ကြာပန်းတောင်ထိပ်သို့ ... ။
Vol. 59 Ch. 699
“ အဟွတ် ... အဟွတ် ... ။ ”
သားသတ်သမားအိုကြီးက ချောင်းခြောက်ဆိုးပြီး၊
“ မင်း ... အရမ်းစိတ်ထဲမထားနဲ့ ... ။ ”
-ဟု တုန့်ပြန်လိုက်၏။ စုရီက ပြုံးကာ၊
“ မင်းလိုချင်တဲ့အချိန်တိုင်း စမ်းကြည့်နိုင်ပါတယ် ... မင်းကို မထိခိုက် စေရဘူးလို့ ငါကတိပေးတယ်။ ”
-ဟုဆိုလျက် သူ့အခန်းထဲ လှည့်ဝင်သွားလေသည်။
ကျန့်ယင်လျူ ရောက်ရှိလာခြင်းသည် သူ့စိတ်အခြေအနေကို ပျက်ပြားသွားစေပြီး ကျင့်ကြံခြင်းအပေါ်သာ ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့၏။
ကောင်တာနောက်ရှိ သားသတ်သမားအိုကြီးသည် တိတ်ဆိတ်စွာ ထိုင်လျက် တွေဝေစွာကျန်ရစ်ခဲ့ချေပြီ။
စုရီ၏စကားသည် သတိပေးချက်တစ်ခုမှန်း သူသိသည်။ နောက်တစ်ကြိမ်သာရှိခဲ့သော် စုရီမှ သူ့ကိုရှင်းပြရန် အခွင့်အရေးမပေးဘဲ တိုက်ရိုက် တိုက်ခိုက်ပေလိမ့်မည်။
ထိုစဉ်က တစ်ဖက်လူ လက်ထဲတွင် ရှုံးနိမ့်သွားသည့် မြင်ကွင်းများကို တွေးတောပြီး နှလုံးသားတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တင်းကြပ်သွားလေသည်။
ထိုတိုက်ပွဲသည် ရက်စက် ကြမ်းကြုတ်လွန်းလှသဖြင့် နှလုံးသားထဲတွင် အရိပ်တစ်ခု ကျန်နေခဲ့၏။
“ ဘာပဲဖြစ်ဖြစ် ... ဒီကောင့်ကို ငါထပ်မစမ်းနိုင်ဘူး မဟုတ်ရင် သူငါ့ကိုမသတ်ရင်တောင် သူ့စိတ်ထားကြောင့် ငါသေချင်သေသွားမှာ သေချာတယ် ... ။ ”
သားသတ်သမားက သူ့ကိုယ်သူ သတိပေးလိုက်သည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်လာတော့၏။
ဩဂုတ်လ (၁၅)ရက်၊ နံနက် အစောပိုင်းမိုးလင်းသည်နှင့်တပြိုင်နက် မျှော်စင် အပြင်ဘက်တွင် ကြီးကျယ်ခမ်းနားသော ရထားလုံးတစ်စင်း ရောက်ရှိနေသည်။
ထို့နောက် အနက်ရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ယောက်သည် ရထားလုံးပေါ်မှဆင်းကာ မျှော်စင်ထဲသို့ ဝင်လာ၏။
