ပြိုင်စံရှား ထျန်းတိုက်ကျုံး
Vol. 127 Ch. 1766
"သူတို့ အားကုန်သွားတဲ့ အထိလား...."
ဝေ့ဝူယင်က ပြုံးလိုက်၏။ ပိုင်လင်မှာ အပေါ်ယံအားဖြင့် မာနကြီးပြီး ပေါ့ဆနေသယောင် ထင်ရနိုင်သော်လည်း သူမ၌ နည်းဗျူဟာများ ရှိပေသည်။ သူမမှာ ဝေ့ဝူယင်နှင့် အတူ အစောပိုင်းနှစ်ကာလများအတွင်း၌ တိုက်ပွဲများစွာကို သွားလာခဲ့ပြီး အရာအချို့များကို သင်ယူနိုင်ခဲ့သည်။
ထိုအခိုက်တွင်ပင် တိုက်ပွဲမှာ အစွန်းရောက်သည်အထိ ပြင်းထန်လာခဲ့ကာ ကျန့်ယန်မှာ ပြင်းထန်သည့် ထိုးနှက်ချက်များကို အဆက်မပြတ် ခံခဲ့ရပြီး လျှို့ဝှက် သင်္ကေတများဖြင့် ဖန်တီးထားသည့် ယာယီ လက်မောင်း နှစ်ဖက်ကိုပါ ဆုံးရှုံးခဲ့ရသည်။ သူက နောက်သို့ မိုင်ပေါင်းများစွာ ပြန်လည် လွင့်စဉ်သွားကာ သွေးများ အန်ထုတ် နေရ၏။ ယိုင်လဲနေပြီ ဖြစ်သော်လည်း ထိုလောကရှန့်ထိုမှာ အစွန်းရောက်သည် အထိ ရဲရင့်နေဆဲ ဖြစ်သည်။
အပြင်းထန်ဆုံး နာကျင်မှုများကို ခံစားနေရသည့်တိုင် သူက အသံ တစ်ချက်မှ မထွက်ပဲ တိုက်ပွဲအတွင်း ပြန်လည် ပြေးဝင်လာကာ ထျန်းတိုက်ကျုံးကို ယန်ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်၏။
လောကရှန့်ထိုများထဲ၌ စုနန်ကျူးမျာ အနှောက်အယှက် အပေးနိုင်ဆုံး ဖြစ်ကာ သူ့ကို တန်ပြန်ရန် အတွက် ထျန်းတိုက်ကျုံးမှာ အားအကောင်းဆုံး တိုက်ခိုက်မှုများကို ပြန်လည် ထုတ်လွှတ် ခဲ့ရသည်။ ကျားယန်၏ ခန္ဓာကိုယ်မှာလည်း တိုက်ခိုက်ရသည်မှာ အတော်လေး ခက်ခဲလှသည်။ အင်ပါယာ ဥပဒေသကို စိမ့်ဝင်စေခြင်းဖြင့်သာ သူ့ကို ထိခိုက်အောင် လုပ်နိုင်၏။
ထိုအချိန်၌ ဂြိုဟ်များ၊ လများ၊ ဟင်းလင်းပြင် သင်္ဘောများနှင့် လျှို့ဝှက် အာဏာရှင်များမှာ ပဋိပက္ခနှင့် ဝေးရာသို့ ရွေ့လျားသွားခဲ့ကြပြီး အဆုံးမဲ့ ကောင်းကင် နယ်မြေ အတွင်းမှ လုံးဝ ထွက်ခွာသွားခဲ့ကြသည်။ ထိုနေရာ တစ်ခုလုံး၌ လောကရှန့်ထို လေးဦးနှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာတို့သာ ကျန်ရှိတော့သည်။
ထိုမျှမက သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို ထိန်းမထားခဲ့ကြပေ။ သုံးယောက်တစ်ယောက် ရင်ဆိုင်နေရသော်လည်း ထျန်းတိုက်ကျုံးမျာ လုံးဝ သာလွန်သော အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။
"ထျန်းတိုက်ကျုံးရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်နဲ့ သည်းခံနိုင်စွမ်းတွေက တကယ် အံ့သြစရာကောင်းတယ်... အဲဒီတစ်ခုကတော့ သေချာတယ်”
