ဘိုးဘေး ... ။
Vol. 59 Ch. 706
လျှပ်စီးအလား ဝင်ရောက်လာသူသည် အနက်ရောင်၀တ်စုံ၀တ်ဆင်လျက် ဓားရှည်ကို ကျောပေါ်တွင် သယ်ဆောင်ထားသည်။ သူ့မျက်လုံးများသည် စူးရှပြီး ခံ့ညားသော ရောင်ဝါများဖြင့် တောက်ပနေ၏။
ကြောက်မက်ဖွယ် ကောင်းသော ထက်ရှနေသည့် သတ်ဖြတ်ခြင်း ရောင်ဝါများ ထွက်ပေါ်လာသည်။
သားသတ်သမားသည်ပင် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ထိုကဲ့သို့ ထက်ရှလွန်းသော ဓားရည်ရွယ်ချက်တစ်ခု မြွေတစ္ဆေမျိုးနွယ်၌ ရှိနေသည်လော။
“ မင်္ဂလာပါ ဒုတိယအကြီးအကဲ။ ”
တစ်ဖက်တွင် အသစ်ဝင်လာသူ၏ အသွင်အပြင်ကို မြင်သောအခါ အနက်ဝတ် ကောင်မလေး၊ ရီကျိရှန်နှင့် ပင်မမိသားစုဝင်များ အားလုံးစိတ်လှုပ်ရှားစွာ ထ၍နှုတ်ဆက်သည်။
ဤသည်မှာ မြွေတစ္ဆေမျိုးနွယ်၏ ဒုတိယအကြီးအကဲ ရီချင်းဟယ်ပေပင်။ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော ရွှမ်ယုဧကရာဇ်တစ်ပါးဖြစ်၏။
ထို့ကြောင့် သူထွက်ပေါ်လာခြင်းသည် ပင်မမိသားစုများကို လုံခြုံမှုပေးစေခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် မြွေတစ္ဆေမျိုးရိုး၏ အခွဲမိသားစုမှ အကြီးအကဲများသည် ခေါင်းငိုက်စိုက်ချကာ အလွန် စိတ်မသက်မသာဖြစ်ကုန်၏။
ရီချင်းဟယ်က ဖရိုဖရဲဖြစ်နေသော ခန်းမအတွင်းဝေ့ကြည့်ကာ မျက်မှောင်ကြုတ် သွားသည်။
ရီသွမ့်ဟဲတစ်ယောက် ဒူးထောက်လျက် ကြမ်းပြင်တွင် အသားနှင့်သွေးများသာရှိနေကာ မျှော်စင်ပိုင်ရှင်နှင့် အမည်မသိ လူငယ်တစ်ဦး ရပ်နေချေ၏။
သူ့စီနီယာအစ်ကို ယွီရှစ်သည်လည်း ရှိနေသည်ကိုမြင်လိုက်ရသည်။ ဤအရာအားလုံး သူ့ကို အလွန်စိတ်ရှုပ်ထွေးသွားစေ၏။
“ ဘာဖြစ်နေတာလဲ ငါ့ကို တစ်ယောက်ယောက် ပြောပြနိုင်မလား။ ”
ရီချင်းဟယ်မှ မေးလိုက်သည်။ ရှကျိရှန်တစ်ယောက် ချက်ခြင်းရှေ့သို့လှမ်းပြီး ဖြစ်ပျက်ခဲ့သမျှကို အမြန်ပြန်ပြောပြ၏။
ထိုစကားများ နားထောင်ပြီးနောက် ရီချင်းဟယ်ကအံ့အားသင့်သွားကာ သူ့အမူအရာ မသေချာမရေရာ ဖြစ်လာသည်။
ယင်-ယန်လမ်းပျက်စီးမှုတွင် ရီယု ပိတ်မိနေခြင်းသည် အတွင်းပိုင်း မငြိမ်မသက်မှု များထံသို့ ဦးတည်သွားပုံပေပင်။
ဤမုန်တိုင်းသည် ယနေ့ဘိုးဘေးခန်းမကို သွေးစွန်းစေ၏။ ရီသွမ်ဟဲနှင့် ကျန့်ယင်လျူတို့ ပူးပေါင်းလိုက်သောအချက်သည် ပို၍ ဒေါသထွက်စရာပေပင်။
