← Chapters

ကြည်လင်နေသည့်ရေများနှင့် စိမ်းစိုနေသောတောင်များ

Vol. 6 Ch. 74

ကြည်လင်နေသည့်ရေများနှင့် စိမ်းစိုနေသောတောင်များ

Vol. 6 Ch. 74

လီယောင်သည် နေ့ခင်းဘက်ထိတိုင်အောင် အိမ်ထောင်တစ်စုချင်းစီအား ကန်စွန်းဥများ ဝေမျှရန် အလုပ်ရှုပ်နေခဲ့ပါသည်။ အလွန်ဆိုးဝါးမည့်ပုံပေါ်သည့် စားနပ်ရိက္ခာ ပြတ်လပ်မှုအား တစ်နည်းနည်းဖြင့် ဖြေရှင်းနိုင်သည့်အတွက် ဝမ်ကျားဖူသည် သူ့ရင်ဘတ်ပေါ်ရှိ အလွန် လေးလံလှသည့် အလေးတုံးကြီးအား ဖယ်ရှားလိုက်နိုင်သကဲ့သို့ ခံစားခဲ့ရသည်။

လီယောင်သည် သူမ၏ လုပ်ငန်းအား စတင်လုပ်ကိုင်ချိန်မှစ၍ ပြောင်းလဲသွားခဲ့ပုံရသည်။

“လီယောင်ရေ၊ လူတိုင်းရဲ့ ကိုယ်စား ဒီကိစ္စအတွက် ငါ နင့်ကို တကယ်ပဲ ကျကျနန ကျေးဇူးတင်ဖို့ လိုသေးတယ်။” ဟု ဝမ်ကျားဖူမှ ပြောခဲ့သည်။

“မလိုပါဘူး”ဟု လီယောင်က ပြောခဲ့သည်။ “ရွာသူရွာသားတွေကလည်း ကျွန်မ လယ်ကွင်းတွေကို အလုပ်ကူညီပေးခဲ့တယ်လေ။ မဟုတ်ရင် အဲ့မြေရိုင်းတွေကို ဘယ်အချိန်မှ ရှင်းလင်းနိုင်မယ်ဆိုတာ ကျွန်မ မသိဘူး။”

“အဲလို မဟုတ်ဘူး။ အဲဒီ ကန်စွန်းဥပိုက်ဆံတွေက နင့်ရဲ့ မြေရိုင်းတွေကို ရှင်းလင်းနိုင်တာပေါ့။”ဟု ဝမ်ကျားဖူကပြောခဲ့သည်။ “နင်သာ ယောက်ျားတစ်ယောက်ဆိုရင် ငါ အခုချက်ချင်း တရားဝင်ရာထူးတစ်ခုရဖို့ ကမ်းလှမ်းနိုင်ဦးမှာ။”

အမျိုးသားများသာလျှင် အရာရှိများ ဖြစ်လာနိုင်သည်။ ဤသည်မှာ ဤကမ္ဘာ၏ ဝမ်းနည်းဖွယ်ရာ အမှန်တရားပင် ဖြစ်သည်။

သို့သော် လီယောင်သည် သူမသဘောအတိုင်း သက်တောင့်သက်သာရှိသော ဘ၀မှာပင် ပျော်ပျော်ရွှင်ရွှင်‌ ဖြတ်သန်းနေခဲ့ပါသည်။ ရွာခေါင်းဆောင်တစ်ဦး ဖြစ်လာချင်သည့် ဆန္ဒ မရှိခဲ့ပေ။

“ဒါပေမဲ့ ငါ နင်ရဲ့ ပံ့ပိုးကူညီမှုကို လုံး၀ မေ့မှာ မဟုတ်ဘူး”ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “မနက်ဖြန်ကျရင် ခရိုင်တရားရုံးကို သွားပြီး ခရိုင်တရားသူကြီးမင်းစုန့်ကို ဒီအကြောင်းကို သတင်းပို့လိုက်မယ်။ နင် သေချာပေါက် ထပ်ပြီး ဂုဏ်ပြုချီးမြှင့်တဲ့ဆုတစ်ခု ထပ်ရဦးမှာပဲ။”

