(ဒီကောင်လေးက နတ်ဆိုးဗီဇရှိတဲ့သူပဲ။ နှစ်အဆက်ဆက်က နတ်ဆိုးဘိုးဘေးကြီးတွေနဲ့တောင် ဆင်တူတယ်)
Vol. 6 Ch. 52
(ငါ့ရဲ့ခန္ဓာကိုယ်ကို အသုံးချခွင့် မပေးနိုင်ဘူး။ သူ့ကိုအောင်မြင်ခွင့်ပေးလို့မရဘူး)
ချီယွမ်တစ်ယောက် အတွေးလွန်နေစဉ်မှာပဲ ကျိချန်အာ၏ မျက်နှာထက်မှာ ခပ်ဖျော့ဖျော့အပြုံးတစ်ခုဝင်ရောက်လာကာ ပဟေဠိဆန်သော လေသံဖြင့်ပြောလာခဲ့သည်။
“ဂိုဏ်းတူမောင်လေးချီ အစ်မ မင်းကို မေးခွန်းတစ်ချို့မေးချင်တယ်။ မင်းအမှန်တိုင်း ဖြေပေးဖို့မျှော်လင့်တယ်။”
ကျိချန်အာသည် ချီယွမ်၏ စစ်မှန်သော ဗီဇကို စမ်းသပ်ချင်သည့်အတွက် အရင်တစ်ခေါက်တွင် အသုံးပြုခဲ့သော ပုံရိပ်တစ်ထောင် ယင်သိုင်းပညာကို အသုံးမပြုခဲ့ချေ။ ထိုသိုင်းပညာဖြင့် လူတစ်ယောက်၏ ဝိဉာဉ်ကို ဖမ်းဆီးလိုက်ပါက ထိုသူ၏ စဉ်းစားတွေးခေါ်ပုံကိုပါ ပြင်းထန်စွာ သက်ရောက်ခံလိုက်ရပြီး စစ်မှန်သောဗီဇထွက်ပေါ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမအတွက် သတင်းအချက်အလက် နှိုက်ယူဖို့ မလွယ်ကူနိုင်ဘူး။
“ဘာမေးမလို့လဲ။ ဂိုဏ်းတူအမ ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ်ပြောပါ ကျွန်တော်က ဂိုဏ်းတူမောင်လေးပဲ။ သေချာပေါက် အမသိချင်တာကို ကျွန်တော်ဖြေပေးရမှာပေါ့။”
ချီယွမ်၏ သတိထားမှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။
(ဒီမိန်းမက ထူးဆန်းတဲ့မေးခွန်းတွေနဲ့ ငါ့ကိုဆွပေးဖို့ လုပ်နေတာပဲ ဖြစ်ရမယ်။ ပြီးရင် ငါတို့နှစ်ယောက်ကြားမှာ အနေခက်တဲ့ လေထုတစ်ခုကို ဖန်တီးလိုက်မယ်)
(ဒီလိုအခြေအနေမျိုးမှာ ငါ ငါ့ရဲ့ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံးကာကွယ်ရမယ်။ ငါကသန့်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ တာအိုသားတော်တစ်ယောက်ပဲ။ ဒီမိန်းမကသာ ဆွဲဆောင်ပြီး ငါ့ရဲ့အသက်စွမ်းအင်ကို စုပ်ယူလိုက်ရင် ငါ့ခန္ဓာကိုယ်ထဲက ယန်စွန်းအင်ဓာတ်တစ်ခုပဲ စုတ်ယုတ်သွားမှာ မဟုတ်ဘူး။ သေချာပေါက် ကျင့်ကြံရေးလောကတစ်ခုလုံးက ငါ့ကိုလှောင်ပြောင်လာလိမ့်မယ်။)
ချီယွမ်၏ သဘောတူမှုကြောင့် ကျိချန်အာကျေနပ်စွာပြုံးလိုက်ရင်း နူးညံ့စွာပြောလာခဲ့သည်။
“အမကြားခဲ့တာတော့ ဂိုဏ်းတူမောင်လေး ချီက မွေးချင်းတွေ အရမ်းများတဲ့ သာမန်မိသားစုတစ်ခုက ဆင်းသက်လာတာဆို။ ဒီကျင့်ကြံရေးလောကထဲ တစ်ယောက်ထဲရောက်လာခဲ့တာက မောင်လေးရဲ့ မိထွေးဆီမှာ အကွက်ချ လိမ်ညာခံလိုက်ရလို့လို့ အမကြားခဲ့တယ်။ အကယ်လို့ တစ်ရက်ကျ မောင်လေးရဲ့ ရန်သူတွေက မောင်လေးရဲ့မိသားစု အသက်ကို ခြိမ်းခြောက်လာခဲ့တယ်ပဲထားတော့ အကယ်လို့ မောင်လေးအလျှော့မပေးဘူးဆိုရင် သူတို့အားလုံးအသတ်ခံရလိမ့်မယ်။ အဲ့လိုအခြေအနေမျိုးမှာ ကိုယ့်ကိုကိုယ်စတေးရင်း မိသားစုတစ်ခုလုံးကို ကယ်တင်ဖို့ဆန္ဒရှိလား။”
