← Chapters

(စိတ်တိုင်းကြ ပြုပြင်ထားတဲ့ မကောင်းတဲ့တာဝန်)

Vol. 6 Ch. 53

(စိတ်တိုင်းကြ ပြုပြင်ထားတဲ့ မကောင်းတဲ့တာဝန်)

Vol. 6 Ch. 53

ကျိချန်အာ၏ မှင်သက်နေသော မျက်နှာထားကို မြင်မှသာ ချီယွမ် တိတ်တဆိတ်ဖြင့် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

(အဟက် ငါ့ကို ကြောက်အောင်လုပ်လိုက်တာ အလုပ်ဖြစ်သားပဲ)

ကျိချန်အာ ထိတ်လန့်သွားစေရန်အတွက် ချီယွမ်သည် ရိုင်းစိုင်းသော၊ ကြမ်းတမ်းသော၊ ထို့အပြင် မောက်မာသော အရူးတစ်ကောင်အဖြစ် အောင်မြင်စွာ သရုပ်ဖော်နိုင်ခဲ့သည်။

“ဂိုဏ်းတူ အစ်မကျန်း...”

ချီယွမ်၏ အကဲစမ်းသော ခေါ်သံထွက်သွားသည်နှင့် ကျိချန်အာ ရုတ်တရက် သတိဝင်လာကာ နက်ရှိုင်းစွာ လှည့်ကြည့်လာသည်။ ထို့နောက်တွင် နူးညံ့စွာဖြင့်

“ဂိုဏ်းတူမောင်လေးချီ မောင်လေးရဲ့အဖြေတွေက တော်တော်လေး ကျေနပ်ဖို့ကောင်းတယ်။ မောင်လေးရဲ့နဂိုရည်ရွယ်ချက်ကိုသာ မပျောက်စေနဲ့။ သေချာပေါက် အနာဂတ်မှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ နောက်ကျနေပြီဆိုတော့ အမလည်းပြန်တော့မယ်။”

အရင်ကနှင့် မတူစွာပင် သူမ၏အသံသည် ဖော်ပြလို့မလွယ်ကူစွာ နူးညံ့နေပြီး သာယာဖွယ်ဖြစ်နေခဲ့သည်။ ဆွဲဆောင်မှု မပါဝင်သော ထိုချိုမြမြ လေသံကြောင့် ချီယွမ်၏ ခန္ဓာကိုယ်ပင် အနည်းငယ် တောင့်တင်းသွားလေ၏။

ချီယွမ် ခေါင်းညိမ့်ကာ ယဉ်ကျေးစွာဖြင့်

“ဂိုဏ်းတူအမ ဂရုစိုက်ပြန်ပါ”

ကျိချန်အာ ထွက်သွားချိန်မှသာ ချီယွမ်တစ်ယောက်နဖူးပြင်ထက်ရှိ ချွေးစီးများကို သုတ်လိုက်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။

(ဒီမိန်းမက တော်တော်လေး ပေါင်းသင်းလို့ကောင်းတဲ့ မိန်းမမဟုတ်ဘူး။ ကံကောင်းလို့ ငါဒီတစ်ခေါက် ဉာဏ်ပြေးသွားလို့ပေါ့။ မဟုတ်ဘူးဆိုရင် ငါ့ရဲ့နှစ်ဘဝလုံးစုဆောင်းခဲ့တဲ့ ယန်စွမ်းအင်တွေ ဆုံးရှုံးရလိမ့်မယ်။ ငတုံးစနစ်ရဲ့ ကျေးဇူးကြောင့် ငါ့ရဲ့ကောင်းမွန်တဲ့ စိတ်ထားတွေကတော့ တော်တော်လေးဆုံးရှုံးသွားခဲ့ပြီ။ ကြည့်ရတာ ငါကတော့ ဗီလိန်ကောင်ဖြစ်တော့မယ်ထင်တယ်၊ ငါ့မှာ အဖိုးတန်ဆုံးအရာဆိုလို့ လူပျိုရည်လေးပဲကျန်တော့တယ်။)