စုရီသည် စားပွဲတစ်ခုတွင် တစ်ယောက်တည်းထိုင်ကာ မနက်စာ စားနေ သည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းက အနက်ရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးကို မျက်ခုံး ပင့်မိစေ၏။ ဤရက်များအတွင်း မျိုးနွယ်စု ခေါင်းဆောင်အသစ်တစ်ဦးကို တင်မြှောက်မည် ဖြစ်ရာ မြို့တော်အတွင်း မငြိမ်မသက်မှုများနှင့် လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် စုရီသည် မနက်စာများ အေးအေးဆေးဆေး စားသောက်နေသည်ကို မြင်လိုက်ရသဖြင့် ရှုပ်ထွေးသောခံစားချက်များ တိုးဝင်လာ၏။
“ တာအိုစု ... ငါ့ဦးလေး မင်းကို လာကြိုခိုင်းလိုက်ပါတယ်။ ”
တစ်ဆက်တည်းမှာပင် အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးသည် အသက်ပြင်းပြင်းရှူကာ၊
“ ဟုတ်ပါတယ် ... မင်းအတွက် အန္တရာယ်များတယ်လို့ ခံစားရရင် လိုက်လာစရာ မလိုပါဘူး။ ”
-ဟု စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေးပြောလိုက်၏။ ထိုစကားကြောင့် စုရီက အနက်ရောင်ဝတ် ကောင်မလေးထံ တစ်ချက်မော့ကြည့်လိုက်ပြီး၊
“ အလျင်မလိုနဲ့ စားပြီးတဲ့အထိစောင့်ပါ။ ”
-ဟု ပြောကြား၏။
အနက်ရောင်ဝတ် ကောင်မလေးက ခေါင်းညိတ်ပြီး တိတ်ဆိတ်သွားလေသည်။ များမကြာခင် မနက်စာစားသုံးပြီးနောက် စုရီက ကျေနပ်စွာဖြင့် မတ်တပ်ရပ်လိုက်၏။
“ သွားရအောင် ... ။ ”
“ တာအိုစု ... မင်းတစ်ယောက်တည်းလား။ ”
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ကောင်မလေးက ကောင်တာအနောက်တွင် ထိုင်နေသော အသားသတ်သမားထံ တုန့်ဆိုင်းစွာမော့ကြည့်၏။
သို့မှသာ စုရီ သဘောပေါက်သွားသည်။ ရီကျိရှန်တစ်ယောက် ကောင်မလေးကို စေလွှတ် လိုက်သည့်အတွက် သူအံ့သြသွားခဲ့၏။
ယခုမူ တစ်ဖက်လူသည် သူ့အတွက် မဟုတ်ဘဲ သားသတ်သမားကြီးကို ရည်ရွယ် နေပုံရသည်။
“ တစ်ယောက်ယောက်ကို သတ်ဖို့ လိုအပ်တဲ့အခါ ... သူ ပေါ်လာပါလိမ့်မယ်။ ”
ဤတစ်ကြိမ်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးသည် အနည်းငယ်အံ့အားသင့်သွားကာ အမြန် ပြေးလိုက်လာခဲ့၏။
များမကြာခင် သူတို့နှစ်ယောက်ကို တင်ဆောင်လာသော ရထားလုံးသည် မြွေတစ္ဆေ မျိုးနွယ်အိမ်သို့ ဦးတည်လေသည်။ ရထားလုံး ပေါ်တွင် အနက်ရောင်ဝတ်မိန်းကလေးမှ စိုးရိမ်နေဆဲ ဖြစ်၏။
“ တာအိုစု ... ဒီနေ့အခြေအနေက အရမ်းဆိုးလာရင်တောင် ... ဒါက ငါ့မိသားစုရဲ့ အတွင်းရေးကိစ္စပဲ လူသတ်ဖို့မလိုပါဘူး ...