ချီယွမ် ပထမတော့ အံ့ဩသွားခဲ့သည်။ ထို့နောက်တွင် ချက်ချင်းပဲ သဘောပေါက်လိုက်၏။
(သေစမ်း ငါသိပြီ။ သူတို့က ခြိမ်းခြောက်ဖို့ ကြံနေတာပဲ။ ဒီနတ်ဆိုးဂိုဏ်းရဲ့ တပည့်မက ငါ့မိသားစုရဲ့ အသက်ကို အသုံးပြုပြီးတော့ သူ့ဆီမှာ အညံ့ခံလာဖို့ လုပ်ချင်နေတာပဲ။ အကယ်လို့ဆိုပြီး ပြောခဲ့ရင်တောင်မှ ဆိုလိုရင်းကသိသာနေပြီ။)
ချီယွမ်သည် တိမ်ကြွေဂိုဏ်းသို့ဝင်ရောက်ချိန်တွင် မူရင်းဇာတ်ကောင်၏ သရုပ်ကို အသုံးပြုခဲ့သည့်အတွက် ထိုမိသားစုနှင့် နောက်ပိုင်းတွင် နှီးနှောဆက်နွယ်လာပြီး ခြိမ်းခြောက်ခံလိုက်ရမည်ဟု လုံးဝကိုမထင်မှတ်ထားခဲ့ချေ။
(နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးမဆိုတဲ့အတိုင်းပါပဲလား။ သူမ ငါ့ဆီကို ရောက်လာတာကိုက လိုချင်တာရှိနေလို့ပဲ တော်တော်လေးလိမ်ညာလှည့်ဖြားတတ်တဲ့ မိန်းကလေးပဲ။)
ကျိချန်အာဘက်မှ ဆွဲဆောင်လာမည်ဟု ချီယွမ်အစကထင်ခဲ့သော်ငြား သူမသည် အင်အားသုံးပြီး အကျပ်ကိုင်ဖို့ ကြိုးစားလာခဲ့သည်။ သို့သော်ငြား ကံဆိုးစွာပင် သူမ၏ယူဆမှုတစ်ခုက မှားယွင်းခဲ့လေရဲ့။
(မူရင်းဇာတ်ကောင်ရဲ့ မိသားစုက ငါနဲ့ဘာဆိုင်လို့လဲ။ အကယ်လို့ မူရင်းဇာတ်ကောင်ဆိုရင်တော့ ဂရုစိုက်ချင် ဂရုစိုက်မှာပေါ့။ ဒါပေမယ့် ငါကတော့ ဂရုစိုက်စရာလား လုံးဝပဲ။)
စနစ်၏ဇာတ်ကြောင်းအရ အရေးပါသည်ဟု ထင်မှတ်ရသော တစ်ဦးတည်းသော မိန်းကလေးသည် ချီယောင်သာဖြစ်ပြီး သူမသည်လည်း လက်ရှိတွင် လင်လုံသန့်စင်မြေ၌ ကျင့်ကြံနေ၏။ လင်လုံသန့်စင်နယ်မြေသည် တိမ်ကြွေဂိုဏ်းလိုမျိုး အဆင့်၃အင်အားငယ် ဂိုဏ်းတစ်ခုမဖြစ်လေရာ နတ်ဆိုးဂိုဏ်းဘက်မှ ဘယ်လိုမှ ကျူးကျော်ရဲမည် မဟုတ်ချေ။
(ငါဘာကိုကြောက်နေရမှာလဲ)
ချီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင်တောင့်တင်းသွားကာ ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်လေရဲ့။
“မိသားစု ခေါင်းဆောင်က ကျွန်တော့်ကိုခက်ခဲတဲ့ အခြေအနေမှာထားခဲ့တယ်။ သူက လုံးဝကို လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဒီလိုဆိုမှတော့ ကျွန်တော်က သူတို့ရဲ့ အသက်တွေကို ဘာကြောင့်များ ဂရုစိုက်ပေးရမှာလဲ။ သူတို့ရဲ့ အသက်ကို အသုံးပြုပြီး ကျွန်တော့်ကို ခြိမ်းခြောက်ချင်တာက မဖြစ်နိုင်တဲ့ အတွေးလို့ပဲပြောလိုက်မယ်။”
