ပြိုင်စံရှား ထျန်းတိုက်ကျုံး (၂)
Vol. 127 Ch. 1767
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာနှင့် အဆုံးမဲ့ ခရီးသွားခြင်း နယ်မြေ လောကရှန့်ထို အဆင့် သုံးဦးကြား တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထျန်းတိုက်ကျုံးသည် ကျားယန်၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် စုနန်ကျူး၏ သံချပ်ကာကို ဆက်တိုက် ထိုးနှက်ခဲ့နေခဲ့၏။ စုနန်ကျူး၏ သံချပ်ကာမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားပြီး ဖုန်မှုန့်များအဖြစ်ပင် ပြောင်းလဲသွားခဲ့သည်။
"အား..."
စုနန်ကျူးမှာ ထျန်းတိုက်ကျုံး၏ အဆုံးမဲ့ ကောင်းကင် စွမ်းအားဖြင့် ထိုးနှက်ခြင်း ခံလိုက်ရကာ အမှောင် ဟင်းလင်းပြင် အတွင်း ဒလိမ့်ခေါက်ကွေး လွင့်ဉ် သွားခဲ့သည်။ နောက်ပြန် လွင့်စဉ်မှု အရှိန်ကို ထိန်းချုပ်ရန် အတွက် သူက ခြေထောက်များကို ပုံသေ အာကာသ အတွင်း ထိုးစိုက်လိုက်၏။ ထိုအပြုအမူကြောင့်ပင် သူ လွင့်စဉ်သွားရာ လမ်းကြောင်း တစ်လျှောက်၌ မိုင်ပေါင်းများစွာ ရှည်လျားသော အာကာသ အပျက်အစီး အပိုင်းအစများ ကျန်ရစ်ခဲ့သည်။
ကျားယန်က သူ၏ လောကဖျက် ကျိုင်းတုတ်ဖြင့် ထျန်းတိုက်ကျုံး၏ ဦးခေါင်းကို ရိုက်ချလိုက်၏။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ရက်စက်ကြမ်းကြုတ်လှသည့် အော်ရာများကို ထုတ်လွှတ်နေကာ တောင်တမျှ အလေးချိန်ကိုလည်း ထုတ်ဖော်ထား၏။ ထိုအခိုက်၌ ကျားယန်မှာ မည်သည့်အရာကိုမျှ ထိန်းချုပ်ထားခြင်း မရှိပေ။
ထျန်းတိုက်ကျုံးသည် လက်ကို ငြိမ်သက်စွာ မြှောက်ရင်း စွန်ပလွန်ရွက် တစ်ခုကို ပစ်လွှတ်လိုက်သည်။ ၎င်းမှာ လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ဂြိုဟ်အသေး တစ်လုံး နီးပါး အရွယ်အစား အထိ ကြီးမားလာခဲ့၏။
ဘုန်း...
လောကဖျက် သံတုတ်မှာ ဂြိုဟ်အရွယ် စွန်ပလွန်ရွက်ကို ချက်ချင်းနီးပါးပင် ဖျက်ဆီးပစ်လိုက်၏။ ၎င်းက ချက်ချင်းနီးပါးဖြစ်သည်။ သို့သော်လည်း... အသေးငယ်ဆုံးသော အချိန် ကွာဟချက်သည်ပင် ညှိနှိုင်း ဆောင်ရွက်မှုတွင် နှောင့်နှေးမှုကို ဖြစ်စေခဲ့ကာ ထျန်းတိုက်ကျုံးအား အာကာသ၏ တံတားတစ်စင်းကို တည်ဆောက်ရန် ခွင့်ပြုစေခဲ့လေသည်။
ထျန်းတိုက်ကျုံး၏ အကြည့်များက ကျန့်ယန်ဘက်သို့ ရွှေ့လျားသွားပြီး ခမ်းနားသော အလင်းရောင်တို့ဖြင့် တောက်ပလာခဲ့လေတော့၏။
...
ကျန့်ယန်...
