(ဘုရားရေ.. ငါ့ခန္ဓာကိုယ်ကို တပ်မက်နေတာလား)
Vol. 6 Ch. 51
လင်ကျန်း ထွက်သွားပြီးနောက်၊ နောက်ထပ် ချဉ်းကပ်လာသူကို ချီယွမ် သတိထားမိပြီး လှည့်ကြည့်လိုက်ချိန်တွင် အတွင်းခန်းမတပည့်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား ကျင့်ကြံသူသုံးယောက်ကို မြင်လိုက်ရသည်။
ကျောက်စိမ်း ခေါင်းပတ်နှင့် ပိုးထည် ခါးပတ်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ခန့်ညားသော သူသည် ခေါင်းဆောင်ဖြစ်ဟန်ပင်။ သို့သော်ငြား ထိုသူထံမှ ထုတ်လွှတ်နေသည့် ကောက်ကျစ်သော အရှိန်အဝါ တစ်ချို့ကြောင့် လူတွေ၏ ရင်းနှီးလိုစိတ်ကို အဟန့်အတား ပြုနေခဲ့သည်။
ထိုသူ၏ နောက်တွင် ခပ်ဝဝလူတစ်ယောက်နှင့် ခပ်ပိန်ပိန် လူတစ်ယောက်က အသင့်အနေအထားဖြင့် ရပ်နေကြသည်။ မျက်နှာတစ်ခုလုံး အဆီများဖြင့် ဖုံးလွမ်းနေသော ထိုခပ်ဝဝလူက ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေရင်း အကဲခတ်နေလေရာ ထိုသူ၏ ကောက်ကျစ်သော ဗီဇတို့က အထင်းသား ပေါ်လွင်နေသည်။ တစ်ဖက်က ငပိန်ရိုးကတော့ မဲခြောက်သော အသားအရေ၊ ကျဉ်းမြောင်းသော မျက်ခုံးတန်းနှင့် ကြွက်တစ်ကောင်လို သေးငယ်သော မျက်လုံးရှိသည်။
ထိုသုံးယောက်လုံးက ခြံဝင်းရှိရာသို့ လျှောက်လာပြီး ရပ်တန့်လိုက်ကာ၊ အတွင်းရှိ ချီယွမ်ကို အပေါ်အောက် စစ်ဆေးလိုက်ရင်း ခပ်ဝဝလူက အရင်ဦးဆုံး လေသံနိမ့်ဖြင့် စကားစလိုက်သည်။
“မင်းက အတွင်းခန်းမရဲ့ တပည့်အသစ် ချီတ ဖြစ်ရမယ်။ အတွင်းခန်းမကို အသစ်ရောက်လာတာတောင်မှ ငါတို့ အကိုတွေကို လာမနှုတ်ဆက်ဘူးလား။ ဘယ်လိုတောင် ရိုင်းစိုင်းတဲ့ ကောင်လဲ”
ငပိန်ကောင်ကလည်း ထပ်မံ ဖြည့်စွက် လာလေရဲ့။
“မင်း အပြင်ခန်းမတုန်းမှာလည်း တော်တော်လေး မောက်မာခဲ့တယ် ကြားတယ်။ ဒါပေမဲ့ ဒီနေရာက အတွင်းခန်းမနော်။ အပြုအမူ သတိထားဖို့ ငါ့အကြံပေးလိုက်မယ်။ မဟုတ်လို့ကတော့ မင်း နောင်တရသွားမယ် မှတ်”
ထိုသုံးယောက်သည် ပြဿနာရှာဖို့ လာကြမှန်း သဘော ပေါက်သွားသည်နှင့် ချီယွမ် မျက်ခုံးတစ်ဖက် ပင့်ကာ ခပ်သွက်သွက် ရယ်မောလိုက်သည်။
“ဂိုဏ်းတူအကိုသုံးယောက် ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ။ လမ်းပျောက်လာတာလား”
ထို့နောက်တွင် ချီယွမ်သည် အရှေ့ရှိ လမ်းကြားအား လက်ညိုးထိုးလိုက်ရင်း
