သင်ခန်းစာပေးခံရခြင်း ... ။
Vol. 59 Ch. 697
နံပါတ်ဆယ့်သုံးသည် ရုတ်တရက် ပေါ်လာသော အသားသတ်သမားအိုကြီးကြောင့် ရင်ဆိုင်ရချိန်၌ ထိတ်လန့်သွားသည်။
ဧကရာဇ် ရောင်ဝါသည် ဒီရေကဲ့သို့ ဆုတ်ယုတ်သွားပြီး စုရီကိုတင်းတင်းကျပ်ကျပ် ကန့်သတ်ထားသော လူသတ်ချင်စိတ်များလည်း ပျောက်ကွယ်သွားခဲ့၏။
တုရုံမှ ဤပြောင်းလဲမှုကို ခံစားခဲ့ရသည်။ ယခင်က စုရီ၏အင်အားဖြင့်ပင် ဆယ့်သုံးအပေါ် ဆန့်ကျင်ရန်လုံလောက်သည်ဟု ယူဆသည်။ ယခုမူ စုရီလှုပ်ရှားရန်ပင် မလိုအပ်ခဲ့ချေ။
ဆယ့်သုံးက အသက်ပြင်းပြင်းရှူကာ သုံးပေအကွာအဝေးရှိ အသားသတ်သမားဆီသို့ ပြန်ကြည့်ပြီး လက်နှစ်ဖက်ဆုပ်ကိုင်ပြကာ၊
“ တာအိုအစ်ကို ... ငါ့မျိုးနွယ်ရဲ့ဘိုးဘေး တံဆိပ်ကို ပြန်ယူဖို့လာခဲ့တာပါ ... မင်းအပေါ် စိတ်အနှောင့်အယှက်ဖြစ်စေရင် ခွင့်လွှတ်ပါ။ ”
-ဟု နှိမ့်ချစွာ တောင်းပန်သည်။
ဝင့်ကြွားခဲ့သော အမူအရာနေရာ၌ ယခုမူကား သားသတ်သမားထံမျက်နှာမူကာ ခေါင်းငုံ့ရိုသေနေရပေသည်။
“ ကောင်းပြီ ... မင်းရဲ့လက်တစ်ဖက်ကို အရင်ဖြတ်လိုက်ပါ ... ဒါဆို မင်းကိုသတ်မလား မသတ်ဖူးလား ငါစဉ်းစားမယ်။ ”
သားသတ်သမားက လျစ်လျူရှုပြီး အေးစက်သောအသွင်ဖြင့် ပြောကြားလာ၏။ ဤစကားကိုကြားသောအခါ တုရုံကစုရီအတွက် တည်ခိုခန်းပိုင်ရှင်မှ ရပ်တည်လာသည့်အပေါ် မထင်မှတ်ထားသဖြင့် တုန်လှုပ်သွားသည်။
သားသတ်သမားအိုကြီး၏ စကားများကြားချိန်တွင် ဆယ့်သုံးမျက်နှာသည် ချက်ချင်းပင်ပျက်ယွင်းသွား၏။
ဤမြို့တွင် လူတိုင်းနီးပါးကို ထိတ်လန့် စေသည့် တိမ်လွှာမျှော်စင်ပိုင်ရှင်သည် တစ်နေ့၌ သူ့ရှေ့ရောက်လာလိမ်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။
ထို့ပြင် မြွေတစ္ဆေမျိုးရိုးထံမျက်နှာလွှဲရန် ရည်ရွယ်ချက် မရှိပုံပေပင်။ သံသယဖြစ်စရာ ကောင်းလွန်းပြီး မယုံနိုင်စရာဖြစ်ချေ၏။
ခေတ်ကာလတစ်လျှောက် ဤတည်းခိုခန်းအပါအဝင် ကောင်းကင်မြို့တော် ဟူသည် မြွေတစ္ဆေ၏နယ်မြေဖြစ်သည်။
ထို့ကြောင့် မြို့တော်အတွင်း အခြားသောဧကရာဇ်များပင် မြွေတစ္ဆေမျိုးရိုးကို အလွယ်တကူ စော်ကားဝံ့ခြင်းမရှိချေ။
“ တာအိုအစ်ကို ... ။ ”
ဆယ့်သုံးက သူ့ကိုယ်သူ တည်ငြိမ်စွာ လုပ်ယူကာ စကားပြောရန်ပြင်၏။ သို့သော် သားသတ်သမားက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ညာဘက်လက် ရုတ်တရက် ထွက်လာသည်။
