← Chapters

ကူကယ်ရာမဲ့သည့် အခြေအနေ

Vol. 1 Ch. 240

ကူကယ်ရာမဲ့သည့် အခြေအနေ

Vol. 1 Ch. 240

"ဟမ်..."

ချမ်ခွမ်းသည် ကျန်းရီ၏ စကားကြောင့် လန့်သွားကာ လဲကျမလိုပင် ဖြစ်သွားခဲ့သည်။ ဤစကားဝိုင်းကို မည်သို့ ဆက်ရမည်မှန်း သူမသိတော့သောကြောင့် ရှက်ရွံ့စွာသာ ပြုံးလိုက်နိုင်သည်။

ကျန်းရီ၏ အမူအရာသည် လေးနက်သွားကာ ညွှန်ကြားလိုက်သည်။

"ငါ့ကို ရှားဝူဟွေ့ ရှိတဲ့နေရာကို စုံစမ်းပေး... ပြီးရင် ရှားနိုင်ငံရဲ့ အသေးစိတ် အကျဆုံး မြေပုံကိုလည်း ရှာပေး၊ လူသားအရေပြား မျက်နှာဖုံး ဆယ်ခုနဲ့ တံဆိပ်ပြားအတု သုံးခုရောပဲ....စိတ်ဝိညာဉ် အားဖြည့် ဆေးပင်က ရှားဝူဟွေ့ရဲ့ လက်ထဲမှာပဲ ရှိသေးတယ်၊ ငါသူ့ကို မသတ်ရင် မရနိုင်ဘူး...ငါ့ကို ငါပြောတဲ့ ပစ္စည်းတွေ ပေးပြီးတာနဲ့ ငါဒီကနေ ချက်ချင်း ထွက်သွားမယ်၊ မင်းတို့ ဒီကိစ္စမှာ ဝင်မပါကြနဲ့...ငါဒီနေရာကို တစ်ခါ မလာခဲ့ဖူးသလိုပဲနေ"

ချမ်ခွမ်းသည် ချမ်ဝမ်ကွမ်၏ နောက်လိုက် ဖြစ်သောကြောင့် ကျန်းရီ ယုံကြည် နိုင်လေသည်။ အခြား ချမ်ဂိုဏ်းသားများ ဖြစ်လျှင်မူ ကျန်းရီ ဤသို့ပြောမည် မဟုတ်ပေ။ ချမ်ဝမ်ကွမ်နှင့် အချိန်အကြာကြီး အတူ ဖြတ်သန်း ခဲ့ပြီးနောက် ဖက်တီးသည် သူ့ကို မည်မျှ အလေးထားမှန်း သူသိလေသည်။ နိုင်ငံသစ္စာ ဖောက်မှုကို သူကျူးလွန်ခဲ့လျှင် ချမ်ဝမ်ကွမ်သည် အခြားလူများကို ထုတ်ပြ၍ မရသော်လည်း သူ့ကို ညီအစ်ကို အဖြစ် ဆက်ဆံနေဦးမှာသာ ဖြစ်လေသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်၏ နောက်လိုက်များကို သုံးရာတွင် သူစိုးရိမ်နေရန် မလိုပေ။

ချမ်ခွမ်း ခပ်မြန်မြန် ထွက်သွားချိန်တွင် ကျန်းရီသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို နားဆီ ပို့ဆောင်လိုက်ပြီး နံရံသို့ ကပ်၍ တစ်ယောက်ယောက် လာရောက် တိုက်ခိုက်မည်လား သိနိုင်ရန် အသံများကို နားစွင့် နေလိုက်သည်။

ချမ်ဝမ်ကွမ်သည် ယုံကြည်စိတ်ချရပြီး ချမ်ခွမ်းသည်လည်း ယုံကြည်ရသည်။ သို့သော် သူသတိထားသည်က အကောင်းဆုံး ဖြစ်လေသည်။

