← Chapters

သူ့ကို ငါကိုင်တွယ်ပါရစေ။

Vol. 59 Ch. 702

သူ့ကို ငါကိုင်တွယ်ပါရစေ။

Vol. 59 Ch. 702

ရီသွမ့်ဟဲ၏ ကြောက်စရာကောင်းသော သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်သည် လေထု အလယ် ပြည့်နှက်လာပြီး လူအများကို အရိုးများအေးစက်သွားစေ၏။

“ နောက်ဆုံးတော့ ဒါက စိတ်ဝင်စားစရာဖြစ်လာပြီ။ ”

ထိုမြင်ကွင်းကြောင့် ကျန့်ယင်လျူက ပြုံးလျက်မှတ်ချက်ပေး၏။ ဘေးရှိ ကောက်ရိုး ဝတ်ရုံဖြင့် အဖိုးအိုမှ၊

“ ကံမကောင်းစွာနဲ့ပဲ ဒီကောင်လေးမှာ ဝှက်ဖဲတွေ ဘယ်လောက်ပဲရှိနေပါစေ ဒီနေ့ သေရတော့မယ်။ ”

-ဟု ညည်းတွားလိုက်သည်။ လက်ရှိအခင်းအကျင်းသည် ယွီရှစ်ကို မသက်မသာဖြစ်စေ၏။

ဤလူငယ်ကို ဖျောင်းဖျခဲ့သော်လည်း သူ့အကြံဉာဏ်အပေါ် လျစ်လျူရှုရုံသာမက အခွဲမိသားစုအကြီးအကဲ တစ်ယောက်ကိုပင် သတ်ပစ်လိုက်ချေပြီ။

ထိုစဉ် ကနဦး ရွှမ်ကျောက်အဆင့် ဧကရာဇ်တစ်ပါးဖြစ်သော ရီကျင်းဆိုသူသည် အခန်းထဲ ချက်ချင်းဝင်ရောက်လာ၏။

သူ့အမူအရာသည် သစ်သားကဲ့သို့ ခံစားချက်ကင်းမဲ့နေကာ စကားတစ်ခွန်းမျှ မပြောချေ။ ခြေလှမ်းတိုင်း ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များ စုစည်းထားလေသည်။

ထိုဖိအားသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ပွဲဝင်ဆန္ဒများကို ဖြိုခွဲပစ်ရန်လုံလောက်၏။

“ မင်းသေလိုက်တော့ ... ။ ”

ရီကျင်းက ရောက်ရှိသည်နှင့်တပြိုင်နက် ညာလက်ကို ဓားသွားအသွင်ခုတ်ပိုင်းလာသည်။ အနက်ရောင် ဓားအလင်းတစ်လက် လျှပ်စီး ကဲ့သို့ ပျံသန်းသွား၏။

နက်နဲအဆင့် တာအိုနိယာမများသည် နားမလည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်လာချေပြီ။

ဧကရာဇ်နယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် ဤအချိန် ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်သည် ရှောင်တိမ်းရန် အချိန်နှောင်းသွားပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်၏။

“ ချွင် ... ။ ”

ထိုစဉ် စုရီထံမှ ဓားမြည်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်မိစ္ဆာဓား ပေါ်လာပြီး ဖျတ်ခနဲအလင်း တစ်ချက် ခတ်သွား၏။

လေဟာနယ်သည် ကင်းဗတ်စတစ်ခုကဲ့သို့ ကွဲအက်သွားသည်။ ရီကျင်း၏ ဓားအလင်းသည် အလယ်မှ ဖြတ်တောက်ခံလိုက်ရချေပြီ။

ယင်းသည် အဆုံးမဟုတ်သေးချေ။ သုံးပေအကွာရှိရီကျင်း၏ မျက်ခုံးနှစ်ဖက်ကြား သွေးတစ်စက် စွန်းထင်းလာခဲ့သည်။

လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ရီကျင်း၏ ခံစားချက် ကင်းမဲ့သည့်မျက်နှာပေါ်တွင် တုန်လှုပ်နေသော အကြည့်များ ပေါ်လာတော့၏။

အဆုံး၌ လဲပြိုလျက် လေထုအလယ် အမှုန်အဖြစ် ပြောင်းလဲသွားလေသည်။ အသက် တရှိုက်စာအတွင်း ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ပျက်သုန်းသွား၏။