“ဦးလေး၊ အဲလို မလုပ်ပါနဲ့”ဟု လီယောင်က ပြောခဲ့သည်။

“ဘာလို့ မလုပ်ရမှာလဲ။”

“ကျွန်မတို့ စိုးရိမ်ပူပန်ရမှာက သူခိုးတွေ မဟုတ်ဘူး။ သူတို့တွေရဲ့ မနာလိုဝန်တိုတတ်တဲ့ အတွေးတွေကိုပဲ။” ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မတို့ ပိုင်ချွမ်းတစ်ခရိုင်လုံး၊ ယီကျိုးစီရင်စုတစ်ခုလုံးမှတောင် စားနပ်ရိက္ခာတွေက ပြတ်လပ်နေကြတယ်။ ကျွန်မတို့ရွာ တစ်ခုတည်း ရုတ်တရက် မပြတ်လပ်တော့ဘူးဆိုရင် တခြားသူတွေကို မနာလိုဖြစ်စေနိုင်တယ်လို့ ဦးလေး မထင်ဘူးလား။”

ဝမ်ကျားဖူသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ကောက်ပဲသီးနှံများကို အနည်းငယ် သယ်ယူရင်း ဤအကြောင်းအား စဉ်းစားရန် သူမေ့သွားခဲ့သည်။

သို့သော် သူသာ သတင်းမပို့ခဲ့ပါက လီယောင်၏ ပံ့ပိုးမှုအတွက် သူ ဘယ်လိုများ ဆုချနိုင်လိမ့်မည်နည်း။ ဂုဏ်ပြုချီးမြှင့်ရန်အတွက် ရွာတွင် ပိုက်ဆံမရှိပေ။

နောက်ဆုံးတွင် သူသည် အများကောင်းကျိုးအတွက်ကိုသာလျှင် ဦးစားပေးနိုင်တော့သည်။ လီယောင်အား ဆုချီးမြှင့်ရန်အတွက် ပိုကောင်းသည့် နည်းလမ်းတစ်ခုအား သူတွေးခဲ့ပြီးသား ဖြစ်သည်။

“လီယောင်၊ အခုကစပြီး ရွာမှာ ကိစ္စတစ်ခုခုရှိရင် ငါ နင်နဲ့ လာဆွေးနွေးမယ်။ နင်ရဲ့ အကြံပြုချက်တွေကိုလည်း ငါ နားထောင်မယ်” ဟု ဝမ်ကျားဖူက‌ ပြောခဲ့သည်။

လီယောင်၏ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။ သူမသည် ရုတ်တရက် ရွာ၏ အာဏာရှိ တစ်ယောက်ကဲ့သို့ ခံစားခဲ့ရသည်။

(ဒါက ပြစ်ဒဏ် မဟုတ်ပဲ ဆုလာဘ်တစ်ခုဆိုတာ သေချာရဲ့လားနော်...)

အိုး.. ကောင်းပါပြီလေ။ မည်သို့ပင်ဖြစ်စေ ရွာကိစ္စသည် ထိုမျှလောက် အများကြီး မရှိပေ။ လိုအပ်လာခဲ့ပါက အလွန်အားစိုက်ထုတ်စရာ မလိုအပ်ပဲ သူမတွင် အကြံအစည် အနည်းငယ် ပေါ်ထွက်လာနိုင်ပေသည်။

ရွာလူကြီး ထွက်ခွာသွားပြီးနောက် နောက်ဆုံးတွင် လီယောင်သည် အနားယူရန် အချိန်ရရှိခဲ့သည်။

သူတို့သည် ယခုတစ်ကြိမ်တွင် ကန်စွန်းဥ ကျင်း ၂၀၀၀၀၀ တူးဖော်ခဲ့ပြီး ကျင်း ၁၈၀၀၀၀ ဝေမျှပေးခဲ့သည်။ ခြံထဲတွင် ကျင်း ၂၀၀၀၀ ခန့် ကျန်ရှိနေဆဲ ဖြစ်သည်။