ချမ်ခွမ်းသည် သူ့အား ယုံကြည်နေနိုင်ဆဲ ဖြစ်ကြောင်း သက်သေပြခဲ့သည်။ သူသည် အချိန်ခဏအတွင်း ကျန်းရီ  တောင်းဆိုသော အရာများ အားလုံးကို ယူလာခဲ့သည်။ ရှားနိုင်ငံ၏ အသေးစိတ် အကျဆုံး မြေပုံတစ်ခု၊ အရည်အသွေးမြင့် လူသားအရေပြား မျက်နှာဖုံးနှင့် တံဆိပ်ပြား အတု သုံးခုတို့ ဖြစ်လေသည်။

ကျန်းရီသည် မြေပုံကို ဝေ့ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုမြေပုံသည် အလွန်အမင်း အသေးစိတ် ကျလေသည်။ မြို့တိုင်းမှ လမ်းများအားလုံးကို အသေအချာ ဖော်ပြထားပြီး ဘယ်မြို့တွင် စစ်သားဘယ်လောက်၊ သိုင်းသမား ဘယ်လောက် ရှိသည်ကအစ အရာအားလုံးကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤမြေပုံသည် အသေးစိတ် အကျဆုံးသော မြေပုံ ဖြစ်လေသည်။

"ကောင်းပြီ...ချမ်ခွမ်း ငါသွားတော့မယ်"

ကျန်းရီသည် ချမ်ခွမ်း၏ ပခုံးကို ပုတ်၍ လှည့်ထွက်လာခဲ့သည်။ ချမ်ခွမ်းသည် ခဏရပ်နေပြီးမှ အံကြိတ်၍ ပြောလာခဲ့သည်။

"သခင်လေးရီ... ပြဿနာ တစ်ခုခု တွေ့ခဲ့ရင် လုံယွမ်ကုန်စည်ခန်းမမှာ ကျွန်တော့်ကို လာရှာပါ... ကျွန်တော့် အသက်ကို ရင်းရမယ် ဆိုရင်တောင် ကျွန်တော် ကူညီပေးပါ့မယ်"

"အင်း"

ကျန်းရီသည် နောက်ပြန်လှည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ လုံယွမ် ကုန်စည်ခန်းမမှ ထွက်လာခဲ့ပြီးသည်နှင့် ကျန်းရီသည် မြို့ထဲမှ ထွက်လာခဲ့ပြီး နီးရာ တောအုပ် တစ်ခုထဲတွင် ထိုင်နေလိုက်သည်။ ထို့နောက် ချမ်ခွမ်း ပေးလိုက်သော မြေပုံနှင့် အခြားပစ္စည်းများကို သေချာ ကြည့်ရှု စစ်ဆေးနေလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် ရှားနိုင်ငံ၏ မြေအနေအထားကို သူအလွတ် ရသွားပြီး ချမ်ခွမ်းကို လုံးဝ ယုံကြည်နိုင်ကြောင်း သတ်မှတ် လိုက်သည်။ ချမ်ခွမ်းသာ သူ့ကို မကောင်းကြံချင်လျှင် မြို့မှ စစ်သားများနှင့် သိုင်းသမားများ သူ့အား လာရောက် ဝန်းရံရန် တစ်နာရီသည် လုံလောက်သည်ထက် ပိုနေလေပြီ။

"ငါသွားသင့်ပြီ"

ကျန်းရီသည် ဟွမ်ကြီးကို ဆင့်ခေါ်လိုက်ပြီး တောင်ဘက်ရှိ ရှားဖုန်းမြို့ထံ မြေအောက်မှ သွားရန် အမိန့် ပေးလိုက်သည်။ စောစောက သူဝင်ခဲ့သော မြို့သည် ရှားနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် ရှိပြီး ရှားဖုန်းမြို့သည် ထိုမြို့မှ တောင်ဘက် မိုင်တစ်ထောင် အကွာတွင် တည်ရှိသည်။ ကျန်းရီ ရှားဝူဟွေ့ကို အလစ်ဝင်တိုက်၍ သတ်ဖြတ်ချင်လျှင် ရှားဖုန်းမြို့ အနီးသို့ အမြန်ဆုံး သွား၍ အခွင့်အရေး ရှာရပေမည်။