“ထွက်သွားချင်တာများ၊ အဲ့ဒီ ညာဘက်အတိုင်း ဆက်သွားမယ်ဆိုရင် အပြင်ကို ထွက်လို့ရလိမ့်မယ်။ နှုတ်ဆက်ပါတယ် ကျွန်တော့်ကို ကျေးဇူးတင်မနေ ကြနဲ့အုန်း”
ချီယွမ်၏ အထင်သေးသော စကားလုံးများကြောင့် ဖက်တီးကျင့်ကြံသူက ဒေါသတကြီး ပြေးဝင်လာရင်း ကြိမ်းမောင်းလိုက်သည်။
“ငါတို့ကို ထွက်သွားခိုင်းရအောင် မင်းက ဘာကောင်မို့လို့လဲ။ ငါတို့ဒီနေရာကို ရောက်လာတာက မင်းကိုရှာဖို့..... အာ မင်းက ငါတို့ရဲ့ လမ်းမှာရှိနေတာ”
“ဂိုဏ်းတူ ညီလေးဖန် တော်လောက်ပြီ”
ခေါင်းဆောင် ဖြစ်သူသည် သည်းမခံ နိုင်တော့စွာဖြင့် ဖတ်တီးပုတ်ကို အေးစက်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ချီယွမ်ကို စူးရှစွာ လှမ်းကြည့်ရင်း နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။
“ညီအကိုချီ ငါ့ရဲ့နာမည်က ယင်ဟောင်ပဲ။ ငါကလက်ရှိမှာ စစ်ဆေးရေး ခန်းမရဲ့တပည့်တစ်ယောက်ဖြစ်ပြီး ဝမ်လုချန်ရဲ့ ဝမ်းကွဲအစ်ကို တော်စပ်တယ်”
ချီယွမ် ခေါင်းညိတ်ရင်း အဖက်မလုပ်စွာ ပြောဆိုလိုက်သည်။
“အော် ဒါဆိုရင်ဂိုဏ်းတူအကိုယင်ပေါ့။ ကျွန်တော် မမှတ်မိတာ တောင်းပန်ပါတယ်နော်”
ချီယွမ်၏ လေသံသည် ပျင်းရိဖွယ် ကောင်းနေကာ တောင်းပန်သည် ဟူသော စကားလုံးနေရာတွင် လေးစားမှု တစ်စက်ကလေးမှ မရှိခဲ့ချေ။
အဆက်မပြတ် ရန်စခံရခြင်းကြောင့် ယင်ဟောင်၏ မျက်နှာထားသည် ပိုမို မဲမှောင်လာခဲ့သည်။ ထို့ကြောင့် အေးစက်စွာဖြင့်
“ငါတို့ ဒီနေရာကို သတိပေးဖို့ ရောက်လာတာပဲ။ အတွင်းခန်းမကို အသစ်ဝင်လာတဲ့ တပည့်တိုင်းက စစ်ဆေးရေး ခန်းမဘက်က ပေးအပ်တဲ့ ပထမဦးဆုံး ဂိုဏ်းတာဝန်ကို မဖြစ်မနေပြီးမြောက်အောင် ဆောင်ရွက်ရမယ်။ အဲ့ဒီတာဝန်ကို စစ်ဆေးရေးခန်းမရဲ့ စည်းကမ်းအရ သုံးလအတွင်းမှာ အပြီးဆောင်ရွက်ရတယ်”
“အဲ့ဒီတာဝန်ကို အချိန်မှီပြီးမြောက်အောင် မလုပ်နိုင်ဘူး ဆိုရင် လစဉ်လစာ ပေးမှာမဟုတ်ဘူး။ ဒါ့အပြင် တာဝန်မပြီးမခြင်း စစ်ဆေးရေး ခန်းမဘက်က မင်းတို့ရဲ့ အရည်အချင်း ရမှတ်ကိုနှုတ်ယူလိမ့်မယ်။ မနက်ဖြန် ခုနှစ်နာရီမတိုင်ခင်မှာ စစ်ဆေးခန်းမကို သွားပြီးတော့ တာဝန် သွားယူနိုင်တယ်။ အချိန်မှီ မရောက်ဘူးဆိုရင်လည်း တာဝန်ကို ငြင်းဆိုတယ်လို့ သတ်မှတ် ခံရပြီး အဲ့လိုဆိုရင် စစ်ဆေးရေး ခန်းမဘက်က တာဝန်ကြောင့်ရရှိမဲ့ အရည်အချင်း အမှတ်ရဲ့ ဆယ်ဆ နှုတ်ယူလိမ့်မယ်”
