ဒီလူကို ချက်ချင်းသတ်ပါ ... ။
Vol. 59 Ch. 701
“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုယွီ ... ဒါပေမဲ့ မျိုးနွယ်စုတစ်ခုလုံးအတွက် ငါလုပ်နေတာပါ ... ကောင်းကင်နဲ့မြေကြီးက ငါ့ရဲ့ရည်ရွယ်ချက်ကို သက်သေခံနိုင်ပါတယ် ...
... ဘိုးဘေး ရီယုနဲ့ မဟာအကြီးအကဲတို့က နောက်မှသိခဲ့ရင်တောင် ငါ့ရည်ရွယ်ချက်ကောင်း အပေါ် နားလည်ပါလိမ့်မယ် ...
... ဒီနေ့က အစ်ကိုယွီက ဧည့်သည်မို့ ကျေးဇူးပြုပြီး ငါတို့မျိုးနွယ်စုရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့ မဟုတ်ရင် အဆင်မပြေ ဖြစ်ရပါလိမ့်မယ်။ ”
ရီသွမ့်ဟဲမှ တည်ငြိမ်စွာ ပြောကြားလိုက်သည်။ ထိုစကားကြားသောအခါ ရီကျိရှန်နှင့် ပင်မမိသားစုမှ အဖွဲ့ဝင်များ၏ အမူအရာများ ပြောင်းလဲသွားသည်။
ရီသွမ့်ဟဲသည် ယွီရှစ်ကိုပင် မျက်နှာသာ မပေးသည့်အပေါ် မမျှော်လင့်ထားချေ။ ယွီရှစ်မှ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလျက်၊
“ မှန်ပါတယ် ... နောက်ဆုံးတော့ ငါက အပြင်လူပဲ။ ”
-ဟု ဆိုလိုက်သည်။ ထို့နောက် ပင်မမိသားစုဝင်များထံ လက်ဝှေ့ရမ်းပြကာ၊
“ လူတိုင်း၊ ငါဒီနေ့ ပြောစရာရှိတာကို ပြောပြီးပြီ လက်ရှိအခြေအနေအရ နောက်ထပ် မစွက်ဖက်နိုင်တော့ဘူး မင်းတို့တွေ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု အဆုံးသတ်လိုက်၏။
ထိုစကားကို ကြားသောအခါ ပင်မမိသားစုဝင်များအားလုံး မျက်နှာပျက်ယွင်း ကုန်တော့သည်။ ယွီရှစ်၏ အဆင့်အတန်းနှင့်ပင် တစ္ဆေမြွေမျိုးရိုးအတွင်း အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ကြောင်း ကောင်းစွာသိရှိကုန်၏။
ယွီရှစ်သည် ဒုတိယအကြီးအကဲ၏ စီနီယာအစ်ကိုဖြစ်သော်လည်း နောက်ဆုံးတွင် အပြင်လူတစ်ဦးသာဖြစ်ချေပြီ။ သည်နေ့အတွက် ဤမျှပြောပေးသည်မှာ လုံလောက်နေပြီဖြစ်၏။
ရီကျိရှန်က အသက်ပြင်းပြင်းရှူလျက် လက်သီးဆုပ်ဟန် ပြန်လည်အရိုအသေပေးကာ၊
“ ငါတို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲယွီ။ ”
-ဟု ပြောကြားလိုက်သည်။ သူ့စကားများတွင် စိတ်ပျက်မှုကို မြင်နိုင်ချေ၏။ ကျန်အခွဲမိသားစုများသည်လည်း သက်ပြင်းချ လိုက်ကြသည်။
ယွီရှစ်၏အသွင်အပြင်သည် အမှန်တကယ်ပင် သူတို့ကို ကြီးမားသောဖိအား ဖြစ်စေခဲ့သည်။
သို့သော် တစ်ဖက်လူသည် ဆုတ်ခွာရန် ရွေးချယ်ကာ ယနေ့အဖြစ်အပျက်များတွင် သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ပြောကြားလာပြီဖြစ်၏။
