လူအားဖြင့်
Vol. 6 Ch. 72
လီယောင်သည် ဝမ်ယွမ်ပန်းအား ဖန်မင်းထိုင်၏ ပါးစပ်မှ အဝတ်စကို ဖယ်စေခဲ့သည်။
“မရီးလီ၊ ကျုပ်တောင်းပန်ပါတယ်.. ကျုပ်…”
“မင်း ငါ့ကို တောင်းပန်ဖို့ မလိုပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “မင်းမိသားစုကိုပဲ ပြန်ပြီး တောင်းပန်ချေ။ ဘာလို့လဲဆိုတော့ မင်းကြောင့် သူတို့ ကန်စွန်းဥ မရစေလို့ပဲ။ မင်းတို့ ဆာလောင်နေတဲ့အချိန်မှာ တခြားမိသားစုတွေ ပြည့်ပြည့်၀၀ စားသောက်နေတာကို ကြည့်နေကြပေါ့။ ”
ဖန်မင်းထိုင်သည် သူ့ခေါင်းအား ငုံ့ထားခဲ့သည်။
လီယောင်၏ စကားများသည် သူ့အား လုံးလုံး အရှက်ရစေခဲ့ပြီး နောင်တအပြည့် ခံစားခဲ့ရသည်။
လီယောင်သည် ကန်စွန်းဥ အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ရပြီး သူမအတွက် မသိမ်းဆည်းထားရုံသာမက လူတိုင်းနှင့်မျှဝေရန် သူတို့အား ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ဟဲဝမ်ရွာသူရွာသားများအတွက် ကြီးမြတ်သော အလှူရှင် တစ်ယောက် ဖြစ်သည်။
သို့သော် သူမအား မကောင်းသော ရည်ရွယ်ချက်များကို ဖုန်းကွယ်ထားသည်ဟု သူ သံသယရှိခဲ့သည်။
သူသည် အမှန်တကယ်ပင် လူ မဟုတ်တော့ချေ။
“မရီးလီ၊ ကျုပ်မှားသွားပါတယ်။” ဖန်မင်းထိုင်က ပြောခဲ့သည်။ “ကျုပ်ကို အခွင့်ရေးလေး ထပ်ပေးပါဦးဗျာ။ နောက်တစ်ခါ စိတ်လိုက်မာန်ပါ ထပ်မလုပ်တော့ပါဘူးလို့ ကျုပ် ကတိပေးပါတယ်။”
လီယောင်သည်လည်း သူ့အား အကြာကြီး ချည်နှောင်ထားရန် မရည်ရွယ်ထားသောကြောင့် ဝမ်ယွမ်ပန်းအား သူ့အား ချုပ်နှောင်ထားသော ကြိုးများကို ဖြေလျှော့စေခဲ့ပြီး ယူဆောင်လာသော ကန်စွန်းဥဖုတ် နှစ်လုံးအား သူ့ထံသို့ ပေးလိုက်သည်။
ပူနွေးနေဆဲဖြစ်သော ကန်စွန်းဥဖုတ် နှစ်လုံးကို ကိုင်ကာ ဖန်မင်းထိုင်သည် လောင်ကျွမ်းထားသည့် အခွံ့ကို ဖယ်ထုတ်လိုက်သည်။ နူးညံ့ပြီး ချိုမြိန်လှသည့် အရသာသည် သူ့ပါးစပ်ထဲတွင် ပေါ်ထွက်လာသောအခါ သူ၏ ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များကို ရုတ်တရက် ထိန်းမထားနိုင်ခဲ့တော့ပေ။
“မရီးလီ၊ အခုကနေစပြီး ခင်ဗျားဘာပြောပြော ကျုပ်နားထောင်ပါ့မယ်။ ခင်ဗျား ဘာလုပ်ခိုင်းခိုင်း ကျုပ်လုပ်ပါ့မယ်၊ ကျုပ် တစ်ခွန်းတောင် ပြန်မပြောတော့ပါဘူး။”
“အဲဒါတွေ မလိုပါဘူး။” ဟု လီယောင်က ပြောခဲ့သည်။ “အလုပ်သာ ကြိုးစားပါ။”
“အမ်း….”
