← Chapters

အနေအထိုင်မတတ်ခြင်း။

Vol. 6 Ch. 76

အနေအထိုင်မတတ်ခြင်း။

Vol. 6 Ch. 76

လီယောင်သည် အရာအားလုံးအား စီစဉ်ပြီးနောက် သူမသည် တာ့ကျွမ်းအား လေးထောင့်စားပွဲခုံအား အိမ်အပြင်သို့ ရွှေ့ခိုင်းခဲ့သည်။ ထို့နောက် ရေနွေးပူတချို့အား အညံ့စား ပန်းကန်လုံးထဲသို့ လောင်းထည့်ခဲ့သည်။

“ခရိုင်တရားသူကြီးမင်းနဲ့ မင်းကတော်ကြီး၊ ကျွန်မတို့ တောင်သူလယ်သမားတွေမှာ လက်ဖက်ရွက်တော့ မရှိပါဘူး။ ရေနွေးပူလေးတချို့ပဲ သောက်ပါဦးရှင်”ဟု လီယောင်က ပြောခဲ့သည်။

ခရိုင်တရားသူကြီးမင်းနှင့် မင်းကတော်ကြီးတို့သည် လုံး၀ စိတ်မရှိပေ။ နေ့တစ်ဝက်ခန့် ရွာလမ်းတစ်လျှောက် လမ်းကြမ်းတွင် တဂျုံးဂျုံး တဂျိုင်းဂျိုင်း ခုန်ပေါက်လာခဲ့ရပြီးနောက် ဇနီးမောင်နှံနှစ်ယောက်သည် အတော်ပင် ရေဆာနေခဲ့သည်။ စုန့်ကျယ်သည် မျက်နှာရှစ်ခေါက်ချိုးနှင့် မျက်နှာပုတ်သိုးနေခဲ့ပြီး အပဲ့ရာများစွာနှင့် ပန်ကန်းလုံး၏ အဝေးသို့ သူ့မျက်နှာအား လွဲခဲ့သည်။

လီယောင်သည် သတိထားမိခဲ့သော်လည်း ကလေးတစ်ယောက်အပေါ် ဇာမချဲ့ခဲ့ပေ။

ရေငတ်ပြေအောင် ရေသောက်ခဲ့ပြီးနောက် လီယောင်သည် ခရိုင်တရားသူကြီးမင်းကတော်နှင့် အိမ်မှုကိစ္စများ သို့မဟုတ် အမျိုးသမီးရေးရာကိစ္စရပ်များအကြောင်းကို ရောက်ရာပေါက်ရာ စကားစမြည်ပြောခဲ့သည်။ ခရိုင်တရားသူကြီးမင်းသည် စကားတစ်ခွန်းမှ ဝင်မပြောနိုင်ပဲ ပတ်ဝန်းကျင်သို့သာ လှည့်ပတ်ကြည့်ရှုခဲ့သည်။

မကြာမီပင် ဝါးတဲအတွင်းထဲတွင် ဆရာတစ်ယောက်နှင့် အထူးသင်ကြားပြသပေးနေသည့် စာပေလေ့လာနေသော ဝမ်အာအား သူ သတိထားမိခဲ့သည်။ ထို့ကြောင့် သူသည် ခြေမကြွတကြွလှမ်းကာ တဲအပြင်ဘက်တွင် ရပ်ကာ ခိုးနားထောင်နေခဲ့သည်။

ထို့အပြင် ဤနားထောင်မှုသည် ပေါ့ပေါ့တန်တန် ကိစ္စ မဟုတ်ပေ။

တတိယအဆင့် အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စာပေပညာရှင်မိသားစုမှ လူတစ်ယောက်အနေဖြင့် ဆရာလွီ၏ သင်ကြားပို့ချမှုသည် ကောင်းမွန်ခြင်း သို့မဟုတ် ညံ့ဖျင်းခြင်း ရှိ မရှိ သူ သေချာပေါက် ပြောပြနိုင်သည်။

ဤမျှဝေးလံခေါင်သီသော ကျေးရွာလေးတွင် ဤကဲ့သို့ ကွဲကွဲပြားပြား သိမြင်နိုင်သည့် ထူးချွန်သော ဆရာတစ်ဦးအား တွေ့မြင်ရသည့်အတွက် သူ အလွန် အံအားသင့်သွားခဲ့သည်။ ဤဆရာသည် ခရိုင်ကျောင်းရှိ ဆရာများထက် ပို၍ အထူးသာလွန်ကောင်းမွန်သည်။

