(ကြည့်ရတာ အဲ့လောက်မဆိုးဘူးပဲ)
Vol. 6 Ch. 55
တိမ်ကြွေဂိုဏ်း၏ ဆေးဥယျာဉ်အတွင်းတွင်..
"ဂိုဏ်းတူညီမလေးကျန်း ရှိနေလား”
ဝါးလုံးနှစ်ထပ်အိမ် အပြင်ဘက်တွင် ပိုင်ရှီရို့ တံခါးခေါက်ရင်း နူးညံ့စွာ လှမ်းအော်လိုက်သည်။ သို့သော် သူမ အကြိမ်ကြိမ် တံခါးခေါက်သည့်တိုင်အောင် အတွင်းမှ တုံ့ပြန်ချက် မရရှိခဲ့ပေ။
[သူမ ရှိမနေဘူးပဲ]
ပိုင်ရှီရို့ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ခဏတာ စဉ်းစားပြီးနောက်တွင် တင်းကျပ်စွာ ပိတ်ထားသော တံခါးကို ခပ်ဖြည်းဖြည်း တွန်းဖွင့်ရင်း အထဲသို့ ချောင်းကြည့်လိုက်၏။ သို့သော် ကျိချန်အာကို မတွေ့ခဲ့ပေ။ ဘယ်သူမှ မရှိသည်ကို အတည်ပြုပြီးနောက်တွင် ပိုင်ရှီရို့က ချက်ချင်းထွက်မသွားခဲ့ဘဲ ထိုအစား လှပသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း အိမ်အတွင်းသို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဝင်လိုက်သည်။
သူမ အထဲသို့ ခြေလှမ်းချလိုက်သည်နှင့် ဝါးလုံးအိမ်၏ ခေါင်းလောင်းများက ကျယ်လောင်စွာ လှုပ်ရမ်းလာကာ အနက်ရောင် မြူခိုးလုံးများက အပြင်ဘက်ကို ပိတ်ဆို့လိုက်ပြီး နေရောင်ကိုပင် မမြင်ရတော့ပေ။
သို့သော် အပြင်ဘက်ရှိ အခြေအနေကို သတိမထားမိသော ပိုင်ရှီရို့က ဝါးလုံးအိမ်အတွင်းသို့ ဂရုတစိုက် ရှာဖွေနေခဲ့သည်။ သူမ အကြိမ်ရေ အနည်းငယ်ကြာသည်အထိ စေ့စေ့စပ်စပ် ရှာဖွေခဲ့သည့်တိုင်အောင် သာမန်အလှဆင်ပစ္စည်းတစ်ချို့အပြင် မူမမှန်သော ဘယ်လိုပစ္စည်းမျိုးကိုမှ ရှာမတွေ့ခဲ့ချေ။
[ငါပဲ သံသယများနေတာလား။ ဂိုဏ်းတူညီမလေးကျိက တခြားဂိုဏ်းရဲ့ လူယုံတစ်ယောက် မဟုတ်ဘူးပေါ့]
ပိုင်ရှီရို့ ခဏမျှ တွေးတောကာ ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပဲ ထောင့်နားရှိ ခေါက်ထားသော မွေ့ရာပေါ်ကို အကြည့်ရောက်သွားခဲ့သည်။
တစ်ခြားသော မွေ့ရာများနှင့် မတူညီစွာ ထိုမွေ့ရာက ပိုမိုကြီးမားပြီး ထားသိုပုံလည်း ထူးဆန်း၏။ ကျင့်ကြံသူတစ်ယောက်က နံရံကို မျက်နှာမူရင်း အိပ်ရာပေါ်ထိုင်ကာ မကျင့်ကြံတတ်ကြချေ။
ပိုင်ရှီရို့ လျင်မြန်စွာ သွားလိုက်ရင်း အိပ်ရာကို မလိုက်ချိန်တွင် ကြမ်းပြင်ရှိ လျှို့ဝှက်လမ်းကြောင်းကို တိုက်ရိုက်ပဲ ရှာတွေ့သွားခဲ့သည်။ သူမ၏ နှလုံးသားက စောင့်ခုန်သွားခဲ့ပြီး မျက်နှာထားကလည်း ချက်ချင်းပဲ တည်ငြိမ်သွားလေ၏။
[တစ်ခုခု မှားနေပြီ]
