ပြိုင်စံရှား ထျန်းတိုက်ကျုံး (၅)
Vol. 127 Ch. 1770
"ကျုပ်..."
စုနန်ကျူး တစ်ယောက် ဘာပြန်ပြောရမှန်း မသိပဲ ဆွံ့အ သွားခဲ၏။ ဝေ့ဝူယင်က သူ့ကို လျစ်လျူလိုက်ကာ ထျန်းတိုက်ကျုံးကို ပြန်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မီးဖီးနစ်၏ အထက် ပေအနည်းငယ်ခန့် အကွာတွင် လွင့်မျော နေခဲ့၏။
“ထျန်းတိုက်ကျုံး... ကျုပ် နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်... ခင်ဗျား ကျုပ်ပေးထားတဲ့ တောင်းဆိုချက် စာရင်းကို အကုန် ပြီးမြောက်အောင် လုပ်ပြီးပြီလား”
ဝေ့ဝူယင်မှာ ထျန်းတိုက်ကျုံးကို ဘွဲ့နာမည်ဖြင့် မခေါ်ဘဲ နာမည်အရင်းကိုသာ သုံးခဲ့၏။ ထျန်းတိုက်ကျုံး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အန္တရာယ် ရှိသည့် အလင်းတန်းများနှင့် တောက်ပလာခဲ့သည်။ ဝေ့ဝူယင်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ခန့် အတွင်း ထူးခြားသည့် ဂုဏ်သတင်းများကို ရရှိခဲ့သော်လည်း သူ အနည်းငယ်မျှပင် မကြောက်ပါချေ။
သူက လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့် အပြင် အင်ပါယာ ဥပဒေသ အော်ရာကိုလည်း အပင်ပေါက်ခြင်း အဆင့်အထိ ပျိုးထောင် ထားနိုင်သူ ဖြစ်သည်။ ထို့ကြောင့်ပင် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်း သူ၏ဖြစ်တည်မှုက ပြိုင်ဘက်ကင်းသည်။
"ကျမ်းသစ္စာတွေကို ဖျက်သိမ်းပြီးပြီ..."
ထျန်းတိုက်ကျုံးက ပြုံးလိုက်၏။ ကျမ်းသစ္စာများအား ဖျက်သိမ်းခြင်းမှာ သူ့အတွက်လည်း အကျိုးရှိသောကြောင့် ထိုအပိုင်းကို သဘောတူရန် သူ ဂရုမစိုက်ခဲ့ပေ။ နောင်တစ်ချိန် သူ၏ အင်ပါယာ အမိန့်ကို မနာခံသည့် ကလန်များ၊ ဂိုဏ်းများနှင့် ရင်ဆိုင် ဖြေရှင်းရပါက သူ ဘာကိုမှ ထိန်းထားစရာ မလိုတော့ချေ။ သို့ဖြစ်လေရာ အဘယ်ကြောင့် မသဘောတူဘဲ နေရမည်နည်း။
"နောက်ပြီး မင်းရဲ့ အဂ္ဂိရတ် သူရဲကောင်း သိချင်တဲ့ ကိစ္စ အားလုံးကိုလည်း ငါပြောပြီးပြီ... သူ သိချင်တာထက်တောင် ပိုပြီး များသေးတယ်”
ထျန်းတိုက်ကျုံးမှာ ဝူယုအား ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အဖြစ် တည်ရှိနေသည့် ကျားခုံကြီးနှင့် ၎င်း၏ ဇာစ်မြစ်သမိုင်းကြောင်းတို့ အပါအဝင် ဤလောက၏ အမှန်တရားများနှင့် ရည်ရွယ်ချက်တို့ကိုပါ အသိပေးခဲ့သည်။
ဝေ့ဝူယင် ထျန်းတိုက်ကျုံးဘက်သို့ လျှောက်လာရင်း ခေါင်းညိတ်လိုက်၏။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်း၌ သူ၏ ခန္ဓာကိုယ်မှာ မိုင်ဆယ်ဂဏန်း ရှေ့သို့ ရောက်လာနေခဲ့သည်။ ၎င်းမှာ ကြယ်တာရာ သခင် အဆင့် တစ်ယောက် အတွက် နှေးကွေးခြင်း မရှိသလို မြန်ဆန်ခြင်းလည်း မရှိပါချေ။