ကျင်းရာဂဏန်းအား စားရန်အတွက် ချန်ထားပြီး လက်ကျန်များကို နောက်လာမည့် နွေဦးတွင် ပျိုးပင်များ စိုက်ရန်အတွက် အသုံးပြုလိမ့်မည် ဖြစ်သည်။ အနောက်ဘက်တောင်ပေါ်ရှိ ရှင်းလင်းထားသော မြေအများစုပေါ်တွင် စိုက်ပျိုးနိုင်သည်။ ပိုနေသည့် ပျိုးပင်များကို ငွေဖြင့် ရောင်းချနိုင်သည်။

ထိုအကြောင်း ပြောရမည်ဆိုပါက လီယောင်သည် ပြန်ရောက်သည့်အချိန်ကတည်းက အလုပ်ရှုပ်နေခဲ့ပြီး အနောက်ဘက်တောင်ပေါ်သို့ သွားကြည့်ရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် သူမသည် ကလေးများနှင့် ဟဲရှောင်ယာကို ခေါ်ကာ အိမ်အသစ်မှ ထိုနေရာသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

မြေယာရှင်းလင်းဖော်ယူရေးအတွက် သူမ၏အစီအစဉ်များအတိုင်း ကျန်းမာသန်စွမ်းသော အမျိုးသားများက စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

တောင်လယ်အောက်ရှိ ပျော့ပျောင်းသော တောင်စောင်းများကိုလည်း လှေခါးထစ် စိုက်ခင်းများအဖြစ်သို့ ပြောင်းလဲခဲ့ပြီး စုစုပေါင်း မူ ၁၀၀၀ခန့် ရှိသည်။

ဤလှေခါးထစ်စိုက်ခင်းများသည် ကျတ်တီးမြေများ ဖြစ်သည့်ပုံပေါ်နေသော်လည်း ဂျုံ၊ မုန်ညှင်း၊ ကန်စွန်းဥ၊ အာလူး၊ ပိန်းဥများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးနိုင်ပါသည်။

ဓါတ်မြေဩဇာ၊ ရေလုံလုံလောက်လောက်တို့နှင့်အတူ သိပ္ပံနည်းကျ စိုက်ပျိုးနည်းများဖြင့် အထွက်နှုန်းသည် မြေဩဇာကောင်းမွန်သည့်မြေများထက်ပင် လျော့နည်းလိမ့်မည် မဟုတ်ပေ။

တောင်ကုန်းအလယ်နှင့် အထက်တွင် သီးပင်စားပင်များဖြစ်ကြသည့် ပန်းသီး၊ သစ်တော်သီး၊ ရှောက်သီး၊ လိမ္မော်သီး၊ တရုတ်ဇီးသီး၊ မက်မွန်သီး .. အစရှိသည်ဖြင့် သီးပင်များအတွက် အသုံးပြုရန် စီစဉ်ထားသော မြေကျင်း တစ်ခုစီသည် မီတာ ၂၀တိုင်းတွင် ရှိသည်။ ဟဲဝမ်ရွာတွင် စိုက်နိုင်ပျိုးနိုင် ကြီးထွားနိုင်သရွေ့ ယင်းတို့အား စေ့စေ့စပ်စပ် စီစဉ်ရမည်ဖြစ်သည်။

သီးပင်များ‌ကြားထဲရှိ နေရာများတွင် ကြက်၊ ဘဲ၊ ဝက်၊ နွား၊ သိုးနှင့် အခြားတိရစ္ဆာန်များအတွက် အစာခြောက်များကို စိုက်ပျိုးရန် သို့မဟုတ် အစာအဖြစ် သဘာဝအတိုင်း ပေါက်ပွားလာစေရန်အတွက် ဂေါ်ဖီနှင့် မုန်ညှင်းစေ့များကို ဖြန့်ကျဲရန် အသုံးပြုမည် ဖြစ်သည်။

ထို့အပြင် အနာဂါတ်တွင် တောင်တန်းတစ်ခုလုံးအား ရေထောက်ပံ့ပေးစေနိုင်ရန်အတွက် တောင်ကုန်းတစ်ခုချင်းစီ၏ ခါးပတ်ပတ်လယ်တွင် တစ်မီတာအကျယ်ရှိသော ရေမြောင်း တစ်ခုစီ ရှိသည်။