ပိုင်ရှီရို့ အသက်ရှူသွင်းပြီးသည်နှင့် တုံ့ဆိုင်းမှုမရှိဘဲ ထိုတွင်းပေါက်ထဲသို့ ခုန်ဆင်းလိုက်သည်။
ထိုဖြတ်လမ်းသည် ပေပေါင်းများစွာ နက်ရှိုင်းပြီး အောက်ခြေသို့ ရောက်မှသာ ပိုင်ရှီရို့ မျက်လုံးဖွင့်ကြည့်ခဲ့သည်။ အောက်ခြေနားသို့ ရောက်သည်နှင့် ပိုမိုများပြားလာသော စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေခြင်းကို ပိုင်ရှီရို့ ခံစားမိလိုက်၏။ ထိုသို့နှင့် နောက်ဆုံးတွင် ခရမ်းရောင်ဖျော့တော့တော့ အလင်းများ ထုတ်ပေးနေသော စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို သူမ တွေ့လိုက်ရသည်။
ထိုဆေးပင်က လူအရပ်တစ်ဝက်ခန့်နီးပါး မြင့်မားပြီး အပင်ထိပ်တွင် ကိုးရောင်ခြယ် အဖူးများရှိနေသည်။ တခြားသော အဖူးငယ်သည်လည်း တဖြည်းဖြည်းနဲ့ ပုံစံပေါ်လာနေပြီပင်။
"ဒါက ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်လား"
ပိုင်ရှီရို့ အံ့သြတကြီး ရေရွတ်လိုက်ကာ မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများ ဖုံးလွှမ်းသွားခဲ့သည်။
ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်သည် အဆင့်ခုနှစ် စိတ်ဝိညာဉ်ဆေးပင်တစ်ခုဖြစ်ပြီး ရှာဖွေရန် လွယ်ကူသော်ငြား၊ ဤဆေးပင်သည် တခြားသော ဆေးပင်များနှင့် လုံးဝမတူညီပါချေ။ ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်သည် နှစ်တစ်သောင်းကြာမှ အသီးသီးတတ်ကြသည့်အတွက် ထိုမှတ်တမ်းသာ မှန်ခဲ့လျှင် ဤဆေးပင်၏ သက်တမ်းကလည်း နှစ်ပေါင်းတစ်သောင်းနီးပါး ရှိရမည်။
"ဂိုဏ်းတူအမ ဒီနေရာမှာ ဘာလုပ်နေတာလဲ"
ပိုင်ရှီရို့ အံ့ဩနေစဉ်မှာပဲ ရှင်းလင်းကာ ကောက်ကျစ်ဟန်ရှိသော မိန်းကလေးအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
[ဂိုဏ်းတူညီမလေးကျန်း ပြန်ရောက်လာပြီ]
ပိုင်ရှီရို့၏ နူးညံ့သော ခန္ဓာကိုယ်က တုန်ယင်သွားကာ တွန့်ဆုတ်စွာဖြင့် ကျိချန်အာကို လှမ်းကြည့်လိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ အိပ်မက်အငွေ့များလို လေးလံသော မြူခိုးငွေ့များက ပြန့်နှံ့လာလေရာ ပိုင်ရှီရို့ ချက်ချင်းပင် မူးဝေသွားခဲ့ပြီး ရလဒ်အဖြစ် မေ့လဲကျသွားသည်။
ပိုင်ရှီရို့ သတိမေ့သွားသည်ကို အတည်ပြုပြီးသည်နှင့် ကျိချန်အာသည် တုန်ယင်နေသော ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ ငါလုံးဝ သတိလျော့လို့ မရဘူးနဲ့ တူတယ်၊ ငါတစ်နာရီလောက်ပဲ ထွက်သွားခဲ့တာကို ဒီကောင်မလေးက ဒီနေရာအထိ ရောက်လာခဲ့တာပဲ"