(ဘယ့်နှယ်ကွာ ပြင်းပြပြီးအမှတ်ရလောက်စရာ နှစ်ကိုယ်တွဲကျင့်ကြံခြင်းအတွေ့အကြုံကို မျက်စိကျိန်းလောက်အောင် လှပတဲ့ မိန်းကလေးနဲ့ ဖြတ်သန်းဖို့ ငါကြံစည်ထားခဲ့တာလေ။ ဒီလိုရွက်ကြမ်းရည်ကျို နတ်ဆိုးမထံမှာ ငါ့ရဲ့နှစ်ဘဝစာ စုဆောင်းမှုလေး ပျက်စီးသွားလို့ကတော့ ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်သွားမှာပေါ့။ သားကြီးတို့ မင်းတို့လည်း အပြင်ထွက်တဲ့အချိန် ကိုယ့်ကိုကိုယ် သေချာကာကွယ်ကြ.. လောကကြီးက မလုံခြုံတော့ဘူး။)

ချီယွမ်၏ ခြံဝန်းမှ ထွက်သွားပြီးသည့်တိုင်အောင် ကျိချန်အာတစ်ယောက် ထိုအဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိရင်း စိတ်မငြိမ်ခဲ့ပေ။ ထိုလူငယ်သည် သူမ၏ အထူးပြင်ဆင်ထားသော စစ်ဆေးရေးမေးခွန်းများကို ဖြေကြားနိုင်သည့်တိုင်အောင် လုပ်ဆောင်ချက်သည်လည်း အလွန်အမင်းမြင့်မားနေ၏။

(တစ်ကယ်ကို နတ်ဆိုးဖြစ်ဖို့ ဇာတာနဲ့မွေးဖွားလာတဲ့ ကောင်လေးပဲဖြစ်ရမယ်။ ကြောက်ဖို့ကောင်းလောက်အောင် အင်အားကြီးတာပဲ။ ဒီကောင်လေးရဲ့ ဝိဉာဉ်သွေးကြောစွမ်းရည်က နိမ့်ကျနေတယ်ဆိုပေမယ့် ကြီးမားတဲ့ပြဿနာတော့ မဟုတ်ဘူး)

စစ်မှန်သော တာအိုကျင့်ကြံရေးဂိုဏ်းများ၏ မှန်ကန်ပြီးသင့်လျော်သော ကျင့်ကြံရေးနည်းလမ်းများနှင့်မတူညီစွာ ယင်ရှဂိုဏ်းသည် လျင်မြန်သော တိုးတက်မှုနှင့် ကြောက်မက်ဖွယ် အောက်လမ်းအတတ် လေ့ကျင့်ရေးကြောင့် အထူးကျော်ကြားသည်။ သူမတို့၏ ဆောင်ပုဒ်သည် မသေမချင်းလေ့ကျင့်လို့ရသည် ဟူ၍ပင်။ ကျင့်ကြံသူသည် လွန်စွာမောပန်းသည်အထိ ကျင့်ကြံနိုင်ပြီး အဆင့်တက်အောင် ကြိုးစားနိုင်သည့်အတွက် သာမန်ပင်ကိုယ်စွမ်းရည်သာရှိသော ကျင့်ကြံသူများအတွက် အထူးသင့်တော်သည်။ ထို့အပြင် သန့်စင်ဂိုဏ်းသည် ကြီးမားပြီး အင်အားကြီးကာ လျှို့ဝှက်သိုင်းကျမ်းများစွာ ပိုင်ဆိုင်ထားခြင်းကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အတင်းပြောင်းလဲရင်း ဝိဉာဉ်သွေးကြောစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်သေး၏။ ယုတ်စွအဆုံးပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ကို ဖမ်းဆီးကာ ခန္ဓာသိမ်း၍လည်း ကျင့်ကြံနိုင်ကြပါသေးသည်။

ထိုသိုင်းကျမ်းများသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးနှင့် ပေးဆပ်မှုကြီး ကြုံရတတ်သော်ငြား လုံလောက်သော အရည်အချင်း ရှိနေခဲ့လျှင် ဝိဉာဉ်သွေးကြောလေးခုနှင့် အသုံးမဝင်သောလူ ဖြင်နေလျှင်တောင်မှ ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိလာလိမ့်မည်။

ကျိချန်အာ၏ မျက်လုံးသည် အနည်းငယ် ကျဉ်းမြောင်းသွားကာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