“ ဗြုတ် ... ။ ”
ဆယ့်သုံးတစ်ယောက် ဘယ်ဘက်လက် ဆွဲဖြုတ်ခံလိုက်ရ၏။ ချက်ချင်းပင် သွေးများစွာ ပန်းထွက်လာတော့သည်။
ဆယ့်သုံးခမျာ ခြေလှမ်းများစွာ ဆုတ်ခွာလျက် ထိတ်လန့်မှု၊ နာကျင်မှုနှင့် ဒေါသများ ပြည့်နှက်လာ၏။
တစ်ဖက်လူ၏ ရိုးရှင်းပုံရသော ဖမ်းဆုပ်မှုတွင် ကြောက်မက်ဖွယ်ကောင်းသည့် အကန့်အသတ်မရှိသော စွမ်းအားများ ပါဝင်နေသည်။
ထိုတိုက်ခိုက်မှုသည် လက်တစ်ဖက်တည်းကိုသာ ရည်ရွယ်၍သာ ပေပင်။ မဟုတ်သော် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်၏။
“ အရမ်းပြင်းတယ်။ ”
တုရုံမှ တုန်လှုပ်သွားသည်။ ဧကရာဇ်တစ်ပါးသည် သိုးသငယ်ကဲ့သို့ပင် လက်တစ်ဖက်ကို အတင်းအဓမ္မ ဖြတ်တောက်ခံခဲ့ရ၏။
ထိုမြင်ကွင်းသည် သူ့ကို အလွန် တုန်လှုပ်သွားစေသည်မှာ သံသယရှိစရာ မလိုချေ။
ကြက်သွေးရောင် မီးတောက်များ ကျယ်လောင်စွာထွက်ပေါ်လာပြီး တခဏချင်း ဖြုတ်ခံရသော လက်မောင်းသည် ပြာအဖြစ်သို့ ပြောင်းသွားကာ လေထဲပြန့်ကျဲသွား၏။
မီးတောက်များသည် သားသတ်သမားအိုကြီး၏ လျစ်လျူရှုထားသော မျက်နှာပေါ်တွင်ရောင်ပြန်ဟပ်ကာ သူ့ကို အထူး ကြောက်စရာကောင်းစေသည်။ တစ်ဖက်တွင် စောင့်ကြည့်နေသော စုရီက၊
“ သြဂုတ်လဆယ့်ငါးရက်နေ့မှာ မင်းတို့ရဲ့ ဘိုးဘေးတံဆိပ်ကို ... ယူဆောင်လာပေးမယ်လို့ ရီသွမ့်ဟဲကို ပြောလိုက် ... ။ ”
-ဟု တည်ငြိမ်စွာ ပြောကြားလိုက်သည်။
ဆယ့်သုံးက သူ့ကို လျစ်လျူရှုထား၏။ အရေးကြီးသော ဆုံးဖြတ်ချက်ကို နားထောင်ရန် စောင့်ဆိုင်းသကဲ့သို့ သားသတ်သမားအိုကြီးထံ မော့ကြည့်လိုက်လေသည်။
သံသယဖြစ်စရာမလိုချေ။ သူသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် စုရီကို အလေးအနက် မထားကြောင်းမြင်သာနေ၏။
“ ထွက်သွား ... ။ ”
သားသတ်သမားအိုကြီးက လက်ပြလိုက်သည်။ ဆယ့်သုံးက သက်ပြင်းပြင်း ရှူကာ စကားမဆိုတော့ဘဲ လှည့်ထွက်သွား၏။
“ မင်းလည်း ပြန်သင့်တယ်။ ”
စုရီက တုရုံကိုကြည့်ကာ ပြောလိုက်သည်။
“ မြေတစ္ဆေမျိုးရိုး အဆင်ပြေသွားလိမ့်မယ်။ ”
ထို့နောက် သူလှည့်ပြီး မျှော်စင်ထဲ ၀င်သွားသည်။ သားသတ်သမားက လှည့်ကာ နောက်ကလိုက်သွား၏။
တုရုံတစ်ယောက် အချိန်အတော်ကြာ မှင်သပ်ထိတ်လန့်နေရာမှ နှလုံးသားအတွင်း တုန်လှုပ်ချောက်ချားမှုကို ထိန်းကာ ကမန်းကတန်း ထွက်ခွာလာခဲ့သည်။