သူတို့ တွေ့ဆုံတိုင်း ဝမ်အာသည် စာကောင်းမွန်စွာ ဖတ်တတ်သည်ဟု သူခံစားရသည်မှာ အံဩစရာ မဟုတ်တော့ပေ။ သူ့ထံ၌ အလွန်ကောင်းမွန်သည့် ဆရာတစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။ ဆရာ၏ နောက်ခံအကြောင်းအား နောက်ပိုင်းတွင် မေးမြန်စုံစမ်းရန် စိတ်ထဲတွင် တေးမှတ်ထားခဲ့သည်။

တစ်ခဏမျှ နားထောင်ပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်လုံးများသည် တုရှောင်ဟွေ့ အစာကျွေးနေသည့် ဘဲငန်းများဆီသို့ ရွေ့သွားခဲ့သည်။

လှည့်ပတ်ကြည့်ရှုလိုက်သောအခါ လီယောင်တွင် ဘဲငန်းအကောင်တစ်ရာထက် မနည်း ရှိသည်ကို သူတွေ့ခဲ့ရသည်။ ဤသည်မှာ သာမာန်ရွာတစ်ရွာတွင် အလွန်ရှားပါးလှသည်။ အမှန်တကယ်တွင်မူ ဘဲငန်းများသည် မြက်ရိုင်း အမြောက်အမြားကို စားခဲ့ကြသည်။

ထို့အပြင် ဥဥစေရန်အတွက် ကောက်ပဲသီးနှံများကိုလည်း ကျွေးရန် လိုအပ်ပေသည်။

သို့သော် အရွယ်တူ ဘဲငန်းအမြောက်အမြားကို လီယောင် မည်သည့်နေရာမှ ဝယ်ယူခဲ့သည်ကို သူ ပို၍သိချင်နေခဲ့သည်။

“ကလေးမလေး။” သူက မေးမြန်းခဲ့သည်။ “ဒီဘဲငန်းတွေကို ဘယ်က ဝယ်ခဲ့တာလဲ။”

“သူတို့ကို ဝယ်ထားတာ မဟုတ်ပါဘူး။”ဟု တုရှောင်ဟွေ့က ပြန်ဖြေခဲ့သည်။ “ဒေါ်လေးလီက သူတို့ကို ဥဖောက်ခန်းထဲမှာ ဖောက်ခဲ့တာပါ။”

ဥဖောက်ခန်းလား။

ခရိုင်တရားသူကြီးမင်းစုန့်သည် ဥဖောက်ခန်းတစ်ခုသည် မည်သည့်အရာဖြစ်သည်ဟု မသိရှိသောကြောင့် ရုတ်တရက် သူက ဗဟုသုတ နည်းပါးသည်ဟု ခံစားခဲ့ရသည်။

“ဥဖောက်ခန်းက ဘယ်လိုပုံမျိုးလဲဆိုတာ ကြည့်ရအောင်လို့ ဦးလေးကို ခေါ်သွားပေးပါဦး။”

“ရတာပေါ့။ သမီးနောက်ကို လိုက်ခဲ့လေ။”

တုရှောင်ဟွေ့သည် ခရိုင်တရားသူကြီးမင်းစုန့်အား ဥဖောက်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းကို မြင်သောအခါ သူသည် အလွန်ပင် အထင်ကြီးသွားခဲ့သည်။

ဒီဇိုင်းပုံစံသည် ပညာသားပါပါ မဟုတ်ပေ။ သာမာန်လူတစ်ယောက် အကြံမထုတ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်သော်လည်း ၎င်းသည် သေချာပေါက် အလွန်ထူးချွန်လှသည်။

“တစ်ခါတည်းနဲ့ ငန်းဘဲဥ ဘယ်နှစ်လုံးကို ဖောက်နိုင်လဲ။”

“သမီးကြားတာတော့ အလုံး ၃၀၀လောက်တဲ့။”

ယင်းမှာ အဓိပ္ပါယ်ရှိလှပေသည်။

ငန်းဥ ၃၀၀ တစ်သုတ်လျှင် ဥဖောက်နှုန်း ၄၀%ဖြင့် ငန်းပေါက် ၁၀၀ကျော်ကို အကောင်ဖောက်နိုင်သည်။

ဤနည်းလမ်းသာ ပြန့်ပွားခဲ့ပါက ကြက်ဘဲများကို ဥဖောက်နိုင်ပြီး အနာဂါတ်တွင် အကြီးစား မွေးမြူနိုင်လိမ့်မည် ဖြစ်သည်။ မွေးမြူနိုင်လေလေ၊ ကျွေးမွေးစရိတ်စက နည်းလေလေ၊ ရောင်းချရန် စျေးသက်သာလေလေ၊ သာမာန်ပြည်သူများ ပိုမိုတတ်နိုင်လာလေလေ ဖြစ်ပေလိမ့်မည်။

