ဝင့်ကြွားစွာသတိပေးခြင်း ... ။
Vol. 59 Ch. 698
နောက်နေ့မနက် စောစောတွင် စုရီတစ်ယောက် တရားထိုင်ရာမှ နိုးထလာပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဧည့်ခန်းထဲတွင် နံနက်စာအဖြစ် အငွေ့တထောင်းထောင်း ထနေသော စွပ်ပြုတ်၊ စွဲမက်ဖွယ် အရံဟင်းလျာများနှင့် ကိတ်မုန့် အစုံအလင် ပြင်ဆင်ထား၏။
“ သားသတ်သမားကြီး၊ မင်းဘယ်တုန်းက အရမ်းဂရုစိုက်လာတာလဲ။ ”
စုရီက အံ့သြတကြီး မေးလိုက်သည်။ ကောင်တာနောက်ရှိ သားသတ်သမားကြီးက၊
“ အရင်တုန်းက မိန်းကလေးရီယု ငါ့ဆီကို မကြာမကြာလာဖူးတယ်။ ”
-ဟု တုန့်ပြန်လာ၏။
သူ့မျက်လုံးထဲတွင် အမှတ်တရ အရိပ်အယောင်များ ဖျတ်ခနဲပေါ်လာသည်။ ထို့နောက် စုရီထံပြန်ကြည့်ကာ၊
“ မင်းလိုဘီလူးအိုကြီးက ... အားလပ်ချိန်တွေမှာ ဝိုင်ကောင်းကောင်းနဲ့ အရသာရှိတဲ့ အစားအစာတွေကို နှစ်သက်တယ် ဆိုတာ သူ ပြောပြတယ် ...
... ငါသိချင်တာက မင်းလို ဧကရာဇ်တစ်ပါးက ဒီလိုအရာတွေအပေါ် ဘာလို့ တောင့်တနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ကျင့်ကြံမှု ဘယ်လောက်ပဲ ... မြင့်မားနေပါစေ ငါဟာလူသားတစ်ယောက်ပဲ ဒီလောကကြီးရဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာတွေကြားမှာ ...
... ဝိုင်ကောင်းကောင်းနဲ့ အရသာရှိတဲ့ အစားအစာတွေကို စားသုံးရချိန်က တကယ့်ကို မြတ်နိုးထိုက်ပါတယ်။ ”
ထို့နောက် စုရီကထိုင်ပြီး မနက်စာ စားသုံးတော့သည်။ သားသတ်သမားကြီးက မကျေနပ်နိုင်သေးဘဲ။
“ ဒါဆိုချောမောလှပတဲ့ မိန်းမကို လစ်လျူရှုနိုင်ပြီလား။ ”
ဤသည်မှာ ရီယုအတွက် ဖြေရှင်းချက် တောင်းနေခြင်းဖြစ်ကြောင်း ပြောနိုင်လေသည်။ ထို့ကြောင့် လျစ်လျူရှုကာ ဆက်လက် စားသောက်နေခဲ့၏။
အဆုံး၌ သားသတ်သမားကြီးက သက်ပြင်းချကာ၊
“ မင်းမှာ တကယ်ပဲ အသိစိတ်ရှိရင် ယင်ယန်လမ်းကို အမြန်သွားပြီး မိန်းကလေး ရီယုကို ပြန်ခေါ်လာခဲ့ပါ။ ”
-ဟု တောင်းဆိုလိုက်၏။ စုရီက ခဏမျှ နှုတ်ဆိတ်သွားကာ၊
“ မြွေတစ္ဆေမျိုးနွယ်ရဲ့ ပြဿနာကို ဖြေရှင်းပြီးတာနဲ့ ငါသူ့ကို သွားခေါ်လာမှာပါ။ ”
-ဟု တုန့်ပြန်သည်။
သားသတ်သမားကြီးတစ်ယောက် စကားမဆိုတော့ချေ။ ထိုစုရွှမ်ကြွယ်ဟူသည် ပြောသည့်အတိုင်း အမြဲလုပ်တတ်၏။
စုရီက မနက်စာစားပြီးချိန်တွင် လမ်းလျှောက်ထွက်ရန် စဉ်းစားလိုက်သည်။ သို့သော် အမျိုးသမီးတစ်ဦး မျှော်စင်ထဲ ဝင်ရောက်လာ၏။
သူမသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို မြင့်မြင့်ချည်နှောင်ထားကာ မျက်နှာပြင် ပေါ်လွင်စေသည်။
အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးကြည်လင်နေပြီး မျက်ဝန်းတစ်စုံသည် တောက်ပနေကာ သာလွန်သောရောင်ဝါကို ပေးစွမ်းနေ၏။