ရွှမ်ကျောက်ဧကရာဇ် တစ်ပါးသည် ဓားတစ်ချက်ဖြင့် ချက်ချင်းပျောက်ကွယ်အောင် မည်သည့်အချိန်မှစကာ အားနည်းနေသနည်း။

ဖော်မပြနိုင်သော ထိတ်လန့်မှုနှင့် တုန်လှုပ်ချောက်ချားမှု အာရုံများသည် လူတိုင်း စိတ်ထဲ လွှမ်းခြုံလာ၏။

ရီကျိရှန်နှင့် အနက်ရောင်ဝတ် ကောင်မလေးသည် အကြည့်ချင်းဖလှယ်ကာ နှစ်ယောက်သား စကားမဲ့သွားချေပြီ။

“ ဘယ်သူ စမ်းချင်သေးလဲ။ ”

စုရီက တည်ငြိမ်စွာ ဖိတ်ခေါ်လိုက်၏။ လက်ရှိအချိန်၌ စုရီထံကြည့်သော မျက်ဝန်းများ အတွင်း အံ့ဩမှုများ ပြည့်နှက်နေသည်။

“ ဟမ့် ... ဘယ်လောက်ရဲရင့်လဲ ငါ့မျိုးနွယ်ဘိုးဘွားနန်းဆောင်မှာ လူသတ်မှုတွေ ကျူးလွန်တာ ဘယ်သူမှမရှိဘူး ထင်နေလား။ ”

ရီသွမ့်ဟဲတစ်ယောက် အေးစက်စွာ ဟစ်အော်လိုက်လေသည်။ စုရီက လျစ်လျူရှု ထားပြီး၊

“ တကယ်ပဲ ငါ့ကိုတားနိုင်တဲ့လူ ... ဒီမှာဘယ်သူမှမရှိဘူး။ ”

-ဟု တုန့်ပြန်လိုက်တော့၏။

ဤမတိုင်မီဆိုက ထိုစကားများသာ ကြားသိသော် မဆင်မခြင်နိုင်ပြီး ဟာသအဖြစ် မြင်မိကြပေမည်။ ယခုမူ မည်သူမျှ မရယ်ဝံ့ချေ။

ဤသည်မှာ ဧကရာဇ်တစ်ပါးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း၏ ဖိအားများပေပင်။

ဤကမ္ဘာကြီးတွင် တာအိုသည် ကောင်းကင်နှင့်တူပြီး ဧကရာဇ်များသည် နတ်ဘုရားများဖြစ်ချေ၏။

သမိုင်းတလျှောက် မည်သူမျှ မဖြတ်ကျော်နိုင်သော အတားအဆီးပေပင်။ စုရီအတွက်မူ ဓားတစ်ချက်သာဖြစ်၏။

ဤဓားချက်၌ပါရှိသော ကြောက်မက်ဖွယ် အဖျက်စွမ်းအားသည် သူတို့၏ နားလည်မှုထက် ကျော်လွန်နေသည်။

၎င်းသည် ဝိညာဉ်တာအိုနယ်ပယ်နှင့် ဧကရာဇ်တစ်ပါးကြား တိုက်ပွဲ မဖြစ်ပွားခဲ့ဘဲ သနားစရာအသတ်ခံရခြင်းဖြစ်၏။

“ ဟမ့် ... ။ ”

ရုတ်တရက် ရွှမ်ယုအဆင့်ရောင်ဝါများ ခန်းမအတွင်းပျံနှံ့လာကာ ရီသွမ့်ဟဲက ထရပ် လိုက်တော့သည်။ သို့သော် ကျန့်ယင်လျူမှ လက်ကာပြလျက် ရပ်တန့်စေကာ စုရီထံ လှမ်းကြည့်၏။

ဤကောင်လေးသည် အမှန်ပင် အရည်အချင်းရှိချေပြီ။ ထိုသို့သော ဓားသမားမျိုး အရိုင်းမြေ၌ပင်ရှားပါး၏။ ထို့ကြောင့် မျက်ဝန်းများ တဖျပ်ဖျပ် တောက်ပလာပြီး၊

“ မိတ်ဆွေလေး ... မင်းသာ ဆန္ဒရှိနေမယ်ဆိုရင် မင်းအသက်ကိုနှမြောဖို့ မြွေတစ္ဆေမျိုးရိုးဆီ ငါပေးချေနိုင်တယ် ...

