← Chapters

အာဏာလွှဲအပ်မှု

Vol. 127 Ch. 1775

အာဏာလွှဲအပ်မှု

Vol. 127 Ch. 1775

စုနန်ကျူး၏ မျက်လုံးများမှာ သံချပ်ကာ ဦးထုပ်၏ အောက်တွင် တဖျပ်ဖျပ် တောက်ပနေကာ အချိန် စီးဆင်းမှုက ပြောင်းလဲ သွားသလို ခံစားလိုက်ရသည်။ သူ၏ အတွေ့အကြုံအရ လျှို့ဝှက် စွမ်းအင်နှင့် အသက်အင်အား အနည်းငယ်ကို သုံးစွဲရုံဖြင့် မကြာသေးခင်က ဖြစ်ပျက်သွားခဲ့သည့် အပျက်အစီးများ အပေါ် အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရှိလိုသည်။ အကယ်၍ လျှို့ဝှက် စွမ်းအားကိုသာ အနည်းငယ် ပို၍ သုံးမည် ဆိုပါက အသက်အင်အား ကုန်ကျမှုကိုပင် လုံးဝ ပယ်ဖျက်နိုင်သည်။

အချိန် ဥပဒေသ...

ထိုကောက်ချက်ကို ရောက်ရှိသွားပြီးနောက်၌ သူ၏ နှလုံးသားက စည်တီး သကဲ့သို့ ခုန်လာခဲ့သည်။ ကျားယန်မှာလည်း အလားတူပင် အချိန် ဥပဒေသကို ခံစားမိပေသည်။

လောကရှန့်ထို အဆင့်များ အနေဖြင့် သူတို့မှာ လောကနှင့် တစ်သားတည်း ကျနေခဲ့ပြီ ဖြစ်လေရာ ထိုပြောင်းလဲမှုကို ရှာဖွေ တွေ့ရှိဖို့ လွယ်ကူပေသည်။ အထွတ်အမြတ် နိုင်ငံတော်တွင်လည်း သေခြင်း ရှင်ခြင်း တိုက်ပွဲများဖြင့် လေ့ကျင့်ရန် အချိန် ဥပဒေသကို အလားတူ အသုံးပြုထားသည့် လေ့ကျင့်ရေးကွင်း အနည်းငယ် ရှိသည်။ တိုက်ပွဲ၌ သေဆုံးသွားလျှင်ပင် ကုန်ကျစရိတ် မရှိသလောက် ပြန်လည် အသက်သွင်းနိုင်သည်။

ဝေ့ဝူယင်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအားကို သုံးနေသည်လား။ မဟုတ်သေး... ဤသည်က အလွန် ပိုကြီးသည်ဟု သူတို့ ခံစားရသည်။ ဝေ့ဝူယင်အပေါ် သူတို့၏ အကြည့်နှင့် အတွေးများမှာ လျင်မြန်စွာပင် ထပ်မံ ပြောင်းလဲသွားခဲ့၏။

စုနန်ကျူးက ခဏတာမျှ စဉ်းစားလိုက်၏။ ပထမတုန်းက ဝေ့ဝူယင်နှင့် ညှိနှိုင်းရန် စဉ်းစားခဲ့သေးသော်လည်း သူ ၎င်းကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက လက်များကို ဆုပ်လိုက်ကာ ခါးကို ကိုင်းရင်း ဦးညွှတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်... လောက ရှန့်ထို အာရုဏ်ဦး..."

ထို့နောက် အုပ်ထိန်းသူ မြို့တော်သခင်မှာ မတွန့်မဆုတ်ပင် ကိုယ်တိုင် အချိန် ပြောင်းပြန်လှန်ခြင်းကို ဖော်ထုတ်လိုက်သလို အခြားလူများကိုလည်း အမိန့်ပေးလိုက်တော့သည်။

ကျားယန်ကတော့ ထွက်ခွာသွားခြင်း မရှိပါသေးချေ။

"လောက သူတော်စင် အာရုဏ်ဦး..."