တစ်ဖက်တွင် စုရီနှင့် အသားသတ်သမားတို့၏ ပါဝင်စွက်ဖက်မှုမှာ သူ့အသိဉာဏ်ကို ကျော်လွန်နေ၏။ အထူးသဖြင့် စုရီ၏ ခွန်အားပေပင်။ အရာအားလုံးသည် လုံးဝ ယုံနိုင်စရာမရှိချေ။
“ စီနီယာအစ်ကို ဒီနေ့အဖြစ်အပျက်က ငါ့အမှားဖြစ်ကြောင်း ဝန်ခံပါတယ် ... စိတ်ချပါ မျိုးနွယ်စုပေးရဲ့အပြစ်ဒဏ်ကို ငါလက်ခံမှာပါ။ ”
ရီသွမ့်ဟဲမှ တိုးတိုးလေးပြောသည်။
“ ဒါပေမယ့် ... ဒါတွေအားလုံးက မျိုးနွယ်စုအတွက်ပဲလေ အခု အပြင်လူတွေက ငါတို့ရဲ့မျိုးနွယ်ထဲဝင်ပြီး ငါတို့မိသားစုဝင်တွေကို သတ်ဖြတ်နေတယ် တရားမျှတမှုကို ဆောင်ကျဉ်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။”
သူ့စကားသည် စုရီနှင့်သားသတ်သမားကို ဦးတည်နေ၏။ ရီချင်းဟယ်က ခဏမျှနှုတ်ဆိတ် သွားကာ စုရီထံလှည့်ကြည့်လျက်၊
“ ငါမေးချင်တာ တစ်ခုရှိတယ် တာအိုမိတ်ဆွေ။ ”
-ဟု စကားစသည်။
သူ့ကဲ့သို့လူသည်ပင် စုရီအပေါ် ဂျူနီယာတစ်ယောက်အဖြစ် မဆက်ဆံဝံ့မှန်း ဤစကား အသုံးအနှုန်းအရ မြင်သာချေပြီ။
“ ပြောပါ ... ။ ”
“ မင်းနဲ့ ငါ့ရဲ့မျိုးနွယ်စုက ... ဆက်စပ်မှု မရှိပါဘူး ဒါဖြင့် ငါ့မျိုးနွယ်ပဋိပက္ခတွေအတွင်း ပြေငြိမ်းအောင် ကူညီပေးရေးခေါင်းစဉ်နဲ့ ဘာလို့ ရောက်လာရတာလဲ။ ”
ထိုစကားကို ကြားသောအခါတွင် ရောက်ရှိလာသူအားလုံး၏ အကြည့်များသည် စုရီထံသို့ ကျဆင်းသွားကြသည်။
ရီချင်းဟယ် မေးသည့်အတိုင်း စုရီ၏ အသွင်အပြင်သည် ရုတ်တရက်ကြီးဖြစ်ကြောင်း သူတို့သတိရလာ၏။
“ တာအိုစုကို အကြီးအကဲတျန်ချီက ဖိတ်ခေါ်ခဲ့တာပါ။ ”
အနက်ဝတ်ကောင်မလေးမှ ဝင်ရောက် ရှင်းပြသည်။ ရီချင်းဟယ်က သက်ပြင်းချလျက်၊
“ မိန်းကလေး၊ တျန်ချီဆိုတာဟာ အခွဲမိသားစု မိသားစုခေါင်းဆောင် ဖြစ်ပေမယ့် သူ့မှာ ဒီလိုလုပ်နိုင်စွမ်းမရှိပါဘူး ကျေးဇူးပြုပြီး ငါ့ကိုအလင်းပေးပါဦး တာအိုမိတ်ဆွေ။ ”
-ဟု ပြောကြားလိုက်၏။ ရီချင်းဟယ် အကြည့်များသည် သိသိသာသာ စူးရှလာသည်။ သားသတ်သမားက မကျေမနပ်ဖြင့်၊
“ ဟမ့် ... ငါတို့မှာ မကောင်းကြံတဲ့ ရည်ရွယ်ချက်တွေနဲ့လာတာလို့ မင်းထင်သလား ငါတို့ကြောင့်သာမဟုတ်ရင် မင်းရဲ့မျိုးရိုး ဘာဖြစ်ကုန်မယ်ထင်လဲ။ ”
-ဟု ပြန်အော်သည်။ ရီချင်းဟယ်တစ်ယောက် မျက်နှာပျက်ယွင်း သွားတော့၏။ စုရီက လက်ဝှေ့ရမ်းပြီး သားသတ်သမားကို တားသည်။