သို့သော်လည်း ကျားယန်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်လာခဲ့၏။ ဝေ့ဝူယင်မှာ အမှောင် ဟင်းလင်းပြင်ထဲတွင် ရှင်သန်ရန် အတွက် မည်သည့် လောက နယ်မြေကိုမျှ ထုတ်ဖော် မထားချေ။ ထို့အပြင်... အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်နှင့် အပျက်အစီး မန်နာတို့မှာ သူ့ ပတ်လည်တွင် နာခံမှုရှိစွာ စီးဆင်းနေကာအောက်ဆီဂျင်ကဲ့သို့ သူ၏ အဆုတ်အတွင်း သိမ်မွေ့စွာ ရှူသွင်းခံနေရသည်။ ဤသည်မှာ ကြယ်သားရဲများသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်မျိုးပင်။
ထျန်းတိုက်ကျုံးက ဝေ့ဝူယင်၏ ချဉ်းကပ်မှုကို စိတ်ဝင်စားပုံ မရပဲ အေးစက်စက်ပင် ပြုံးလိုက်သည်။
"မင်းရဲ့ နောက်ဆုံး တောင်းဆိုချက် အတွက်ကတော့ သူလည်း အဲ့ဒီလို လုပ်ဖို့ ဆန္ဒမရှိသလို ငါလည်း ဆန္ဒမရှိဘူး"
သူ၏ လေသံက တည်ငြိမ်သော်လည်း ပြတ်သားသည်။ ညှိနှိုင်းခွင့် အနည်းငယ်မျှပင် ပေးထားခြင်း မရှိချေ။ သူ့ထံတွင် ထျန်းရှောင်ချွမ်းကို ကွာရှင်းရန် ရည်ရွယ်ချက် မရှိချေ။
"သူက အဲ့ဒီလို လုပ်ဖို့ ဆန္ဒမရှိဘူးဟုတ်လား"
ဝေ့ဝူယင် မိုင်တစ်ရာခန့် အကွာတွင် ရပ်တန့်လိုက်ပြီး အံ့အားသင့်သည့် ပုံစံဖြင့် မျက်ခုံးကို ပင့်လိုက်သည်။ သို့သော်လည်း... ခဏအကြာတွင် သူက ခေါင်းခါလိုက်၏။
"ဒါက တောင်းဆိုချက် မဟုတ်ဘူး... အမိန့်ပေးနေတာ... ကျုပ် ခင်ဗျားတို့ နှစ်ယောက်လုံးဆီက ခွင့်ပြုချက်ကို တောင်းနေတာ မဟုတ်ဘူး”
ဘုန်း...
ရုတ်တရက်... လောကကြီး တစ်ခုလုံး လှုပ်ခါသွားကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ နေကြယ်များ အားလုံး လှုပ်ခါ သွားခဲ့သည်။ ကြောက်မက်ဖွယ် အင်ပါယာ ဥပဒေသ အော်ရာမှာ လောက တစ်ခုလုံးကို စိမ့်ဝင် သွားခဲ့၏။ ထျန်းတိုက်ကျုံး၏ အင်ပါယာ ဥပဒေသ မျိုးစေ့မှာ ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်နှုန်းဖြင့် တုန့်ပြန် လာခဲ့ပြီ ဖြစ်သည်။
အမိန့်ပေးခြင်း... ဟုတ်သလော။
အင်ပါယာ ဥပဒေသ၏ ဘုန်းတန်ခိုးမှာ ဤမျှ ပေါ့ပေါ့ပါးပါး စော်ကားပြီး နင်းချေနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဝေ့ဝူယင်၏ အခြား တောင်းဆိုချက်နှစ်ခုကို သဘောတူရသည့် အကြောင်းရင်းမှာ ကိုယ်တိုင် အတွက်လည်း အကျိုးမယုတ်ခြင်းနှင့် ကျေးဇူးတရားကို တုန့်ပြန်ခြင်း အတွက်သာ ဖြစ်သည်။ သူ၏ ဖြစ်တည်မှုမှာ ဝေ့ဝူယင်ထက် မည်သည့် နည်းလမ်းနှင့်မျှ နိမ့်ကျခြင်း မရှိချေ။
ဝှစ်...