“မေမေ” တာ့ကျွမ်းက မေးခဲ့သည်။ “သား ကျန်တာတွေ အားလုံးကို နားလည်ပါတယ်။ ဒါပေမဲ့ ရေမြောင်းက ဘာအတွက်လဲ။ ဒီမှာ စီးလာမဲ့ ရေမရှိဘူးလေ။”

“နောက်ကျရင် ရှိလာလိမ့်မယ်။” ဟု လီယောင်က ပြောခဲ့သည်။

သူမ ငွေတချို့ ပိုစုပြီးပါက ဆည်တစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့သည်။

သူမသည် မြေအနေအထားကို အစောပိုင်းကတည်းက စူးစမ်းလေ့လာခဲ့သည်။ ရေလှောင်ကန်၏ ရေအမြင့်သည် ရေပတ်လမ်းကြောင်းထက် ပိုမြင့်သည်။ နောက်ပိုင်းတွင် တောင်ခြေမှ ရေသယ်ယူမည့်အစား ရေအရင်းအမြစ်ကို လမ်းလွှဲပေးရန် တောင်ကုန်းများကြားတွင် ဘောင်တစ်ခုကို တည်ဆောက်ရန်သာ လိုအပ်ပေတော့သည်။

တောင်ထိပ်သို့ သူတို့ တဖြည်းဖြည်း ရောက်ရှိလာသောအခါ လီယောင်သည် အိမ်အသစ်နှင့် ဟဲဝမ်တစ်ရွာလုံးအား အပေါ်စီးမှ ငုံကြည့်ကာ စိမ်းလန်းစိုပြေသော သစ်ပင်များနှင့် သစ်သီး၀လံများ၊ ပန်းမံများ၏ အမွှေးရနံများ ပျံလွှင့်နေသည့် မြင်ကွင်းကို စိတ်ကူးပုံဖော်နေခဲ့သည်။ ဤနေရာသို့ ရောက်လာခဲ့ပြီးနောက် ကြိုးစားအားထုတ်မှုအားလုံးသည် ထိုက်တန်သည်ဟု သူမ ခံစားနေခဲ့ရသည်။

“တာ့ကျွမ်း၊ ရှောင်ယာ ၊ ဒီနားကို လာခဲ့။” ဟု သူမသည် လေးနက်စွာဖြင့် လှမ်းခေါ်ခဲ့သည်။

သူမ၏ တည်ကြည်လေးနက်သော အမူအယာကို မြင်သောအခါ နှစ်ယောက်သား အလျင်အမြန် ရောက်လာခဲ့ကြသည်။

“ဒီတောင်ပေါ်မြေဧက ၅၀၀၀နဲ့ ပြီးတော့ အိမ်မှာရှိတဲ့ လယ်ကွက် တစ်ဒါဇင်ကိုပါ အခုကစပြီး မင်းတို့နှစ်ယောက် စီမံခန့်ခွဲဖို့အတွက် အပြည့်အ၀ လက်လွှဲပေးလိုက်ပြီ။”ဟု လီယောင်က ပြောခဲ့သည်။ “ဘယ်လို စီမံပြီး စိုက်ပျိုးရမယ်ဆိုတာကိုတော့ အမေသင်ပေးမှာပါ။ မင်းတို့ ပြဿနာ တစ်ခုခု ကြုံလာခဲ့ရင်လည်း အမေ့ကို မေးနိုင်တယ်။”

ဒါတွေ အကုန်လုံးလား။

လင်မယားနှစ်ယောက်လုံး ကြက်သေသေသွားခဲ့ကြသည်။

ဤသည်မှာ ၅၀၀၀မူ ဖြစ်သည်။

မူ၁၀၀၀တွင် ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပြီး မူ၄၀၀၀တွင် သစ်သီး၀လံများနှင့် တိရိစ္ဆာန်အစာများကို စိုက်ပျိုးနိုင်ပေသည်။ ပိုင်ချွမ်းခရိုင်ရှိ တခြားမည်သည့် မိသားစုဝင်များမှ ဤမျှလောက် အသုံးပြုနိုင်သည့် မြေများကို ပိုင်ဆိုင်ထားခြင်းမရှိဟု ပြောနိုင်ပေသည်။

