← Chapters

ကြေညာချက် (၃)

Vol. 127 Ch. 1773

ကြေညာချက် (၃)

Vol. 127 Ch. 1773

ထိုအခိုက်၌ တစ်လောကလုံး၏ အာရုံများမှာ လူနှစ်ယောက်တည်း အပေါ်တွင် စုပြုံကာ ကျရောက် နေခဲ့လေသည်။ တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဝံ့ကြွားစွာ ရပ်နေခဲ့သည့် အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဖြစ်ကာ နောက်ဦးကတော့ မာန်စွယ်ကျိုးကာ ဒူးထောက် ခေါင်းငုံ့ ရပ်နေခဲ့ရသည့် ထျန်းတိုက်ကျုံး ဖြစ်ပေသည်။

ဝေ့ဝူယင်၏ ကြေညာချက်မှာ မတွန်းလှန်နိုင်သည့် အင်အားမျိုးဖြင့် အားလုံး၏ စိတ်နှင့် ဝိညာဉ်အတွင်း ဝင်ရောက် သွားခဲ့သည်။ အာရုဏ်ဦး ကြယ်ကွင်းပြင် အသစ် အဖြစ် သတ်မှတ်ခံရထားရသည့် ဧရိယာ အတွင်းရှိ လူဦးရေ တစ်ရပ်လုံးမှာ ကိုကြေညာသံများကို ထိတွေ့ ခံစားခဲ့ကြရသည်။ ယခုလေးတင် မွေးဖွားလာသည့် ကလေးငယ် ဖြစ်စေ၊ သွားမရှိတော့သည့် တံငါသည် အဘိုးအို ဖြစ်စေ... အသက် သုံးသောင်း ရှိပြီ ဖြစ်သည့် ကုန်သည်ကြီး ဖြစ်စေ... မည်သူမျှ မကြားဘဲ မရှိခဲ့။

အလားတူ ကန့်ကွက်သံများ မရှိခဲ့ပေ။ ခေတ်သစ် တစ်ခုမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တဖြည်းဖြည်းချင်း အစပျိုး စိမ့်ဝင် လာနေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ နာမည်မှာ လူတိုင်း မသိ မရှိသည့် နာမည် ဖြစ်လာကာ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဂုဏ်သတင်းမှာလည်း ထာဝရ ဧကရာဇ်နှင့်ပင် နှိုင်းယှဉ်နိုင်သည် အထိ ကြီးထွား လာခဲ့သည်။ အချို့သော နယ်ပယ်များတွင် ဆိုလျှင် သူ၏ အောင်မြင်မှုများကပင် သာလွန်ခဲ့သေးသည်။

ဝေ့ဝူယင်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကိုယ်ပိုင် ကြယ်တာရာ နယ်မြေတစ်ခုကို တည်ထောင်ခဲ့ပြီး ဖြစ်သည်။ ဧရာမ အရွယ် နေကြယ်ကြီး တစ်ခုနှင့် မြေကြီး ရှန့်ထို အဆင့် ရှစ်ဆယ်ကျော်ကို ထုတ်ဖော်ပြသခဲ့သည်။ ကြယ်ကွင်းပြင် တစ်ခုလုံးအား လွှမ်းမိုးနိုင်သည့် အရည်အချင်းကို သက်သေခံခဲ့သည်။

ထို့ကြောင့်ပင် ခေတ်သစ် တစ်ခု၏ အပြောင်းအလဲ အပေါ် မည်သူမှ အံ့အားသင့် ခဲ့ကြခြင်း မရှိသလို သံသယလည်း မရှိခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင်... မည်သူမျှလည်း ကန့်ကွက်ရဲကြခြင်းလည်း မရှိချေ။

သို့သော်လည်း... ထိုအရာများကို ဖယ်ကြည့်လျှင်ပင် ယနေ့ သူ လုပ်ခဲ့သည့် အရာများက ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။

အဆုံးမဲ့ နတ်ဘုရား ဧကရာဇ်ကို အနိုင်ယူခဲ့ခြင်း...

အင်ပါယာ ထျန်းကလန်ကို ဖယ်ရှားခြင်း...