ကျန့်ယန်သည် သုံးဦးထဲတွင် အခြေအနေ အဆိုးဆုံး အဆိုးဆုံး ဖြစ်သည်။ သူက အစောပိုင်း တိုက်ပွဲ ကတည်းကပင် ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်သည်။ စုနန်ကျူးနှင့် ကျားယန်တို့၏ အကူအညီများကို ရရှိသော်လည်း ပြန်လည်နာလန်ထူရန် အချိန်အနည်းငယ်သာ ရခဲ့သည်။
ထို့အပြင် တိုက်ပွဲအတွင်း၌ ထျန်းတိုက်ကျုံး၏ အရှိန်ကို ချိုးဖျက်ရာတွင် သူ၏ ဓားချက်များမှာ အဓိကကျခဲ့ပြီး မဟာမိတ် နှစ်ဦးစလုံးအား ဆိုးရွားသည့် ထိုးနှက်ချက်များမှ အကြိမ်တစ်ဒါဇင်ကျော် ကယ်တင်ပေးခဲ့သည်။ သူသည် ဓားသမားတစ်ဦးသာမက ဓားနှင့် အသံကို ပေါင်းစပ် ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး လူတစ်ယောက်၏ အရှိန်နှင့် လုပ်ဆောင်ချက်တို့ကို သိမ်မွေ့သော စည်းချက်များ ကဲ့သို့ ကြိုတင် မြင်နိုင်စေသည်။
အခြားသူများ တိုက်ခိုက်သည့်အခါ သူတို့၏ ခန္ဓာကိုယ်များမှာ ကျန့်ယန် အတွက် ဖန်တီးထားသော ဂီတနှင့် တူသည်။ တိုက်ခိုက်မှုတိုင်း၊ ခုခံကာကွယ်မှုတိုင်း၊ နည်းလမ်းတိုင်း၊ ကျင့်စဉ်တိုင်းနှင့် အသက်ရှူမှုတိုင်းမှာ မမြင်နိုင်သည့် ဂီတမှတ်စုများလို လိုက်နာနေကာ သဟဇာတဖြစ်မှုကို လုံးဝ ချိန်ညှိထားသည်။
ကျင့်ကြံသူ တစ်ယောက် ကျင့်ကြံထားသည့် ကျင့်ကြံခြင်း အခြေခံနှင့် အုတ်မြစ်တို့ ပိုမို၍ ခိုင်မာလေလေ၊ ဂီတကို အလေးထားသည့် လူများ၏ မျက်လုံးထဲ၌ တုန်ခါမှု ဖြစ်ရပ်မှာ ပိုမို၍ ကြီးမားလေလေ ဖြစ်သည်။
ထျန်းတိုက်ကျုံး၏ ကျင့်ကြံခြင်း အခြေခံမှာ အလွန် မြင့်မားလှလေရာ သူ၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်ချက်များအား ဖတ်ရှုရန် ပိုမိုလွယ်ကူပေသည်။ ၎င်းကပင် အရေးပါသော အခိုက်အတန့်များ၌ အတိကျ ခုတ်ပိုင်းနိုင်ပြီး ထျန်းတိုက်ကျုံး စုဆောင်းထားသည့် အရှိန်ကို ရပ်တန့်စေသည်။ ထိုနည်းဖြင့် ကျန့်ယန်မှာ ထျန်းတိုက်ကျုံး အပြင်းထန်ဆုံး တိုက်ခိုက်မှုများ မဖော်ထုတ်နိုင်အောင် တားဆီးထားခြင်း ဖြစ်သည်။
ထို့အပြင်... သူက နာမည် ကျော်ကြားသည့် ဓား ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ စုနန်ကျူးနှင့် ကျားယန်တို့မှာ လျှို့ဝှက်နယ်မြေများနှင့် လျှို့ဝှက်လောက အဆင့် လက်နက်များ ပိုင်ဆိုင်ထားသော်လည်း ပိုမို ပြတ်သားပြီး အားကောင်းသည့် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သူက ကျန့်ယန်သာ ဖြစ်သည်။ ထျန်းတိုက်ကျုံးမှာ သူ၏ ဓားအလင်း တစ်ချက်ကိုပင် လျစ်လျူမရှုနိုင်ခဲ့ပေ။