သူက အနည်းငယ် စိုးရိမ်သည့် အရိပ်အယောင်ဖြင့် ခေါ်လိုက်၏။

ဝေ့ဝူယင်က သူ့ကို အေးဆေးစွာပင် ကြည့်လိုက်ကာ ဝိညာဉ်အာရုံဖြင့် အသံလွှဲပြောင်းလိုက်သည်။

"ခင်ဗျားရဲ့ သမီး အဆက်ပြေပါတယ်... ကိစ္စတစ်ချို့ ပြေလည်သွားတာနဲ့ ကျွန်တော် သူ့ကို အမွှာ မီးပြတိုက် နယ်မြေကို ပို့လိုက်ပါမယ်... သူ့ကို ထိခိုက်အောင် မလုပ်ဘူး”

ကျားယန်မှာ နားထောင်ရင်း မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ သို့သော်လည်း... ခဏအကြာတွင် သူ၏ အသက်ရှူသံများက တည်ငြိမ်သွားကာ လက်သီးများကိုလည်း ဆုပ်လိုက်သည်။

ဟူမေဖန်မှာ သူ့ သမီးဖြစ်ကြောင်း စုနန်ကျူးပင် မသိချေ။ ၎င်းမှာ ထိပ်တန်း လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ အချိန်လေပွေ၏ အုပ်ထိန်းသူ ဘဝမှ အနားယူပြီးချိန်တွင်ပင် အဆုံးမဲ့ ခရီးသွား နယ်မြေတွင် သူ ဆက်နေရသည့် အကြောင်းရင်းမှာ ထိုမိန်ကလေးကြောင့်ပင် ဖြစ်သည်။

ကျားယန် ဝေ့ဝူယင် မည်ကဲ့သို့ သိခဲ့ကြောင်း မေးခွန်း မထုတ်ပါချေ။ ထို့အစား ဖန်ယွဲ့နှင့် ကျန့်ယန်တို့ထံကိုသာ ပျံသန်းသွားကာ ကူညီပေးလိုက်၏။ သူတို့မှာ အဆိုးရွားဆုံး ဒဏ်ရာများကို ခံစားခဲ့ကြရပြီး ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် ပျက်စီနိုင်သည့် အန္တရာယ်နှင့်ပင် ရင်ဆိုင် နေကြရသည်။ အထူးသဖြင့် ဖန်ယွဲ့... သူမ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံထားသည့် စွမ်းအား အားလုံးမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်များနှင့် အရင်းအမြစ်များသာ မရှိပါက သူမမှာ ပြန်လည် ထူထောင်ရန် အတွက် နှစ်ပေါင်းထောင်ချီ၍ လိုအပ်ပေလိမ့်မည်။

ဝေ့ဝူယင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည့် ကျားယန်ကို ငေးကြည့် နေခဲ့၏။

ထိုလူအိုကြီးမှာ အမြဲတမ်းလိုလို မူးယစ်နေတတ်သလို ကာမဂုဏ်လိုက်စားရာတွင်လည်း ထူးချွန်သူ ဖြစ်သည်။ သို့သော်လည်း... သူနှင့် ဆုံတွေ့သည့် အခါတိုင်း သောက်စရာ တစ်ခုခု ယူလာလေ့ ရှိသည့် အပြင် ရည်ရွယ်ချက်ကောင်းများနှင့် အကြံဉာဏ်လည်း ပေးတတ်သည်။ ဝေ့ဝူယင် သူ၏ ပုံရိပ်ကို ထင်ရှားစွာ မှတ်မိနေဆဲ ဖြစ်သည်။