ထို့နောက်တွင် ကျိချန်အာသည် သေးသွယ်ရှည်လျားသော လက်ချောင်းများကို မြှောက်လိုက်ရင်း ပိုင်ရှီရို့၏ အသိစိတ်စုဝေးရာနေရာဖြစ်သော မျက်ခုံးနှစ်ခုကြားကို တို့ထိကာ မှတ်ဉာဏ်များ ဖျောက်လိုက်သည်။
"ကျောက်စိမ်းရနံ့ခြင်ဆီလား"
ချက်ချင်းဆိုသလို ကျိချန်အာ၏ မျက်လုံးအတွင်းတွင် အလင်းတန်းများ ဖြတ်ပြေးသွားကာ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုကြောင့် ဝင်းပသွားလေ၏။
"ဒီမိန်းကလေး ပိုင်ရှီရို့က လူအယောက် တစ်သောင်းမှာ တစ်ယောက်ပဲရှိတဲ့ ထိပ်သီးအဆင့် မီးပေါင်းဖိုကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားမယ်လို့ မထင်ထားဘူး၊ သူမမှာ ကျောက်စိမ်းရနံ့ခြင်ဆီအရိုး ရှိနေတာပဲ၊ ငါတို့ ယင်ရှဂိုဏ်းရဲ့ အဘိုးအိုကြီးတွေသာ သိရှိသွားမယ်ဆိုရင် ဒီထိပ်သီးအဆင့် မီးပေါင်းဖိုကိုယ်ခန္ဓာကို ရဖို့အတွက် တိမ်ကြွေဂိုဏ်းတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ပစ်လိမ့်မယ်"
ချက်ချင်းပဲ သူမ၏ မျက်လုံးများသည် လင်းလက်နေကာ တွေးတောလိုက်တော့သည်။
"ငါသာ ပိုင်ရှီရို့ရဲ့ ခန္ဓာကိုယ်ကို အဲဒီကောင်လေးကို ပေးလိုက်မယ်ဆိုရင် သူ့ရဲ့အနာဂတ်လည်း အများကြီး တိုးတက်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် တိမ်ကြွေဂိုဏ်းကနေ ထွက်သွားဖို့ သူ့ကို ငါမက်လုံးပေးလို့ ရပြီ၊ ပိုင်ရှီရို့က တိမ်ကြွေဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သမီးပဲ၊ ချီတသာ ကောင်မလေးကို ယုတ်မာပြီးအခွင့်အရေးယူခဲ့မယ်ဆိုရင် သေစေလောက်တဲ့အပြစ်ကို ကျူးလွန်တာဖြစ်တဲ့အတွက် ဂိုဏ်းကနေ မဖြစ်မနေ ထွက်ပြေးရလိမ့်မယ်၊ ချီတရဲ့ အခြေအနေက သေလောက်အောင် ခက်ခဲနေပြီဆိုတော့မှ ငါက သူတော်ကောင်းအနေနဲ့ ကူညီပေးလာရင် ကွက်တိပဲ မဟုတ်လား။ ဒီကောင်လေး ငြင်းလို့ရမှာ မဟုတ်တော့သလို ငါ့ကိုလည်း ကျေးဇူးကြွေးတင်သွားလိမ့်မယ်၊ ဒီလိုနဲ့ ငါ့အပေါ် ကြီးမားတဲ့ ကျေးဇူးကြွေးတင်နေတဲ့ အကူအညီတစ်ယောက် ရလာတော့မှာပဲ"
မြေပြင်ပေါ်တွင် သတိမေ့စွာ လဲလျောင်းနေသော လှပသော မိန်းကလေးကို ကြည့်လိုက်ရင်း ကျိချန်အာ၏ နှုတ်ခမ်းနှစ်လွှာသည် အနည်းငယ် ပြုံးသွားကာ ကောင်းမွန်သော အကြံအဉာဏ်အတွက် ကျေနပ်သွားလေ၏။
ထိုအချိန်တွင် ချန်းလမ်တောင်၌..