အကယ်၍ ဤအချက်ကြောင့်သာ မဟုတ်ပါက... ထျန်းတိုက်ကျုံး၏ အညှောက်ပေါက်ခြင်း အဆင့် ဥပဒေသ မျိုးစေ့မှာ အမြင့်ဆုံးသော လွှမ်းမိုးမှုကို ထုတ်လွှတ်ကာ တိုက်ပွဲတစ်ခုလုံးကို အဆုံးသတ်ပြီးလောက်ပြီး ဖြစ်သည်။
စုနန်ကျူးနှင့် ကျားယန်တို့မှာ ကျန်ကျဲဝူရှုနှင့် ဟူမေဖန်တို့၏ အခြေအနေကို မသိရသေးဘဲ ပြင်ပနည်းလမ်းများကို အလွန်အကျွံ အားကိုးခြင်း မပြုဝံ့ကြချေ။ သူတို့က ကျင့်ကြံခြင်း အခြေခံကိုသာ အပြည့်အဝ အသုံးပြုကာ ထိန်းသိမ်း၍ တိုက်ခိုက် နေကြခြင်း ဖြစ်သည်။ သို့စေကာမူ သူတို့မှာ ဟာကွက် မရှိအောင်တော့ ထိန်းသိမ်းသားနိုင်ဆဲ ဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့ စုနန်ကျူးမှာ နောက်သို့ လွင့်စဉ် သွားခဲ့ကာ ကျားယန်မှာလည်း ခဏတာမျှ နှောင့်နှေး သွားခဲ့ရသည်။
ဟူး... ဟူး...
ကျန့်ယန်မှာ ထျန်းတိုက်ကျုံး၏ လှုပ်ရှားမှုများကို စည်းချက်မညီသော သံစဉ်မှ တစ်ဆင့် ခံစားမိပြီး ဖြစ်သည်။ ထို့အပြင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ သူ့ထံကို ဦးတည် နေကြောင်းလည်း သိသည်။
ထို့ကြောင့်ပင် စုနန်ကျူး နောက်ကို လွင့်စဉ် သွားခဲ့သည့် အခြေအနေတည်းက သူ နောက်ကို ဆုတ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ကံဆိုးစွာပင် ထျန်းတိုက်ကျုံးမှာ ကျန့်ယန် သတိမပြုမိနိုင်သည့် ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
တံတားမှာ ချက်ချင်း ပုံဖော်ပြီးထားသား ဖြစ်၏။ ထျန်းတိုက်ကျုံးက ခြေလှမ်းတစ်လှမ်းဖြင့်ပင် ကျန့်ယန်ရှေ့သို့ ရောက်လာခဲ့သည်။ ကျန့်ယန် ပျံသန်းရာ လမ်းကြောင်းမှာ ထျန်းတိုက်ကျုံးထံသို့ တိုက်ရိုက် ဦးတည်သွားသယောင်ပင်။
ကျန့်ယန် မျက်မှောင်ကြုတ် သွားက၏။ သူ၏ မျက်လုံးနှစ်လုံးမှာ ရွှေရောင် ဓားအလင်းများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းတို့က ကောင်းကင်ကိုပင် နှစ်ခြမ်းကွဲစေနိုင်သည့် အလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်၏။
"နစ်မြုပ်..."
ထျန်းတိုက်ကျုံး၏ မျက်လုံးများက ဟေဇယ်ရွှေရောင် အလင်းရောင်များဖြင့် တောက်ပနေကာ အင်ပါယာ ဥပဒေသ အော်ရာက အဆမတန် စီးထွက် လာခဲ့၏။ ချက်ချင်းပင် ကောင်းကင်ကို ခွဲခြမ်းမည့် အလင်းတန်း နှစ်ခုမှာ ဂြိုဟ်တစ်စင်း၏ အလေးချိန်ဖြင့် ဆွဲငင်ခြင်း ခံရသည့် အလား အောက်သို့ နစ်မြုပ် သွားခဲ့သည်။
ထျန်းတိုက်ကျုံး၏ လက်ချောင်းများက လှုပ်ရှားမှု တစ်ခုတည်းဖြင့် ကျန့်ယန်၏ လည်ချောင်းဆီသို့ လှမ်းလိုက်၏။ မိုင်အနည်းငယ် ကွာဝေးနေသေးသော်လည်း ကျန့်ယန်၏ လည်ချောင်းက ဖမ်းမိခံရရန် ကံကြမ္မာပါနေသကဲ့သို့ပင်။
ဘုန်း...