မှန်ပေ၏။ ဝတ်စုံနက် ဝေ့ဝူယင်မှာ လျူယင်လန်း၏ ထောင်ချောက် အတွင်း မကျရောက်မီ ကျားယန်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူက ဝေ့ဝူယင်ကို လျူယင်လန်းနှင့် သူမ၏ ဆိုးသွမ်းသော အကြံအစည်များ အကြောင်း သတိပေးခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းစွာပင် ထိုအချိန်၌ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဝတ်စုံနက် ဝေ့ဝူယင် ကိုယ်တိုင်က ၎င်းကို အလေးအနက် မထားခဲ့ခြင်းလည်း ပါသည်။ သူ ထိုနောင်တကို ဆယ်စုနှစ်ပေါင်း များစွာ ခံစားခဲ့ရသည်။

ဝေ့ဝူယင်၏ မျက်လုံးများက ကျားယန်ထံမှ ခွာကာ ထျန်းလင်းယု၊ ထျန်းမူယန်၊ ယန်ချောင်ယွီတို့နှင့် ကောင်းကင်ဖျက် သင်္ဘောများဆီသို့ ရွေ့လျား သွားခဲ့၏။ ထို့နောက် သူ ပိုင်လင်ကို စီးနင်းရင်း ပျံသန်း သွားခဲ့သည်။

ယန်ချောင်ယွဲ့၏ မျက်လုံးများက တောက်ပနေကာ ထျန်းလင်းယု၏ အကြည့်များကတော့ ရှုပ်ထွေး နေခဲ့သည်။ အလွန် အစွမ်းထက်သည့် ပညာရှင်များပင်လျှင် ထိုအခိုက် သူမ ခံစားနေရသည့် ခံစားချက်များကို ခွဲခြမ်းတတ်လိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင်၊ သူမ၏ တစ်ဦးတည်းသော ချစ်သူမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရာ အင်ပါယာကို သတ်ဖြတ်ခဲ့ကာ သူမတို့ မျိုးရိုးကိုလည်း အင်ပါယာဘွဲ့မှ ဖယ်ရှားပစ်ခဲ့သည်။

ထို့ကြောင့်ပင် ဝေ့ဝူယင် သူမတို့ သင်္ဘော ကုန်းပတ်ပေါ် ဆင်းသက်လာသည့် အခိုက်၌ ဘာပြောရမှန်းပင် မသိခဲ့ချေ။ ဝေ့ဝူယင် ရှေ့ကို လျှောက်လာသည့် အခိုက်၌ သူမ၏ နှလုံးသားထဲတွင် စကားလုံး တစ်ခု ပေါ်လာခဲ့သော်လည်း ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ထွက်မလာခဲ့ချေ။ အဓိပ္ပာယ် ရှိသည့် စကားလုံး တစ်ခုကိုမှ သူမ မပြောနိုင်ပါချေ။

“အင့်...”

ရုတ်တရက် သူမ၏ မျက်လုံးများက ပြူးသွားခဲ့၏။ သူမ၏ သွယ်လျ နူးညံ့သည့် ခန္ဓာကိုယ်လေးမှာ တင်းကြပ်စွာ အဖက်ခံလိုက်ရပြီ ဖြစ်သည်။ သန်မာအားကောင်းသည့် လက်မောင်းများမှာ သူမကို ထွေးပွေ့ထားကာ နှလုံးသားနှင့် အနီးဆုံး ရင်အုံ၌ မှီခေါင်းအုံးသဖွယ် ကပ်ထားစေခဲ့သည်။

ဝေ့ဝူယင် တောင်းပန်စကားများ ပြောဖို့ မလိုအပ်ခဲ့ချေ။ တစ်ခါတစ်ရံတွင် အပြုအမူတစ်ခုမှာ စကားလုံး အလုံး တစ်ထောင်ထက်ပင် ပိုမို၍ လုံလောက်ပေသည်။ ထျန်းလင်းယု တစ်ယောက် စိတ်ရှုပ်ထွေးနေသည့် စိတ်ခံစားချက် အားလုံး ဗလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရ၏။ ထို့နောက် နွေးထွေးမှု တစ်ခု... သူမ ဘာကိုမှ မစဉ်းစားတော့ပဲ ဝေ့ဝူယင်၏ ရင်ခွင် အတွင်း ပိုမို၍ မှီလိုက်သည်။