“ မင်း ... တည်းခိုဖို့လား။ ”
သားသတ်သမားကြီးက ကောင်တာအနောက်မှ မသိချင်ယောင်ဆောင် မေးမြန်းလိုက်သည်။
“ မဟုတ်ဘူး တစ်ယောက်ယောက်ကို လာရှာတာပါ။ ”
အမျိုးသမီး၏ ဧည့်ခန်းထဲ လှည့်ကြည့်လိုက်ရာ မဝေးလှသောစားပွဲတွင် တစ်ယောက်တည်း ထိုင်နေသည့်စုရီကို မြင်သွားသည်။
ထို့နောက် သူမသည် စုရီနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက်၊
“ ငါ့နာမည်က ကျန့်ယင်လျူပါ မင်းနဲ့စကားပြောချင်တယ်။ ”
-ဟု မိတ်ဆက်၏။
မိတ်ဆိတ်စကားသည် တည်ငြိမ်ပြီး မောက်မာမှုကိုပြနေသည်။ ကောင်တာနောက်မှ သားသတ်သမီးကြီးက မျက်ဝန်းများ အနည်းငယ် မှေးစင်းသွား၏။
ဤမိန်းကလေးသည် ပင်းမို၏ တပည့်တစ်ယောက်ဖြစ်ကြောင်း သိထားသည်။ ထိုသို့သော အဆင့်အတန်းနှင့် နောက်ခံသည် အလွန်ဂုဏ်သိက္ခာရှိချေ၏။
ကောင်းကင်မြို့တော်တွင်သာမက မရဏကမ္ဘာတစ်ခုလုံးတွင် သူမကို အလေးထား ကြပေလိမ့်မည်။
အကြောင်းပြချက်သည် သူမ၏ ဘိုးဘေးရွှမ်ကြွယ်ကြောင့် ပေပင်။ ထိုလူသည် မရဏကမ္ဘာတွင် အုပ်စိုးရှင်အများအပြားကို သတ်ဖြတ်ခဲ့ပြီး သူ့နာမည်ကျော်ကြားမှု ရယူထား၏။
သို့သော် သားသတ်သမားကို စိတ်ဝင်စားစေသည်မှာ ဤမိန်းကလေးသည် သူမရင်ဆိုင်နေရသူသည် သူမ၏ဘိုးဘေး ဖြစ်နေကြောင်း ပေပင်။
“ ပြောပါ ... ။ ”
စုရီက ထိုင်လျက်ဖြင့် ကျန့်ယင်လျူထံ မော့ကြည့်လိုက်လေသည်။ ဤအမူအရာသည် ကျန့်ယင်လျူကို အံ့အားသင့်စေ၏။
ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်သည် သူမအမည်ကိုသိသော်မှ တည်ငြိမ်နေနိုင်သေး သည်လော။
သို့သော် မျှော်စင်ပိုင်ရှင်၏ အကာအကွယ်ကြောင့် ဤမျှမာနကြီးနေခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်၏။
“ မြွေတစ္ဆေမျိုးရိုး ဘိုးဘေးတံဆိပ်ကို ငါ့ကိုပေးပါ မင်းအပြစ်ကို ခွင့်လွှတ်လိုက်မယ်။ ”
“ ငါ ... မပေးရင်ရော ... ။ ”
ကျန့်ယင်လျူက မျက်မှောင်ကြုတ်ကာ၊
“ မျှော်စင်ထဲမှာ မင်းထာဝရနေနိုင်မယ်လို့ ငါမယုံဘူး။ ”
“ ငါဆန္ဒရှိရင် ... ထာဝရနေနိုင်တယ် ဒါပေမယ့် မင်းပြောတာ မှန်တယ် ... ငါ့အတွက် ဒီမှာ အဲဒီလိုနေရမယ်ဆိုရင် ထောင်ကျတာနဲ့ အတူတူပါပဲ။ ”
ဤတစ်ကြိမ်၌ ကောင်တာနောက်ရှိ သားသတ်သမားကြီးသည် မျက်နှာမည်းမှောင် သွားလေသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃၆၀၀၀) အတွင်း သူသည် ထောင်ထဲတွင်ရှိနေသကဲ့သို့ ခံစားလိုက်ရတော့၏။
“ မင်း ... နားလည်လွယ်တဲ့အတွက် အရာအားလုံးက ပိုလွယ်လာပြီ ... ငါမင်းကို စဉ်းစားဖို့ နာရီဝက် အချိန်ပေးမယ် ...