ကျန်းရီ ရှားဖုန်း မြို့ပြင်သို့ ရောက်သောအခါ ညလယ် သန်းခေါင်လောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် သစ်ပင် အုံ့အုံ့ကြီးများကြား ရပ်နေရင်း မလှမ်းမကမ်းမှ ရှားဖုန်းမြို့ကို နာနာကျည်းကျည်း စိုက်ကြည့် နေခဲ့သည်။

သတင်းများအရ ရှားဖုန်းမြို့သည် စစ်တပ်မှ အုပ်ချုပ်သည့် မြို့ကြီးတစ်မြို့ ဖြစ်ပြီး ချမ်ဂိုဏ်းမှ ကင်းထောက်များပင် လွယ်လွယ်ကူကူ မဝင်နိုင်ပေ။ မြို့ထဲသို့ ဝင်ရောက် သူများသည် တင်းတင်းကျပ်ကျပ် စစ်ဆေးခံရပြီး တံဆိပ်ပြားများကိုလည်း စစ်ဆေးလေ့ ရှိသည်။ ကုန်သည်များ ဝင်ချင်သည် ဆိုလျှင်လည်း စည်းမျဉ်းများ အတိုင်း စစ်ဆေး ခံရလေ့ရှိသည်။ ကျန်းရီသာ လူအုပ်ထဲ ရောနှော၍ ဝင်သွားရန် ကြိုးစားမိလျှင် သူ့အား ချက်ချင်း ရှာတွေ့ သွားကြလိမ့်မည်။

မြို့ထဲတွင် စစ်သည် ထောင်ပေါင်း များစွာလည်း ရှိလို့နေသည်။ သူမြေအောက်မှ သွားလျှင်လည်း အမိခံရနိုင်သည်။ မြို့အောက်တွင် တားမြစ် အစီအရင်များ ရှိလျှင်လည်း ရှိနေနိုင်သေးသည်။

"ငါအရင်အိပ်မယ်... အဲ့အကြောင်းကို မနက်ဖြန်မှပဲ စဉ်းစားတော့မယ်"

တစ်ခဏကြာအောင် စဉ်းစားပြီးနောက် ကျန်းရီသည် အိပ်ရန် ဆုံးဖြတ်လိုက်ပြီး သူအိပ်နေချိန်တွင် စောင့်ရှောက်ထားရန် ဟွမ်ကြီးကို စေခိုင်း လိုက်သည်။

နောက်တစ်နေ့တွင် သူစောစော နိုးလာခဲ့ပြီး အချိန်အနည်းငယ် ကျင့်ကြံ လိုက်သည်။ သူသည် ဟွမ်ကြီးကို တိတ်တဆိတ် ထိန်းချုပ်ကာ ရှားဖုန်းမြို့အောက်မှ ဝင်ရန် ပြင်လိုက်သည်။ သူမြေအောက်မှ မြို့ထဲသို့ ဝင်တော့မည် အလုပ်တွင် ချက်ချင်း နောက်ဆုတ် လိုက်ရသည်။

မြို့အောက်တွင် အားကောင်းသော တားမြစ် အစီအရင်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။ မြို့အောက်ဘက် နေရာတိုင်းတွင် အပြာရောင် အလင်းများ တောက်ပနေခဲ့သည်။ ထိုအပြာရောင် အလင်းများ အန္တရာယ် ရှိမရှိကို သူမသိသော်လည်း သူထိလိုက်သည်နှင့် တစ်မြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြမည်ကိုတော့ သူသေချာ ပြောနိုင်လေသည်။

