ကြ၏။ သူတို့၏ စိတ်ခံစားချက်များက ကွဲပြားလှကာ တဒိတ်ဒိတ် ခုန်နေသည့် ရင်အစုံနှင့် အတူ အသက်ရှူသံများမှာ ပြင်းထန် နေခဲ့၏။
ဝေ့ဝူယင် ရောက်ရှိလာခြင်းမှာ လုံးဝ မျှော်လင့်မထားသည့် ကိစ္စတစ်ခု ဖြစ်သည်။ ထို့အပြင် သူ ရောက်ရှိလာသည့် အချိန်မှာ ဖန်ယွဲ့အား အတင်းအကြပ် ဖိအားပေး၍ အချိန် ပြောင်းပြန်လှန်ခြင်း လုပ်ဆောင်နေသည့် အချိန်နှင့် လုံးဝ တိုက်ဆိုင် နေခဲ့သည်။ ထိုအရာကပင် တစ်လောကလုံး၏ အာရုံများကို ဝေ့ဝူယင် အပေါ်သို့ စုပြုံ ကျရောက်သွားစေခဲ့၏။
ထိုအခိုက်၌ ယန်ချောင်ယွီ၏ ခံစားချက်များမှာ သူမ ထိန်းချုပ်နိုင်သည်ထက် ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။ အင်ပါယာ မျိုးနွယ်ကို သူမ သိပ်၍ သဘောမကျသော်လည်း မည်သို့ပင် ဆိုစေ... သူမက ကောင်းကင် ဧကရာဇ် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ သူမက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် မွေးဖွားလာသူ ဖြစ်ကာ ဇာတိမြေ အပေါ် ကြီးမားသည့် သံယောဇဉ်များ ရှိပေသည်။ ထို့ကြောင့်ပင် ထျန်းတိုက်ကျုံးက ဖန်ယွဲ့ကို ဖိအားပေးကာ အခြေအနေများအား ပြောင်းပြန်လှန်ရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသော အခိုက်၌ ကျူးကျော်သူများ ထိုက်တန်သည့် အပြစ်ဒဏ် ရရှိနေခြင်း အပေါ် အလွန်ပင် ကျေနပ်ခဲ့သည်။
ထျန်းလင်းယု၊ ထျန်းမူယန်၊ ထျန်းဝေလုံ၊ အမျိုးသမီး ကောင်းကင် ဧကရာဇ်နှင့် အသက်ရှင်ကျန်ရစ်သည့် အဆုံးမဲ့ ကောင်းကင်သားများမှာလည်း အတူတူပင် ဖြစ်သည်။ နောက်ဆုံး ဆယ်နှစ်အတွင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ မည်မျှပင် အံ့အားသင့်စရာ ကောင်းခဲ့သည် ဖြစ်စေ၊ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ နှစ်ပေါင်း နှစ်သောင်းကျော်သော သမိုင်းကြောင်းနှင့် အတူ ခမ်းနားစွာ တည်ဆောက်ထားသည့် နယ်မြေကြီး ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင် ပေါ်လာသောအခါ ယန်ချောင်ယွီနှင့် ထျန်းလင်းယုတို့ နှစ်ယောက်မှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ တင်းမာမှုများ ပပျောက်သွားသကဲ့သို့ ခံစားရပြီး သက်ပြင်းများ မှုတ်ထုတ်လိုက်မိကြသည်။ ၎င်းသည် သွေးသားဗီဇနှင့်ဆိုင်သော အရာဖြစ်ပြီး ဝေ့ဝူယင် ရောက်ရှိလာပြီ ဖြစ်သောကြောင့် သူတို့ စိုးရိမ်ပူပန်ရန် မလိုအပ်တော့သကဲ့သို့ပင်။
စုနန်ကျူးနှင့် ကျားယန်တို့ကတော့ အနည်းငယ် ကွဲပြားစွာ တုံ့ပြန်ခဲ့ကြ၏။ စုနန်ကျူး၏ မျက်လုံးများက တောက်ပစွာဖြင့် လင်းလက်နေကာ ကျားယန်ကတော့ အနည်းငယ် မျက်နှာ မသာမယာ ဖြစ်နေခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို အဖြစ် ကျော်ကြားသည့် ဝေ့ဝူယင်ဟု ခေါ်သော သေမျိုး လူငယ်ကို တန်းကာ မှတ်မိကြပေသည်။
ထို့အပြင် ဒဏ္ဍာရီလာ မီးဖီးနစ်...