(ချီတလို လူမျိုးက ဒီအသုံးမကျတဲ့ တိမ်ကြွေဂိုဏ်းထဲ ရောက်နေရတာ ထူးချွန်တဲ့အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို ဖြုန်းတီးရာကျတယ်။ ငါတို့ရဲ့ ယင်ရှဂိုဏ်းကပဲ သူ့အတွက် စစ်မှန်စွာ တောက်ပဖို့ အခွင့်အရေးတစ်ခုဖြစ်လာလိမ့်မယ်။)

သို့သော်ငြား သူမ၏ လက်ရှိအာရုံစူးစိုက်မှုသည် ဆေးဥယျာဉ်အတွင်းရှိ နှစ်တစ်သောင်း အပင်ဝိဉာဉ်ဖြစ်နေလေရာ ချီယွမ်ကို ဂရုစိုက်ဖို့အချိန်မရှိခဲ့ချေ။ ထို့ကြောင့် အပင်ဝိဉာဉ်ကိုရယူပြီးချိန်မှသာ ချီယွမ်ကို သိမ်းသွင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ကြည့်လိုက် အဲ့ဒီလူကချီတမလား။ သူကပြိုင်ပွဲကြီးမှာ တပည့်တွေအားလုံးကိုရှင်းထုတ်ပြီး တစ်ယောက်တည်း အနိုင်ရခဲ့တဲ့သူလေ။”

“ဟုတ်တယ် တစ်ကယ်သူပဲ။ ဒီကောင်ကြောင့် ပြိုင်ပွဲကြီးတစ်ခုလုံးက ကြီးမားတဲ့လိမ်ညာမှု တစ်ခုအဖြစ်ပြောင်းလဲသွားရတာလေ။ ငါအစအဆုံး မြင်လိုက်ရတယ်။ ငါဆိုရင် နေရာမှာတင် လုံးဝကြောင် အ သွားတာကွာ။”

“ဟမ် ငါနောက်ဆုံးတစ်ခေါက် သူ့ကိုတွေ့တုန်းက သူကချီသန့်စင်ခြင်း အဆင့်၅ပဲရှိသေးတာပါ။ ဘယ်လိုလုပ် ချီသန့်စင်ခြင်း အဆင့်၆ကို အဆင့်တက်သွားတာလဲ။ အရမ်းမြန်တာပဲနော်”

“အဲ့တာလေးများ မင်းက မတွေးတတ်ဘူးလား ဂိုဏ်းကသူ့ကို ချီစုပ်ယူခြင်းဆေးလုံးတွေ အများကြီး ဆုချခဲ့တာလေ။ အဲ့ဒီဆေးလုံးတွေနဲ့ဆိုရင် အဆင့်၆ကို အလွယ်လေး တက်နိုင်မှာပဲ။”

“ကျွတ်ကျွတ်ကျွတ် ဒီကောင်က အခြေခံတည်ထောင်ခြင်းနယ်ပယ် အိမ်မွေးသားရဲတောင် ရှိနေခဲ့ပြီ။ ဒီကောင်ရဲ့ ကံက တော်တော်လေး ကောင်းတာပဲ။ မနာလိုဖို့ကောင်းလိုက်တာ။”

စစ်ဆေးရေးခန်းမ ရှိရာသို့ ရောက်လာသည်နှင့် ချီယွမ်တစ်ယောက် များစွာသော အာရုံစူးစိုက်မှုများနှင့်အတူ ဝေဖန်ချက်များကို မတောင်းဆိုဘဲ ရရှိလိုက်သည်။

ပြိုင်ပွဲကြီးအတွင်းတွင် သတင်းဆိုးဖြင့်ကျော်ကြားခဲ့ပြီး အပြင်ခန်းမ တပည့်အားလုံးနီးပါးကို ရန်စခဲ့သော်ငြား ဤစစ်ဆေးရေးခန်းမသို့ ရောက်ရှိနေသူအားလုံးသည် အတွင်းခန်းမတပည့်များဖြစ်လေရာ ထိုသူများထံတွင်တော့ ရန်စသော အကြည့်များရှိမနေခဲ့ချေ။ ထိုအစား စပ်စုသော မျက်ဝန်းများက အဆက်မပြတ်ကျရောက်နေ၏။

ချီယွမ်သည် ပတ်ဝန်းကျင်ရှိဆွေးနွေးသံများကို လျစ်လျူရှုရင်း တာဝန်ခွဲဝေရာ နေရာသို့ တိုက်ရိုက်သွားလိုက်သည်။