"ငါဝင်လို့ မရဘူး"

ကျန်းရီသည် နောက်ဆုတ်လိုက်ပြီး ရှားဝူဟွေ့ ရှားဖုန်းမြို့မှ ထွက်လာမည့် အချိန်ကို စောင့်ရန်သာ ဆုံးဖြတ် လိုက်ရသည်။

ကျန်းရီသည် ဤအချိန်ကာလကို မီးနဂါးဓား၊ လေအရိပ်ဓားသိုင်းနှင့် ကမ္ဘာ့မီးလျှံတို့ကို ပေါင်းစပ်ရန် အသုံးပြုခဲ့သည်။ သူသည် ရှားဖုန်းမြို့၏ တောင်ဘက် ဆယ်မိုင်ကျော် ဝေးသော တောင်စွယ် တစ်ခုအတွင်း ပုန်းအောင်း နေခဲ့သည်။ (ဒီနေရာမှာ သုံးတဲ့မိုင်က တစ်မိုင်ကို ငါးရာမီတာနဲ့ညီတဲ့ တရုတ်ဗားရှင်း မိုင်ပါတဲ့) သူသည် တောင်ထိပ်မှ နေ၍ လမ်းမကြီး၏ အခြေအနေကို မကြာခဏ အကဲခတ်သည်။ ရှားဝူဟွေ့ ရှားယွိမြို့သို့ ထွက်ခွာလျှင် သူ့အား လိုက်ပါစောင့်ရှောက်မည့် စစ်တပ်ကြီးတစ်ခု ပါလာလိမ့်မည် ဖြစ်ရာ ကျန်းရီ အလွယ်တကူ သတိထားမိ လိမ့်မည်။

ကျန်းရီသည် အတွင်းအား အများကြီး မထည့်ဘဲ မီးနဂါးဓားကို ဝှေ့ယမ်း လိုက်သည်။ ထို့ကြောင့် မီးနဂါးဓားမှ ထွက်လာသော မီးနဂါးများ၏ အစွမ်းသည် သိပ်မပြင်းပေ။ သူမီးနဂါးဓားကို လွှဲချိန်တိုင်းတွင် လေအရိပ်ဓား၏ သိုင်းကွက်ကိုပါ ပူးတွဲ သုံးကြည့်နေလေသည်။

မီးနဂါးဓားသည် မီးနဂါးများကို မထုတ်ပေးသောအခါ လေအရိပ်ဓား သိုင်းကွက်ကို အလွယ်တကူ ထုတ်ဖော်၍ ရနေသည်။ မီးနဂါးနှစ်ကောင် ထွက်လာသည်နှင့် လေအရိပ်ဓားသည် လေနဂါးများကို မထုတ်နိုင်တော့ပေ။ ထို့ကြောင့် ရန်သူကို ချုပ်နှောင်ရန် အားစက်ကွင်းလည်း ပေါ်မလာတော့ပေ။ အဘယ့်ကြောင့် ထိုသို့ ဖြစ်နေသည်ကို သူနားမလည်ချေ။

"ကမ္ဘာ့မီးလျှံကို စမ်းသပ်ကြည့်ရမယ်"

ကမ္ဘာ့မီးလျှံ အနည်းငယ်ကို ထုတ်လိုက်ပြီးနောက် ကျန်းရီသည် ဓားကို ဝှေ့ယမ်း လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သက်ရောက်မှု ရှိလေသည်။ လေပြင်းများသည် အဘက်ဘက်မှ တိုက်ခတ်လာပြီး ကမ္ဘာ့မီးလျှံများကို လွင့်စဉ် သွားစေသောကြောင့် သူ့ရှေ့မှ သစ်ပင်သည် ပြာကျ သွားခဲ့သည်။