ထိုမီးဖီးနစ်၏ ရွှေရောင် မျက်လုံးများက ဖုံးကွယ်မထားသည့ မထီမဲ့မြင်ပြုခြင်း၊ ရွံရှာခြင်းတို့နှင့် ပြည့်နှက်နေကာ အစွန်းရောက်သည်အထိ မာနကြီးနေပုံ ပေါ်သည်။ သို့သော်လည်း... မီးဖီးနစ်ကို အဝေးမှ မြင်ရုံဖြင့်ပင် အပူရှိန် တစ်ခုက ခန္ဓာကိုယ်သို့ လာဟပ်သလို သူတို့ ခံစားလိုက်ကြရသည်။
ကျားယန် တံထွေးကို မျိုချလိုက်၏။ ထိုအခိုက်၌ ကြွက်သားများနှင့် ဧရာမလူကြီးမှာ ပြင်းထန်သည့် အန္တရာယ်များကို ခံစားနေရသည်။
ချိပ်ပိတ်နယ်မြေ အတွင်းရှိ ဒဏ္ဍာရီလာ မီးဖီးနစ် အကြောင်း ကြားခဲ့ရချိန်၌ သူ ထိုကမ္ဘာဦး သားရဲနှင့် တိုက်ခိုက်ကြည့်ချင်ခဲ့သည်။ သို့သော်လည်း ထိုမီးဖီးနစ်၏ အကြည့်များက အစွန်းရောက်သည်အထိ လျစ်လျူရှု နေခဲ့သည်။ ဤနေရာတွင် ရှိနေသည့် မည်သူမျှ သူ၏ အကြည့်ကို ခံယူဖို့ မထိုက်တန်သည့် ပုံစံမျိုးပင်။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ ပျံသန်းမှုမှာ အလွန်မြန်သည်လည်း မဟုတ်၊ အလွန်နှေးသည်လည်း မဟုတ်ချေ။ လျှို့ဝှက် ဝိညာဉ် အဆင့်များပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည့် အရှိန်နှုန်းဖြင့် ရွေ့လျား နေကြခြင်း ဖြစ်သော်လည်း တစ်ဝက်တစ်ပျက် အချိန်နောက်ပြန်ဆုတ်ခြင်း ရပ်တန့်မှုကြောင့် ဖြစ်ပေါ်လာသည့် အချိန် မညီမျှမှုကြောင့် အဆမတန် လျင်မြန်နေသကဲ့သို့ ခံစားရသည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ထျန်းတိုက်ကျုံးမှာ ထိုကဲ့သို့ ဖြစ်လာမည်ကို အစကတည်းကပင် မျှော်လင့်ထားသကဲ့သို့ အတည်ငြိမ်ဆုံး တုန့်ပြန်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ တကယ်တမ်းအားဖြင့် ဝေ့ဝူယင်၏ မေးခွန်းသည်ပင် သူ မျှော်လင့်ထားသည့် ဘောင်အတွင်း ရှိနေခဲ့သည်။
သူက အင်ပါယာ အကြံပေး ခံစားခဲ့ရသည့် ပုံံစံ အတိုင်း လက်ချောင်းများကို ကျန့်ယန်၏ လည်ချောင်း အတွင်း နက်ရှိုင်းစွာ ထိုးစိုက်ရင်း ပြန်ဖြေလိုက်သည်။
“ငါ ဒီကျူးကျော်သူတွေကို အရင် ရှင်းလင်းပြီးမှ စကားပြောကြတာပေါ့... ဒါမှမဟုတ် လောကရှန့်ထို အာရုဏ်ဦး... မင်းက ဒီကိစ္စတွေမှာ ဝင်ပါချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ”
ထျန်းတိုက်ကျုံး၏ လေသံက တည်ငြိမ်နေ၏။ ဝေ့ဝူယင် ဝင်ပါချင်သည် ဖြစ်စေ၊ မပါချင်သည် ဖြစ်စေ... သူ ဂရုစိုက်ပါချေ။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ ကြယ်တာရာ မျက်ဝန်းများ အတွင်းမှ အကြောက်အလန့် ကင်းမဲ့မှုမှာ မီးဖီးနစ်၏ မထီမဲ့မြင်ပြုခြင်းကဲ့သို့ပင် ထင်ရှားစွာ ပေါ်လွင် နေပေသည်။
ဟူး... ဟူး...