... ငါနဲ့ညှိနှိုင်းဖို့ မစဉ်းစားနဲ့ ... မြွေတစ္ဆေမျိုးရိုးရဲ့ ဘိုးဘေးတံဆိပ်ကို တခြား အကျိုးအမြတ်တွေနဲ့ လဲလှယ်ခွင့်မရှိရဘူး ... မင်းရဲ့အသက်ရှင်ခွင့်ကိုပဲ ငါပေးမယ်။ ”
ဤသည်မှာ ကောင်းကင်ကို အုပ်စိုးသောဧကရီတစ်ပါးကဲ့သို့ ကြီးစိုးမှု အပြည့် ရှိနေသည်။ သူမကဲ့သို့သော ဧကရာဇ်တစ်ပါး၏ အမိန့်ကို ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူ အနေဖြင့် ခေါင်းညိတ်မည်ဟုယုံကြည်၏။
သို့သော် စုရီသည် သူ့နှာခေါင်းကို ပွတ်သပ်လျက် ရယ်မောလိုစိတ်များအပေါ် အတင်းအကြပ်ထိန်းလိုက်ရသည်။
“ ဟား ဟား ဟား ... ။ ”
တစ်ဖက်တွင် ကောင်တာနောက်ရှိ သားသတ်သမားခမျာ စုရီ၏ အစောပိုင်းစကား အပေါ် တုန့်ပြန်သည့်အနေဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
( မှတ်ပြီလား ... ဘီလူးအိုကြီး။ )
ထိုရယ်သံသည် စုရီကို ကူကယ်ရာမဲ့ သွားစေတော့သည်။ ကျန့်ယင်လျူမှ မကျေနပ်မှု အရိပ်အမြွက်ပြပြီး သူမအကြည့်များ အေးခဲသွားကာ၊
“ ငါ့စကားကို ရယ်စရာလို့ မင်းထင်လား။ ”
-ဟု စုရီထံ မေးမြန်း၏။
စုရီ၏ အကြည့်များသည် သားသတ်သမားကြီးထံသို့ ရွေ့ပြောင်းသွားပြီး၊
“ မင်းဘာရယ်တာလဲ။ ”
-ဟု လှည့်မေး၏။
သားသတ်သမားကြီးသည် သူ့မျက်နှာမှ အပြုံးကို ချက်ချင်းဖယ်လိုက်ပြီး တည်ငြိမ်သွား လေသည်။ စုရီသည် ဒုက္ခကို နှိုးဆော်လိုသည့် သဘောထားများအပေါ် အနည်းငယ် မနှစ်သက်ကြောင်း သူသိထား၏။
ကျန့်ယင်လျူမှ အံ့အားသင့်သွားသည်။ သူမ၏ မေးခွန်းများနှင့် ရင်ဆိုင်နေရချိန်မှာပင် ဤလူငယ်သည် တခြားသူအပေါ် လှည့်၍ ဟိန်းဟောက်နေသေး၏။
သို့သော် သူမစကားမပြောမီ စုရီက စားပွဲပေါ်ရှိ လက်ချောင်းများကို ပေါ့ပေါ့ဆဆ ပုတ်လိုက်ပြီး၊
“ ငါ့ကို မေးခွန်းတချို့ ဖြေပေး ... ငါ့ရွေးချယ်မှုကို ငါပြောပြမယ်။ ”
-ဟု ဆိုလိုက်သည်။
ကျန့်ယင်လျူ မျက်လုံးများ ပို၍ပင် အေးစက်လာသည်။ ဝိညာဉ်တာအိုနယ်ပယ် မျှသာရှိသော ဤလူငယ်သည် သူမနှင့် စေ့စပ်ရန်သတ္တိရှိနေချေပြီ။
သို့သော် နောက်ဆုံးတွင် သူမသည် အသက်ပြင်းပြင်းရှူကာ ပျံ့နှံ့လာနေသော လူသတ်ချင်စိတ်ကို သိမ်းဆည်းလျက်၊
“ ပြောပါ ... ။ ”
-ဟု ပြောကြားလိုက်၏။
“ မင်းလို ... ပင်းမိုရဲ့တပည့်က မြွေတစ္ဆေမျိုးရိုးရဲ့အရေးကိစ္စတွေမှာ ဘာလို့ ပါဝင်နေရတာလဲ ... မြွေတစ္ဆေမျိုးနွယ် ဘိုးဘေးတံဆိပ်နဲ့ မင်းဘာဆိုင်လဲ။ ”
“ ဒါက ... မင်းနဲ့ဘာဆိုင်လို့လဲ။ ”
“ မင်’ဆရာပင်းမိုရဲ့ အကြံအစည်လား။ ”
ဤတစ်ကြိမ်တွင် ကျန့်ယင်လျူသည် အံ့အားသင့်သွားပြီး သူမရှေ့မှ လူငယ်လေးသည် အနည်းငယ် မူမမှန်ကြောင်း ရုတ်တရက် ခံစားလာရလေသည်။