တခဏအတွင်း၌ ခရိုင်တရားသူကြီးမင်းစုန့်၏ အတွေးများသည် အရှေ့သို့ ကြိုတင်၍ တရိပ်ရိပ် ပြေးသွားခဲ့သည်။ သူ အသိပြန်ဝင်လာသောအခါ လီယောင်၏ မျက်နှာဘေးတိုက်ပုံအား ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေခဲ့သည်ကို သူ သတိထားမိကာ မည်မျှ ကြာသွားပြီဟု မသိရှိခဲ့ပေ။

ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လေသလဲ။

ကံကောင်းထောက်မစွာဖြင့် မည်သူမှ သူ့အား မမြင်ခဲ့ပေ။ သို့မဟုတ်ပါက သူကိုယ်တိုင်အတွက် သူ ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။

အနည်းငယ်မျှ ထပ်မံလျှောက်ကြည့်ခဲ့ပြီးနောက် စားသောက်ရန် အချိန်ရောက်ရှိခဲ့ပြီဖြစ်သည်။ ဟဲရှောင်ယာသည် မီးဖိုချောင်တွင်းမှ တစ်ပန်းကန်ပြီး တစ်ပန်းကန် အလျင်အမြန် ထုတ်ယူလာခဲ့သည်။

စီချွမ်ဝက်သားတောက်တောက်ကြော်၊ ဝက်သားနှစ်ပြန်ကြော်၊ တို့ဖူးနှပ်၊ မုန်လာဥနှင့် အသားလုံးကြော်၊ ကြက်ဥကြက်သွန်နီမွှေကြော်။ ထို့အပြင် ဘဲငန်းနှပ်၊ သီးစုံဟင်းနှင့် သိုးသားနံနံပင်ချက်တို့လည်း ပါသည်။

ဤဟင်းလျာများအားလုံးကို ချက်ပြုတ်ရန် လီယောင်ထံမှ သူမ သင်ယူခဲ့သည်။ ၎င်းတို့သည် သူမ၏ အထူးပြုလေ့လာမှုများ ဖြစ်ကြပြီး အထူးသဖြင့် သိုးသားနံနံပင်ချက်အား သူမ ကြိုးကြိုးစားစား သင်ယူခဲ့သည်။ လီယောင်သည် သိုးသားဟင်းလျာအား အထူးတလည် ကြိုက်နှစ်သက်ကြောင်း သူမ သတိပြုခဲ့မိသောကြောင့် သူမ သင်ယူသည့်အခါ ပို၍ အာရုံစိုက်ခဲ့သည်။

ခရိုင်တရားသူကြီးမင်းစုန့်သည် မြိုတော်မှ ဖြစ်ပြီး သိုးသားစားကာ ကြီးပြင်းလာခဲ့သည်။ သို့သော် ပိုင်ချွမ်းခရိုင်သို့ ရောက်ရှိချိန်တွင် ဤကဲ့သို့ စစ်မှန်သည့် မွှေးရနံ့အား သူတစ်ခါမျှ မရခဲ့ဖူးပေ။ သူသည် ရှက်ဖွယ်လိလိပင် တံတွေးပေါင်းများစွာကို မြိုချခဲ့ရသည်။

သို့သော် အမှန်တိုင်းပြောပြရမည်ဆိုပါက လီယောင်၏ ချွေးမသည် ဤကဲ့သို့ စစ်မှန်သည့် သိုးသားနံနံပင်ချက်အား ပြုလုပ်နိုင်ရန်အတွက် အလွန်ကျွမ်းကျင်ရမည်ဖြစ်သည်။

“လီမိသားစုက မိန်းမငယ်လေး။” ခရိုင်တရားသူကြီးမင်းကတော်သည်လည်း သိုးသားသည် အလွန်အရသာရှိမည်ဟု တွေးကာ “ဒီသိုးသားဟင်းချက်ဖို့ ဘယ်ကနေ သင်လာခဲ့တာလဲ။”

“ကုန်ပစ္စည်းတွေလာဝယ်တဲ့ မြောက်ပိုင်းက ကုန်သည်တစ်ယောက်ဆီကပါရှင့်။”