***
ညသည် ပို၍နက်လာ၏။ မြွေတစ္ဆေမျိုးရိုးနေထိုင်ရာ နန်းတော်တစ်ခုထဲ၌ ဖယောင်းတိုင်မီးအလင်းများ ယိမ်းထိုးနေသည်။
ခန်းမအတွင်းပုံရိပ်များသည် မရေရာသော အမူအရာများကို ထင်ဟပ်လျက် တစ်ဦးစီသည် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ရီကျိရှန်နှင့် အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးသည် အနည်းငယ်စိုးရိမ်လာ၏။
တစ်ဖက်တွင် ရီသွမ့်ဟဲအသွင်သည် သက်တောင့်သက်သာရှိနေသည်။ ရေနွေးခွက် ကိုင်ကာ စိတ်ရှည်လက်ရှည် သောက်နေ၏။
“ သခင်၊ ဆယ့်သုံး ပြန်လာပါပြီ။ ”
နန်းတော်အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ လူတိုင်းကို တိတ်ဆိတ်ခြင်းမှ နိုးကြားလာစေသည်။
“ ဝင်ခွင့်ပြုလိုက် ... ။ ”
ရီသွမ့်ဟဲမှပြုံးပြီး လက်ဖက်ရည် တစ်ငုံသောက်ကာ ပြောကြားလိုက်သည်။ လူတိုင်း၏ အကြည့်အောက်သို့ အနက်ဝတ် အဖိုးအိုတစ်ဦး ဝင်ရောက်လာ၏။
“ ဒါ … ။ ”
အဖိုးအိုကို မြင်ချိန်၌ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ရီကျိရှန်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော ကောင်မလေးခမျာ နှလုံးသားများ တဒိတ်ဒိတ်ခုန်လာ၏။
ဆယ့်သုံးသည် မျက်နှာဖြူဖျော့နေပြီး ဘယ်ဘက်လက်မောင်း ပျောက်ဆုံးနေကာ သွေးများစွန်းထင်းနေ၏။ ဒဏ်ရာသည် မည်မျှရက်စက်ကြောင်းကို မြင်သာချေပြီ။
သွေးထွက်ခြင်း ရပ်သွားသော်လည်း ကျိုးပြတ်နေသောအရိုးများနှင့် စုတ်ပြဲနေသော အသားစများ ဖွာလန်ကျဲနေ၏။
“ မင်း ... ဘာဖြစ်လာတာလဲ။ ”
ရီသွမ့်ဟဲတစ်ယောက် မျက်နှာ မည်းမှောင်သွားကာ ဧကရာဇ်ရောင်ဝါဖြင့် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံပစ်၏။
ခန်းမကြီး၏ မီးအလင်းရောင်များ တဖျပ်ဖျပ်ဖျပ်ခတ်သွားကာ လေထုသည် အေးခဲလျက် အသက်ရှူရခက်ခဲကုန်သည်။
“ ဒီအစေခံမှာ အရည်အချင်းမရှိလို့ မျှော်စင်ပိုင်ရှင်က လက်တစ်ဖက်ကို ဖြုတ်ယူ လိုက်ပါတယ် ... ဘိုးဘေးတံဆိပ်လည်း ပြန်ရမလာပါဘူး။ ”
ဤစကားများသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီး ရီကျိရှန်နှင့် အနက်ဝတ် ကောင်မလေးကို သက်သာရာရသွားစေသည်။
“ ခွမ်း ... ။ ”
“ ကောင်းတယ် ... အရမ်းကောင်းတယ်။ ”
ရီသွမ့်ဟဲက သူ့လက်ဖက်ရည်ခွက် မြေပြင်ပေါ်ပစ်ခွဲပြီး ဒေါသကိုထုတ်ပြလာသဖြင့် လူတိုင်းကို တိတ်ဆိတ်ကုန်၏။