ဖန်မင်းထိုင်သည် ကန်စွန်းဥများ တူးဖော်သည့် အလုပ်များထဲတွင် အလျင်အမြန် ဝင်ပါလာခဲ့သည်။
…
အားလုံးသည် ကန်စွန်းဥများ တူးဖော်ကာ အလုပ်ရှုပ်နေကြစဉ်တွင် ဟဲဝမ်ရွာရှိ ရွာသူရွာသားများအားလုံးသည် ကျန်းမိသားစု၏ အိမ်တံခါးရှေ့ မြေကွပ်လပ်တွင် စုရုံးနေခဲ့ကြသည်။
“အသက်ကြီးကြီးငယ်ငယ် အကုန်သွားနိုင်တယ်လို့ လီယောင်က ပြောပါတယ်။”ဟု ကျန်းက ပြောခဲ့သည်။ “သူက တစ်နေ့ကို ထမင်း ၂နပ် ကျွေးပြီး လုပ်အားခလည်း ၁၀ ဝမ် ပေးပါလိမ့်မယ်။”
“ကလေးငယ်ငယ်လေးတွေတောင်လား။”
“လမ်းလျှောက်နိုင်တဲ့လူတိုင်းပါ။”
အခြားတနည်းဖြင့်ဆိုရသော် အသက်နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် လမ်းလျှောက်တတ်ကာစ ကလေးငယ်များနှင့် အသက်ခြောက်ဆယ် ခုနှစ်ဆယ်အရွယ်ရှိ သက်ကြီးရွယ်အို အဖိုးအဖွားများသည်ပင် တစ်ရက်လျှင် ငွေ ၁၀ ဝမ် ရရှိမည် မဟုတ်ပါလား။
လူတိုင်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားရကာ မယုံနိုင်စွာဖြင့် အချင်းချင်း ကြည့်နေခဲ့ကြသည်။
“ကျုပ်တို့ရဲ့ အကြီးဆုံးချွေးမက သနားကြင်နာတတ်တဲ့သူပါ။” ဟု ဝမ်ရွယ်ရှစ်က အချိန်မီ ထပ်ပြောခဲ့သည်။ “သူတစ်ယောက်ကပဲ တော်တို့ကို အကြောင်းပြချက် မရှိပဲ ဒီလိုကူညီပေးလိမ့်မယ်။”
“ဟုတ်တယ်။ အကြီးဆုံးယောင်းမက တကယ်ကို ချီးကျုးဖို့ကောင်းတဲ့လူပဲ။”
“ကဲ.. ဒါဆိုလည်း အကုန်သွားကြစို့။ ပြီးတော့ အခုကလည်း လယ်ကွင်းထဲမှာ အလုပ်များများစားစား မရှိနေတော့ဘူး။ ငါတို့တွေ နေ့တိုင်း စားသောက်နိုင်ပြီးတော့ ပိုက်ဆံလည်း ရဦးမယ်။”
“ဒီလိုအခွင့်အရေးမျိုးဆိုတာ ညဘက်မှာ မီးတုတ်နဲ့ရှာရတာထက်တောင် ရှားပါးပြီး ကြုံတောင့်ကြုံခဲပဲ။ ကျုပ်တို့တစ်မိသားစုလုံးကတော့ သေချာပေါက် အကုန်သွားကြမှာ။”
“ဟွန့်.. သူလား၊ အဲ့လောက် သနားကြင်နာတတ်မှာ မဟုတ်ဘူး။”
လူအုပ်ကြီးထဲမှ သဘောထား ကွဲလွဲသည့် အသံ တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ပြန်လှည့်ကြည့်လိုက်သော် ကျူးယိုကွေ့မှလွဲ၍ မည်သူ ဖြစ်နိုင်လိမ့်မည်နည်း။
“ကျူးယိုကွေ့၊ မင်းမသွားချင်ရင် မသွားနဲ့” ဟု တစ်ဦးက ပြောခဲ့သည်။ “မထိတထိ ရှုတ်ချတဲ့ စကားတွေ ဒီမှာ လာမပြောနဲ့။”