ထျန်းမူယန် ကျေနပ် နူးညံ့စွာ ပြုံးလိုက်မိ၏။ ထျန်းကလန်ခေတ် ကုန်ဆုံးသွားပြီဖြစ်ပြီး အင်ပါယာ မျိုးနွယ်မှာလည်း ပျောက်ကွယ်ထားသည့်တိုင် ဝေ့ဝူယင်၏ နှလုံးသား အတွင်းတွင် ထျန်းလင်းယု၏ အရေးပါသည့် နေရာက ဆုံးရှုံးမသွားခဲ့ပါချေ။

ယန်ချောင်ယွီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မည်သည့် မနာလိုမှုကိုမှ မခံစားရပါချေ။ ထို့အစား စိတ်သက်သာရာပင် ရသွားခဲ့၏။

ဝေ့ဝူယင်က ထျန်းလင်းယုကို ဖက်ထားရင်းမှ ထျန်းဝေလုံဘက်ကို လှည့်ရင်း ပြောလိုက်သည်။

“အာရုဏ်ဦး ကြယ်ကွင်းပြင် တစ်ခုလုံးရဲ့ အချိန် စီးဆင်းမှု ပြင်းအားကို ကျုပ် ယာယီ လျှော့ချထားပါတယ်”

“...”

ထိုစကားကို ကြားလိုက်ရသော ထျန်းလင်းယု ဝေ့ဝူယင်ကို ပိုမို တင်းကြပ်စွာပင် ဖက်လိုက်မိတော့သည်။ မည်သို့ပင် ဆိုစေ... သူမက ထျန်းကလန်သူ တစ်ဦး ဖြစ်နေသေးဆဲ ဖြစ်သည်။ သေမျိုးများမှ အစ... မြေကြီးရှန့်ထိုများ အဆုံး ထျန်းကလန်သားများမှာ သူမ အတွက် ရတနာများလို တန်ဖိုး ရှိပေသည်။ သူတို့ကို ကယ်တင်ဖို့ အတွက် ကိုယ်ပိုင် အသက်ကိုပင် စတေးဖို့ ထျန်းလင်းယု ဆန္ဒ ရှိသည်။

ကျူးကျော်သူများမှာ သူ သိခဲ့သည့်သူ၊ သူမ ခင်ခင်မဲ့သည့်သူ၊ သူမ ဂရုစိုက်ရသူ အများကြီးကို သတ်ဖြတ်ခဲ့သည်။ သူမ စိတ်ရှုပ်ထွေးရသည့် အကြောင်းရင်းများထဲ၌ ထိုမုန်းတီးမှုများလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ထျန်းကလန်၏ အင်ပါယာ မျိုးရိုးကိုပင် ဖျက်သိမ်းခဲ့လေရာ လက်စားချေပေးဖို့ တောင်းဆိုခွင့် မရှိဟု သူမ ယူဆခဲ့သည်။

ထျန်းဝေလုံမှာ ထိတ်လန့်နေသော်လည်း ထျန်းမူယန်က အလျှင်အမြန်ပင် ခေါင်းညိတ်လိုက်၏။

“ပြန်ခေါ်သင့်တဲ့လူ အားလုံးကို ကျွန်တော်တို့ ပြန်ခေါ်လိုက်ပါမယ်...”

ထို့နောက် သူက ထျန်းဝေလုံ အပါအဝင် အသက်ရှင်သန်နေသေးသည့် လျှို့ဝှက် အာဏာရှင် အများအပြားကို ခေါ်ဆောင်ကာ ထွက်ခွာ သွားခဲ့သည်။

ဝေ့ဝူယင်က သူ့ ရင်ခွင်ထဲရှိ ထျန်းလင်းယုကို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူက နူးညံ့သည့် လေသံဖြင့် ပြောလိုက်သည်။

“ထျန်းကလန်ရဲ့ ခေါင်းဆောင်သစ် အနေနဲ့ ငါ့အတွက် ဒီကြယ်တာရာ နယ်မြေကို ဦးဆောင်ပေးပါ”

"..."