... မင်းပြန်ပေးရမှာက ရိုးရှင်းပါတယ် အခုချိန်ကစပြီး ငါ့စကားကိုနာခံဖို့ပဲ ဘယ်လိုလဲ စိတ်ဝင်စားလား။ ”

-ဟု ကမ်းလှမ်းတော့သည်။

သူမ စကားကြောင့် လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ရီသွမ့်ဟဲနှင့် အဖွဲ့သည် အမူအရာများပြောင်းသွား၏။

ကျန့်ယင်လျူသည် စုရီ၏ အရည်အချင်းများကို အလေးထားလာလိမ့် မည်ဟု မထင်ထားချေ။ ဤသို့ဖြစ်လာသော် ဆက်ဆံရ ခက်ခဲသွားပေမည်။

“ ကမ္ဘာကြီးမှာ ဓားတာအိုနဲ့ ပတ်သတ်လာရင် ကောင်းကင်လှိုဏ်ဂူဆိုတာ ထိပ်တန်းမြင့်မြတ်မြေပဲ ... ။ ”

ကျန့်ယင်လျူလေသံတွင် ဂုဏ်ယူမှု အပြည့်ရှိနေသည်။ သူမက စုရီထံ စိုက်ကြည့်ပြီး၊

“ ငါ့ဂိုဏ်းတည်ထောင်သူက အရိုင်းမြေကိုးပါးကို အုပ်စိုးခဲ့တဲ့ နတ်ဓားရှင် ရွှမ်ကြွယ်ပါ ... ငါ့ဆရာက ဘိုးဘေးရဲ့ တပည့်ကြီးပဲ ...

... ဒါကြောင့် မင်းရဲ့အရည်အချင်းကို မဖြုန်းတီးစေချင်ဘူး မင်းရူးမိုက်မိုက်မလုပ်ခင် ပြန်စဉ်းစားသင့်ပြီ။ ”

-ဟု ပြောကြားလိုက်သည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ် သွားတော့၏။ ကျန့်ယင်လျူ၏ အဆင့်အတန်း အရ မည်သူမျှ ဤကမ်းလှမ်းမှုအပေါ် မနှောက်ယှက်ဝံ့ချေ။

စုရီက မျက်ခုံးပင့်လျက် သူမကို ပြန်ကြည့်သည်။ ကောင်းကင်လှိုဏ်ဂူအမည်ကို သုံးကာ သူ့ထံချဉ်းကပ်နေခြင်းသည် ရယ်စရာ ကောင်းနေ၏။

သို့သော် ဤမိန်းကလေးသည် သူမဘိုးဘေးအပေါ် နှလုံးသားထဲအလေးအမြတ် ထားနေကြောင်းကို ပြောနိုင်သည်။

ပင်းမိုသည် ရွှမ်ကြွယ်မဟာမိတ်ကို တည်ထောင်ပြီး ကောင်းကင်လှိုဏ်ဂူအမွေခံ အဖြစ် အခိုင်အမာဆိုထားပုံရ၏။

ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသည်။ ကျန်ယင်လျူအနေဖြင့် သူမ၏ ဆရာသခင်သည် မည်သို့သော လူစားဖြစ်မည်ကို မသိချေ။ ထို့ကြောင့် စုရီမှ ခေါင်းရမ်းကာ၊

“ မင်းအတွက် အကြံဉာဏ်တစ်ခုရှိတယ် ဒီနေ့ပြဇာတ်ကိုဘေးကနေကြည့်ပါ မဟုတ်ရင် အကျိုးဆက်ကို မင်းခံစားရလိမ့်မယ်။ ”

-ဟု သတိပေး၏။

ကျန့်ယင်လျူမှ အံ့အားသင့်သွားပြီး လူအများပင် မျက်လုံးပြူးကုန်၏။ ရီသွမ့်ဟဲနှင့် အဖွဲ့သည်သာ ရွှင်မြူးကုန်တော့သည်။

“ လူမိုက် ... ။ ”

တစ်ဖက်လူသည် လွတ်မြောက်ရန် လမ်းစအပေါ် အမှန်ပင် ဖြတ်တောက်နေချေပြီ။ မောက်မာလွန်းနေလှ၏။

“ တာအိုကျန့် ... ဒီအရိုင်းအစိုင်းလေးက ဘာကောင်းမှန်းမသိဘူး သူ့စိတ်နေစိတ်ထားက ထင်ရာဆိုင်းပြီး မာနကြီးလွန်းတယ် ... မင်းသူ့ကို အရိုင်းမြေဆီ ...