မဟာစက်ဝန်း ကြယ်ကွင်းပြင် အပါအဝင် သူတို့ သွားလာနိုင်သည့် လောကတစ်ခုလုံးရှိ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို အောင်နိုင်ခြင်း...

"ဒါကြောင့်ပဲ သူ သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင်ကို သိမ်းပိုက်ခဲ့ပေမဲ့ အာရုဏ်ဦး ကြယ်ကွင်းပြင်လို့ မကြေညာပဲ အာရုဏ်ဦး ကြယ်တာရာ နယ်မြေလို့ပဲ ကြေညာခဲ့တာကိုး...”

အာရုဏ်ဦး နန်းတော် အတွင်း၌ အားနူကို ပွေ့ပိုက်ရင်း ရပ်နေသည့် ရွှယ်ရီဖေးက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ ဝေ့ဝူယင်မှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို အာရုဏ်ဦး ကြယ်ကွင်းပြင် အဖြစ် ပူးပေါင်း ကြေညာဖို့ အစကတည်းက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

လျှို့ဝှက် နယ်မြေတစ်ခုအတွင်း၌ နာ့ရှင်းယီ၏ မီးခိုးရောင် မျက်လုံးများမှာ ပြာလဲ့လဲ့ ကောင်းကင်ကို စိုက်ကြည့်နေခဲ့၏။ သူမ၏ အမူအရာက အနည်းငယ် မတည်မငြိမ် ဖြစ်နေသော်လည်း ဦးတည်ချက် တစ်ခုကို ရှာဖွေ တွေ့ရှိ သွားသကဲ့သို့ ခံစားလိုက်ရသည်။

သစ်ပင်ကြီး တစ်ခုတွင် တွဲ၍ ချည်နှောင် ခံထားရသည့် မြစိမ်းရောင် ဆံပင် ပိုင်ရှင် အယ်ဗန် မျိုးနွယ် မိန်းကလေး တစ်ဦးမှာ ပြင်းပြစွာ အားထုတ်ရင်း ခေါင်းကို မော့ကာ ကြည့်လိုက်၏။ ဝေ့ဝူယင်၏ ကြေညာသံကို နားထောင်ရင်း သူမ နွေးထွေးသည့် ခံစားချက် အချို့ကို ခံစားလိုက်ရသည်။ ရှင်းပြ၍ မရနိုင်သော်လည်း... နှလုံးသား အတွင်း ထိုနွေးထွေးသည့် ခံစားချက်ကို ခံစားနိုင်သေးသရွေ့ သူမ မသေနိုင်သေးဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်း၌ ရွှေရောင် ဆံပင် ရွှေရောင်၊ ရွှေရောင် မျက်လုံးများနှင့် မိန်းမငယ်လေး တစ်ဦးမှာ အဓိပတိ ကျောက်စိမ်း နယ်မြေ အတွင်း၌ သတိမေ့ နေခဲ့၏။ ရုတ်တရက် သူမ၏ မျက်လုံးများမှာ ပွင့်လာခဲ့၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူမ၏ အသိစိတ် ကင်းမဲ့နေသည့် အကြည့် အတွင်း၌ အသိစိတ် ပင်လယ်မှ ဆင်းသက်လာသည့် ငွေ‌ရောင် အလင်း တစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

“ဘာလဲ... ငါ သူ့ကို အသိစိတ်ကို သေချာ နှိမ်နင်းထားပြီးသားပါ... ပဲ့တင် သက်ရောက်မှု အကြွင်းအကျန် တစ်ခုခုများ ယိုစိမ့်နေတာလား... ဘယ်လောက် ထူးဆန်းလိုက်လဲ"

မိန်းကလေး၏ ဖိနှိပ်ခံထားရသည့် အသိစိတ် ပင်လယ်ဆီမှ လှိုင်းနှုန်းများ မြင့်တက်လာနေသည်ကို ခံစားလိုက်ရပြီးနောက် အသံမှာ အံ့အားသင့် သွားခဲ့၏။ ဝေ့ဝူယင်၏ ကြေညာချက်ကိုတော့ သူက သိပ်အလေးအနက် မထားချေ။ သူ စိုးရိမ်သည်က တစ်ခုတည်းသာ ဖြစ်သည်။

“အိုး...”