“ စိတ်ထဲမထားနဲ့ ... အဖြေကို သူသိချင်နေတာ သဘာဝပါပဲ။ ”
နောက်ဆုံးတွင် တစ္ဆေမြွေမျိုးနွယ်သည် ရီယု၏နေအိမ်ဖြစ်ချေ၏။ သူ့လုပ်ရပ်များသည် အနည်းငယ် ရက်စက်လွန်းခဲ့သည်။
သားသတ်သမားက ချက်ချင်းငြိမ်သွား၏။ ဘီလူးစုသည် မြွေတစ္ဆေမျိုးရိုးနှင့် ဆက်ဆံရာ၌ ခံနိုင်ရည်ရှိလာကြောင်း မြင်နိုင်ချေပြီ။
တစ်ချိန်ကသည်သာ ဤသို့ မေးခွန်းထုတ်ဝံ့သော် ဓားချက်တစ်ချက်ဖြင့် အသတ်ခံခဲ့ရဖွယ်ရှိ၏။ စုရီက ပါးစပ်ဟကာ တစ်စုံတစ်ရာကို ထုတ်ယူလျက် လက်ဝှေ့ရမ်း လိုက်၏။
“ ဟမ့် ... ။ ”
ကျောက်စိမ်းရောင် ဝတ်ရုံနှင့် ချောမောလှပသော လူငယ်တစ်ယောက် လေထုအလယ် ထွက်ပေါ်လာသည်။
“ ဒီမှာ ဖြစ်ပျက်သမျှ ... မင်းမြင်တယ် ကျန်တဲ့ကိစ္စတွေကို ငါမင်းနဲ့ထားခဲ့မယ်။ ”
စုရီက ကြိမ်ကုလားထိုင်ကိုဆွဲထုတ်ကာ လူအုပ်၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုလျက် ထိုင်ချလိုက်၏။
လူတိုင်းသည် နားမလည်စွာဖြင့် ရုတ်ချည်းထွက်ပေါ်လာသည့် လူငယ်အပေါ် ကြည့်လိုက်ကြ၏။ ဤလူငယ်ကို သူတို့မသိချေ။ ချောမောပြီး မောက်မာဟန် ရှိနေချေသည်။
“ ဘိုးဘေး ... ။ ”
တစ်ဖက်တွင် ရီချင်းဟယ်၊ ရီသွမ့်ဟဲနှင့် အကြီးအကဲများသည် အံ့အားသင့်လာပြီးနောက် မျက်လုံးများ ပြူးကျယ်သွားတော့၏။
“ ဘိုးဘေး ... တကယ်ပဲ ဘိုးဘေးလား။ ”
ထိုစဉ် ရီသွမ့်ဟဲသည် တုန်လှုပ်သောအသံဖြင့် ရေရွတ်လိုက်တော့၏။
“ ဘာလဲ ... ငါအိမ်နဲ့ဝေးနေတာ နှစ်ပေါင်း (၃၀၀၀၀)ကျော်ပဲ ရှိသေးတယ် မင်းတို့အားလုံး ငါ့ကိုအသိအမှတ် မပြုနိုင်ဘူးလား။ ”
ကျောက်စိမ်းဝတ်လူငယ်က လှောင်ပြောင်လိုက်သည်။ ဤသည်မှာ သဘာဝ အတိုင်း ရီရွှမ်ဖြစ်ချေ၏။
“ ဦးလေး ... ဒါဆိုတကယ်ပဲ မင်းကိုး။ ”
ရီချင်းဟယ်က နောက်ဆုံးတွင် သူ့အာရုံ ပြန်ရလာပြီး စိတ်လှုပ်ရှားမှုများ မြင့်တက်လာ တော့၏။
ထိုမြင်ကွင်းသည် လူများစွာအတွက် လုံးဝအံ့ဩစရာဖြစ်ကာ လူအုပ်ကြီးသည်လည်း တုန်လှုပ်သွားလေသည်။
သူတို့သည် ရီရွှမ်အထောက်အထားကို ခန့်မှန်းပြီးဖြစ်၏။ တစ္ဆေမြွေမျိုးနွယ်စုအတွင်း နှစ်ထောင်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံသော ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲ၏ ဦးလေးခေါ်ထိုက်သူသည် ပုဂ္ဂိုလ်တစ်ဦးသာ ရှိသည်။