“ကျုပ်က ခင်ဗျားတို့ ကောင်းဖို့ ပြောနေတာ။”ဟု ကျူးယိုကွေ့က ပြောခဲ့သည်။ “ခင်ဗျားတို့ ဒီလို တွေးဖူးလား။ တစ်ရွာလုံးမှာ လူပေါင်း ဘယ်နှစ်ယောက် ရှိလဲ။ အိမ်မှာ မရှိတဲ့သူတွေကို ထည့်မတွက်ဘူးဆိုရင်တောင် အနည်းဆုံး လူတစ်ထောင် ရှိတယ်၊ ဟုတ်တယ် မဟုတ်လား။ တစ်နေ့ကို လုပ်အားခက ဝမ်တစ်သောင်းပဲ ထားလိုက်ပါဦး။ အစားအသောက်ကိုလည်း ဝမ်ငါးထောင်ပဲ ထားလိုက်။ အဲ့ဒီတောင်တန်းတွေကို ရှင်းလင်းဖို့က အနည်းဆုံး လတစ်ဝက်လောက် ကြာမှာ။ တစ်နေ့ကို ငွေ ၁၅ချောင်း၊ လတစ်ဝက်ဆိုရင် ငွေချောင်း ၂၀၀ ကျော်တယ်။ အဲ့အချိန်ကျရင် သူက အဲ့လောက် အများကြီးကို ပေးလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေကြတာလား။”
ဤသည်ကို ကြားသောအခါ ယင်းမှာ အဓိပ္ပါယ်ရှိသည့်ပုံပေါ်သည်။ ထို့အပြင် ငွေချောင်း ၂၀၀ကျော်သည် သေးငယ်သည့် ပမာဏ မဟုတ်ပေ။ ချမ်းသာကြွယ်၀သည့် မိသားစုများသည်ပင် စိတ်ကူးပေါက်ရာအတိုင်း မထုတ်ယူနိုင်ပေ။
လီယောင်တွင် ထိုမျှ ပိုက်ဆံ အများကြီး ရှိခဲ့လျှင်တောင် မြေရှင်းလင်းရန်နှင့် လမ်းတွေဖောက်ရန်အတွက် ထိုမျှလောက် အများကြီးအား တကယ် အသုံးပြုလိမ့်မည်လား။
လူတချို့သည် သူ့အား ယုံကြည်စပြုလာသည်ကို မြင်တွေ့သောအခါ ကျုးယိုကွေ့၏ မျက်နှာတွင် ဘဝင်ခိုက်နေသည့် အကြည့် တစ်ခု ပေါ်လာခဲ့သည်။ သူက ဆက်ပြောခဲ့သည်။ “ကျုပ်အမြင်အရဆိုရင် သူက ခင်ဗျားတို့ကို အခမဲ့ အလုပ်လုပ်ခိုင်းဖို့ ကြိုးစားနေတာပဲ။ နောက်ဆုံးတော့ ခင်ဗျားတို့ကို ဒီအကြောင်း ပြောတာက ‘ကျန်းမျိုးရိုး’လေ။ သူက ကြွေးမြီအကြောင်းကို အသိအမှတ်မပြုဘူးဆိုရင် ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ။”
“ကျူးယိုကွေ့၊ နင် အဆဲတောင်းနေတာလား။”ဟု ဝမ်ရွယ်ရှစ်က အော်လိုက်သည်။
“အော်ကျယ်အော်ကျယ် လုပ်နေတာက အသုံးမဝင်ဘူး။”ဟု ကျူးယိုကွေ့က ပြောခဲ့သည်။ “လီယောင်က ပိုက်ဆံမပေးဘူးဆိုရင် အဲ့အစား ခင်ဗျားပေးမယ်လို့ ပြောရဲရင် ကျုပ်ပြောသမျှအားလုံးကို ပြန်ရုတ်သိမ်းပေးမယ်။”