ထိုအခိုက်တွင် ထျန်းရှောင်ချွမ်းမှာ သူမ၏ အော်ရာကို ထုတ်ဖော်လာခဲ့၏။ သူမမှာ ကြယ်တာရာ နယ်မြေ အစွန်အဖျားရှိ ဂြိုဟ်တစ်ခုတွင် ပုန်းကွယ်နေရာမှ ထျန်းတိုက်ကျုံးဆီသို့ ပျံသန်း လာခဲ့သည်။ သူမကို ငေးကြည့်ရင်း စုနန်ကျူးနှင့် ကျားယန်တို့ နှစ်ယောက် အသက်ရှူရပ်သွားခဲ့ကြ၏။
အထူးသဖြင့် ကျားယန်ပင်။ သူ၏ မျက်လုံးများမှာ စိတ်ပါဝင်စားသော အလင်းရောင်ဖြင့် တဖျပ်ဖျပ် တောက်ပလာခဲ့သည်။
ထိုမိန်းကလေးက အလွန် လှပသည်။ အလွန်အမင်း လှပသည်။
ထျန်းရှောင်ချွမ်းမှာ ရောက်ရှိလာလာချင်းပင် အားလုံး၏ အာရုံများကို ဖမ်းစားလိုက်၏။
“ကျွန်မလည်း ရှင့်ရဲ့ တောင်းဆိုချက်ကို သဘောတူဖို့ ရည်ရွယ်ချက် မရှိပါဘူး...”
တွန့်ဆုတ်ခြင်း မရှိချေ။ တုန့်ဆိုင်းခြင်းလည်း မရှိချေ။ မိန်းကလေး၏ လေသံက ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက် နေခဲ့၏။
“...”
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွား၏။ ကြည့်ရသည်က ဝူယုမှာ အင်ပါယာ မျိုးနွယ်ကို လုံလောက်စွာ ရှင်းမပြခဲ့ခြင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ်... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲနှင့် အလုပ်များနေသဖြင့် သူကိုယ်တိုင်က ဝူယုကို သေချာ ရှင်းပြဖို့ ပြတ်ပြတ်သားသား မပြောခဲ့သည့်ပုံ ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုအရာက အရေးမကြီးပါချေ။
"ဆိုတော့ ကောင်းပြီလေ... ဒါက ခင်ဗျားရဲ့ ရွေးချယ်မှုပေါ့ ဟုတ်လား...”
သူက ဧကရီကို ကြည့်ရင်း တည်ငြိမ်စွာပင် မေးလိုက်၏။
“....”
ထျန်းရှောင်ချွမ်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမ၏ ဆုံးဖြတ်ချက် ပြတ်သားမှုများမှာ ခဏတာမျှ တုန်ခါ သွားခဲ့၏။ သူမ... လုပ်သင့်သလော။
ထျန်းတိုက်ကျုံး၏ အမူအရာက တည်ငြိမ်ခြင်း မရှိတော့ချေ။ ကြယ်တာရာများကို လှုပ်ခါ၍ တစ်လောကလုံးကို ချေမွှ ဖျက်ဆီးနိုင်သည့် အင်ပါယာ ဒေါသမှာ သူ့ ခန္ဓာကိုယ် အတွင်း ပြင်းထန်စွာ လောင်မြိုက်လာခဲ့၏။
“ထွက်သွားစမ်း...”