ဘိုးဘေးရီယု၏ မောင်ငယ်လူရှုပ်လေး ရီရွှမ်ဖြစ်၏။ ထိုသို့ ကြောက်စရာကောင်းအောင် ကြီးမြတ်သောဘိုးဘေးသည် ဤနည်းဖြင့် ဘိုးဘွားခန်းမထဲ ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားချေ။ မထင်မှတ်လောက်အောင်ပေပင်။
“ ဒါဆို သူပဲ ... ။ ”
ယွီရှစ်နှင့် ဧည့်သည်တော်များက နောက်ဆုံးတွင် သတိရသွားကြတော့သည်။ ဤသည်မှာ မရဏကမ္ဘာတွင် နာမည်ဆိုးနှင့် ကျော်ကြားသော လူရှုပ်ဖြစ်၏။
သောင်းကျန်းပြီး မာနကြီးကာ မရေမတွက်နိုင်အောင် ဒုက္ခများ ဆောင်ကျဉ်းသူ ပေပင်။
စုရီနှင့် သားသတ်သမားသည် မြွေတစ္ဆေမိသားစု၏ အရေးကိစ္စများအတွင်း အဘယ့်ကြောင့် ပါဝင်လာရသည်ကို နောက်ဆုံး နားလည်သွားတော့သည်။
“ ဦးလေး မင်းဘယ်တုန်းက ပြန်ရောက်တာလဲ။ ”
ရီချင်းဟယ်မှ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ အခု ... ဒီအကြောင်းတွေပြောဖို့ အချိန်ကောင်းပဲလို့ မင်းထင်နေလား။ ”
ရီချင်းဟယ်တစ်ယောက် ချက်ချင်းပင် ရှက်ရွံ့သွား၏။ ဂုဏ်သိက္ခာရှိသော ဒုတိယ အကြီးအကဲဟူသည် ချက်ချင်းအပြစ်ရှိသော ကောင်လေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။
“ ဦးလေး၊ မင်းနဲ့ အဲဒီတာအိုစုက ... ။ ”
ရီသွမ့်ဟဲက အံကြိတ်လျက် မေးမြန်းလိုက်သည်။
“ မင်းနဲ့ ကျန့်ယင်လျူသာ ငါ့အကြောင်းကိုသိခဲ့ရင် ... ရီတျန်ချီလို ဆူးပင် တစ်ပင်အဖြစ်မြင်ပြီး ဖျက်ဆီးခံရလိမ့်မယ် အခု ငါ့ရဲ့ကျင့်ကြံမှုက ပျက်စီးနေပြီး မင်းငါ့ကို သတ်ချင်ရင် အရမ်းလွယ်တယ် မဟုတ်လား။ ”
ရီရွှမ်၏စကားကြောင့် ရီသွမ့်ဟဲခမျာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားကာ၊
“ ဦးလေး ... ငါ့မှာဒီလိုအတွေးမျိုး ဘယ်တော့မှ မတွေးဝံ့ပါဘူး။ ”
-ဟု ကမန်းကတန်း ပြောကြား၏။ ရီရွှမ်မှ ရီသွမ့်ဟဲကို လေးလေးနက်နက် စိုက်ကြည့်ပြီး၊
“ ဒါမင်းရှုံးသွားလို့ပဲ ... မင်းသာ ဒီနေ့အောင်နိုင်သွားရင် အရာအားလုံး ကွာခြား သွားလိမ့်မယ် မဟုတ်လား။ ”
ဤစကားလုံးများသည် လက်ရှိ ရှိနေသူတိုင်း၏ အပြောအဆိုနှင့် အမူအရာများ အပေါ် ရှုပ်ထွေးစေ၏။
“ အချိန်မဖြုန်းနဲ့ ... ။ ”
မနီးမဝေးတွင် ထိုင်နေသောစုရီသည် အနည်းငယ် စိတ်မရှည်တော့ချေ။ သည်ကောင် စကားအရမ်းများချေပြီ။ ထို့ကြောင့်ပင် လွှတ်မပေးဘဲ ချိပ်ပိတ်ထားခြင်းဖြစ်၏။