သည်ကမ္ဘာကြီးရှိ မည်သည့် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူမဆို ဆရာ သခင်ပင်းမိုအမည်ကို ကြားသော် တုန်လှုပ်သွားချေမည်။
“ ဘာလို့ ဒီမေးခွန်းတွေ မေးနေတာလဲ။ ”
ကျန့်ယင်လျူမှ မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ စုရီသည် စကားစမြည် ပြောခြင်းဖြင့် အဖြေရရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်တော့၏။
“ သြဂုတ်လ ဆယ့်ငါးရက်နေ့မှာ ဒီဘိုးဘေးတံဆိပ်ကို ငါမြွေတစ္ဆေမျိုးနွယ်စုဆီ ငါယူလာမယ် မင်းလိုချင်ရင် တတ်နိုင်မလား စမ်းကြည့်နိုင်တယ်။ ”
ကျန့်ယင်လျူ၏ မျက်လုံးများသည် အေးစက်သော အလင်းများ တောက်ပလာပြီး၊
“ ဒါ ... မင်းရဲ့ဆုံးဖြတ်ချက်လား။ ”
-ဟု အတည်ပြု၏။ စုရီက ခေါင်းညိတ်လိုက်သည်။
“ မင်း ... ဒီစကားတွေကို ပြောဝံ့တာ ဝမ်းသာပါတယ် သြဂုတ်လ(၁၅)ရက်နေ့မှာ မင်း မလာခဲ့ရင် ... မင်းကိုဖျက်ဆီးဖို့ နည်းလမ်း အားလုံးကို ငါသုံးမယ်။ ”
ကျန့်ယင်လျူက မတ်တပ်ရပ်ကာ ချက်ချင်းထွက်ခွာသွားတော့သည်။ သူမအသွင် ပျောက်ကွယ်သွားသည်နှင့် သားသတ်မားကြီးက၊
“ ဘီလူးအိုကြီးစု ... သူက မင်းရဲ့ မြေးတစ်ယောက်ပဲ ... ဘာလို့ မင်းအကြောင်းကို မပြောပြရတာလဲ။ ”
“ ငါ့မှာ ဒီလိုညံ့ဖျင်းတဲ့မြေးတပည့် မရှိဘူး။ ”
စုရီအဖြေကြောင့် သားသတ်သမားကြီးခမျာ အံ့အားသင့်ပြီး အနည်းငယ်တိတ်ဆိတ်သွားရာမှ တစ်စုံတစ်ခုကို သဘောပေါက်ကာ၊
“ ကောလဟာလတွေ မှန်နိုင်မလား၊ မင်းရဲ့တပည့်က မင်းကိုသစ္စာဖောက်ခဲ့တယ် ဆိုတာ ... ။ ”
စုရီက သက်ပြင်းချလျက်၊
“ ဒါ မင်းအတွက် ရယ်စရာပဲ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။ သားသတ်သမားကြီးက ခေါင်းခါလျက်၊
“ ဒီလိုဆို မိန်းကလေးရီယု လှည့်စားခံရဖို့ အလားအလာ အရမ်းများတယ် သူသာ ပင်းမိုကို သစ္စာဖောက်မှန်းသိခဲ့ရင် ... ကျန့်ယင်လျူကို ဘယ်လိုလုပ် ဝင်ခွင့်ပြုမှာလဲ။ ”
-ဟု ညည်းတွားတော့၏။ စုရီမှ ခေါင်းညိတ်သည်။
“ ဒါက ... မြွေတစ္ဆေမျိုးရိုးကို ငါလာရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပဲ ကံကောင်းစွာနဲ့ပဲ အခြေအနေတွေက သိပ်မဆိုးသေးဘူးလို့ ထင်ရတယ်။ ”
“ ဒီလိုဆိုရင် ... မင်း ကျန့်ယင်လျူကို ဘာလို့မဖမ်းလဲ ... ဒီလိုနည်းနဲ့ မင်းသိချင်သမျှ အဖြေကို အချိန်တိုအတွင်းသိနိုင်မယ် မဟုတ်လား။ ”
ဤတစ်ကြိမ်၌ စုရီမှ မျက်ခုံးပင့်လျက် ပြန်မော့ကြည့်သည်။ သားသတ်သမားအိုကြီးက သူ့ကို စိုက်ကြည့်နေ၏။
“ သားသတ်သမားကြီး ... အခု ငါ့ခွန်အားအပေါ် မင်းသံသယဝင်နေတာလား။ ”
***