ချီယွမ်သည် ဖူကျိုးမြို့ရှိရာသို့ ပေါ့ပါးစွာ သွားနေရင်း မောပန်းလာတိုင်း ခဏတဖြုတ် နားလိမ့်မည်။ ကျင့်ကြံသူများ၏ လျှင်မြန်မှုသည် သာမန်လူများထက် မြန်လေရာ မွန်းမလွဲခင်မှာပဲ တိမ်ကြွေဂိုဏ်း၏ မိုင်တစ်ရာအကွာအဝေးသို့ ချီယွမ် ရောက်လာခဲ့သည်။
လုံလောက်သော အကွာအဝေးကို ရောက်လာသဖြင့် ချီယွမ်သည် အရှိန်တင်လိုက်ကာ အပေါ့သွားဖို့ အလောကြီးနေသလို ဟန်ဆောင်ရင်း တောနက်အတွင်းသို့ လျင်မြန်စွာ ထွက်သွားလိုက်သည်။ ထိုအချိန်မှာပဲ ကောင်းကင်အထက်မှ အေးစက်သော လူသတ်အရိပ်အငွေ့များ ပြည့်နေသည့် အော်သံတစ်ခုကို ကြားလိုက်ရလေ၏။
"ချီတ ဒီတစ်ခေါက် မင်းဘယ်လိုသေမလဲ ကြည့်နေလိုက်"
ထိုအသံဆုံးသည်နှင့် ချီယွမ်၏ လမ်းကြောင်းကို ကောင်းကင်အထက်မှ ဆင်းသက်လာသော အလင်းတန်းတစ်ခုက ပိတ်ပင်လာခဲ့သည်။ ခေါင်းတွင် ကျောက်စိမ်းခေါင်းပတ်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုသူက စစ်ဆေးရေးခန်းမ၏ တပည့် ယင်ဟောင်မှအပ မဖြစ်နိုင်ပါချေ။
ယင်ဟောင်ကို မြင်သည်နှင့် ချီယွမ်တစ်ယောက် ထိတ်လန့်တကြီး အော်ဟစ်လိုက်သည်။
"ဂိုဏ်းတူအကိုယင် ဘာလုပ်နေတာလဲ"
"ငါ သေချာပေါက် မင်းကိုသတ်ဖို့ ရောက်လာတာပဲ"
ယင်ဟောင်၏ မျက်နှာသည် ဓားတစ်လက်လို အေးစက်နေကာ လူသတ်အရိပ်အငွေ့များ အဆက်မပြတ် ထွက်ပေါ်နေ၏။ ယင်ဟောင်က နောက်ထပ် စကားလုံးများ မပြောနေတော့ဘဲ တလက်လက် တောက်ပနေသော ငွေရောင်ဓားရှည်ကို ထုတ်ယူရင်း ချီယွမ်ရှိရာသို့ လေးလံစွာ ရိုက်ချလိုက်သည်။
ဟူး။
ချွန်ထက်သော ဓားရှည်က လေကို ပိုင်းဖြတ်သွားပြီး အသံတစ်ခုနှင့်အတူ လိုက်ပါလာသော ဓားစွမ်းအင်သည် မျက်စိတစ်မှိတ်အတွင်းမှာ ရောက်လာခဲ့သည်။
ကန့်လန့်ဖြတ် ရောက်ရှိလာသော ဓားစွမ်းအင်ကို ချီယွမ် မခုခံသလို ရှောင်တိမ်းဖို့လည်း မကြိုးစားခဲ့ပေ။ ဓားစွမ်းအင်က သူ့၏ခန္ဓာကိုယ်ကို ထိတော့မည့်အချိန်မှာပဲ ချီယွမ်၏ ပုံရိပ်က ရုတ်တရက် ဆန်းကြယ်စွာဖြင့် ပျောက်ကွယ်သွားခဲ့သည်။
"ဘာဖြစ်နေတာလဲ"
ယင်ဟောင်၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးလိုက်သည်။
ချက်ချင်းဆိုသလို လက်ကောက်ဝတ်အတွင်းမှ အင်အားကြီးသော စွမ်းအင်တစ်ခုက လျှံတက်လာသလိုမျိုး ယင်ဟောင် ခံစားလိုက်ရကာ လက်ထဲရှိ ဓားရှည်ကိုပင် ပစ်ချမိသွားသည်။ ထို့နောက်တွင် ထိုစူးရှသော နာကျင်မှုက သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးပျက်သည့် စွန်တစ်ခုနှယ် ပျံ့နှံ့လာကာ ကြမ်းတမ်းစွာ တိုက်စားသွားသဖြင့် ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
"မဟုတ်ဘူး၊ မင်းက ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက် မဟုတ်နိုင်ဘူး၊ မင်းဘယ်သူလဲ"
ယင်ဟောင် တုန်ယင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ သိပ်မဝေးသော နေရာတွင် ရပ်နေပြီး ချီယွမ့်ကို မယုံကြည်မှုများ ပြည့်နေသော မျက်လုံးများဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်သည်။
[ငါ ဒီတစ်ခေါက် ဘယ်လိုမကောင်းဆိုးဝါးကို ရန်စမိလိုက်တာလဲ]
သူသည် အခြေခံတည်ထောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်ငြား ထိုတိုက်ချက်လေး တစ်ခုကိုတောင်မှ မတောင့်ခံနိုင်ခဲ့ပေ။
ထိုသေခါနီးလူကို ချီယွမ် ဖြေဖို့ စိတ်မဝင်စားပါချေ။ ထုတ်လွှတ်ထားသော အစွမ်းကို ရုတ်သိမ်းပြီးသည်နှင့် ယင်ဟောင်ရှိရာသို့ တစ်လှမ်းချင်း တိုးသွားလိုက်သည်။
ယင်ဟောင်၏ မျက်လုံးများ မထိန်းနိုင်အောင် တုန်ယင်လာရင်း ထွက်ပြေးဖို့ ရုန်းကန်လိုက်သည်။ သို့သော်ငြား ပြင်းထန်လွန်းသော အတွင်းဒဏ်ရာများကြောင့် လှုပ်ရှားလို့တောင် မရခဲ့ချေ။ ထို့ကြောင့် အကြိမ်ကြိမ် အသနားခံရတော့သည်။
"သခင်ကြီး ကျွန်တော်မှားသွားတာပါ၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့၊ ကျွန်တော့်ရဲ့ သိုလှောင်အိတ်ကို ပေးပါမယ်၊ ဒီအထဲမှာရှိတဲ့ အရာတွေအားလုံးက သခင်ကြီးရဲ့ အပိုင်ပါပဲ၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့"
"ကျွန်တော့်ရဲ့ အဖေက ယင်ချင်း..."