ကျိချန်အာ၏ မျက်လုံးသည် ချက်ချင်းပင် လင်းလက်သွားခဲ့သည်။
(ဒီကောင်လေးရဲ့ နှလုံးသားက ကျောက်တုံးလိုမျိုး မာတာပါလား။ အသည်းမာပြီး ရိုင်းစိုင်းတယ်။ သူ့ရဲ့စံနှုန်းက သန့်စင်ဂိုဏ်းအတွက် တော်တော်လေး ကိုက်ညီနေတယ်။ သေချာပေါက် ထူးချွန်တဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်လာမှာပဲ။)
ချီယွမ်၏ အဖြေကို တိတ်တဆိတ်ကျေနပ်သွားသော်ငြား ကျိချန်အာသည် အပြင်ဘက်တွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။
“ဒါပေမယ့် သူတို့တွေအားလုံးက မောင်လေးရဲ့ မိသားစုဝင်တွေပဲလေ။ သူတို့မောင်လေးကြောင့် သေသွားမှာကို အပြစ်ရှိစိတ်မခံစားရဘူးလား။”
ချီယွမ် စိတ်လိုလက်ရ ရယ်မောလိုက်ကာ ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော် သတ်ခဲ့တာမှမဟုတ်တာ ဘာလို့အပြစ်ရှိစိတ်ခံစားနေရမှာလဲ။ အပြစ်တင်ချင်ရင် အဲ့ဒီရန်သူရဲ့ ရက်စက်ပြီး လူသားမဆန်တာကိုပဲအပြစ်တင်လိုက်။ ကျွန်တော့်အနေနဲ့ နောက်ပိုင်းကျရင် ရန်သူကိုရှာဖွေပြီးတော့ လက်စားချေတဲ့အနေနဲ့ သူတို့ကို ငရဲကို သေချာပေါက်ပို့ပေးနိုင်ပါတယ်။ မလိုအပ်ဘဲ သေဆုံးခဲ့ရတဲ့ ချီမိသားစုရဲ့ အမျိုးသား အမျိုးသမီး ကလေး တစ်ယောက်မကျန်အတွက် ကလဲ့စားချေပေးမယ်။ ဒါပေမယ့် အဲ့ဒီအကျိုးမရှိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်တာတော့ လုပ်မှာမဟုတ်ဘူး။”
“ပြောတာကောင်းတယ်”
ကျိချန်အာ၏ အမြင်သည် ပိုမိုသန်မာလာကာ ချီယွမ်အား ယင်ရှဂိုဏ်းသို့ ခေါ်ဆောင်ဖို့အတွေးများ ပိုမိုအားကောင်းသွားလေ၏။
(ငါဘာပြောတာကောင်းလို့လဲ)
ချီယွမ်တစ်ယောက် သူမကို ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးက သူပေါက်ကရပြောသည်များကို သဘောကျနေသလော။
ထို့နောက်တွင် ကျိချန်အာက ခဏမျှရပ်တန့်လိုက်ပြီး ဆက်ပြောလာသည်။
“ဒါဆိုရင် အကယ်လို့မောင်လေးက သိုင်းတစ်ခုကို ကျင့်ကြံနေတယ်။ အဲ့တာကို ကြီးကြီးမားမား အဆင့်တက်နိုင်ဖို့အတွက် မောင်လေးချစ်တဲ့ မိန်းကလေးကို သတ်ဖြတ်ရမယ်။ ဒါဆိုရင် ဘယ်လိုရွေးချယ်မှာလဲ။”
(ဒါဘယ်လိုမေးခွန်းမျိုးကြီးလဲ)
ချီယွမ် မျက်မှောင်ကျုံ့သွာကာ ခဏမျှတွေးတောလိုက်သည်။
“တကယ်လို့ ကျွန်တော်ချစ်ရတဲ့ မိန်းကလေးကို သတ်ဖြတ်တာက ကျွန်တော့်ရဲ့ ကျင့်ကြံမှုကိုအများကြီး တိုးစေမယ်ဆိုရင်တော့...ခံစားချက်ကို ထိန်းချုပ်ဖို့အတွက် နှလုံးသားနာကျင် ဆေးလုံးတစ်လုံးကို အရင်သောက်လိုက်မယ်။”