... ပြီးတော့ အခုလို မင်းတစ်ယောက်တည်း ဝင်သွားရင် တတိယအကြီးအကဲကမင်းကိုဖမ်းဖို့ အခွင့်အရေးယူမှာ သေချာတယ်။ ”
စုရီက ပျင်းရိစွာဖြင့် ပြုံးပြပြီး၊
“ မင်းနာမည် ဘယ်လိုခေါ်လဲ။ ”
-ဟု မေးသည်။ အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးသည် အံ့အားသင့်သွားကာ ဒေါသတကြီး တိတ်ဆိတ်သွား၏။
ယနေ့သည် သည်မေးခွန်းမျိုးမေးရန် အချိန်မဟုတ်ချေ။ မကြားချင်ယောင်ဆောင်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားတော့၏။
“ ဟား ဟား ဟား ... စိတ်မပူပါနဲ့ ဒီမှာငါနဲ့အတူ ကောင်းကင်ကြွေကျရင်တောင် မင်းရဲ့မြွေတစ္ဆေမျိုးနွယ် ဘေးဥပ်ဖြစ်မှာ မဟုတ်ဘူး။
စုရီက ရယ်မောလိုက်သည်။ အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးက ပြန်လှည့်ကြည့်ကာ၊ ‘မျှော်လင့်ရပါတယ်’ -ဟု တုန့်ပြန်လာ၏။
ထို့နောက် သူမအကြည့်သည် ရထားလုံးအပြင်ဘက်သို့ ရွေ့လျားသွားကာ လုံးလုံး စိတ်ပျက်သွားချေပြီ။
စုရီက သဘာဝအတိုင်း မိန်းကလေးတစ်ဦးနှင့် ငြင်းခုံနေမည်မဟုတ်ချေ။ အချို့သောအရာများသည် အလုပ်ဖြင့်သာ သက်သေပြနိုင်ပေမည်။
“ တာအိုစု ပြဿနာကို ဖြေရှင်းဖို့ မင်းမှာယုံကြည်ချက်မရှိရင် ပြန်လှည့်နိုင်ပါတယ် မဟုတ်ရင် တတိယအကြီးအကဲက မင်းရဲ့ အသက်ကို ယူနိုင်တယ်။ ”
“ ဒီနေ့ ... မင်းရဲ့မျိုးနွယ်ကိုလာရတဲ့ ငါ့ရည်ရွယ်ချက်က အဲဒီတတိယအကြီးအကဲနဲ့ ဆက်ဆံဖို့ပဲ။ ”
စုရီစကားကြောင့် အနက်ရောင် ဝတ်စုံဝတ်ထားသောမိန်းကလေးမှာ ချက်ချင်း အံ့အားသင့်သွားသည်။
ထိုအချိန်တွင်ပင် ရထားလုံးသည် တောင်တံခါးအပြင်ဘက်တွင် ရပ်တန့်သွား တော့၏။
“ မိန်းကလေး ... ငါတို့ရောက်ပြီ။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးက အသက်ပြင်းပြင်းရှူကာ၊
“ နောင်မှာ ဒီလိုလူမိုက်စကားတွေ မပြောပါနဲ့ ... မဟုတ်ရင် တကယ့်ကို အန္တရာယ် ဖြစ်နိုင်တယ်။ ”
-ဟု သတိပေးသည်။
“ မင်းက တကယ် ကြင်နာတတ်တယ် ... သူနဲ့နည်းနည်းတူတယ်။ ”
စုရီက ပြုံးလျက် ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ ကောင်းကင်မြို့အတွင်းတွင် တောင်ထိပ်များစွာရှိသော်လည်း အမြင့်ဆုံးနှင့် အလှပဆုံးသောတောင်တန်းကို မြွေတစ္ဆေ မျိုးရိုးမှ သိမ်းပိုက်ထား၏။
၎င်းအမည်မှာ ကြာပန်းတောင်ထိပ် ဖြစ်သည်။ ဤတောင်ထွတ်သည် တိမ်များထဲသို့ တိုးဝင်ပျောက်ကွယ်နေပြီး ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေကာ တစ်နှစ်ပတ်လုံးသာလွန်သည့် လေထုကိုပိုင်ဆိုင်၏။
ပုံသဏ္ဍာန်သည် ကြာပန်းတစ်ပွင့်နှင့် ဆင်တူသဖြင့် ကြာပန်းတောင်ထွတ်ဟု အမည် တွင်ခြင်းဖြစ်သည်။
ယနေ့တွင် မျိုးနွယ်စုစည်းဝေးပွဲ ကျင်းပတော့မည် ဖြစ်သောကြောင့် ကြာပန်း တောင်ထွတ်ကြီးတစ်ခုလုံး အစောင့်များဖြင့် ပြည့်နှက်နေ၏။
အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးသည် စုရီကိုတောင်ထွတ်ဆီသို့ ခေါ်လာခဲ့သည်။ လမ်းတလျှောက် အတားအဆီးမရှိချေ။
“ ဒီနေ့မျိုးနွယ်စု စည်းဝေးပွဲကို ဘိုးဘေးနန်းတော်မှာ ကျင်းပလိမ့်မယ် ပင်မ မိသားစုနဲ့ အခွဲမိသားစုရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်မှာ။ ”
အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးက လမ်းတွင် ရှင်းပြသည်။
“ ပြီးတော့ တာအိုစုကိုတော့ ... ပင်မမိသားစုရဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည် အဖြစ် သတ်မှတ်ခံရလိမ့်မယ်။ ”
“ ကျန့်ယင်လျူ လာမှာလား။ ”
အနက်ဝတ် မိန်းကလေး၏ မျက်နှာအမူအရသည် အနည်းငယ်ပြောင်းသွား ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊
“ တာအိုစု မိန်းကလေးကျန်းအကြောင်း မကောင်းပြောမနေနဲ့ သူကြားရင် မရိုသေဘူးလို့ ယူဆလိမ့်မယ်။ ”
-ဟု သတိပေးလေသည်။ စုရီမှ မျက်ခုံးပင့်လိုက်တော့၏။
“ ဒီနေ့ မိန်းကလေးကျန်းတင်မကဘဲ ဓားခန်းမရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တချို့လည်း ပါလာလိမ့်မယ် ကံကောင်းတာက ...