ဝေ့ဝူယင် ချီးကျူးလိုက်၏။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ရာဇပလ္လင်ပေါ် ပိတ်မိနေခဲ့သည့် နှစ်ပေါင်းနှစ်သောင်း ကာလ အတွင်း မူလ ဝိညာဉ်အလင်းကို တဖြည်းဖြည်းချင်း စုဆောင်းနေကာ လွတ်မြောက်ရန်နှင့် ဥပဒေသ မျိုးစေ့ကို သန့်စင်ရန် သင့်လျော်သော အခွင့်အရေးကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက လိမ်လည်ပြီး အင်ပါယာ ဥပဒေသ မျိုးစေ့မှာ ပျိုးထောင်ခြင်း အဆင့် ၉ ရာခိုင်နှုန်းအောက်၌သာ ရှိသည် ဆိုသည့် ထင်မြင်ချက်ကို ပေးခဲ့ခြင်း ဖြစ်သည်။
ထျန်းတိုက်ကျုံ၏ ရည်ရွယ်ချက်က ရှင်းပေသည်။ ရန်သူများက သူ့ကို ကြောက်မက်ဖွယ်ကောင်းသော်လည်း အလွန်အမင်း အားမကြီးဟု ယူဆစေရန် အတွက် ဖြစ်သည်။
ထို့အပြင်... ထျန်းတိုက်ကျုံး အတွက် ကံကောင်းသွားတာ တစ်ခုက စုနန်ကျူးတို့မှာ လောကရှန့်ထို အဆင့်ထက် ကျော်လွန်နေသည့် နည်းလမ်းများကို အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် ချိပ်ပိတ် အစီအရင်ကြီး၏ ပိတ်ပင် တားဆီးမှုကြောင့် လောကရှန့်ထို အဆင့် စွမ်းအားကိုပင် သူတို့ သုံးနိုင်လိမ့်မည် မဟုတ်ချေ။ အာကာသ လေပွေ၏ ဖျက်ဆီးမှုကြောင့်သာ ချွတ်ယွင်းချက် တစ်ချို့ ပေါ်လာပြီး သူတို့ ဤနေရာသို့ ခြေချလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် အခြေအနေက ပြောင်းလဲသွား၏။
"အချိန်ကျပြီ... သွားကြရအောင်"
ဝေ့ဝူယင်က ပိုင်လင်၏ နောက်ကျောကို ပုတ်လိုက်၏။ ချက်ချင်းပင် မီးဖီးနစ်၏ မျက်လုံးများက တောက်ပသည့် မီးတောက်မီးလျှံများနှင့် ပြည့်လျှံ သွားခဲ့သည်။
“နောက်ဆုံးတော့...”
သူမက အတောင်ပံများကို ခမ်းနားစွာ ခတ်လိုက်ရင်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆီသို့ တိုးဝင် သွားခဲ့တော့၏။
ဂီး...
...
အင်ပါယာကောင်းကင်၊ ကောင်းကင်တရားစီရင်ရေးတောင်...
ဝှစ်... ဝှစ်...
ကျန်ကျဲဝူရှုက လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်လိုက်ရာ ထိုတောင်နှင့်အတူ ရောစပ်နေသည့် ပုံရိပ်ယောင် သင်္ကေတများ ပေါ်လာ၏။ ပေသီးများက ဘယ်ညာ ရိုက်ခတ်နေကာ စက္ကူယပ်တောင်မှာလည်း တောက်ပသော အစိမ်းရောင်ဖြင့် ဝင်းလက်နေသည်။ ၎င်းတို့မှာ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်ကျင့်စဉ် အစောင့်အရှောက်တစ်ဦးကဲ့သို့ ဝိုင်းပတ်နေ၏။
လျူယင်လန်းနှင့် ဟူမေဖန်တို့မှာ သူမ၏ ဘယ်နှင့် ညာတွင် ရပ်နေကြပြီး အနှောင့်အယှက် မပေးဝံ့ကြပေ။ လျူယင်လန်းက စိုးရိမ်ပူပန်နေပုံ ရကာ ဟူမေဖန်ကတော့ စဉ်းစားငေးမောနေ၏။