ဤအချက်ကြောင့် ဝမ်ရွယ်ရှစ်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ လီယောင်အား ယုံကြည်သည့်တိုင်အောင် ဤသို့သော အာမခံချက်အား သူမ မပေးရဲခဲ့ပေ။
“ဟုတ်သားပဲ။ လီယောင်က ဘယ်မှာလဲ။ ဘာလို့ သူကိုယ်တိုင် လာမပြောတာလဲ။”ဟု လူတစ်ဦးက မေးခဲ့သည်။
“သူကိုယ်တိုင် လာပြောရင်တော့ ကျုပ်တို့ ယုံကြည်မှာပဲ။”
“အဲ့လိုမှ အဓိပ္ပါယ်ရှိဦးမယ်။ သူက နောက်မှ အကြွေးကို အသိမှတ်မပြုဘူးဆိုရင် ခက်လိမ့်မယ်နော်။”
…
ရွာသူရွာသားများ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြသည်ကို မြင်သောအခါ ဝမ်ကျားဖူသည် စတင်၍ စိုးရိမ်လာခဲ့သည်။ သူသည် အမှန်တကယ်ပင် ဤအခြေအနေအား မမျှော်လင့်ထားခဲ့ချေ။
“ကျုပ် စကားနည်းနည်းလောက် ပြောပါရစေ။” ဖန်မျိုးနွယ်စု အကြီးအကဲ ဖန်ရှန်သည် ရှေ့သို့ တိုးလာခဲ့သည်။
“ကျုပ် အများကြီး မပြောတော့ပါဘူး။ ကျုပ် အားလုံးကို မေးချင်တာ နောက်နှစ်သစ်အထိ စားဖို့သောက်ဖို့ လုံလောက်တဲ့ မိသားစု ဘယ်လောက်များ ရှိသေးလို့လဲ။”
ဤစကားကို ကြားသောအခါ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
ဟဲဝမ်ရွာရှိ အိမ်ထောင်စု တစ်ရာကျော်တွင် ဤအရာကို ခိုင်ခိုင်မာမာ ပြောကြားနိုင်သည့် အရေအတွက်မှာ လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်ပါသည်။ အများစုသည် နေ့စဉ် တောရိုင်းဟင်းသီးဟင်းရွက်များကို စတင်စားသောက်နေကြရပြီ ဖြစ်သည်။
“လီယောင်က လူတိုင်းကို အလုပ် လာလုပ်ဖို့ ဖိတ်ခေါ်တယ်။ သူက ယောက်ျားနဲ့ မိန်းမ၊ အသက်ကြီးတာ ငယ်တာတွေကို ခွဲခြားထားတာလည်း မရှိဘူး။ သူက အသက် ၆၀ကျော် ၇၀ကျော် သက်ကြီးရွယ်အိုတွေ၊ လမ်းလျှောက်တတ်ကာစ ကလေးအတွက်ကိုတောင် တစ်နေ့ကို ထမင်း နှစ်နပ် ကျွေးမွေးဖို့ ဆန္ဒရှိတယ်ဗျ။”ဟု ဖန်ရှန်က ပြောခဲ့သည်။ “ခင်ဗျားတို့ အားလုံး ဘယ်လိုတွေးလဲတော့ ကျုပ်မသိဘူးဗျ။ ဒါပေမဲ့ ကျုပ်ထင်မိတာက သူက တစ်ပြားတစ်ချပ်မှ မပေးဘူးဆိုရင်တောင် ကျုပ်တို့အတွက် အကျိုးရှိနေတုန်းပဲ။ အနည်းဆုံးတော့ ဒီနှစ်ပတ်အတွင်းမှာ ကျုပ်တို့ ၀၀လင်လင် စားသောက်ရတယ်လေ။”
သူသည် ထိုပုံစံအတိုင်း ပြောပြခဲ့ပြီးနောက် လူတိုင်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။