“ ဒါက ... ကောင်းကင်မြို့တော်ပဲ ... ငါ့ မြွေတစ္ဆေမျိုးရိုးရဲ့နယ်မြေပါ မျှော်စင်ပိုင်ရှင်က ငါတို့ကို လုံးဝအလေးမထားဘူး။ ”
ရီသွမ့်ဟဲမျက်နှာသည် တင်မာပြီး ဧကရာဇ်တစ်ပါး၏ သတ်ဖြတ်လိုသောဆန္ဒ ထင်ရှားလာသည်။
ဆယ့်သုံးသည် သူ့အနားတွင် အချိန်အကြာကြီး အမှုထမ်းဆောင်ခဲ့သော အယုံကြည်ရဆုံး အစေခံဖြစ်၏။
“ အဟမ်း ... စိတ်အေးအေးထားပါ တတိယအကြီးအကဲ။ ”
ရီကျိရှန်က ပေါ့ပေါ့ပါးပါး ချောင်းဆိုးပြလျက်၊
“ မျှော်စင်ပိုင်ရှင်ဟာ သူ့ ဧည့်သည်တိုင်းအပေါ် အကာအကွယ်ပေးမယ် ဆိုတဲ့ စည်းမျဉ်းတစ်ခုရှိတယ်ဆိုတာ လူတိုင်းသိထားတာပဲ ...
... ပြီးတော့ ဘိုးဘေး ရီနန်းကျန်းနဲ့ ဘိုးဘေးရီယုက တည်ခိုခန်းပိုင်ရှင်ကို အပြစ် မပြုမိဖို့ မှာကြားထားတယ်မဟုတ်လား။ ”
“ ကျိရှန် ... ဒီည အဖိုးကြီးဆယ့်သုံးအမှားလို့ မင်းဆိုလိုနေတာလား။ ”
ရီသွမ်ဟဲမှ မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။ ရီကျိရှန်ခမျာပြုံးလျက်၊
“ တည်းခိုခန်းပိုင်ရှင်ဟာ အကြောင်းပြချက်မရှိဘဲ ပြုမူမှာမဟုတ်ဘူးလို့ ငါယုံတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။ ရီသွမ့်ဟဲတစ်ယောက် ပို၍လေးနက်လာ၏။ ဤအခိုက်တွင် ဆယ့်သုံးက၊
“ သခင်၊ တုရုံက စုရီကို မျှော်စင်ကနေ ထွက်လာစေပါတယ် ငါတို့အပြင်မှာစကားများ နေချိန်မှာ ပိုင်ရှင်ထွက်လာပြီး ...
... ဒီအစေခံကြီးရဲ့လက်ကို ... ဖြုတ်သွားတာပါ ဘာပဲဖြစ်ဖြစ် စိတ်အေးထားပါ မျှော်စင်ပိုင်ရှင်ကို မစော်ကားမိပါစေနဲ့သခင်။ ”
ယနေ့ညတွင် သားသတ်သမားသည် သူ့စည်းမျဉ်းကို သက်သေပြလိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့သောလူကို တိုက်ခိုက်ခြင်းဖြင့် ကုန်ကျ စရိတ် ကြီးမားမည်မှာ မလွဲမသွေပေပင်။
ရီသွမ့်ဟဲတစ်ယောက် တဖြည်းဖြည်း ငြိမ်သက်သွားပြီး၊
“ မျှော်စင်ပိုင်ရှင်က တစ်ခုခုပြောခဲ့သေးလား။ ”
“ မပြောပါဘူး ... စုရီက ဘိုးဘေးတံဆိပ်ကို ဩဂုတ်ဆယ့်ငါးရက်နေ့မှာ တစ္ဆေမြွေမျိုးနွယ်ဆီ ယူလာပေးမယ်လို့ ပြောပါတယ်။ ”
“ ဒါကဘာဓိပ္ပါယ်လဲ။ ”
ဆယ့်သုံးမှ ခေါင်းယမ်းပြသည်။ ထိုစကားကို သူသည်လည်း နားမလည်ချေ။
“ ကောင်းပြီ၊ သွားကြရအောင်။ ”
ရီသွမ့်ဟဲမှ မတ်တပ်ထရပ်ပြီး ထွက်ခွာသွားသည်။ ရှက်လွန်းသဖြင့် ဆက်ပြီး မနေလိုတော့ချေ။