ပိုင်လင်မှာ ဝေ့ဝူယင်ကို ကျောထက်၌ သယ်ဆောင်ရင်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်း ပျံသန်း ဝင်ရောက်လာခဲ့၏။ ထျန်းတိုက်ကျုံး တုန့်ပြန်ခဲ့သည့်ပုံကို သူမ မကြိုက်ပါချေ။ ထိုမောက်မာနေသည့် သကောင့်သားကို အနည်းငယ် ဆုံးမဖို့ အတွက် ရည်ရွယ်ရင်း သူမ၏ မျက်လုံးများမှာ ရွှေသွေးရောင် မီးတောက်များနှင့် တောက်လောင်လာခဲ့လေသည်။
နိဗာန မီးတောက်များ...
ချက်ချင်းပင် ပိုင်လင်၏ အတောင်များမှာ အသွင် ကူးပြောင်းလုနီးပါး အထိ ဖြစ်သွားခဲ့ကာ ရွှေသွေးရောင် အစက်အပျောက်များကို ဖော်ထုတ် လာခဲ့၏။
“နေဦး...”
ဝေ့ဝူယင်က ပိုင်လင်၏ အတောင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုလုပ်ဆောင်ချက်က သူမ၏ စိတ်ခံစားမှုများကို ချက်ချင်း တည်ငြိမ်သွားစေကာ လောင်ကျွမ်းစပြုလာသည့် မီးတောက်မီးလျှံများမှာ ပြန်လည် ငြိမ်းသေ သွားခဲ့၏။ နောက်ဆုံး၌ သူမက လောကရှန့်ထို ငါးဦးနှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးသော နေရာတွင် ရပ်တန့်လိုက်သည်။
စုနန်ကျူးမှာ ထျန်းတိုက်ကျုံး၏ ခပ်တင်းတင်း သဘောထားကြောင့် အနည်းငယ် တုန်လှုပ်သွားကာ လှည့်ကြည့် လိုက်မိ၏။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ အသက် တစ်ရာပင် မပြည့်ခင် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်ရှိနေသည် ဆိုသည့် အဆင့်အတန်းကို နားမလည်သည်လော။ သို့တည်းမဟုတ်... မီးဖီးနစ်၏ အဆင့်ကို ညွှန်ပြနေသည့် ရုပ်ပိုင်းဆိုင်ရာ အမှတ်အသားများကို မသိနားမလည်ခြင်းလော။ ထျန်းတိုက်ကျုံးထံ၌ မထုတ်ဖော်ရသေးသည့် ဝှက်ဖဲတစ်ခု ရှိနေသလို စုနန်ကျူး တွေးလိုက်မိသည်။
ထျန်းတိုက်ကျုံးက အင်ပါယာ ဥပဒေသ မျိုးစေ့ကို ဖန်ယွဲ့၏ ခန္ဓာကိုယ် အတွင်းမှ သိမ်မွေ့စွာ ရုတ်သိမ်းလိုက်၏။ သို့သော်လည်း... အင်ပါယာ အမိန့်ကို ဖန်ယွဲ့၏ ဝိညာဉ်ထက်၌ ထွင်းထုထားပြီးသား ဖြစ်လေရာ သာမန်နည်းလမ်းများဖြင့် သူမကို ကယ်တင်ရန် နည်းလမ်း မရှိတော့ပေ။ သူ့ထံမှ နောက်ထပ် အမိန့်တစ်ခု ပေးသည် အထိ၊ သို့မဟုတ် သူမ၏ ခန္ဓာနှင့် ဝိညာဉ်တို့ သေဆုံးသွားသည် အထိ ဖန်ယွဲ့မှာ အချိန် ပြောင်းပြန်လှည့်ခြင်းကို ဆက်လက် ထုတ်ဖော်သွားလိမ့်မည် ဖြစ်သည်။
"ဒီကိစ္စပြီးရင် မင်း စိတ်တိုင်းကျ ကစားကြတာပေါ့..."