အမှန်တွင် မည်သည့် အချိန်အခါသို့ ယခု ရောက်ရှိနေခဲ့ပြီနည်း။ ပြည့်ပြည့်၀၀ စားသောက်နိုင်ခြင်းကသာလျှင် အလွန်ကြီးမားသော ကောင်းချီးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် လုပ်အားခများအတွက် အဘယ်ကြောင့် စိုးရိမ်ပူပန်နေရလိမ့်မည်နည်း။
“ကျုပ်တို့တစ်မိသားစုလုံးကတော့ သွားမယ်ဗျို့..” ရွာသားတစ်ယောက်သည် ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောကြားခဲ့သည်။ “အကြီးအကဲဖန် ပြောတာ မှန်တယ်။ အလကားရတဲ့ ထမင်းကို သူတောင်းစားတွေက ဇီဇာကြောင်နေရအောင် အခုက ဘယ်လို အချိန်အခါမျိုးလဲဗျို့…။”
သူ၏ လှုံဆော်သည့် ပြောဆိုမှုများအပြီးတွင် တခြားရွာသူရွာသားများကလည်း သူတို့၏ ရည်ရွယ်ချက်များကို စတင်၍ ဖွင့်ဟလာခဲ့ကြသည်။
အဆုံး၌ ဝမ်ကျားဖူသည် ကျုးယိုကွေ့မှလွဲ၍ တခြားမိသားစုဝင်များအကုန် သွားကြလိမ့်မည်ဟု အကြမ်းဖျင်း တွက်ချက်ခဲ့ပြီး သူ့စိတ်နှလုံးအတွင်းမှ စိုးရိမ်ပူပန်မှုများသည်လည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
လူတော်တော်များများ မသွားခဲ့ပါက ကန်စွန်းဥများ လောက်လောက်ငှငှ မရရှိခဲ့ပါက သူတို့ ဆာလောင်နေကြလိမ့်မည်ကို အမှန်တကယ်ပင် သူ စိုးရိမ်ပူပန်နေခဲ့သည်။
ကျုးယိုကွေ့အတွက်ကိုမူ သူသည်လည်း ရွာသားတစ်ဦးဖြစ်သောကြောင့် ရွာလူကြီးတစ်ဦးအနေဖြင့် ထုံးစံအတိုင်း သတိပေးရဦးမည် ဖြစ်သည်။
“ကျုးယိုကွေ့၊ မင်း သွားမှာလား မသွားဘူးလား။”
“မသွားပါဘူးဗျာ။” ကျုးယိုကွေ့သည့် အာခံသည့် အပြုံး တစ်ခုနှင့် ပြန်ပြောခဲ့သည်။ “ဒါက သိသိသာသာကို အလိမ်အညာကြီးလေ။ အရူးတွေပဲ သွားကြလိမ့်မယ်။”
“အဒေါ်ဟယ်၊ ခင်ဗျားကော၊ သွားချင်တယ်ဆိုရင် တခြားသူတွေနဲ့ အတူတူပဲ။”ဟု ရွာလူကြီးသည် ကျုးယိုကွေ့၏ မိခင်အား မေးခဲ့သည်။
အဒေါ်ဟယ်သည် သဘောတူတော့မည့် အခိုက်တွင် ကျူးယိုကွေ့သည့် သူမအား ပြင်းပြင်းထန်ထန် စိုက်ကြည့်လာခဲ့သည်။ “နောက်ဆုံးတစ်ခေါက်တုန်းက ရွာအတွက် လမ်းအလုပ် အလကား လုပ်ပေးခဲ့ရတာ မလုံလောက်သေးဘူးလား။ သွားကြမယ်။”