“ဟုတ်ပါပြီ။” ခရိုင်တရားသူကြီးမင်းကတော်သည် ပြုံးခဲ့သည်။ “ကဲ၊ အမြန်စားရအောင် လူတိုင်းကို ခေါ်လိုက်တော့လေ။ အေးသွားရင် သိုးသားက စားလို့ မကောင်းတော့ဘူး။”

“ခေါ်ဖို့မလိုတော့ပါဘူး။ သူတို့ အထဲမှာ စားနေကြပါတယ်ရှင်။”

အစဉ်အလာများကို လိုက်နာရန် မလိုလားသော်လည်း အခန်း မရှိသောကြောင့် လီယောင်သည် ကလေးများအား စားပွဲတွင် စားခွင့်မပြုခဲ့ပေ။

ထို့နောက် တုရှောင်ဟွေ့သည် ကန်စွန်းဥပြုတ် တစ်ပန်းကန်အား သယ်ဆောင်လာခဲ့သည်။ “ခရိုင်တရားသူကြီးမင်းနဲ့ သခင်မကြီးရှင့်၊ ဒါတွေက ကန်စွန်းဥတွေပါရှင့်။”

ကန်စွန်းဥများကို မြင်သောအခါ ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။ “ဒါတွေကို ဘယ်လိုစားရတာလဲ။”

“အခွံ့လေးတွေကို ခွာပြီး ဒီတိုင်း စားလိုက်ရုံပါပဲ။”ဟု တုရှောင်ဟွေ့က ပြောခဲ့သည်။ “ဒါတွေက အရမ်းနူးညံ့ပြီးတော့ ချိုပါတယ်။”

ခရိုင်တရားသူကြီးမင်းစုန့်နှင့် သူ့ဇနီးသည်တို့သည် ကန်စွန်းဥ တစ်ယောက် တစ်လုံးစီ ယူကာ အခွံ့ကို ခွာလိုက်သည်။ လိမ္မော်ရောင်အသားနှင့် ချိုမြိန်သော မွှေးရနံ့များ ပေါ်ထွက်လာခဲ့သည်။

အနည်းငယ် ကိုက်စားပြီးနောက် ၎င်းတို့သည် အမှန်တကယ်ပင် နူးညံ့ကာ ချိုမြိန်လှသည်။

“တော်တော်အရသာရှိတာပဲ။” ခရိုင်တရားသူကြီး မင်းကတော်က မှတ်ချက်ပြုခဲ့သည်။ “ပိန်းဥထက်လည်း ပိုကောင်းတယ်။ ​ဖရုံသီးထက်လည်း ပိုချိုတယ်။ အရည်လည်း မရွှမ်းဘူး။”

ခရိုင်တရားသူကြီးမင်းစုန့်သည် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ခဲ့သည်။

ဟဲဝမ်ရွာရှိ ရွာသူရွာသားများသည် အမှန်တကယ်ပင် ကံကောင်းကြသည်။ ငတ်မွတ်ခေါင်းပါးသော နှစ်များ၌ပင် သူတို့သည် ဤကဲ့သို့သော ပြည့်ပြည့်၀၀နှင့် အရသာရှိသည့် ကောက်ပဲသီးနှံများကို စားနိုင်ကြသေးသည်။

“ဒါတွေကို များများစားစား စိုက်လို့ ရလား။”

“ရတယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ကန်စွန်းဥတွေရဲ့ အထွက်နှုန်းက ဆန် ဒါမှမဟုတ် ဂျုံတွေထက် အထွက်နှုန်း ပိုကောင်းတယ်။”

ခရိုင်တရားသူကြီးမင်းစုန့်သည် အလျင်အမြန် မေးခဲ့သည်။ “ဘယ်လောက် ထွက်နိုင်လဲ။”

“ဂရုတစိုက် ပြုစုပျိုးထောင်ပြီးတော့ မြေဩဇာ လုံလုံလောက်လောက်နဲ့ဆိုရင် တစ်မူကို ကျင်း ၂၀၀၀လောက်က အနည်းဆုံးပဲ။”ဟု လီယောင်က ပြောခဲ့သည်။ “မြေဆီလွှာကောင်းဖို့လည်း မလိုဘူး။ ရေတွေလည်း အများကြီး မလိုဘူး။ ကျတ်တီးမြေတွေမှာတောင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်တယ်။”

တစ်မူကို ကျင်း ၂၀၀၀တောင်………..

မြေညံ့တွေပေါ်မှာတောင်………….