ထို့နောက်တွင် ယင်ဟောင်သည် ရပ်တန့်ကာ တုံ့ပြန်သံကို စောင့်ဆိုင်းနေလိုက်သည်။
သို့သော်ငြား ချီယွမ်ကတော့ အဖက်မလုပ်စွာပင် ဆက်လက်တုံ့ပြန်လာ၏။
“အို အဲ့လိုလား သိပြီလေ”
ဝမ်လုချန်၏ ဝမ်းကွဲအစ်ကို ဖြစ်သော ထိုသူ့အပေါ်မှာ ထားရှိသည့် ချီယွမ်၏ သဘောထားသည် မပြောင်းလဲပါချေ။ ယင်ဟောင်သည် သူ့ကို ရန်မစလာခဲ့ပါက အရာအားလုံး အဆင်ပြေနေမည်ပင်။ သူ့ဖက်မှ အန္တရာယ်ပြုမည် မဟုတ်သော်ငြား ထိုသူအပေါ်မှာ ထားရှိသော အမြင်ကပ်စိတ်ကိုတော့ ဖယ်ထုတ်ပေးလိမ့်မည် မဟုတ်ချေ။
“ဟမ်း”
တစ်ဖက်သူ၏ ဂရုမစိုက်သော ပုံစံကြောင့် ယင်ဟောင်တစ်ယောက် ဒေါသကြီးလာကာ ဒေါသကြောင့် သူ့၏ အဆုတ်များပင် ပေါက်ကွဲ ထွက်တော့မလို ခံစားလိုက်ရသည်။ သတိပေးသည့် အနေဖြင့် မနေနိုင်အောင် မဲ့ရွဲ့ပြရင်း နောက်လိုက်နှစ်ယောက်နှင့် အတူ နေရာမှ ချာကနဲ့ လှည့်ထွက်သွားလေ၏။
ထိုသုံးယောက် ထွက်သွားပြီးနောက်တွင် ချီယွမ် အိမ်အတွင်းသို့ ပြန်ဝင်ဖို့ပြင်လိုက်သည်။ သို့သော်ငြား ထိုအချိန်မှာပဲ ခြံဝင်း အပြင်ဘက်မှ ခြေသံများကို ထပ်မံကြားလိုက်ရ၏။
( ဟာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ )
ချီယွမ် မနေနိုင်စွာ မျက်မှောင်ကြုတ် သွားတော့သည်။
နှောင့်ယှက်ခြင်းမှ ကင်းဝေးရန်အတွက် ဤဝေးလံခေါင်ခိုက်သော နေရာကို အထူး ရွေးချယ်ခဲ့သော်ငြား လူများက တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် ရောက်လာနေလေ၏။
ထိုအချိန်မှာပဲ ရင်းနှီးသော မိန်းကလေးအသံ တစ်ခုကို ချီယွမ် ကြားလိုက်ရသည်။
“ဂိုဏ်းတူ မောင်လေးချီ ဒီနေရာမှာရှိနေလား”
( နတ်ဆိုးဂိုဏ်းရဲ့ ကျိချန်အာ )
ချီယွမ် ချက်ချင်းပင် မျက်ခုံးလှုပ်သွားကာ အလျင်အမြန် သူမကို ထွက်တွေ့လိုက်သည်။
“ဂိုဏ်းတူအစ်မကျန်း ဘယ်လိုလုပ် ရောက်လာတာလဲ”
ထိုအချိန်တွင် ကျိချန်အာသည် တံခါးဘေး၌ ကျက်သရေရှိစွာ ရပ်နေလေသည်။ ချီယွမ်ကို မြင်သည်နှင့် အနည်းငယ် လှပသော သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဝင်ရောက်လာကာ နွေးထွေးစွာဖြင့် ပြောဆိုလာခဲ့သည်။