ထျန်းတိုက်ကျုံးက ပြောလိုက်၏။ ဝေ့ဝူယင် ရောက်ရှိလာသည်နှင့် အချိန် စီးဆင်းမှု ရပ်တန့်သွားခြင်း အပေါ် သူ အတော်လေး စိတ်ဝင်စားနေမိသည်။ ဝေ့ဝူယင်က ယာယီ ရတနာတစ်ခုကို သုံးနေခြင်း ဖြစ်သလို အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ဝိညာဉ်မှ ရရှိထားသည့် တစ်စုံတစ်ခုကို အားကိုးထားခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သည့် အရာ ဖြစ်သည်ကို သူ ယခုထိ ဝေဖန် ဆန်းစစ်နိုင်ခြင်း မရှိသေးချေ။
"လောကရှန့်ထို အာရုဏ်ဦး..."
စုနန်ကျူးက ခေါ်လိုက်၏။ ဝေ့ဝူယင်က သူ့ဘက်ကို လှမ်းကြည့်လိုက်သည်။ ထျန်းတိုက်ကျုံး၏ လေသံနှင့် ယှဉ်လျှင် စုနန်ကျူး၏ လေသံက လေးစားမှုများနှင့် ပြည့်နှက် နေပေသည်။
အဆုံးမဲ့ ခရီးသွား နယ်မြေတွင် “လောကရှန့်ထို ဆိုသည့် ဘွဲ့ကို အတော်လေး အလေးအနက် ထားကြသည်။ ဝေ့ဝူယင်မှာ အသက် တစ်ရာ မပြည့်သေးခင် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည်ဟု သတင်း ကြားခဲ့ရတုန်းက သူ မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။
သို့သော်လည်း... အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ အချက်အလက်များက လုံးဝ မငြင်းပယ်နိုင်သည့် အမှန်တရားများ ဖြစ်ခဲ့သည်။ ယခု ထျန်းတိုက်ကျုံးက ဝေ့ဝူယင်ကို ‘လောကရှန့်ထို’ ဟု ရည်ညွှန်း၍ ခေါ်လိုက်သောအခါတွင်တော့ သူ၏ သံသယများအားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူက တလေးတစား သုံးနှုန်း ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“ကျုပ် စုနန်ကျူး တစ်ခုခု ကူညီပေးနိုင်တာများ ရှိမလား... ကျေးဇူးပြုပြီး...”
မြို့တော်သခင်က ရည်မှန်းချက်ကြီးစွာဖြင့် ဆိုလိုက်၏။ အကယ်၍ ဝေ့ဝူယင်က ထျန်းတိုက်ကျုံးကို တိုက်ခိုက်ဖို့ ခိုင်းလျှင်ပင် သူ့ဟန်ပန်က တွန့်ဆုတ်မည့်ပုံ မရချေ။ ဤကဲ့သို့သော မြင်ကွင်းများမှာ အဆင့်နိမ့် ကျင့်ကြံသူများကြားတွင် မကြာခဏ ပေါ်ပေါက်လေ့ရှိပြီး "မျက်နှာသာပေးမှုကို အသုံးပြု၍ မျက်နှာသာ ရှာဖွေခြင်း" ဟု ဖော်ပြလေ့ရှိသည်။
"မလိုပါဘူး"
ဝေ့ဝူယင်သည် စုနန်ကျူးကို ကြည့်ရင်း စိုလိုက်၏။
“တစ်ခုပဲ ရှိတယ်...”
ဝေ့ဝူယင်က ဆက်လက်၍ ပြောလိုက်ရာ စုနန်ကျူး၏ မျက်လုံးများမှာ မျှော်လင့်ချက် အလင်းရောင်များနှင့် တောက်ပ သွားခဲ့လေ၏။
"သူတစ်ပါးရဲ့ နယ်မြေကို မောင်ပိုင်စီး ဂုတ်သွေးစုပ်ဖို့ လုပ်နေတဲ့ ခင်ဗျားတို့ရဲ့ ကပ်ပါးတွေကိုသာ ခေါ်ပြီး အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ကိုပဲ ပြန်သွားလိုက်ပါ”
"..."
"..."
"..."
အဆုံးမဲ့ ခရီးသွား နယ်မြေ၊ အဆုံးမဲ့ ကြယ်တာရာ နယ်မြေနှင့် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုမှ စောင့်ကြည့် နေကြသူများ အားလုံးမှာ တိတ်ဆိတ် ဆွံ့အ သွားကြ၏။ ဝေ့ဝူယင်၏ အပြုံးက ပိုမို၍ နက်ရှိုင်းလာသည်။
"နောက်ပြီး ကျုပ် စကားတစ်ခွန်းမှ မပြောမချင်း အဲ့ဒီမှာပဲနေ... အဆင်ပြေလား"
***