ထိုအဖြေကို ကျိချန်အာ အနည်းငယ် အလိုမကျဖြစ်သွားခဲ့သည်။
“ဘာလို့လဲ။ မင်းပိုပြီး မသန်မာလာချင်ဘူးလား။”
ချီယွမ်သည် တည်ငြိမ်သော မျက်နှာထားနှင့်ဖြေလိုက်သည်။
“သေချာပေါက် သန်မာချင်တာပေါ့။ ဒါ့ကြောင့် နှလုံးသားနာကျင်ဆေးလုံးကို သောက်ပြီးရင် ကျွန်တော်ချစ်ရတဲ့ မိန်းကလေးကို ရန်သူအဖြစ်မြင်လာစေအောင်လို့ မေတ္တာပိတ်ပင်ဆေးလုံးကိုပါ ထပ်သောက်မယ်။ ပြီးတဲ့အချိန်ကျမှ သူမကို သတ်ပစ်မယ်။ ပြီးတဲ့အချိန်ကျရင် နောက်ထပ် နှလုံးနာကျင်ဆေးလုံးတစ်လုံးကို ထပ်သောက်ပြီး ခံစားချက်တွေကို ရှင်းလင်းလို့ရတယ်။ ပြီးရင် နောက်ထပ်ချစ်ရတဲ့ မိန်းကလေးရှာပြီးတော့ မေတ္တာပိတ်ပင်ဆေးလုံးထပ်သောက်မယ်။ ပြီးရင် သူမကို ထပ်သတ်မယ်။ အဲ့လိုပဲ မိန်းကလေးတွေ ထပ်ရှာပြီးတော့...အကြိမ်ကြိမ်သတ်မှာဗျာ။”
(ဟုတ်တယ် ငါကအဲ့လိုကြမ်းတမ်းတဲ့ ယောက်ျားပဲ။ ဘာလဲကြောက်သွားပြီမလား။ ငါ့ကိုအခွင့်အရေးယူရဲသေးလား။)
(ဒီကောင်လေး ပြောသွားတာ ဖြစ်ကောဖြစ်နိုင်ရဲ့လား။ ဘယ်လိုတောင် စဉ်းစားတွေးခေါ်ပုံကြီးလဲ။)
ကျိချန်အာတစ်ယောက် ဦးနှောက်အလုပ်မလုပ်တော့သည့်နှယ် ချီယွမ်ကို ဗလာမျက်လုံးများဖြင့် အကြိမ်ပေါင်းများစွာလှမ်းကြည့်လိုက်သည်။ သူမ၏အမူအရာတစ်ခုလုံးက ထူးဆန်းနေကာ အနည်းငယ်ကြောက်ရွံ့နေဟန်ပင်။
နှလုံးနာကျင်ဆေးလုံးသည် လူတစ်ယောက်၏ အချစ်ခံစားချက်နှင့် ကျန်သော ခံစားချက်များအားလုံးကို ဖယ်ရှားပေးနိုင်သည်။ ထို့အပြင်မေတ္တာပိတ်ပင်ဆေးလုံးသည် တစ်ဖက်သူက ကိုယ့်အားကြိုက်နှစ်သက်လာအောင် ချက်ချင်းဆောင်ရွက်နိုင်၏။ သို့သော်ငြား ထိုဆေးလုံးနှစ်လုံးကို အခုကဲ့သို့ အသုံးပြုလို့ရမှန်း သူမ မသိခဲ့ပါချေ။
(ဒီကောင်လေးက တော်တော်ကို ကြောက်ဖို့ကောင်းလိုက်တာ။ ဒီကောင်သာသန်မာလာရင် သူ့ကိုရန်စခဲ့တဲ့သူတိုင်း ညဘက်ကောင်းကောင်းအိပ်လို့ရမယ် မထင်ဘူး။)
ကျိချန်အာ သတိဝင်လာသည်နှင့် သူမကိုယ်သူမ အတင်းအကျပ် ထိန်းချုပ်လိုက်ကာ ရှုပ်ထွေးသော မျက်နှာဖြင့်ပြောလာခဲ့သည်။
“ဒါဆိုရင် နောက်ဆုံးမေးခွန်းကို မေးမယ်။ အကယ်လို့ မောင်လေးယုံကြည်တာက တခြားသူတွေရဲ့အမြင်နဲ့ မကိုက်ညီခဲ့ဘဲ အကုန်လုံးက မောင်လေးကို အပြစ်တင်ဝေဖန်ပြီး ပစ်မှတ်ထားကြမယ်။ ပြောရရင်တစ်ကမ္ဘာလုံးကပါ မောင်လေးနဲ့ဆန့်ကျင်လာမှာ။ အဲ့လိုဆိုရင် ဘာလုပ်မှာလဲ။ လူတိုင်းနဲ့ ကိုက်ညီဖို့အတွက် မောင်လေးရဲ့ယုံကြည်ရာကို စွန့်လွှတ်ပစ်မှာလား။”