ကျန့်ယန် လျှို့ဝှက် အော်ရာကို ဗုံးတစ်လုံး ပေါက်ကွဲသလိုမျိုး ထုတ်လွှတ်လိုက်၏။ သို့သော်လည်း အဆုံးသတ်တွင်တော့ သူ၏ လည်ပင်းမှာ ထျန်းတိုက်ကျုံး၏ လက်ချောင်းများကြား၌ ပိတ်မိနေကြောင်း တွေ့လိုက်ရသည်။ မလွန်ဆန်နိုင်သည့် စွမ်းအား တစ်ခုကို ခံစားလိုက်ရလေရာ သူ၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့၏။
ဤသည်မှာ အင်ပါယာ ဥပဒေသပင်....
"ရပ်"
စကားတစ်ခွန်းတည်းဖြင့် ကျန့်ယန်သည် ကျင့်ကြံခြင်း အခြေခံ လည်ပတ်မှု တစ်ခုလုံးမှာ ရပ်တန့်သွားခဲ့၏။ သူ့ ခန္ဓာကိုယ် အတွင်းရှိ မည်သည့် စွမ်းအားကမှ သူ၏ ဆန္ဒကို နားမထောင်တော့ချေ။ သို့သော်လည်း ၎င်းမှာ ခဏတာမျှသာ ဖြစ်သည်။
နောက်ထပ် မိုက်ခရို စက္ကန့်လေး တစ်ခု ရခဲ့လျှင်ပင် ကျန့်ယန်မှာ လျှို့ဝှက် ဝိညာဉ်၏ ဗီဇဖြင့် လွတ်မြောက်သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထျန်းတိုက်ကျုံးမှာ ဤအခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ၏ ဘယ်ဘက်လက်မှာ လျှပ်စီး လက်သကဲ့သို့ လှုပ်ရှားသွားကာ ကျန့်ယန်၏ စွမ်းအင် သွေးကြောများပေါ်ရှိ အဓိက အမှတ်များနှင့် နဖူးတို့ထံ တိကျစွာ ထိုးနှက်လိုက်သည်။
ထိုအရာက ကျန့်ယန်ကို အနည်းငယ် အားနည်း သွားစေကာ မိုက်ခရိုစက္ကန့် အတွင်း ဖြစ်ပေါ်လာရမည့် တုံ့ပြန်မှုကို နှစ်စက္ကန့်အထိ တိုးချဲ့ပေးခဲ့သည်။ ထျန်းတိုက်ကျုံးမှာ ဆက်လက်၍ ထိုးနှက်နေလေရာ နှစ်စက္ကန့်မှ သုံးစက္ကန့်၊ ထို့နောက် လေးစက္ကန့် စသည်ဖြင့် ဆင့်ကဲ ရောက်ရှိသွားခဲ့ကာ နောက်ဆုံးတွင် ကျန့်ယန်မှာ ခုခံနိုင်စွမ်းပင် မရှိတော့ချေ။
စုနန်ကျူးနှင့် ကျားယန်တို့မှာ ရှေ့သို့ ပျံသန်းလာခဲ့သော်လည်း တိုက်ခိုက်ခြင်း မပြုဝံ့ပါချေ။ အကယ်၍ သူတို့သာ တိုက်ခိုက်ပါက ကျန့်ယန်ကိုပါ ထိခိုက်စေနိုင်သည်။ သို့သော်လည်း... ကျန့်ယန် အန္တရာယ်ရှိလိမ့်မည်ဟုတော့ သူတို့ မထင်ခဲ့ကြပေ။ လောကရှန့်ထိုများမှာ သတ်ရန် အလွန်ခက်ခဲသည်။