၎င်းသည် မျိုးနွယ်စုခေါင်းဆောင် အသစ်တစ်ဦးကို အောင်မြင်စွာ ရွေးချယ်နိုင်ပေ တော့မည်။
“ ကဲ ... အားလုံးကန့်ကွက်စရာ မရှိတော့ဘူးလို့ ထင်ပါတယ် ... ဒါကြောင့် မျိုးနွယ်စု ခေါင်းဆောင်အသစ်ရဲ့ ရွေးပွဲကို စလိုက်ကြရအောင်။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်ကလေး၊ ရီကျိရှန်နှင့် ပင်မမိသားစုဝင်များမှာ နှုတ်ဆိတ်ကုန်ပြီး အမူအရာများ ထုံထိုင်းလာ၏။
ကျန့်ယင်လျူမှ အနည်းငယ်ပြုံးလျက် ဝိုင်တစ်ခွက်ကို အေးအေးဆေးဆေး သောက်နေ လိုက်သည်။ ယနေ့ မည်သူပင် ရောက်ရှိပါစေ အခြေအနေကို ပြောင်းလဲရန် ခက်ပေမည်။
“ နေပါဦး ... ။ ”
သို့သော် ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ အားလုံးသည် ထိုအသံရှင်ထံ လှမ်းကြည့်ရာ ဧည့်သည်တော်ခုံ၌ထိုင်နေသော စုရီဖြစ်နေ၏။
“ ငါကန့်ကွက်တယ်။ ”
ထိုမျှရိုးရှင်းသော စကားသည် လူအများကို မျက်ခုံးပင့်မိစေသည်။ ရီသွမ့်ဟဲခမျာ အပြုံးများ အေးခဲသွားပြီး ဤလူငယ်ကို မေ့လျော့ နေခဲ့ကြောင်း သတိရလာ၏။
အနက်ရောင်ဝတ်စုံဝတ်ထားသော ကောင်မလေးသည် အံ့အားသင့်သွားကာ စကား ပြောရန်ပြင်၏။ ထိုစဉ် စုရီမှ လက်ကာပြကာ၊
“ ဒီနေ့ မြွေတစ္ဆေမျိုးရိုးရဲ့ ရုန်းရင်းဆန်ခတ်တွေကို ဖြေရှင်းဖို့ ငါလာခဲ့တာ။”
-ဟု ပြောကြားလိုက်၏။
ဤစကားကြားသောအခါ ရီသွမ့်ဟဲနှင့်အဖွဲ့သည် မယုံနိုင်လောက်အောင် အံ့ဩသွားကြလေသည်။
ပင်မမိသားစုဝင်များသည်ပင် ရှုံးနိမ့်ကြောင်းကို လုံးလုံးလျားလျားလက်ခံချိန်၌ ဤလူငယ်သည် ဝင့်ကြွားစွာ ဆိုဝံ့နေ၏။
“ မင်း ... မောက်မာရဲ့လား။ ”
မြွေတစ္ဆေအခွဲမိသားစုမှ အကြီးအကဲတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ အေးစက်စွာ အော်ငေါက်လိုက်၏။
“ ကျိရှန် ... ဒီကလေးက မင်းရဲ့ ပင်မမိသားစုကနေ ဖိတ်ထားတဲ့ ဧည့်သည်လား ဘယ်လိုလူပြက်လဲ မရှက်ဘူးလား။ ”
“ ကောင်လေး ငါအကြံတစ်ခုပေးမယ် ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးတံဆိပ်ကို မြန်မြန် လွှဲပေးလိုက်ပါ ... မဟုတ်ရင် မင်းဒီနေ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ”
တစ်စုံတစ်ယောက်က ရီကျိရှန်ကို တိုက်ရိုက်လှောင်ပြောင်၏။ အခြားသူများလည်း ဝင်ရောက်ပြောဆိုလာသည်။ စုရီက ထိုသူများထံ စိုက်ကြည့်လျက်၊
“ သေချာနားထောင်ထား ... ငါဒီနေ့ ကိစ္စသုံးရပ်ဆောင်ရွက်ဖို့လာတာ ပထမကိစ္စက မြွေတစ္ဆေမိသားစုရဲ့ အတွင်းရန်တွေကို ဖြေရှင်းမယ် ...