... ခေါ်ဆောင်သွားရင်တောင် မင်းအတွက် ဘယ်လောက်ဒုက္ခရောက်မယ်ဆိုတာ ဘယ်သူ သိမှာလဲ။ ”

ရီသွမ့်ဟဲက ဝမ်းသာအားရ ဝင်ရောက် မှတ်ချက်ပေးလိုက်သည်။ မဟုတ်သော် စုရီသာ စိတ်ပြောင်းသွားပါက ယနေ့မြွေတစ္ဆေမျိုးနွယ်မှ အကြီးအကဲနှစ်ယောက် သေဆုံးခြင်းသည် ဟာသဖြစ်သွားပေလိမ့်မည်။

“ ကောင်းပြီ၊ ငါဘာမှမပြောဘူးလို့ ဟန်ဆောင်လိုက်ရအောင်။ ”

ကျန့်ယင်လျူမှ ခေါင်းညိတ်လျက် ဆုတ်ခွာသွားတော့၏။ စုရီသည် သူမစေတနာ အပေါ် လူသိရှင်ကြား ငြင်းဆိုရုံသာမကဘဲ သူမကို ခြိမ်းခြောက်နေချေပြီ။ ဒေါသ ထွက်စရာပေပင်။

ထိုမြင်ကွင်းကြောင့် ရီသွမ့်ဟဲသည် စုရီထံလှမ်းတက်လာပြီး သတ်ဖြတ်လိုသော ဆန္ဒများ ထုတ်လွှတ်လိုက်၏။

ဘိုးဘေးနန်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားချေပြီ။ ခန်းမမျက်နှာကျက်ပေါ်ရှိ ငွေရောင်ကြယ်ပွင့်များကဲ့သို့သော ကြယ်ကျောက်တုံးများသည် အလင်းများ ထုတ်လွှတ်လာ၏။

ဤသည်မှာ တာမြစ်ဝင်္ကပါပေပင်။ ၎င်းတို့သည် ရီသွမ့်ယု၏ ရောင်ဝါစွမ်းအားကို စုပ်ယူသွား၏။ မဟုတ်သော် နန်းဆောင်တစ်ခုလုံး ပြိုကျသွားနိုင်မည်။

လူတိုင်းရေခဲလှိုဏ်ဂူထဲ ကျရောက်သွားသကဲ့သို့ တုန်ယင်အေးစက် ကုန်တော့သည်။ ရီကျင်းနှင့် ရီသွမ့်ဟဲကြား ကွာဟချက်မှာ များပြားလွန်း၏။

“ သူ့ကို ... ငါကိုင်တွယ်ပါရစေ ... မဟုတ်ရင်မင်းရဲ့လက်မှာ အညစ်အကြေးတွေ စွန်းထင်းသွားလိမ့်မယ်။ ”

ရုတ်တရက် ခန်းမအပြင်မှ မောက်မာသောအသံနှင့်အတူ သွေးဆာနေသည့် အငွေ့အသက်များသည် မုန်တိုင်းအသွင် ရွေ့လျားလာတော့၏။

ရီသွမ့်ဟဲတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လျက် ခြေလှမ်းများရပ်ကာ ချက်ချင်းမော့ကြည့်လိုက်သည်။ ဤအသံတွင် ဝိညာဉ်ကို ကြွေလွင့်စေနိုင်သောဖိအားများ ပါရှိနေချေပြီ။

စုရီတစ်ယောက် လက်တစ်ဖက် နောက်ပို့လျက် ကျန်တစ်ဖက်တွင် ဓားကိုင်ထား နေရာမှ မျက်ခုံးပင့်လိုက်တော့သည်။

***

All Chapters