လွန်ခဲ့သော နှစ်လခန့်က သူတို့သည် ထမင်းအနပ်တိုင်းတွင် တောရိုင်းဟင်းသီးဟင်းရွက်များကိုသာ စားသောက်ခဲ့ရသည်ကို ပြန်လည်သတိရခဲ့ပြီး ယခုတွင်မူ ပိုင်ချွမ်းခရိုင်ရှိ အကြီးဆုံးမြေပိုင်ရှင် ဖြစ်လာခဲ့သည်။ ဤသို့ ကမ္ဘာမြေကြီး တုန်ဟီးသွားစေလောက်သည့် အပြောင်းအလဲသည် သူတို့နှစ်ဦး၏ နှလုံးသားများအား အမြန်လည်ပတ်သွားစေခဲ့သည်။

“မေမေ” ဝမ်အာက မေးခဲ့သည်။ “သားတို့ ဘာလို့ ဒီကျတ်တီးတောင်ကုန်းမြေတွေကို ရှင်းလင်းဖော်ထုတ်ဖို့ အင်အားတွေ အများကြီး သုံးနေရတာလဲ။”

လီယောင်သည် မေးခွန်းအား သူ့ဖက်သို့ ပြန်လှည့်ခဲ့သည်။ “အခုတစ်လော သားရဲ့ စာပေလေ့လာမှုက ဘယ်လိုလဲ။”

“တော်တော်လေး ကောင်းပါတယ်”ဟု ဝမ်အာသည် အမြန်ပြန်ဖြေခဲ့သည်။ “ဆရာလွီက နောက်နှစ် ခရိုင်စာမေးပွဲကို သား သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ပြောတယ်။ ဒါပေမဲ့ သားကတော့ ဆောင်းဦးစီရင်စုစာမေးပွဲကို ကြိုးစားကြည့်ချင်တယ်။”

ခရိုင်စာမေးပွဲကို အောင်မြင်ပါက ပုဂ္ဂလိကစာမေးပွဲဖြေဆိုသူတစ်ယောက် ဖြစ်လာပြီး စီရင်စုစာမေးပွဲကို အောင်မြင်ပါက တရားဝင်အသိမှတ်ပြုခံရသည့် ပညာရှင်လူကြီးမင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဝမ်အာသည် လာမည့်နှစ်မှသာလျှင် အသက် ၁၄နှစ် ပြည့်မှာ ဖြစ်မည်။ သူ့အား အလွန်အမင်း တွန်းပို့ရန် မလိုအပ်ပဲ ခရိုင်စာမေးပွဲအား အောင်မြင်ခြင်းသည် လုံလောက်ပေသည်ဟု လီယောင် ခံစားခဲ့ရသည်။

သို့သော် သူ့သဘောထားကို မြင်သောအခါ သူမ တစ်စုံတစ်ရာ ပြောခဲ့လျှင်တောင် သူ နားထောင်လိမ့်မည် မဟုတ်ပေ။

“စိမ်းစိုနေတဲ့တောင်ကုန်းနဲ့ ကြည်လင်နေတဲ့ ရေတွေက တောင်တွေရဲ့ ရွှေတွေ ငွေတွေလိုပဲ ကောင်းမွန်ကြတယ်။”ဟု လီယောင်က ပြောခဲ့သည်။ “မင်း အရာရှိတစ်ဦး ဖြစ်လာချင်တယ်ဆိုရင် ပြည်သူတွေကို အကျိုးပြုရမယ်။ ဒါမှမဟုတ် ကောင်းကင်ဘုံအောက်က လူတွေအကုန်လုံးကို အကျိုးပြုပြီး နန်းတွင်းညီလာခံမှာ ထင်ပေါ်ကျော်ကြားမှုကို မြှင့်တင်ရမယ်။ မင်း ဒီစကားကို အမြဲတမ်း မှတ်ထားရမယ်။ ”