စစ်ဆေးရေးခန်းမသည် တိမ်ကြွေဂိုဏ်းအတွင်းတွင် အင်အားအကြီးဆုံး ဌာနဟု ပြောဆိုလို့ရနိုင်သည်။ စစ်ဆေးရေးခန်းမသည် တာဝန်ခွဲဝေခြင်း၊ ကျင့်ကြံသူတပည့်များ၏ တိုးတက်မှု သတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ ဆုလာဘ်နှင့် အပြစ်ခွဲဝေခြင်းအတွက် တာဝန်ယူရသည်။

ဂိုဏ်းသားများအတွက် တာဝန်အမျိုးအစား နှစ်မျိုးသတ်မှတ်ပေးထားသည်။

တာဝန်အမျိုးအစားတစ်မျိုးသည် စစ်ဆေးရေးခန်းမ၏ အပြင်ဘက်နံရံတွင် ချိတ်ဆွဲပေးပြီး ဘယ်သူထမ်းရွက်ရမည်ဟု အတိအကျ သတ်မှတ်ခြင်းမရှိပေ။ ထိုတာဝန်များအတွင်းတွင် ရိုင်းစိုင်းသော နတ်ဆိုးသားရဲများအား အမဲလိုက်ခြင်း၊ စိတ်ဝိဉာဉ်ဆေးပင်စုဆောင်းခြင်းနှင့် မကောင်းသောကျင့်ကြံသူများအား ရှင်းလင်းခြင်းများ ပါဝင်ပြီး အတွင်းခန်းမတပည့်များအနေဖြင့် မိမိစိတ်သဘောအတိုင်း ရွေးချယ်ခွင့်ရကာ အောင်မြင်လျှင် ဂိုဏ်းထံမှ ဆုလာဘ်ရရှိလိမ့်မည်။

နောက်ထပ်တာဝန်တစ်မျိုးသည် ဂိုဏ်းထံမှ တပည့်တစ်ဦးစီအတွက် သီးသန့်ပေးအပ်သော တာဝန်များဖြစ်သည်။ ထိုတာဝန်မျိုးက အသစ်ဝင်လာသော အတွင်းခန်းမ တပည့်များကို စမ်းသပ်ဖို့ရန် အသုံးများ၏။ ခက်ခဲမှုနိမ့်ကျပြီး မြင့်မားသောဆုလာဘ်ပေးဝေကာ တပည့်သစ်များကို အစဦးကြိုဆိုခြင်းမျိုး ပြုလုပ်တတ်ကြသည်။

ထိုတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လျှင် ဆုလာဘ်အဖြစ် အရည်အချင်းရမှတ် အသီးသီးကို ခွဲဝေပေးခြင်းခံရလိမ့်မည်။

အရည်အချင်းရမှတ်သည် အတွင်းခန်းမအတွင်း၌ ငွေကြေးလည်ပတ်မှုအဖြစ် အသုံးပြုလို့ရနိုင်သည်။ ထိုအရည်အချင်းရမှတ်ကို အသုံးပြုပြီး ဝိဉာဉ်ကျောက်တုံး၊ ကျင့်ကြံရေးသိုင်းစဉ်၊ ဆေးလုံး၊ မန္တန်စာရွက်၊ မှော်လက်နက်နဲ့ တခြားသော ပစ္စည်းများကို ရတနာခြံဝန်းထဲမှ လဲလှယ်ယူဆောင်ခွင့်ရနိုင်သည်။

သေချာပေါက် ထိုင်ရွှမ်းသန့်စင်နယ်မြေတွင်လည်း တာဝန်ခွဲဝေရာ ခန်းမရှိပြီး ထိုနေရာမှသတ်မှတ်ပေးသော အရည်အချင်းရမှတ်သည် ပိုမိုတန်ဖိုးရှိသည်။ ထိုရမှတ်ဖြင့် လဲလှယ်လို့ရနိုင်သော ပစ္စည်းများက တိမ်ကြွေဂိုဏ်းလို ဂိုဏ်းငယ်တစ်ခုနှင့် အလှမ်းကွာလှပြီး အပြင်ဘက်လောကတွင် အထူးတန်ဖိုးရှိသော ပစ္စည်းများဖြစ်ကြသည်။