ယင်ရှဂိုဏ်းသည် ကျင့်ကြံရေးလောကတွင် ကျော်ကြားသည် ဆိုသော်ငြား စစ်မှန်သော ဂိုဏ်းများကြားတွင် ဘုံရန်သူအဖြစ် မုန်းတီးခြင်းခံနေရသည်။ လူတစ်ယောက်အတွက် ဆိုးယုတ်သော ကိစ္စများလုပ်နိုင်ရန် မခဲယဥ်းပါချေ။ သို့သော်ငြား အကုန်လုံးဖြင့် ဆန့်ကျင်ပြီး ထိုဆိုးယုတ်သော ကိစ္စများကို တစ်ဘဝလုံးအဆက်မပြတ်ပြုလုပ်ရန်တော့ လွယ်ကူမည်မဟုတ်ချေ။ အကုန်လုံးထံတွင် အသိအမှတ်ပြုခံချင်သော မွေးရာပါ ဗီဇလေးများ ပါတတ်ကြသည်။ နေ့စဉ်ရက်ဆက် အပြစ်တင်ဝေဖန်မှုများဖြင့် ဆဲရေးခံရပြီး အိမ်ပြန်ရခြင်းသည် သာယာနာပျော်ဖွယ် ကိစ္စတစ်ခုတော့ မဟုတ်ခဲ့ဘူး။
(အကယ်လို့ လူတစ်ယောက်ရဲ့ အတွင်းနတ်ဆိုးကို ဆန့်ကျင်နိုင်တဲ့ စိတ်ဓာတ်ပြတ်သားမှုက မလုံလောက်ဘူးဆိုရင် အဲ့ဒီလူက တစ်ရက်ကျရင် သန့်စင်ဂိုဏ်းကို သစ္စာဖောက်လာလိမ့်မယ်။ ဂိုဏ်းရဲ့ကြီးမားတဲ့ အင်အားကြောင့် တိုက်ရိုက်တိုက်ခိုက်ဖို့ မလုံလောက်ဘူးဆိုပေမယ့် တဖြည်းဖြည်းစုဝေးလာတဲ့ အဲ့ဒီစိတ်ဓာတ်ပျက်ယွင်းမှုတွေက အဆုံးမှာ အတွင်းနတ်ဆိုး ဝါးမျိုခြင်းခံရပြီး ပေါက်ကွဲရင်းသေရလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးမေးခွန်းက သန့်စင်ဂိုဏ်းအတွက် အရေးအပါဆုံးပဲ။)
(သူမ ဘာတွေလာမေးနေတာလဲ။ ဘာလို့မေးနေတာလဲ။)
ချီယွမ် အချိန်တစ်ခဏကြာသည်အထိ တိတ်ဆိတ်သွားပြီးမှ ခိုင်မာစွာ ဖြေကြားလိုက်သည်။
“တကယ်လို့ ကျွန်တော့်ရဲ့ အမြင်က ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေတယ်ဆိုရင် သေချာပေါက် ကျွန်တော်မှားတာမဟုတ်ဘူး။ ကမ္ဘာတစ်ခုလုံးမှားနေတာပဲ။ ဒီတော့ ကျွန်တော်လုပ်ချင်မယ့်အရာက ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲပစ်ပြီး ကမ္ဘာကြီးရဲ့ ဖန်တီးသူအသစ်ဖြစ်လာချင်တယ်။ ကျင့်ကြံသူတွေတင်မကဘူး သေမျိုးတွေအားလုံး ကျွန်တော့်ရဲ့ သဘောထားကို လက်ခံရလိမ့်မယ်။”
ကျိချန်အာ မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်မိပြီး သူမ၏နှလုံးသားတစ်ခုလုံး ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။
(ဒီလို ရည်မှန်းချက်ကြီးနဲ့ ရက်စက်မှုကြီးက ဒီကောင်လေးမှာ ရှိနေတဲ့ မကောင်းတဲ့ ဗီဇကိုတော်တော်လေး ထင်သာစေတယ်။ ပျိုးထောင်ပေးလိုက်ရင် သေချာပေါက် နတ်ဆိုးဘိုးဘေးကြီး တစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒီလိုပါရမီရှင်မျိုးကိုသာ ယင်ရှဂိုဏ်းကို ခေါ်သွားလို့ကတော့ ဒီကောင်လေးက ငါ့ရဲ့ အသန်မာဆုံး အကူအညီတစ်ယောက်ဖြစ်လာမှာပဲ။)