... ဒုတိယ မြွေတစ္ဆေမျိုးနွယ်စုရဲ့ အတွင်းရေးပဋိပက္ခကို လှုံ့ဆော်ပေးတဲ့ ပြင်ပ တရားခံကို သတ်ပစ်မယ်။ ”
ထို့နောက် စုရီကခဏရပ်နားလိုက်ကာ လူအုပ်ကြီး၏ တုန်လှုပ်ချောက်ချားနေသော အသွင်အပြင်ကို အကဲခတ်လိုက်၏။
“ အရိုင်းအစိုင်းလေး မင်းဘယ်သူကို တရားခံလို့ ခေါ်နေတာလဲ။ ”
အခွဲမိသားစုမှ အကြီးအကဲတစ်ယောက်က ပြန်လည်အော်ဟစ်လာ၏။ စုရီက ထိုသူအပေါ် လျစ်လျူရှုလျက်၊
“ တတိယ ... ”
-ဟု စကားဆက်ပြောရန်ပြင်သည်။
“ အရိုင်းအစိုင်းလေး ... ငါမင်းကို မေးခွန်းမေးနေတယ်။ ”
သို့သော် ထိုအခွဲမိသားစုအကြီးအကဲက စားပွဲခုံကိုဖြန်းခနဲပုတ်လိုက်ကာ နှောက်ယှက် လာတော့၏။
“ မှန်တယ် ... ဒီကောင်လေးက မာနကြီးလွန်းတယ် ငါတို့သူ့ကို ဒီအတိုင်းသာ ဆက်ထားရင် ရှက်စရာကောင်းမယ်။ ”
“ ငါ့မြင်အရတော့ ... သူ့ကို သင်ခန်းစာအရင်သင်ပေးပြီး အခြေအနေကို နားလည်အောင် လုပ်သင့်တယ်။ ”
အခွဲမိသားစု အကြီးအကဲများသည် စုရီကို ရှေးမစွတည်းကပင် မကြိုက်ခဲ့ကြသောကြောင့် အခွင့်အရေးကို ဆုပ်ကိုင်လာတော့သည်။
ရီကျိရှန်နှင့် အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးသည် နှလုံးသားများ အေးခဲသွား၏။
မည်သို့ပင်ဆိုစေကာမူ စုရီသည် သူတို့ ဖိတ်ကြားထားသော ဧည့်သည်တော်ဖြစ်သည်။ ယခုအချိန်မျိုး၌ တစ်ဖက်လူသည် သူတို့အတွက် စကားများပင် ပြောဆိုပေးနေ၏။
ထို့ကြောင့် သဘာဝအတိုင်း အနိုင်ကျင့်ခံရမည်ကို မမြင်တွေ့လိုသောကြောင့် ဝင်ရောက်ဟန့်တားရန်ပြင်လိုက်သည်။ သို့သော် စုရီက မျက်မှောင်ကြတ်လျက် သူ့စကားကို ဆက်ပြေလိုက်၏။
“ ကောင်းပြီ တတိယကိစ္စ နောက်မှပြောရအောင် ဒီကိစ္စနှစ်ရပ်ကိုပဲ အရင်ဖြေရှင်းမယ်။ ”
ဤတစ်ကြိမ်၌ အစောပိုင်းအချိန် ဝင်ရောက်မေးခွန်းထုတ်ခဲ့သော အကြီးအကဲက ချက်ချင်းထရပ်လာကာ၊
“ အရိုင်းအစိုင်းလေး ... ဒူးထောက်ပါ။ ”
-ဟု အော်ဟစ်လျက် လက်ဝါးဖြင့် လှမ်းရိုက်တော့သည်။
သူ့အမည်မှာ ရီရှင်းကျစ်ဖြစ်ပြီး အခွဲမိသားစု၏ပြီးပြည့်စုံသော ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူဖြစ်၏။
ထိုအချိန်တွင် ယွီရှစ်သည် ရပ်ကြည့် မနေနိုင်တော့ဘဲ သက်ပြင်းချကာ၊
“ တာအိုမိတ်ဆွေ ... ဒီမိတ်ဆွေလေးအတွက် အခက်အခဲမဖြစ်ရအောင် ကျေးဇူးပြုပြီး မျက်နှာသာပေးလို့ ရမလား။ ”
-ဟု မေးမြန်းလိုက်သည်။
သူ့အသံကြောင့် ရီရှင်းကျစ်လက်ဖဝါးမှာ လေထုအလယ် သဲလွန်စမရှိ ပျောက်ကွယ်သွား တော့၏။ ထို့နောက် ယွီရှစ်မှ စုရီထံလှည့်ကာ၊
“ မိတ်ဆွေလေး ... မင်းရဲ့သတ္တိက ထူးထူးခြားခြားပဲ ငါ့ရဲ့ညံ့ဖျင်းမှုကိုဝန်ခံဖို့တောင် ရှက်လွန်းနေပါပြီ ဒါပေမယ့် မင်းဝင်စွက်ဖက်ရင် မင်းအသက် ဆုံးရှုံးနိုင်တယ် ငါ့အကြံဉာဏ်ကို လိုက်နာပြီး ဒီမှာတင်ရပ်လိုက်ပါ။ ”
-ဟု နှစ်သိမ့်သည်။
“ မှန်တယ် ... မင်းလွန်ကျူးလာလို့ လွှတ်ထားလိုက်ရင် ငါ့မျိုးနွယ်က အရည်အချင်း မပြည့်မီဘူးလို့ ထင်ကြလိမ့်မယ် ...