တာအိုသားတော်ဖြစ်သော ချီယွမ်သည် ထိုင်ရွှမ်းသန့်စင်နယ်မြေတွင် တာဝန်များလုပ်ဆောင်ဖို့ မလိုအပ်ချေ။ ထိုအစားသူသည် တခြားသူများအတွက် တာဝန်ခွဲဝေပေးရသည်။ ထိုင်ရွှမ်းသန့်စင်နယ်မြေတွင် တပည့်များအတွက် လွတ်လပ်စွာ တာဝန်ခွဲဝေပေးနိုင်ပြီး ထိုသူများကိုဆုလာဘ်အဖြစ် အရည်အချင်းရမှတ်များ စိတ်ကြိုက်ပေးအပ်နိုင်သည်။

ထိုသို့ဖြင့် ချီယွမ်သည် စစ်ဆေးရေးခန်းမအတွင်းသို့ ဝင်ရောက်ကာ မကြာမီမှာပဲ တာဝန်ခွဲဝေရာ ကျယ်ဝန်းသော စာဖတ်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။ အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ထိုင်ခုံတွင် ထိုင်နေရင်း အေးစက်သောအကြည့်များ ပို့လွှတ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရလေ၏။ ထိုသူကတော့ ယင်ဟောင်...

မကြာသေးခင်ကမှ တွေ့ခဲ့ရသော စစ်ဆေးရေးခန်းမ၏ တပည့်ဖြစ်သူ ယင်ဟောင်ပင်။

ချီယွမ်ဝင်လာသည်နှင့် ယင်ဟောင်၏ မျက်လုံးအတွင်းတွင် အေးစက်မှု တစ်ချို့ ဖြတ်ပြေးသွားလေကာ ထိုသူကခံစားချက်မဲ့စွာဖြင့် ကျောက်စိမ်းပြားတစ်ခုကို ဆွဲယူရင်း တည်ငြိမ်စွာပြောလိုက်သည်။

“ချီတ ဒါက ဒီတစ်ခေါက်မင်းရဲ့တာဝန်ပဲ။ မင်းမှာ အချိန်တစ်လရှိတယ်။ တစ်လအတွင်းပြီးအောင် မလုပ်နိုင်ဘူးဆိုရင် ရှုံးနိမ့်မှုအဖြစ် အလိုအလျောက် သတ်မှတ်ခံရမယ်။ ပြီးရင် အရည်အချင်းရမှတ် ဆယ်ဆ နှုတ်ယူခံရမယ်။”

ချီယွမ် ထိုကျောက်စိမ်းပြားကို ယူပြီး စစ်ဆေးလိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ထင်သည့်အတိုင်းပင် ထိုတာဝန်က သူ့အတွက် သီးသန့်ပြုလုပ်ထားဟန်ပင်။

အပြင်ဘက်တွင် ကြည့်ရှုလိုက်ပါက သာမန်အတိုင်းဆိုသော်ငြား ထိုတာဝန်ပေးအပ်မှုတွင် မကောင်းသော ရည်ရွယ်ချက်များရှိနေပြီး သူ၏နိမ့်ပါးသော ကျင့်ကြံစဉ်ကိုအသုံးပြုကာ သတ်ဖို့ကြံစည်နေသည်ဟု နားလည်နိုင်သည်။

ထိုတာဝန်၏တည်နေရာသည် ချန်လမ်းတောင်ပြင်ရှိ ဖူကျိုးမြို့ဖြစ်ပြီး နှစ်စကတည်းက ဖူကျိုးမြို့ကိုဖြတ်သွားသော ကျင့်ကြံသူများ အကြောင်းအရင်းမရှိ ပျောက်သွားသောကြောင့် စစ်ဆေးလို့မရတော့သည့်အတွက် မြို့အရှင်သည် တိမ်ကြွေဂိုဏ်းထံမှ အကူအညီတောင်းခံလာခဲ့သည်။

ထိုသတင်းကို လက်ခံရပြီးသည်နှင့် တိမ်ကြွေဂိုဏ်း၏ စစ်ဆေးရေးခန်းမဘက်မှ ဖူကျိုးမြို့ဆီသို့ သွားရောက်စစ်ဆေးရန် အတွင်းခန်းမ တပည့်နှစ်ယောက်ကို တာဝန်ပေးပြီး စေလွှတ်ခဲ့သည်။ သို့သော်ငြား ထိုနှစ်ယောက်လုံး ထပ်မံပျောက်ကွယ်သွားကြပြန်၏။