စကားတစ်ခွန်းတည်း...။ ၎င်းကို အဆုံးမဲ့ ကောင်းကင် အင်ပါယာ အော်ရာနှင့် အင်ပါယာ ဥပဒေသ အော်ရာတို့က အားဖြည့်ထားကာ မလွန်ဆန်နိင်သည့် စွမ်းအားကို ပေးစွမ်းနေသည်။
သေမျိုးတစ်ယောက် မဆိုထားနှင့်...။ မြေကြီး ရှန့်ထို တစ်ဦးပင်လျှင် ထိုစကားတစ်ခွန်းတည်းဖြင့် လောက အပြင်ဘက်ကို လွင့်စဉ် ထွက်ပြေး သွားလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် တွေဝေသွားကာ လက်ချောင်းများမှာ တုန်ယင် သွားခဲ့၏။ အားလုံးက အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုတော့ သွားပြီဟု တွေးလိုက်မိကြသည်။ သို့သော်လည်း ရုတ်တရက်ပင် သူ၏ အမူအရာက ပုံမှန် ပြန်ဖြစ်လာကာ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဒီလို ဆိုရင်တော့... ဒီနေ့ဟာ အဆုံးမဲ့ ကောင်းကင် တစ်ခေတ်ရဲ့ နောက်ဆုံးနေ့ပဲ"
ဝှစ်...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ သရဲတစ္ဆေ တစ်ကောင်လို ဝေဝါးသွားကာ ခဏချင်းပင် အားလုံး၏ အာရုံများမှ ပျောက်ကွယ် သွားခဲ့၏။ ထို့နောက် သူက အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ အရှေ့တည့်တည့်တွင် ပြန်လည် ပေါ်လာခဲ့သည်။
ဖောင်း...
ရုတ်တရက်... မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်လှသည့် ပါးရိုက်သံ တစ်ခုမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို ဟိန်းထွက် သွားခဲ့၏။
ကောင်းကင်နှင့် မြေကြီးကြား၊ လောကနှစ်ခုမှ ကျင့်ကြံသူများ၏ အကြည့်ရှေ့တွင်ပင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ပါးရိုက်ခံလိုက်ရပြီ ဖြစ်လေသည်။
သို့သော်လည်း ၎င်းက မပြီးဆုံးသေးချေ။
နာကျင်မှုက ဦးနှောက်ဆီသို့ မရောက်ခင် ပါးစပ်မှ တံတွေးများ လွင့်စဉ် ထွက်သွားသည်ကို ကြည့်ရင်း ထျန်းတိုက်ကျုံး၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့၏။ ဘာတွေဖြစ်နေသနည်း။
"ဒီနေ့ဟာ ထျန်းကလန် အဆုံးသတ်မယ့်နေ့ပဲ..."
ဖောင်း...
နောက်တစ်ကြိမ်...
"ဒီနေ့ဟာ မင်းရဲ့ ဒဏ္ဍာရီရဲ့ အဆုံးသတ်မယ့်နေ့ပဲ"
ဖောင်း...
"နောက်ပြီး ဒီနေ့ဟာ အာရုဏ်ဦး ဖီဆန်ခေတ် တစ်ခေတ်ကို အစပြုမယ့် နေ့ပဲ...”
အသံ သုံးချက်...
ယင်းတို့ ပဲ့တင်သံထပ်ကာ ထွက်ပေါ်လာသည်နှင့် အမျှ အပြောကျယ်လှသော လောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက် သွားခဲ့၏။ ဝေ့ဝူယင်၏ ကြေညာသံများသာလျှင် အားလုံး၏ နှလုံးသားများထဲ၌ ပဲ့တင်ထပ်ကာ ထွက်ပေါ် နေခဲ့လေသည်။
***