"မီးနဂါးဓားက လေရဲ့ လှုပ်ရှားမှုတွေကို သက်ရောက် နိုင်ပြီးတော့ အားစက်ကွင်း ဖန်တီးနိုင်အောင် လေနဂါးတွေကို ထုတ်မပေးနိုင်ဘူး"

ကျန်းရီ အနည်းငယ် စိတ်ပျက် သွားခဲ့သည်။ မီးနဂါးများ၏ တိုက်ခိုက်မှုသည် အလွန်ပြင်းထန် သော်လည်း လေအရိပ်ဓားသိုင်းနှင့် မပေါင်းစပ်နိုင်လျှင် နှမြောစရာသာ ဖြစ်လေသည်။ တစ်နေ့ခင်းလုံး စမ်းသပ်ပြီးသော်လည်း ၎င်းတို့အား ကျန်းရီ မပေါင်းစပ်နိုင်သေးပေ။

ကမ္ဘာ့မီးလျှံများကမူ လေအရိပ် ဓားသိုင်းနှင့်ရော မီးနဂါးဓားနှင့်ပါ ပေါင်းစပ် နိုင်လေသည်။ ဓားချက် တစ်ရာကျော် လေ့ကျင့်ပြီးနောက်တွင် ကျန်းရီသည် အသေးစားအောင်မြင်မှုများ ရခဲ့လေသည်။ ၎င်းတို့မှာ ကမ္ဘာ့မီးလျှံကို ဖျက်ဆီးနိုင်စွမ်း ပိုများအောင် ဖောက်ခွဲရမည့် နည်းလမ်းနှင့် ကမ္ဘာ့မီးလျှံများကို တစ်နေရာထဲသို့ မီးညွန့်ထွက်၍ လောင်ကျွမ်းစေမည့် နည်းလမ်းတို့ ဖြစ်လေသည်။

တစ်ရက်ကြာ စောင့်ပြီးသည်အထိ ကုန်သည်အုပ်လေး တစ်အုပ်နှင့် တပ်စုလေး ငယ်လေးများမှ တစ်ပါး မည်သည့် စစ်တပ်ကြီးမှ ပေါ်မလာခဲ့ပေ။ ကျန်းရီ၏ ပြဿနာရှာမှု အပြီး ရှားဝူဟွေ့၏ လက်ထပ်ပွဲသည် သတ်မှတ်ထားသည့် ရက်အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ တစ်လ နောက်ဆုတ် လိုက်ရလေသည်။ သူသည် ရှားဖုန်းမြို့တွင်သာ ဆက်နေနေသဖြင့် ဘာလုပ်ရမည်မှန်း ကျန်းရီမသိတော့ပေ။

နောက်တစ်နေ့သည်လည်း ထိုနည်းအတိုင်းသာ... ကျင့်ကြံခြင်း၊ မီးနဂါးဓားနှင့် လေအရိပ် ဓားသိုင်းကို ပေါင်းစပ်ရန် လက်တွေ့ စမ်းသပ်ခြင်းမှ တစ်ပါး ကျန်းရီတွင် ဘာမှလုပ်စရာ မရှိချေ။ သူသည် ဒန်တျန်းထဲမှ စက်လုံးပုံ ကြယ်ကိုးခုကို စမ်းသပ် ကြည့်သေးသော်လည်း ဘာထူးခြားချက်မှ မတွေ့ပေ။

ကြယ်တစ်ခုချင်းစီသည် ဒန်တျန်း အသေးစားလေးနှင့် တူပြီး အထဲတွင် အနက်ရောင် အတွင်းအားများ ထောင်သောင်းချီ၍ ပါဝင်နေလေသည်။ ကျန်းရီ ကျင့်ကြံလိုက်လျှင် ပထမဆုံး ကြယ်စက်လုံးသည် အနက်ရောင် အတွင်းအားများ ပြည့်လာလိမ့်မည် ဖြစ်ပြီး ထို့ထက်မပိုပေ။ ထိုကြယ် စက်လုံးကိုးခုကို သူလုံးဝ နားမလည်ပါချေ။

တတိယမြောက်နေ့...