... နတ်နန်းတော်ရဲ့ အကြီးအကဲယွီရှစ်က ငါတို့ဘက်မှာရှိနေတယ် မဟုတ်ရင် .. မျိုးနွယ်စု ခေါင်းဆောင်အသစ်ကို ငြင်းပယ်ဖို့ကိစ္စ အောင်မြင်နိုင်တော့မှာ မဟုတ်ဘူး။ ”
“ ယွီရှစ် ... ။ ”
ထိုအမည်ကို စုရီတစ်ယောက် မမှတ်မိတော့ချေ။ သို့သော် အနက်ရောင်ဝတ် မိန်းကလေး၏ သဘောထားအရ ထိုယွီရှစ်သည် ကစားပွဲအပေါ် ပြောင်းနိုင်ကြောင်း နားလည်လိုက်သည်။
ချက်ချင်းပင် စုရီသည် ထိုအကြောင်းကို မတွေးတော့ဘဲ ရပ်လိုက်၏။ လမ်းတစ်လျှောက် ရှုခင်းများကိုရှုစားကာ ငေးမောနေခဲ့သည်။
ထိုစဉ်က သစ်ရွက်လေးနှင့်အတူ ဤလမ်းကိုလျှောက်ဖူး၏။ မျက်စိတစ်မှိတ် အတွင်း နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး အရာအားလုံး ပြောင်းလဲသွားချေပြီ။
“ နှစ်တွေ အများကြီးကုန်သွားပေမယ့် ကြာပန်းတောင်ထွတ်ရဲ့ ရှုခင်းကတော့ အရင် အတိုင်း မပြောင်းလဲပါဘူး။ ”
ဝါးတောတစ်ခုထဲတွင် ဆောက်လုပ်ထားသော မဏ္ဍပ်ကိုမြင်ချိန်၌ စုရီမှ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
ထိုမဏ္ဍပ်သည် သစ်ရွက်ကလေး ဧကရာဇ်နယ်ပယ်မရောက်မီ နေထိုင်ရာအရပ် ဖြစ်ပြီး ယနေ့တိုင်ရှိနေသေးသည်။ အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးမှ မျက်ခုံးပင့်လျက်၊
“ တာအိုစု ... အရင်က ရောက်ဖူးသလား။ ”
-ဟု အံ့အားသင့်စွာမေး၏။
စုရီက ပြုံးလိုက်သည်။ သူသည် ဤတောင်ထိပ်သို့ ရောက်ဖူးသည်သာမက အချိန်အတော်ကြာအောင် နေဖူးသည်။
ကြာပန်းတောင်ထိပ်ပေါ်ရှိ မဏ္ဍပ်များ၊ မျှော်စင်များမဆိုနှင့် တစ္ဆေမြွေမျိုးနွယ်စုကြီဂ၏ ဘိုးဘွားတားမြစ်နယ်မြေသို့ပင် တစ်ကြိမ် သွားရောက်ဖူး၏။
တောင်တစ်ဝက်ရောက်ချိန်၌ ရေတံခွန်များစီးကျနေသော စမ်းရေအိုင်များ၊ ထင်းရှူးတောများ မြင်လာရသည်။
တောင်ထွတ်ပေါ်ရှိ နန်းတော်တစ်ခုသည် အင်မော်တယ်နန်းတော်နှင့်တူပြီး နေရောင်ခြည် အောက်တွင် ခမ်းနားသောအရောင်အသွေးများ တောက်ပနေ၏။