သေမျိုး ကိုးစက္ကန့်တိတိ ကြာသွားခဲ့လေပြီ။
ကျန်ကျဲဝူရှုမှာ အစောပိုင်းက ယုံကြည်မှုအပြည့်ဖြင့် ကြေညာခဲ့သော်လည်း ယခုအချိန်အထိ ဝင်္ကပါကို မချိုးဖျက်နိုင်သေးပေ။ သို့သော်လည်း... ဟူမေဖန် စဉ်းစားနေသည်က ထိုအချက်မဟုတ်ပါချေ။
စောစောပိုင်းက သူမမှာ ချောမော ခန့်ညားသည့် လူငယ်တစ်ဦး၏ ပုံရိပ်ကို မြင်ခဲ့ရသည်။ ထိုလူငယ်မှာ ဝိညာဉ်ကျောက်စိမ်းများတွင် ဖော်ပြထားသည့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဝေ့ဝူယင် ဖြစ်ကြောင်း သူမ သိပေသည်။ လူငယ် လေထဲ၌ ရေးသားလိုက်သည့် စကားလုံး သင်္ကေတများက ယခုတိုင် သူမ၏စိတ်ထဲတွင် မရပ်မနား လင်းလက်နေဆဲ ဖြစ်သည်။
လျူယင်လန်းက စကားပြောချင်သော်လည်း မပြောဖို့ ဆုံးဖြတ်လိုက်၏။ သူမ ကျန်ကျဲဝူရှုကို ယုံကြည်ရမည်ဖြစ်သည်။ စကားပြောလိုက်လို့ အနှောက်အယှက် တစ်ခုခု ဖြစ်သွားမှာ သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
ထိုအချိန်၌ ကောင်းကင်ကို မော့ကြည့်လိုက်ပါက အမှောင် ဟင်းလင်းပြင်၏ ကြယ်တာရာ နောက်ခံပုံရိပ်မှာ ရှုပ်ထွေးခြင်း၊ ဂယက်ထခြင်း လုံးဝ မရှိသည်ကို သတိပြုမိပေမည်။ မည်သည့် မိုးချုန်းသံမှ မရှိသို မည်သည့် ဓားတွန်သံလည်း မရှိပေ။ ဂြိုဟ်များသည်လည်း မရွေ့ဘဲ ရှိနေကြသည်။ လုံးဝကို ရှုပ်ထွေးမှုမရှိပေ။
ကျန်ကျဲဝူရှု မျက်လုံးများကို တင်းတင်း မှိတ်ထား၏။ ရှန့်ထို လက်စွပ်နှင့် ဆင်တူသည့် ဒိုင်မန်းရှင်း နေရာလွတ် တစ်ခုထဲသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရကြောင်း သူမ အစောပိုင်းက သတိပြုမိလိုက်သည်။ ၎င်းမှာ ကောင်းကင်များကို ချွတ်ယွင်းချက်မရှိလု နီးပါး အသံတိတ် ပုံတူကူးချထားခဲ့ခြင်းသာ ဖြစ်သည်။
လျူယင်လန်းနှင့် ဟူမေဖန်တို့ကတော့ ထိုအချက်ကို ယခုတိုင် သတိပြုမိကြသေးသည့်ပုံ မရချေ။ ဟူမေဖန်မှာ အစောကတည်းက စိတ်လွတ်နေခြင်း ဖြစ်ကာ လျူယင်လန်းကတော့ ညီအစ်မ ဖြစ်သူ၏ အခြေအနေ စိုးရိမ်စိတ်ဖြင့်သာ နစ်မွန်း နေခဲ့ခြင်း ဖြစ်သည်။
ယခု သူတို့ ပိတ်မိနေသည့် နေရာက သာမန်မဟုတ်သည့် ထောင်ချောက် တစ်ခု ဖြစ်သည်။ အကယ်၍ သူမ၏ ခန့်မှန်းချက်များ မှန်ကန်ပါက အင်ပါယာ ကောင်းကင်ဂြိုဟ်မှာ ရှန့်ထို လက်စွပ် သို့မဟုတ် ထျန်းတိုက်ကျုံး၏ အတွင်းပိုင်း လောကအတွင်း၌ ရှိနေနိုင်သည်။