ခရိုင်တရားသူကြီးမင်းစုန့်သည် ဤအချက်အလက်များကို အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ပဲ သူ့လက်ထဲမှ ကန်စွန်းဥကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေခဲ့သည်။

တစ်မူကို ကျင်း ၂၀၀၀၊ ဆယ်မူဆိုလျှင် ကျင်း ၂၀၀၀၀ ဖြစ်သည်။

လူတစ်ဦးသည် တစ်နေ့လျှင် သုံးကျင်း စားခဲ့ပါက ၁၀မူသည် လူ ၁၈ယောက်အား တစ်နှစ်လုံး ကျွေးနိုင်သည်။

အရေးအကြီးဆုံးမှာ ၎င်းသည် မြေဆီလွှာ မရွေးပဲ မိုးခေါင်မှုကိုလည်း တောင့်ခံနိုင်သည်။

အရှင်မင်းမြတ်လင်း၏လက်အောက်တွင် တစ်နိုင်ငံလုံး စိုက်ပျိုးခဲ့ပါက စားနပ်ရိက္ခာကောက်ပဲသီးနှံ ပြတ်လပ်မှုများ ထပ်မံ ဖြစ်ပွားတော့မည် မဟုတ်ပေ။

ထို့အပြင် လီယောင်သည်လည်း ခေတ်အဆက်ဆက်၏ အမျိုးသမီးသူရဲကောင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။

သူ၏စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်က လေးလေးနက်နက် မေးမြန်းခဲ့သည်။ “တစ်မူကို ကျင်း ၂၀၀၀ကျော် ထွက်တာ သေချာရဲ့လား။”

“သေချာပါတယ်။”

ကျင်း ၂၀၀၀သည် ဘာမှ မဟုတ်ပေ။

သူမ၏ ယခင်ဘ၀တွင် တစ်မူလျှင် ကျင်း၆၀၀၀ကျော် ထွက်လေ့ ရှိပြီး ပျှမ်းမျှအားဖြင့် ကျင်း ၃၀၀၀မှ ၄၀၀၀အထိ ထွက်လေ့ ရှိသည်။ ထို့ကြောင့် ထိုနေရာရှိ သာမာန်လူများသည် ကန်စွန်းဥကို မစားကြတော့ပေ။ ၎င်းတို့အား ကော်မှုန့်၊ ခေါက်ဆွဲနှင့် တခြားကုန်ထုတ်ပစ္စည်များအတွက် အသုံးပြုကြသည်။

သို့မဟုတ် ဝက်စာကျွေးကြသည်။

“ဒါနဲ့ မင်း အခုနက ပြောတဲ့ အဲဒီ ဂရုတစိုက် ပြုစုပျိုးထောင်တဲ့နည်းလမ်းဆိုတာက ဘာလဲ။”

“အဲဒါက ရှင်းပြဖို့ နည်းနည်းအချိန်ကြာပါလိမ့်မယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မတို့ စားရင်းနဲ့ ပြောကြတာပေါ့။”

ထို့ကြောင့် သူတို့စားနေစဉ်တွင် လီယောင်သည် ကန်စွန်းဥစိုက်ပျိုးခြင်း၏ သူမနားလည်သဘောပေါက်မှုများကို အသေးစိတ် ဖော်ပြခဲ့သည်။ ၎င်းမှာ အလွန်ဆန်းကြယ်လှသော်လည်း ခရိုင်တရားသူကြီးမင်းစုန့်သည် ယင်းမှာ အလွန်ပင် အကျိုးအကြောင်း ဆီလျော်သည်ဟု တွေ့ရှိခဲ့သည်။

ကန်စွန်းဥစိုက်ပျိုးခြင်းမှတဆင့် မြောက်နှင့် တောင် ဓလေ့ထုံးစံများနှင့် ပုံတိုပတ်စများအား နှိုင်းယှဉ်ခြင်းအထိ သူတို့၏ စကား၀ိုင်းသည် တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။

ခရိုင်တရားသူကြီးမင်းစုန့်သည် ဤကျေးလက်အိမ်ရှင်မသည် သူသိထားသည်ထက် ပို၍သိပုံရကြောင်း တဖြည်းဖြည်းနှင့် နားလည်သဘောပေါက်လာခဲ့သည်။

ကမ္ဘာကြီးအား မမြင်ဖူးပဲ သူ့တစ်သက်လုံး ရွာတွင်သာ နေထိုင်ခဲ့သည့် တောသားလူနုံတစ်ယောက်ကဲ့သို့ပင် သူသည် ရုတ်တရက်ပင် တော်တော် စဉ်းစားမရ ဖြစ်သွားခဲ့သည်။

…

All Chapters