“ ဒီအဆင့်အထိ အခြေအနေတွေ ဖြစ်လာကြပြီဆိုတော့ အရှုပ်အထွေးတွေကို ရှင်းဖို့ ငါတို့ဘာလုပ်သင့်တယ်လို့ ထင်လဲ။ ”
ရီချင်းဟယ်က ချက်ချင်း ဦးညွှတ်ကာ၊
“ ဦးလေး မင်းဆုံးဖြတ်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ယောက်ဖ... ဟမ့် အစ်ကိုစု၊ မင်းပြောချင်တာ ရှိသေးလား။ ”
ရီရွှမ်တစ်ယောက် ပါးစပ်မှ ယောင်ထွက်သွားသဖြင့် ချက်ချင်းပြင်ဆင် လိုက်ရလေသည်။
တစ်ဖက်တွင် စုရီ၏ ထင်မြင်ချက်ကို တောင်းခံနေသော သူ့အသွင်ကြောင့် မြွေတစ္ဆေ မိသားစုဝင်များသည် မျက်လုံးပြူးကုန်၏။
ဤစုရီသည် မည်သူနည်း။ ထိုမျှော်စင်ပိုင်ရှင်သည်ပင် လေးလေးစားစား ဆက်ဆံကာ ဘိုးဘေးရီရွှမ်မှ ထင်မြင်ချက် တောင်းခံနေ၏။
“ မင်းရဲ့ မြွေတစ္ဆေမျိုးနွယ်ကိစ္စကို မင်းကိုင်တွယ်နိုင်တယ်။ ”
ထို့နောက် သွေးငှက်မိစ္ဆာမျိုးနွယ် ရှင်းတျန်ထံ လက်ညှိုးညွှန်ပြပြီး၊
“ သူ့အသက်ကို ချမ်းသာပေးမယ်လို့ ငါကတိပေးတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ နားလည်ပါပြီ။ ”
စုရီစကားကြောင့် စိတ်ပျက်နေသော ရှင်းတျန်သည် စိတ်လှုပ်ရှားစွာဦးညွှတ်လျက်၊
“ မင်းရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ”
-ဟု ချက်ချင်း ပြောကြားလာ၏။
စုရီက သူမကိုလျစ်လျူရှုကာ ကျန့်ယင်လျူထံ တစ်ချက်ကြည့်လိုက်သည်။ သူမသည် ပင်းမိုတပည့်တစ်ဦး ဖြစ်သော်လည်း အမှန်တရားကို မသိရှိထားချေ။
ထို့အပြင် ဤအမျိုးသမီးသည် ကောင်းကင်လှိုဏ်ဂူ၏ ဆက်ခံသူဖြစ်ကြောင်း အမြဲပြောကြားလေ့ရှိပြီး သူမကြံစည်သမျှသည် စကြာဝဠာနှလုံးသားဓားကို ဂိုဏ်းအတွက် ပြန်ယူရန်သာဖြစ်၏။
ဤအရေးတွင် ကျန့်ယင်လျူသည် ဦးညွှတ်ရန်ငြင်းဆိုကာ သေခြင်းတရားကိုသာ သတ္တိရှိရှိ တောင်းဆိုနေခဲ့သည်။
“ သူ့ကို ငါမေးစရာရှိတယ်။ ”
“ ကောင်းပြီ ... ။ ”
ရီရွှမ်တစ်ယောက် သဘောတူသည်။ ကျန့်ယင်လျူမှ နှုတ်ဆိတ်ကာ ငြိမ်သက်သွား၏။
“ ငါအပြင်မှာ စောင့်နေမယ်။ ”
ထို့နောက် စုရီကထရပ်ပြီး ကြိမ်ကုလားထိုင်ကိုသိမ်းယူကာ ခန်းမထဲမှ ထွက်ခွာသွားလေသည်။ သားသတ်သမားက အမြန်လိုက်သွားတော့၏။
ထိုစဉ် အနက်ဝတ် မိန်းကလေးသည် စုရီပြောခဲ့သော ကိစ္စသုံးရပ်ကို သတိရလာ တော့သည်။
ပထမ မြွေတစ္ဆေမျိုးရိုး၏ အတွင်းရေးကို ဖြေရှင်းရန်ဖြစ်၏။ ဒုတိယ မငြိမ်မသက်မှုများ၏ တရားခံကိုရှာရန်ပေပင်။ တတိယအတွက်မူ ... ။
***