ဤတစ်ခေါက်ချီယွမ်ရရှိသော တာဝန်သည် ပျောက်သွားသော ထိုတပည့်များနှင့် ပျောက်ဆုံးမှု၏ နောက်ကွယ်ကအမှန်တရားကို ရှာဖွေဖို့ရန်ဖြစ်သည်။

ဂိုဏ်းဘက်မှ မူလသတ်မှတ်ပေးထားသော ကြာချိန်သုံးလကို တစ်လအဖြစ် လျှော့ချခံလိုက်ရသည့်အပြင် အခုလိုမျိုး လူရှာဖို့ရန် ရွေးချယ်သောတာဝန်သည် အထူးခက်ခဲသည်။ ထို့အပြင် ထိုပျောက်ကွယ်သွားသော တပည့်နှစ်ယောက်လုံးကလည်း ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိပြီး ဖြစ်လေရာ ထိုဆန်းကြယ်သော ပျောက်ကွယ်မှုနောက်တွင် မကောင်းသောကိစ္စရပ်ကြီးရှိနေမှန်း ရှင်းလင်းစွာသိနိုင်ပါ၏။

ယင်ဟောင်သည် လုပ်ပိုင်ခွင့်ကိုအသုံးပြုရင်း ချီစွမ်းအင် အဆင့်၆သာရှိသေးသော ကျင့်ကြံသူတစ်ယောက်ကို ထိုသို့သော တာဝန်များပေးအပ်လာသည့်အတွက် ရည်ရွယ်ရင်းက ရှင်းလင်းပါ၏။

ထို့အပြင် ဖူကျိုးမြို့သည် ဝမ်လုချန်၏ မိသားစု‌ဖြစ်သော ဝမ်အိမ်တော်တည်ရှိရာနေရာပင်။ ဝမ်အိမ်တော်သည် ဖူကျိုးမြို့တွင် အင်အားတစ်ခုရယူနိုင်ပြီး အိမ်တော်အတွင်းမှာ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ရှိနေသည့်အတွက် သူ့လိုမျိုး ချီသန့်စင်ခြင်းကျင့်ကြံသူငယ်လေးအား သဲလွန်စတစ်‌ခုတောင် မကျန်အောင် သတ်ဖြတ်ပစ်နိုင်သည်။

ဝမ်လုချန်၏ သေဆုံးမှု အကြောင်းအရင်း အတိအကျကို မသိရသောကြောင့် ဝမ်အိမ်တော်ထံမှ အမုန်းတရားများ မရှိနိုင်သော်ငြား ဆွေမျိုးတော်စပ်သူ အကြီးအကဲယင်၏ ဒေါသကိုပြေပျောက်စေရန် ချီယွမ်ကို သတ်ဖြတ်လာနိုင်ကြသည်ပင်။

“ချီတ မင်းကြောက်တယ်ဆိုရင် ဒီတာဝန်ကို လက်လျှော့လိုက်။ ဒါဆိုရင် လျော်ကြေးအဖြစ်နဲ့ အရည်အချင်းအမှတ် ငါးထောင်ပဲ ဆုံးရှုံးရမှာနော်။”

ချီယွမ်၏ တိတ်ဆိတ်နေမှုကြောင့် ယင်ဟောင်၏မျက်နှာထားသည် အလွန်အမင်းယုံကြည်မှု ရှိလာကာ လှောင်ပြောင်သံအပြည့်နှင့် ပြောလာခဲ့သည်။

“သေချာပေါက် နောက်တစ်လကျရင်လည်း မင်းအတွက် တာဝန်အသစ်က စောင့်ဆိုင်းနေမှာပါ။ ငါ့ကိုယုံနေလိုက်။ အဲ့ဒီတာဝန်အသစ်ကလည်း အခုမင်းလက်ထဲက တာဝန်ထက် ဆယ်ဆခက်ခဲစေရမယ်။အခုလက်ရှိမှာ မင်းရဲ့ အရည်အချင်းရမှတ်က သုံညပဲ။ ဒါ့အပြင် ဒီတာဝန်ကြောင့်အမှတ်ငါးထောင်တောင် အကြွေးတင်သွားသေးတယ်မလား။ အချိန်မှီမဆပ်နိုင်ဘူးဆိုရင် အဲ့ဒါရဲ့ အကျိုးဆက်ကလည်း မသေးဘူးနော်။”

All Chapters