ဤသည်မှာ တစ္ဆေမြွေမျိုးနွယ်စု၏ ဘိုးဘွားနန်းတော်ပေပင်။ စုရီနှင့် အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးတို့ ရောက်ရှိလာချိန်တွင် အစောင့်များက လမ်းဖယ်ပေးသည်။
ထိုအစောင့်များတွင် ကျင့်ကြံမှု အနိမ့်ဆုံးသည် ဝိညာဉ်တာအိုနယ်ပယ်ဖြစ်ကာ အမြင့်ဆုံးသည် ဧကရာဇ်ဖြစ်၏။
တုရုံနှင့်ဆယ့်သုံးသည် ထိုအစောင့်ထဲ၌ ပါရှိနေသည်။ ဤအဆင့် အစောင့်တပ်ဖွဲ့သည် ကမ္ဘာပေါ်ရှိ အင်အားစုအများစုကို ကြောက်ရွံ့ တုန်လှုပ်စေမည်ဖြစ်၏။
သို့သော် ကနဦး ရွှမ်ကျောက်အဆင့် ဧကရာဇ်သည်ပင် ဘိုးဘွားနန်းတော်ကိုသာ စောင့်ရှောက်ရသည်။ ၎င်းသည် မရဏကမ္ဘာ၌ တော်ဝင်မျိုးနွယ်စုကိုးခုအနက် တစ်ခုဖြစ်သည့် မြွေတစ္ဆေမိသားစု၏ စွမ်းအားပေပင်။
အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးနှင့်အတူ စုရီကိုမြင်သောအခါ တုရုံက အနည်းငယ်စိုးရိမ်သွားလေသည်။
စုရီ၏ တိုက်ခိုက်ရေး စွမ်းအားသည် မည်မျှထူးခြားသည်ကို သူသိထားသော်လည်း ဤသည်မှာ တစ္ဆေမြွေမျိုးနွယ်၏ အဓိက နယ်မြေဖြစ်ချေ၏။
မျိုးနွယ်စုအတွင်း တန်ခိုးကြီးသော အကြီးအကဲများစွာသည် ဤနေရာ၌ စုဝေးနေ ခဲ့ကြသည်။
ထိုသို့သော အခြေအနေမျိုးတွင် တစ်ယောက်တည်း ရောက်ရှိလာခြင်းသည် အနည်းငယ်စိတ်ပူစရာပေပင်။
တစ်ဖက်တွင် ဆယ့်သုံးသည် အံ့သြသွားသည်၊၊ စုရီကဲ့သို့သော လူငယ်သည် သူ့ကတိအတိုင်း အမှန်တကယ် လိုက်နာဝံ့ လိမ့်မည်ဟု မမျှော်လင့်ထားချေ။
စုရီတစ်ယောက် သူတို့ကိုလျစ်လျူရှုပြီး လက်နှစ်ဖက်နောက်ပို့လျက် ဖြတ်လျှောက်လာ ခဲ့သည်။ လမ်းတစ်လျှောက် လူအများ၏ အကြည့်များ ကျရောက်လာ၏။
ကိုယ့်အိမ်ကိုယ်ယာကို ပြန်လာသော သခင်လေးတစ်ယောက်ကဲ့သို့ လူအများအပေါ် မျက်ခုံးပင့်မိစေသည်။
“ ကောင်လေး ... မာနမကြီးနဲ့ ... ၊ ကံကောင်းခြင်း မျှော်စင်ပိုင်ရှင်တောင် ဒီမှာ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ”
ဆယ့်သုံးက သူ့အနားမှ စုရီတစ်ယောက် ဖြတ်လျှောက်သွားစဉ် အေးစက်သောလေသံဖြင့် သတိပေးပြောကြားလိုက်တော့၏။
***