မူလက အဖိုးကြီးဆယ့်သုံးသည်သာ ဘိုးဘေးတံဆိပ် ပြန်လည်ယူဆောင်နိုင်ခဲ့သော် ပင်မမျိုးရိုး၏ အကြီးအကဲများကို သင်ခန်းစာ တစ်ခု သင်ကြားရန်ဖြစ်သည်။
နောက်ဆုံးတွင် သူသည်သာ သင်ခန်းစာရခဲ့၏။ အဖိုးကြီးဆယ့်သုံးက သူ့ ထံပါးသို့ အနီးကပ်လိုက်လာသည်။
သူတို့နှစ်ယောက် အဆုံးတိုင် ပျောက်ကွယ်သွားချိန်တွင် ခန်းမထဲရှိလူအများမှ သက်ပြင်းတစ်ချက်ချလိုက်၏။
“ ဦးလေး ... စုရီက တည်ခိုခန်းပိုင်ရှင်ကို ဖိတ်ခေါ်ပြီး မျိုးနွယ်စုရဲ့ မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်နိုင်မလား။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးက အလွန်စိတ်လှုပ်ရှားလာ၏။ ရီကျိရှန်မှ ခေါင်းကို အနည်းငယ်ခါယမ်းပြီး၊
“ မျှော်စင်ရဲ့ဧည့်သည်တွေ ဖြစ်နေသရွေ့ ပိုင်ရှင်က လူတိုင်းကို အကာအကွယ်ပေးမှာပါ ငါတို့ သူ့အပေါ်မျှော်လင့်ချက်ထားလို့မရဘူး ...
... နတ်နန်းတော်ရဲ့ အကြီးအကဲယွီရှစ် ရောက်ရှိလာမှသာ ... ငါ့ကိုစိတ်သက်သာရာ ရစေလိမ့်မယ်။ ”
အနက်ရောင်ဝတ်စုံဝတ် ကောင်မလေးက ခေါင်းညိတ်သည်။ နတ်နန်းတော် အကြီးအကဲ ယွီရှစ်သည် သူတို့ဝှက်ဖဲဖြစ်၏။
ညဉ့်နက်နေသော်လည်း တောင်ပေါ်ရှိ ခမ်းနားထည်ဝါသော နန်းအတွင်း၌ မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသေးသည်။
ကျန့်ယင်လျူက အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။
နက်မှောင်သော ဆံပင်များကို သစ်သားဆံထိုးဖြင့် မြင့်မြင့်ထိုးတင်ထားသဖြင့် ကျော့ရှင်းသည့် လည်တိုင်ကို မြင်သာစေသည်။
သူမက မျက်လုံးများဖွင့်လာပြီး ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်ယူကာ သတင်းကို စစ်ဆေးနေ၏။ ရီသွမ့်ဟဲ ပေးပို့သော အဖြစ်အပျက်များကို လက်ခံပြီးနောက်၊
“ မြွေတစ္ဆေမျိုးရိုးရဲ့ နောက်ဆုံး ဘိုးဘေးတံဆိပ်က စုရီလို့ခေါ်တဲ့ လူငယ်ရဲ့ လက်ထဲ ရောက်နေတာလား ... ။ ”
-ဟု ရေရွတ်လိုက်၏။
စုရီသည် ရီတျန်ချီဖိတ်ကြားထားသော အကူအညီပေမည့်သူဟု သံသယရှိထားသည်။ သို့သော် နောက်ခံအကြောင်းကိုမူ ရီသွမ့်ဟဲမှ မဖော်ပြထားချေ။
“ မနက်ဖြန် ငါကိုယ်တိုင်သွားပြီး မြွေတစ္ဆေမျိုးရိုးကိစ္စတွေကို ဝင်စွက်ဖက်ဝံ့လား ငါကြည့်မယ်။ ”
ထို့နောက် ဆုံးဖြတ်ချက်ချကာ မီးရောင်များမှိန်ဖျော့လျက် ရုပ်သွင်ပျောက်ကို အမှော်ထုက ဝါးမျိုသွားတော့သည်။
***