ကျန်းရီ ထပ်စောင့်စရာ မလိုတော့ပေ။ သူ့နေရာ၏ မြောက်တွင် စစ်တပ်ကြီး တစ်ခု ရှိနေခဲ့သည်။ စစ်တပ်ကြီးသည် ရှေ့ဆက်တိုးမလာဘဲ နှစ်ဖွဲ့ခွဲလိုက်ပြီး နှစ်ဖွဲ့အကြားတွင် ဆယ်မိုင် အကွာထားပြီး လမ်းကို ထောက်လှမ်း ကြတော့သည်။

"ဒါက ရှေ့ပြေးတပ်ပဲ...ရှားဝူဟွေ့ ရှားဖုန်းမြို့ထဲက ထွက်လာတော့မယ်"

ကျန်းရီသည် စိတ်ထဲတွင် ပျော်ရွှင်နေပြီး ဟွမ်ကြီးကို စီး၍ မြေအောက်ထဲသို့ ဝင်လိုက်သည်။ ရှေ့ပြေးတပ် ဖြတ်သွားပြီးနောက် သူသည် မြေအောက်ထဲမှ ထွက်ကာ ကြည့်လိုက်သည်။

မိနစ်သုံးဆယ်ခန့် ကြာသော် စစ်တပ်ကြီး တစ်ခုသည် ကျန်းရီ၏ မြင်ကွင်းအတွင်း ဝင်ရောက် လာတော့သည်။ ကျန်းရီ ဆွံ့အ သွားရလေသည်။

ဒီစစ်တပ်က ကျစ်ကျစ်လျစ်လျစ်ကို ဖွဲ့စည်းထားတာပဲ...

တစ်ချက် ကြည့်ရုံနှင့် စစ်တပ်တွင် စစ်သည် ခုနစ်သောင်းခန့် ပါဝင်သည်ကို သိနိုင်လေသည်။ လမ်းမကြီး၏ ဝဲယာ အစွန်နှစ်ဖက်တွင် အနက်ရောင် ချပ်ဝတ်တို့ ဝတ်ဆင်ထားသော ရှားနိုင်ငံမှ စစ်သားများ ရှိနေကြပြီး အလယ်တွင်မူ ငွေရောင်ချပ်ဝတ်တို့ ဆင်မြန်းထားသော ရှန်ဝူနိုင်ငံမှ စစ်သည်တော်များ ဖြစ်လေသည်။ စစ်တပ်ကြီးသည် အဆုံးမရှိသည့် အလား မိုင်ပေါင်း များစွာအထိ တစ်သီတစ်တန်းကြီး ရှိနေလေသည်။

"ဒီလောက်တောင် များတယ်လား၊ ငါရှားဝူဟွေ့ကို ဘယ်လို သတ်ရမှာလဲ... အဲထဲမှာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဘယ်နှယောက်တောင် ရှိနေမလဲ"

ကျန်းရီ အလွန်စိုးရိမ် နေခဲ့သည်။ သူအရမ်းကာရော စွတ်ဝင်သွားလျှင် ရှားဝူဟွေ့ အနားတောင် မရောက်လိုက်ဘဲ ကြွသွား ပေလိမ့်မည်။ ထို့ပြင် စစ်တပ်ထဲတွင် ခမ်းနားလှသော ရထားလုံးများ ဆယ်ခုမက ရှိနေသည်။ ဘယ်တစ်ခုတွင် ရှားဝူဟွေ့ ပါမည်ကို သူမည်သို့ သိမည်နည်း။

အခြေအနေသည် ကူကယ်ရာမဲ့နေပြီ ဖြစ်ကြောင်း ကျန်းရီ သိလိုက်သည်။

*****

All Chapters