အဒေါ်ဟယ်သည် သူ့အား မဖီဆန်ဝံ့ပေ။ သူမစိတ်တွင်းထဲ၌သာ လေးလေးနက်နက် သက်ပြင်းချကာ ကျုးယိုကွေ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ရွာသူရွာသားများသည်လည်း ဤသို့သော ကိစ္စရပ်မျိုးနှင့် ကျင့်သားရနေခဲ့ပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုကြချေ။
ဝမ်ကျားဖူသည် သွားရောက်လုပ်ကိုင်မည့် သူများ၏ အမည်များကို ဦးစွာ မှတ်တမ်းတင်ထားခဲ့သည်။ သူသည် လုပ်နိုင်ကိုင်နိုင်သည့် လူအယောက် ၁၀၀အား လမ်းဖောက်သည့်အလုပ်အတွက် နေရာချထားပေးခဲ့ပြီး ကျန်သူများအား မြေရိုင်းအား သွားရောက်ရှင်းလင်းစေခဲ့သည်။ သူသည် လမ်းလုပ်ငန်းအဖွဲ့အား ဦးဆောင်ခဲ့ပြီး အကြီးဆုံးအစ်မကြီးသည် မြေယာရှင်းလင်းရေးအား ဦးဆောင်လိမ့်မည် ဖြစ်သည်။
ရွာသူရွာသား တစ်ထောင်ကျော်ခန့်သည် အနောက်ဘက်တောင်တန်းများဆီသို့ အံဩဖွယ်ကောင်းလောက်အောင် စနစ်တကျ အတန်းလိုက် စတင်ထွက်ခွာခဲ့ကြသည်။
အားလုံးထွက်ခွာသွားပြီးနောက် ဝမ်စန်းအာသည် သူ့အသက်အရွယ်ရှိ ယောက်ျားလေးများစွာကို ချက်ချင်းခေါ်ဆောင်ကာ ရွာကို စတင်၍ ကင်းလှည့်တော့သည်။
သူတို့အားလုံးသည် နောက်ကျောတွင် အကြမ်းထည်ပြုလုပ်ထားသော လေးနှင့် မြှားများကို သယ်ဆောင်ထားကြပြီး သူတို့လက်ထဲတွင်လည်း ဝါးများကို ဖျင်ထားကာ ပြုလုပ်ထားသည့် ဓါးများကို ကိုင်ဆောင်ထားကာ အလွန်ခံ့ညားထည်ဝါလှသည်ဟု ခံစားနေခဲ့ကြသည်။
အထူးသဖြင့် ဝမ်စန်းအာသည် သူ၏ လေးနှင့် မြှားကို လီယောင်က ပြုလုပ်ထားပေးခဲ့ပြီး တခြားသူများထက် ပို၍ သာလွန်ကောင်းမွန်သည်။ သူ၏ လက်နက်သည် ဝါးမြှား မဟုတ်ပေ။ အိမ်မှ ရှည်လျားသည့် မီးဆွတံ တစ်ချောင်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူသည် သူ၏ ဝက်ငယ်လေးကိုလည်း ဦးဆောင်နေခဲ့ခြင်း ဖြစ်သည်။
စစ်မြင်းတစ်ကောင်ကဲ့သို့ အထင်ကြီးလောက်စရာ မဟုတ်သော်လည်း ရွာကို အပေါ်စီးမှ မြင်နေရသည့် တောင်စောင်းပေါ်ရှိ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေခြင်းသည် သူအား အမှန်တကယ်ပင် ထည်ဝါခံ့ညားသည့် ဧရာမ စစ်သူကြီး တစ်ယောက်ကဲ့သို့ ခံစားခဲ့ရသည်။
အခုကစပြီး ဟဲဝမ်ရွာကို ငါ ကာကွယ်မယ်…
…