... ဒါကြောင့် ငါ့တို့ဘိုးဘေးတံဆိပ်ကို အခုပြန်အပ်ပြီး ဒူးထောက်တောင်းပန်လိုက်ပါ ဒါဆိုမင်းအသက်ကို ငါချမ်းသာပေးမယ်။ ”
ရီသွမ့်ဟဲမှ အေးစက်စွာဖြင့် ဝင်ရောက် ပြောကြားလာ၏။
“ မင်း ဘာရပ်လုပ်နေတာလဲ ... ဒူးထောက်တောင်းပန်ပါ တတိယအကြီးအကဲ ကရုဏာကြောင့်သာ မဟုတ်ရင် ... မင်းရဲ့ အရိုးတွေကို ငါချေမွပစ်လိုက်ပြီ။ ”
“ ရွှပ် ... ။ ”
သို့သော် သူ့စကားမဆုံးမီ နတ်တောင်ကြီးတစ်လုံး ပြိုကျကာ အသားနှင့် အရိုးများပုံကျသွား၏။ သွေးများ နေရာအနှံ့ ပြန့်ကျဲလျက် လူတိုင်းတိတ်ဆိတ်သွားချေပြီ။
မြင်ကွင်းသည် မယုံနိုင်လောက်အောင် ထိတ်လန့်စေ၏။ ဘိုးဘေးနန်းဆောင်အတွင်း၌ အပြင်လူတစ်ယောက်သည် မြွေတစ္ဆေမျိုးရိုး အကြီးအကဲ တစ်ယောက်ကို သတ်ပစ် လိုက်ချေပြီ။ မည်မျှ ရဲရင့်သနည်း။
ရီကျိရှန်နှင့် အနက်ဝတ်မိန်းကလေးမှာ အံ့အားသင့်သွား၏။ စုရီသည် ဤမျှပြတ်သားစွာ လှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ချေ။
ဤပြစ်မှုသည် စုရီအတွက် ဆုတ်ခွာရန် လမ်းကို ဖြတ်တောက်လိုက်ခြင်း မည်ချေသည်။ ခြေဖျား၊ လက်ဖျားများ အေးစက်သွားကာ နှလုံးသားများ နစ်မြုပ်သွားကြ၏။
“ အခုချိန်ကစပြီး သေမှာမကြောက်တဲ့ လူတွေထရပ်နိုင်ပြီ။ ”
သို့သော် တစ်ဖက်တွင် စုရီသည် ကျေနပ်ခြင်းမရှိသေးဘဲ လူအုပ်ကြီးထံ ထပ်မံ စိတ်ခေါ်လိုက်ပြန်၏။ ရီသွမ့်ဟဲနှင့်အဖွဲ့သည် မျက်နှာများမည်းမှောင်လျက် ဒေါသများ တောက်လောင်လာခဲ့သည်။
“ ဒီလိုအရိုင်းအစိုင်းအတွက် အသနားခံပေးဝံ့တဲ့သူ ငါ့မျိုးရိုးရဲ့ရန်သူပဲ။ ”
ဤသည်မှာ အနက်ရောင်ဝတ် မိန်းကလေး၊ ရီကျစ်ရှန်၊ ယွီရှစ်နှင့် ပင်မမိသားစုဝင်များအပေါ် သတိပေးချက်ဖြစ်ချေပြီ။ ထို့နောက် ရီသွမ့်ဟဲမှ လက်ဝှေ့ယမ်းလျက် အေးစက်သောအသံဖြင့်၊
“ အစောင့်တွေ ဒီလာပြီး လူသတ်သမားကို ချက်ချင်းသတ်ပါ ... ။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
***