“ဂိုဏ်းတူ မောင်လေးချီ၊ အမ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာက မောင်လေးပြိုင်ပွဲမှာ အနိုင်ရသွားတာနဲ့ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် အတွင်းတပည့် အဖြစ် ရာထူးတိုးပေးခံလိုက်ရတာကို ဂုဏ်ပြုချင်လို့ပဲ။ ဒါက အမ မင်းအတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ပါ”
ကျိချန်အာသည် သို့လောင်အိတ် အတွင်းမှ ကျောက်စိမ်း ပုလင်းတစ်ခုကို ထုတ်ယူကာ ချီယွမ်ကို ကမ်းပေးလိုက်သည်။
“ဒီထိပ်သီး အဆင့် ချီစုပ်ယူခြင်း ဆေးလုံး ဆယ်လုံးက အစ်မရဲ့ သေးငယ်တဲ့ ဂုဏ်ပြု လက်ဆောင်လေးပါ”
ထိုကျောက်စိမ်း ပုလင်းကို ချီယွမ် လှမ်းကြည့်လိုက်ရင်း အဆိပ်ရှိမရှိ စစ်ဆေးပြီးချိန်မှသာ အပြုံးတစ်ခုနှင့် လက်ခံလိုက်သည်။
“ဂိုဏ်းတူ အစ်မကျန်း၊ ကြင်နာလွန်းနေပါပြီ။ တစ်ကယ်တော့ ဂိုဏ်းတူအစ်မ ရောက်လာတာကိုက ကျွန်တော့်အတွက် လုံလောက်နေပြီရယ်။ ဒီလို ဆုပေးဖို့ မလိုအပ်ပါဘူး ကျေးဇူးပြုပြီးအထဲဝင်ခဲ့လေ”
ကျိချန်အာကို အိမ်အတွင်းသို့ ဖိတ်ခေါ်လိုက်သော်ငြား ချီယွမ်သည် တိတ်တဆိတ် သတိထားနေခဲ့သည်။ သူမထံမှ ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရွံ့နေဟန်ပင်။
( နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းတူအစ်မ ကျိချန်အာနဲ့ ငါနဲ့ အဲ့လောက်ကြီး အထိလည်း မရင်းနှီးပါဘူး။ တိမ်ကြွေဂိုဏ်းမှာ ပုန်းနေတဲ့ ဒီလက်ရွေးစင် တပည့်က နှစ်တစ်သောင်း အပင်ဝိညာဉ်ကို စောင့်ကြပ်မနေဘဲ ငါ့ဆီလာပြီး အထူးတလည် လက်ဆောင်ပေးနေတယ်။ တော်တော်လေး ထူးဆန်းတာပဲ )
နတ်ဆိုးဂိုဏ်း၏ တပည့်များသည် ကောက်ကျစ်ပြီး ခန့်မှန်းလို့မရလေရာ ချီယွမ် အနည်းငယ်သော်မျှ သတိ မလွတ်ရဲခဲ့ချေ။ သေချာပေါက် ကျောက်စိမ်းပုလင်း အတွင်းရှိ ဆေးလုံးများကို လုံးဝ စားသုံးလိမ့်မည် မဟုတ်ပေ။ ကျိချန်အာသည် အိမ်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ထိုင်ခုံတွင် ထိုင်ကာ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုရင်း
“ဂိုဏ်းတူမောင်လေးချီ ဒီနေရာက တော်တော်လေး ရိုးရှင်းတယ်နော်။ ဒီနေရာကို အလှပြင်ဖို့အတွက် အမ ပရိဘောဂတစ်ချို့နဲ့ တခြားပစ္စည်းတွေ ပို့ပေးလိုက်ရမလား”
ချီယွမ် လျင်မြန်စွာ ခေါင်းရမ်းရင်း ငြင်းဆိုလိုက်သည်။