ထျန်းလင်းယုမှာ တုန်ရီသွားခဲ့၏။

"ထျန်းတိုက်ကျုံး မသေပါဘူး... သူက မင်း အပေါ် ဘယ်လောက် ကောင်းပေးခဲ့တယ် ဆိုတာ ငါ သိပါတယ်... ဒါကြောင့်ပဲ ငါ သူ့ကို အသက် ချမ်းသာပေးထားပါတယ်... “

မည်သို့ပင် ဆိုစေ... ထျန်းတိုက်ကျုံး၏ တာဝန်ကျေသည့် ဂရုစိုက်မှုများနှင့် ကြီးကြပ်မှုတို့သာ မရှိပါက ထျန်းလင်းယု၏ အသက်အရွယ်ဖြင့် မြေကြီးရှန့်ထို အဆင့်ကို မည်ကဲ့သို့ ရောက်ရှိနိုင်မည်နည်း။ ခက်ခဲ ကြမ်းတမ်းသည့် ကျင့်ကြံခြင်း လောကထဲတွင် လက်ရှိ အသက်အရွယ် အထိ အပျိုစင် ဘဝကို မည်ကဲ့သို့ ဆက်ထိန်းထားနိုင်မည်နည်း။ ထို့အပြင်... ထျန်းလင်းယု သူ့ကို ရွေးချယ်စဉ် အခါကလည်း ဘာမှ မပြောပဲ သည်အတိုင်း လွှတ်ထားပေးခဲ့သည်။

သို့သော်လည်း... ထျန်းတိုက်ကျုံး ကွဲကွဲပြားပြား မရွေးချယ်သေး သရွေ့ အခြားလူများ အနေဖြင့် သူ အသက်ရှင်နေသေးကြောင်းကိုသာ သိရမည် ဖြစ်သည်။

"..."

ထျန်းလင်းယု တစ်ယောက် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပဲ ဝေ့ဝူယင်၏ ဝတ်ရုံမှာ မျက်ရည်ပူများဖြင့် စိုရွှဲ လာခဲ့သည်။

သူတို့ နှစ်ယောက် ထိုကဲ့သို့ အချိန် အကြာကြီး နေခဲ့ကြ၏။ ယန်ချောင်ယွီကတော့ ဘေးကနေ ရပ်ကြည့်နေကာ ထိုအခိုက်အတန့်ကို ကျောက်စိမ်းပြား တစ်ခုထက်၌ မှတ်တမ်းတင်ထားခဲ့လေသည်။

...

တစ်နာရီမျှ ကြာပြီးနောက်၌ အဆုံးမဲ့ ခရီးသွားခြင်း နယ်မြေမှ ကျူးကျော်သူများမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းမှ ထွက်ခွာ သွားခဲ့ကြကာ အမွှာမီးပြတိုက် နယ်မြေဆီ ပြန်သွားခဲ့ကြသည်။ သူတို့က ဂြိုဟ်၊ လနှင့် ကောင်းကင် နယ်မြေများကို ဝန်လေးစွာပင် ပြန်လည် ပေးခဲ့ကြ၏။

အလွှာကြားက လောကမှ ကျူးကျော်မှုများမှာ အဆုံးသတ် သွားခဲ့ကာ အာရုဏ်ဦး ဖီဆန် ခေတ်တစ်ခေတ်က စတင် လာခဲ့သည်။

ဝေ့ဝူယင်မှာ ပိုင်လင်၏ ကျောထက်၌ စီးနင်းကာ ပျံသန်း နေခဲ့၏။ သူတို့ နှစ်ယောက်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ဦးတည် နေခဲ့ခြင်း ဖြစ်သည်။

ပိုမို၍ နီးကပ်လာသည်နှင့် အမျှ ဝေ့ဝူယင်၏ အစစ်အမှန် နဂါးသွေးမျိုးဆက်မှာ လှုပ်ရှား၍ လာခဲ့လေ၏။

***

All Chapters