ဤတောင်မှာလည်း ရိုးရှင်းခြင်း မရှိချေ။ တောင်၏ ဝင်္ကပါ အတွင်း၌ မည်သူမျှ ဝင်ခွင့်၊ ထွက်ခွင့်မရစေရန် တားဆီးနေသည့် ဥပဒေသ အော်ရာတစ်ခု ရှိနေကြောင်း ကျန်ကျဲဝူရှု သတိပြုမိသည်။ ၎င်းသည် ဥပဒေသ မျိုးစေ့မှ ထွက်ပေါ်လာသည့် အပင်ပေါက်ခြင်း အဆင့် အော်ရာ ဖြစ်သည်။ သူမ တောင်အတွင်းရှိ ပုံမှန် အတားအဆီးများကို ချိုးဖျက်ပြီးခဲ့ပြီ ဖြစ်သော်လည်း ထိုဥပဒေသ အော်ရာမှာ သူမ မကျော်လွှားနိုင်သည့် အလွှာပါး တစ်ခုလို တည်ရှိနေသည်။
၎င်းကို ကျော်လွှားဖို့ နှစ်နည်းသာ ရှိသည်။ အတင်းအကြပ် ဖျက်ဆီးပစ်ရန်နှင့် ချမှတ်ထားသူ ကိုယ်တိုင် ဖယ်ရှားပစ်ရန်တို့ပင် ဖြစ်သည်။
သို့သော်လည်း... အမှန်တကယ် အခက်အခဲက အပြင်လောကတွင်သာ ဖြစ်သည်။ အကယ်၍ ထျန်းတိုက်ကျုံးသာ အင်ပါယာ ဥပဒေသ အပင်ပေါက်ခြင်းနှင့် လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံတို့ကိုသာ ပိုင်ဆိုင်ထားပါက သူတို့ အနေဖြင့် ကြီးမားသည့် ပြဿနာကို ရင်ဆိုင် ဖြေရှင်းရတော့မည် ဖြစ်သည်။ သူမ အလွန်ပင် စိတ်ပူနေခဲ့၏။
ထို့အပြင် သူတို့ သုံးဦးလုံး ဖမ်းဆီးခံထားရသည်မှာလည်း ငြင်းစရာ မရှိချေ။ ထွက်ပြေးဖို့ အတွက်လည်း အခက်အခဲများစွာ ရှိနေပေသည်။ အပြင်ဘက်ရှိ အခြေအနေတွင်လည်း မည်သူက အရေးသာနေကြောင်း၊ အရေးနိမ့်နေကြောင်း သူတို့ မသိချေ။ အကယ်၍ သူတို့သာ ဆွေးနွေး၍ ငြိမ်းချမ်းရေး စကားဝိုင်း တစ်ခု ပြောဆိုနေပါက သူတို့၏ ကြိုးပမ်းမှုများက ပြင်းထန်သည့် လက်တုံ့ပြန်မှုကို ဖြစ်ပေါ်လာစေနိုင်သည်။
ကောင်းကင်နန်းတော်မှာ လှုပ်ရှားနေ၏။ ၎င်းအား လွှမ်းခြုံထားသည့် ဝင်္ကပါမှာ အပြည့်အဝပင် အသက်ဝင်နေကာ ၎င်းမှာ လက်ရှိတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း သူမတွင် ရှိသည့် တစ်ခုတည်းသော သက်သေဖြစ်သ်ည။
သို့သော်လည်း... ၎င်းမှာ ပြင်ပ တိုက်ပွဲနှင့် သက်ဆိုင်ပုံ မပေါ်ပဲ သူတို့အား ဖမ်းဆီးထားသည့် လှောင်အိမ်ကို အားဖြည့်ပေးရန်နှင့် လွယ်လင့်တကူ မလွတ်မြောက်နိုင်အောင် အတွက်သာ ဖြစ်နိုင်ပေသည်။
ကျန်းကျဲဝူရှုက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
"ငါ စက္ကန့်သုံးဆယ်လောက် လိုတယ်... မျှော်လင့်မထားတဲ့ အလွှာတစ်ခုက လမ်းကို ပိတ်ဆို့နေတယ်"
ထိုသို့ ဆိုလိုက်သော်လည်း ဤဥပဒေသ အော်ရာကို ဖောက်ထွင်းဝင်ရောက်ရန် စက္ကန့်သုံးဆယ်ထက် အချိန်များစွာ ပိုကြာမည် ဖြစ်ကြောင်း သူမ သိပေသည်။ အားကုန်မသုံးပဲ ကြိုးစားမည် ဆိုပါက သုံးနာရီ အထိပင် ကြာနိုင်ပေသည်။
"ရှင် လိုသလောက် အချိန်ယူပါ"
လျူယင်လန်းက ပြောလိုက်၏။ သို့သော်ငြားလည်း သူမ၏ မျက်လုံးထဲမှ စိုးရိမ်စိတ်များကတော့ ပိုမို၍ ပြင်းထန် လာခဲ့လေသည်။
***