“ဂိုဏ်းတူ အစ်မရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ရိုးရိုးရှင်းရှင်း နေရတာကို ပိုကြိုက်တယ်။ အဲ့လိုမျိုး ပစ္စည်းတွေ ရှုပ်ယှက်နေတာကို မကြိုက်ဘူး။ ကျောခင်းစရာ နေရာတစ်ခု ရနေရင်ကို လုံလောက်ပါပြီ”
ကျိချန်အာသည် ထိုအကြောင်းအရာကို ဆက်လက် မဆွေးနွေးတော့ဘဲ အပြုံးတစ်ခုနှင့်
“ဂိုဏ်းတူမောင်လေးရဲ့ ပြိုင်ပွဲအတွင်းမှာ လုပ်ဆောင်ချက်က အသက်ရှူမှား လောက်အောင်ကို တော်တော်လေး အံ့ဩဖို့ ကောင်းခဲ့တယ်။ ဒီလိုမျိုး ထူးချွန်တဲ့ ပါရမီရှင်ကို သန့်စင်နယ်မြေကြီး ခုနှစ်ခုမှာတောင် တွေ့ရတာမဟုတ်ဘူး။ အမတကယ်ပဲ လေးစားမိတယ်”
ချီယွမ်ကို ကြည့်နေသော ကျိချန်အာ၏ မျက်လုံးအတွင်းတွင် လေးစားမှုများ ဝင်ရောက်နေခဲ့သည်။
( တစ်ခုခုတော့ မှားနေပြီ)
သူမထိုသို့ ပြုမူလေလေ၊ ဤနတ်ဆိုးဂိုဏ်း၏ အမျိုးသမီး ကျင့်ကြံသူတွင် မကောင်းသော ရည်ရွယ်ကြီးများ ရှိနေလိမ့်မည်ဟု ချီယွမ် သံသယဝင်လေလေပင်။ မလိုအပ်သော ကြင်နာမှုများသည် သံသယဝင်ဖွယ် ကောင်းသည်ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ သို့သော်ငြား ဘယ်လိုပဲ စဉ်းစားပါစေ၊ သူသည် အများအမြင်တွင် အတွင်းဂိုဏ်းသို့ စတင်ဝင်ရောက်လာသော ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူငယ်လေးသာ ဖြစ်သေး၏။ နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ယောက်ထံမှ မက်လောက်စရာ အရာမျိုး မရှိသေးချေ။
( သူမက ငါ့ဆီကနေလိုချင်တာ မရှိဘူးဆိုမှတော့...... ဒါဆိုရင် သူလိုချင်နေတာ ငါ့ရဲ့ခန္ဓာကိုယ်များလား)
နတ်ဆိုးဂိုဏ်း၏ များစွာသော ကျော်ကြားမှုများသည် သူတို့၏ မသင့်တော်သော ကျင့်ကြံနည်း အမျိုးမျိုးနှင့် ဆက်နွှယ်နေသည်ပင်။
( သူများတွေ ပြောကြတာကတော့ နတ်ဆိုးဂိုဏ်းရဲ့ မိန်းကလေးတပည့် တော်တော်များများက သန်မာတဲ့ အမျိုးသား ကျင့်ကြံသူတွေကို ရှာဖွေပြီးတော့ သူတို့ရဲ့ ယန်စွမ်းအင်ကို စုပ်ယူတယ် ပြောတယ်။ အဲ့ဒီစွမ်းအင်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်ကို သန့်စင်ပြီးတော့ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ကြတာတဲ့ )
ချီယွမ် ချက်ချင်းပင် ကြောက်ရွံ့သွားခဲ့သည်။
( သူမသာ တစ်ကယ်ပဲ အဲ့ဒီကိစ္စအတွက် ရောက်လာတာဆိုရင် ငါခုခံရမှာလား.... ငါတစ်ကယ်ပဲ ခုခံလိုက်ရမလား ငါ့ရဲ့ကျင့်ကြံခြင်းအစစ်အမှန်ကို ထုတ်ပြပြီး တိုက်သင့်သလား )