ဝမ်အာ၏ နှလုံးသားလေးသည် နိုးကြားသွားခဲ့သည်။ ဤသည်မှာ သူ့အမေသည် သူ့အား အသိပညာများ ပေးနေခဲ့ခြင်းဖြစ်ကြောင်း သူသိခဲ့ပြီး ထိုစကားများကို သူ့နှလုံးသားထဲတွင် အခိုင်အမာ ရေးထိုးထားခဲ့သည်။

ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့သည်လည်း သူတို့ကိုလည်း အမေက တစ်ခုခုပြောလိမ့်မည်ဟု မျှော်လင့်ကာ တောင့်တစွာဖြင့် ကြည့်နေခဲ့သည်။ သို့သော် “အိမ်ပြန်ပြီး ညစာစားကြမယ်”ဟုသာ လီယောင်က ပြောခဲ့သည်။

လက်ခံနိုင်ရုံမျှ အစားအသောက်များနှင့် လတစ်ဝက်ခန့်ကြာအောင် အလုပ်များ ပိုလုပ်ခဲ့ပြီး ယနေ့တွင်မူ သူတို့သည် လက်ထဲရှိ အပူတပြင်း ကိစ္စရပ်များအား နောက်ဆုံး၌ ပြီးမြောက်ခဲ့သည်။ သူတို့ကိုယ်သူတို့ ဆုချရန်အတွက် အရသာရှိသော တစ်ခုခုအား ပြုလုပ်ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။

…

နောက်တစ်နေ့ မနက်အစောတွင် လီယောင်သည် မြို့စျေးသို့ နွားလှည်းကို ယူဆောင်သွားခဲ့သည်။

လတစ်ဝက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ စီးပွားဖက် ရှာဖွေနေကြသော ကုန်သည်များသည် သူတို့၏ ဆုံးဖြတ်ချက်များကို ချခဲ့ကြသည်။ အများစုသည် စတိုးဆိုင်ခွဲများတွင် ပူးပေါင်းရန် စပေါ်ငွေများကို ပေးဆောင်ရန် ဆန္ဒရှိကြသည်။

အမှန်တကယ်တွင်မူ သူတို့သည် အစောပိုင်းကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်သော်လည်း လီယောင်၏ လူများကို မရှာနိုင်ခဲ့ပေ။ ထို့ကြောင့် စတိုးဆိုင်တွင်သာ နေ့စဉ်စောင့်နေခဲ့ရသည်။

စာချုပ်များအား ပြင်ဆင်ထားသည်မှာ ကြာနေခဲ့ပြီဖြစ်သည်။ လက်မှတ်ရေးထိုးကာ စရံငွေများကို ပေးချေပြီးနောက် လူတိုင်းသည် သူတို့၏ စတိုးဆိုင်များကို ပြင်ဆင်ရန်အတွက် သူတို့၏ ဒေသများသို့ ပြန်သွားခဲ့ကြသည်။ ထို့နောက် ဖွင့်ပွဲတွင် ရောင်းချရန် ကုန်ပစ္စည်းများ အလုံအလောက်ရှိစေရန်အလို့ငှာ လီယောင်သည် ဝက်ဆီ၊ လက်ဖက်စေ့ ၊ ပျားဖယောင်းနှင့် တခြားသော ကုန်ကြမ်းများကို ပမာဏ အမြောက်အမြား စတင်ဝယ်ယူခဲ့သည်။

သူမ အလုပ်များနေစဉ်တွင် ဝမ်ကျားဖူသည် သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ကာ တခြားရွာလူကြီးများနှင့်အတူ ခရိုင်တရားရုံးသို့ သွားခဲ့ကြသည်။

ခရိုင်တရားသူကြီးမင်းသည် ဤအစည်းအဝေးများကို လတစ်ဝက်တိုင်း ကျင်းပခဲ့ပြီး ရွာတစ်ရွာချင်းစီ၏ အခြေအနေများကို နားလည်ရန်နှင့် ခက်ခဲသောအချိန်များကို အတူတကွ ကျော်လွှားလွတ်မြောက်နိုင်စေရန်အတွက် သူတို့၏ အသိပညာများကို စုစည်းကာ ဖြေရှင်းနိုင်ရန်အတွက်ပင် ဖြစ်သည်။

…

All Chapters