ရုတ်တရက်... အသံမှာ အံ့အားသင့် သွားခဲ့၏။

“မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ...”

...

ကြယ် အသိုက်အတွင်း၌ ကျန့်ယုမှာ လျှို့ဝှက် စွမ်းအင်များဖြင့် တည်ဆောက်ထားသည့် ယာယီတိုင်များတွင် နတ်ဆိုးအုပ်စု တစ်ခုကို ကြိုးတုပ် ထားခဲ့၏။ သူတို့မှာ ပြင်းထန်စွာ ရုန်းကန်ရင်း ခပ်ကြမ်းကြမ်း ဟိန်းဟောက်ကာ နားမလည်နိုင်သည့် အဓိပ္ပာယ်မဲ့ စကားများစွာကို ပြောဆိုနေခဲ့ကြသည်။ သို့သော်လည်း... ကျန့်ယုကတော့ သိပ်ဂရုမစိုက်ပါချေ။

ဟူး... ဟူး...

ရုတ်ချည်း ဆိုသလိုပင် ကြယ်ကွင်းပြင် တစ်ခုလုံးကို တည်ရှိမှု တစ်မျိုးက လှည်းကျင်းသွားသလို သူ ခံစားလိုက်ရ၏။ အင်ပါယာ အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်သည့် အလား အာကာသနှင့် အချိန် စီးဆင်းမှုတွင် ကောင်းကင် ဥပဒေသ အရိပ်အမြွက် တစ်ခုမှာ စိမ့်ဝင် ကျန်ရှိခဲ့၏။

ကြယ်တာရာမိုး အသိုက်၏ အနက်ရှိုင်းဆုံး နေရာတွင် လှိုင်းနှုန်းတစ်ခုမှာ တုံ့ပြန်လာခဲ့ကာ တောင်းဆိုမှုကို မခုခံခဲ့ချေ။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆီသို့ ပြန်သွားရပါက... ဝေ့ဝူယူမှာ ထျန်းတိုက်ကျုံးကို လက်ဝါး တစ်ချက်တည်းဖြင့် အနိုင်ယူပြီးနောက် အချိန်၊ အာကာသနှင့် အင်ပါယာ ဥပဒေသတို့အပေါ် သာမည အာဏာများကို အသုံးပြု၍ အာရုဏ်ဦး ကြယ်ကွင်းပြင်ု ကြေညာခဲ့သည်။ ထိုအမိန့်တော်အား လွန်ဆန်နိုင်သူ အနည်းငယ်သာ ရှိလျှင်... အကယ်၍ သူတို့သာ ခုခံလိုလျှင် ကောင်းကင်ရှန့်ထို အဆင့်ထက် မနိမ့်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပေသည်။

မဟုတ်ပါက... ဧကရာဇ် တစ်ဦး သိမ်းပိုက် လွှမ်းမိုးထားသည့် နယ်မြေကို ကျပန်း တောပုန်းဓားပြ တစ်‌ယောက်က သူ့အပိုင် ဖြစ်ကြောင်း အတင်းအကြပ် ငြင်းဆိုနေခြင်းနှင့် အတူတူပင် ဖြစ်နေပေလိမ့်မည်။

ထို့အပြင်... ဝေ့ဝူယင်မှာ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို အသုံးပြု၍ သိမ်းပိုက်ခြင်းဖြင့် အကျိုးကျေးဇူး အချို့ကိုလည်း ရရှိခဲ့သည်။ ပထမ တစ်ချက်က ကောင်းကင်၏ လက်ခံမှု ဖြစ်သည်။ ဒုတိယ တစ်ချက်က မြေကြီး၏ လက်ခံမှု ဖြစ်သည်။ တတိယ တစ်ချက်က လူတို့၏ လက်ခံမှု ဖြစ်သည်။ ထိုသုံးပါးသော လက်ခံမှုတို့ ကင်းမဲ့ပါက သင့်အနေဖြင့် မည်မျှ များပြားသော နယ်မြေများကို သိမ်းပိုက်ထားနိုင်သည် ဖြစ်စေ... အစစ်အမှန် ဧကရာဇ် တစ်ပါး ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။