ထိုထက် ပိုမို၍ ယုံကြည်ရသည့် အကြောင်းရင်းမှာ ကျန့်ယန်၏ နောက်ခံကြောင့်ပင် ဖြစ်သည်။ နောက်ခံကောင်းသူများ၏ လျှို့ဝှက်ဝိညာဉ်နှင့် ပေါင်းစပ်ထားသည့် အသက်ကယ် ပစ္စည်းများမှာ လုံးဝ ရိုးရှင်းသော အရာများ မဟုတ်ချေ။
သို့သော်လည်း... သူတို့သာ မဆင်မခြင် လုပ်ဆောင်ခဲ့ပြီး ကျန့်ယန်ကို မရည်ရွယ်ဘဲ ထိခိုက်စေခဲ့ပါက ထျန်းတိုက်ကျုံး၏ အပင်ပေါက်ခြင်း အဆင့် ဥပဒေသ မျိုးစေ့ကြောင့်ပင် ကျန့်ယန် သေဆုံးသွားရန် ဖြစ်နိုင်ခြေရှိသည်။
"ထျန်းတိုက်ကျုံး... မင်း ထပ်ပြီး ချိပ်ပိတ်ခံချင်တာလား... အရင်တုန်းက အမှားမျိုး ထပ်လုပ်တော့ မလို့လား... "
ကျားယန်က သတိပေးလိုက်၏။ ထျန်းတိုက်ကျုံးမှာ တည်ငြိမ်စွာပင် ကျန့်ယန်ကို လည်ပင်းမှ ကိုင်၍ မြှောက်ထားခဲ့သည်။
စုနန်ကျူးကလည်း...
"ထျန်းတိုက်ကျုံး... မင်းကို ချိပ်ပိတ်ခဲ့တဲ့ ကျန်းကျဲ့ကလန် ဘွားတော်ကြီးရဲ့ မြေးမလေးက လောလောဆယ် မင်းရဲ့ လက်ထဲမှာ ရှိနေတာနော်..."
ကျားယန်နှင့် ခြားနားစွာပင် စုနန်ကျူးမှာ ဓားစာခံများ၏ အရေးပါပုံကို ဖုံးကွယ်ထားဖို့ ဂရုမစိုက်ပါချေ။ အထူးသဖြင့်... ကျန်ကျဲဝူရှုမှာ နောက်ခံ အရှိန်အဝါ အရှိဆုံးဖြစ်လေရာ သူက ထိုအချက်ကို ပေါ်လွင်စေလိုသည်။ သို့သော်လည်း... သူက ကျားယန်ကဲ့သို့ ထျန်းတိုက်ကျုံးကို ခြိမ်းခြောက်သော ပုံစံဖြင့် သတိပေးရန် မကြိုးစားခဲ့ပေ။ ထျန်းတိုက်ကျုံးမှာ အင်ပါယာ ဥပဒေသ မျိုးစေ့အား ကျင့်ကြံထားနိုင်ခြင်းကို ထောက်ရှုပါက ခြိမ်းခြောက်မှုများမှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
အကယ်၍ မဆင်မခြင် လုပ်ဆောင်ခဲ့ပါက ယခင် လက်ခံရရှိခဲ့သည့် ပြစ်ဒဏ်ထက် အဆပေါင်း များစွာ ပိုကြီးမားသော လက်တုံ့ပြန်မှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟုသာ ထျန်းတိုက်ကျုံးကို အသိပေးလိုခြင်း ဖြစ်သည်။
ကျားယန်သည်လည်း ထိုအချက်ကို သိထား၏။ သို့သော်လည်း... သူ ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ရသည့် အကြောင်းပြချက် တစ်ခု ရှိသည်။ သူက ကျန့်ယန်အား ထျန်းတိုက်ကျုံး သတ်သည်ကို မြင်လိုခြင်းကြောင့်သာ ဖြစ်ပေသည်။
***