ယင်ဟောင်၏ စကားမဆုံးခင်မှာပဲ နဖူးပြင်ရှိရာသို့ လက်ဖဝါးကြီးတစ်ခု ကျရောက်လာကာ တောင့်မခံနိုင်သော ဝိညာဉ်ထိုးဖောက် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဘန်း..
ယင်ဟောင်၏ ဝိညာဉ်တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီးနောက်တွင် အသက်မဲ့သွားသော ထိုခန္ဓာကိုယ်ကို ခံစားချက်မဲ့စွာဖြင့် ချီယွမ် ပစ်ချလိုက်ပြီး ချီယွမ်၏ မျက်နှာထားကလည်း ထူးဆန်းနေ၏။
ယင်ဟောင်သည် အတွင်းခန်းမ၏ မကောင်းသော တပည့်ဖြစ်သောကြောင့် နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်သော လူယုံများ၏ အရေးပါသော အချက်အလက်များကို ရှာဖွေနိုင်မည်ဟု ချီယွမ် နဂိုက တွေးတောထားခဲ့သည်။ မထင်ထားစွာပင် ကောင်းကင်၏ အကူအညီဖြင့် ထိုသူက နတ်ဆိုးဂိုဏ်း၏ လူယုံတစ်ယောက် ဖြစ်နေလေ၏။ ချီယွမ်တစ်ယောက် ထီပေါက်သလို ခံစားလိုက်ရသည်။
[အခု နတ်ဆိုးဂိုဏ်းရဲ့ လူယုံတွေက ကျိချန်အာနဲ့ ယင်ချင်းယွမ်၊ ပြီးတော့ သူ့ရဲ့သား ယင်ဟောင်ပဲ။ ငါသိပြီးပြီဆိုမှတော့ ဘာတွေထပ်ပြီး စုံစမ်းရဦးမှာလဲ။ စုံစမ်းစရာ စုံစမ်းပြီးပြီဆိုတော့ စနစ်ပြောတဲ့ ခက်ခဲတဲ့အခြေအနေကို ရှင်သန်နိုင်ပြီးရင် တာဝန်ပြီးလိမ့်မယ်၊ ဟားဟား စောက်ရမ်းလွယ်တာပဲ၊ ဘယ်လိုခက်ခဲမှုကိုမှ မခံစားလိုက်ရဘူး]
သို့သော်ငြား ချီယွမ်သည် တခြားတစ်ခုကို တွေးတောမိသွားသည်။
[သာမန် ရွက်ကြမ်းရေကျို ရုပ်ရည်နဲ့ ကျိချန်အာက တစ်ကယ်တော့ ဖုံးကွယ်ထားတဲ့ အလှလေးပဲဟ။ သူမရဲ့အလှက အသက်ရှူမှားလောက်တယ်၊ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ သူတော်စင်မတွေနဲ့ လုံးဝကို မကွာခြားဘူး၊ အရင်တစ်ခေါက်က ငါ့ရဲ့လူပျိုဘဝလေး ပေးဆပ်လိုက်ရမယ် ဆိုရင်တောင်မှ...အင်း မရှုံးနိမ့်ဘူး ထင်တာပဲ]
ချီယွမ် တိတ်တဆိတ် တွေးတောလိုက်တော့သည်။