ထို့အပြင်... ရှုံးနိမ့်မှုများနှင့် အတူ ဒူးထောက် နေခဲ့ရသည့် နတ်ဘုရား အင်ပါယာ၏ ပုံရိပ်မှာလည်း ခေတ်အပြောင်းအလဲ တစ်ခုကို ရောက်ရှိသင့်ပြီ ဖြစ်ကြောင်း အားလုံးကို သဘောတူ လက်ခံစေခဲ့သည်။ အာရုဏ်ဦး အာဏာရှင်မှာ ခေတ်တစ်ခေတ်ကို အုပ်စိုးဖို့ အမှန်တကယ် ထိုက်တန်သူ တစ်ယောက် ဖြစ်သည်။ ထိုသတ္တဝါ၏ အုပ်စိုးမှု အောက်တွင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု... မဟုတ်သေး အာရုဏ်ဦး ကြယ်ကွင်းပြင်မှာ အဆုံးမဲ့ နတ်ဘုရား အင်ပါယာခေတ်ထက် မယုတ်လျော့သည့် တိုးတက်မှုများကို ရရှိမည်မှာ သေချာပေသည်။

အမှောင် ဟင်းလင်းပြင် အတွင်း၌ ဝေ့ဝူယင် ရပ်နေသည့် လောက နှစ်ခုမှ လျှို့ဝှက် အာဏာရှင်များမှာ တိတ်တဆိတ်ပင် လေ့လာ နေခဲ့ကြသည်။ အာရုဏ်ဦး အင်ပါယာမှာ လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် အရာရာကို လက်ဖဝါးများ အတွင်း ချုပ်ကိုင် နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအရာ ခမ်းနားလွန်းလှသည်။

ထျန်းတိုက်ကျုံးမှာ ခေါင်းကို မော့ဖို့ အတင်းအကြပ် ကြိုးပမ်း နေခဲ့သော်လည်း... အနည်းငယ်မျှပင် လှုပ်ရှား နိုင်စွမ်း မရှိပါချေ။

“ငါ ဒီလိုနည်းနဲ့ ရှုံးရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး...”

နတ်ဘုရား အင်ပါယာက ဝေ့ဝူယင် တစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံဖြင့် တီးတိုး ပြောလိုက်၏။ သူ၏ စကားလုံးများက ခါးသီးမှုများနှင့် ပြည့်နှက် နေခဲ့၏။ သူ ကျင့်ကြံထားခဲ့သည့် ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် တစ်ခုလုံးမှာ ရှုပ်ထွေး နေခဲ့ကာ အင်ပါယာ ဥပဒေသ မျိုးစေ့မှာလည်း ဝေ့ဝူယင်၏ လက်ထဲ၌ နာခံစွာပင် ပျံဝဲ နေခဲ့သည်။

ဝေ့ဝူယင်က ဝင့်ကြွားခြင်း မပြုသလို ယခင် နတ်ဘုရား အင်ပါယာကို လှောင်ပြောင်ခြင်း မပြုခဲ့ချေ။ ထိုအရာက မလိုအပ်ပေ။

“မင်း ငါ့ကို ဘာလုပ်မှာလဲ...”

ထျန်းတိုက်ကျုံးက အားနည်းစွာဖြင့် မေးလိုက်။ ဝေ့ဝူယင်က သူ့ မေးခွန်းကို ချက်ချင်း ပြန်မဖြေသေးပဲ လက်ဝါးကိုသာ ဆန့်ထုတ်လိုက်၏။

ဝှစ်... ဝှစ်...

အာကာသ ဥပဒေသ အပေါ် သာမည အာဏာက လှိုင်းများ အဖြစ် ထွက်ပေါ်လာကာ ထျန်းတိုက်ကျုံး၏ အတွင်းပိုင်း လောကကို လွှမ်းခြုံ သွားခဲ့လေ၏။

***

All Chapters