အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှပ်နှံခြင်း။
Vol. 6 Ch. 77
နေ့လည်စာ စားပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်တို့မိသားစုသည် ပြန်သွားရန် ရည်ရွယ်ချက် မရှိသေးကြောင်းကို လီယောင် တွေ့မြင်ခဲ့ရသည်။ သူမသည် တုရှောင်ဟွေ့အား ရေနွေး အနည်းငယ် တည်ရန် ပြောခဲ့သည်။
“ညီမလီ၊ ဒုက္ခရှာဖို့ မလိုပါဘူး။”ဟု ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “အစာကျေသွားအောင်လို့ ကျွန်မ တောင်ကုန်းတွေဘက်ကို လမ်းလျှောက်ချင်တယ်။ လိုက်ခဲ့ပေးလို့ ရမလား။”
ခရိုင်တရားသူကြီးမင်းကတော်က တောင်ကုန်းတွေကို စစ်ဆေးတော့မှာလား။
ဤသည်မှာ အနည်းငယ် ကြောင်တောင်တောင်နိုင်သည်ဟု လီယောင် တွေးထင်ခဲ့သည်။ အိမ်ရှင်တစ်ယောက်အနေဖြင့်လည်း သူမသည် ဧည့်သည့်များထံမှ သေးငယ်သော တောင်းဆိုမှုများကို မငြင်းဆန်ချင်ခဲ့ပေ။
ထို့ကြောင့် သူမတို့နှစ်ဦးသည် အိမ်အနောက်ဘက်ရှိ တောင်ကျောတစ်လျောက် တောင်ကုန်းငယ်လေးပေါ်သို့ ဖြေးညှင်းစွာ တက်လှမ်းလာခဲ့သည်။
ခရိုင်တရားသူကြီးမင်းကတော်သည် အလွန်ပင် စကားကြွယ်ကာ အပြောကောင်းသည်။ သို့သော် သူမသည် တောင်ကုန်းများအား အမှန်တကယ် စစ်ဆေးချင်သည့်အတွက် တက်လာခြင်း မဟုတ်ကြောင်း လီယောင် ပြောနိုင်ခဲ့သည်။ အတိအကျဆိုပါက သူမတွင် ပြောရန် တစ်ခုခု ရှိနေခဲ့သည်။
“မင်းကတော်သခင်မကြီး၊ ဒီမှာ ဘယ်သူမှ မရှိပါဘူး။ စိတ်ထဲရှိတာ ပြောလို့ ရပါတယ်။”
သူမအား တည့်တည့်ကြည့်ကာ ခရိုင်တရားသူကြီးမင်းကတော်သည်လည်း သက်ပြင်းတစ်ချက်ချကာ ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ပေ။ “ကျွန်မ့ခင်ပွန်းက ဘယ်လိုလူစားမျိုးလဲဆိုတာ ညီမ သဘောပေါက်ပြီးသား ဖြစ်မှာပါ။ ”
လီယောင်သည် ခေါင်းငြိမ့်ခဲ့သည်။
ထင်ရှားကျော်ကြားသည့် ရှေးခေတ်အရာရှိများနှင့် နှိုင်းယှဉ်ပါက ခရိုင်တရားသူကြီးမင်းစုန့်သည် အမှန်တကယ်ပင် ရှားပါးသည့် အရာရှိကောင်းတစ်ဦး ဖြစ်ပါသည်။ မြေကြီးအား ဗလာဖြစ်အောင်အထိ ခွာထုတ်ယူကြသည့် လောဘကြီးသော တခြားအရာရှိကြီးများနှင့်မတူပဲ သူသည် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင် အနည်းဆုံး ပြည်သူပြည်သားများ၏ စားဝတ်နေရေးများကို အမြဲတစ်စေ စိတ်ထဲထည့်ထားခဲ့သည်။
ဤကဲ့သို့သော ခရိုင်တရားသူကြီးမင်းတစ်ဦး ရှိနေခြင်းသည် ပိုင်ချွမ်းခရိုင်ရှိ သာမာန်ပြည်သူပြည်သားများအတွက် ကောင်းချီးတစ်ခုပင် ဖြစ်သည်။
“အခုနောက်ပိုင်း၊ ပိုင်ချွမ်းခရိုင်က ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သူ့ခင်မျာ နေ့တိုင်း မျက်မှောင်ကြီးကြုတ်ပြီး စိုးရိမ်ပူပန်နေရတယ်။”ဟု ခရိုင်တရားသူကြီးမင်းကတော်က ဆက်ပြောခဲ့သည်။ “ဒါပေမဲ့ ညီမသိတဲ့အတိုင်း သူက အဆင့်နိမ့်တဲ့ ခရိုင်တရားသူကြီးမင်းလေ။ ကိစ္စအများကြီးကို သူလုပ်နိုင်တာက နည်းနည်းပဲ ရှိတယ်။”
“အစွမ်းကုန် သူလုပ်နေသရွေ့တောင်မှပေါ့လေ။”
ခရိုင်တရားသူကြီးမင်းကတော်သည် လီယောင့်လက်ကို ကိုင်ကာ ပြောခဲ့သည်။ “ညီမလီ၊ ရှင်က အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မခင်ပွန်းရဲ့ လက်ရှိ အကျပ်အတည်း ပြဿနာကနေ လွတ်မြောက်နိုင်အောင် ကူညီနိုင်မဲ့ နည်းလမ်းလေး တစ်ခုလောက် စဉ်းစားပေးလို့ ရမလား။ ရှင်သာ လက်ရှိအခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့ရင် ပိုင်ချွမ်းခရိုင်က ပြည်သူပြည်သားတွေအားလုံးက ရှင့်ကို အရမ်းကျေးဇူးတင်နေကြလိမ့်မယ်ဆိုတာ သေချာပါတယ်။”
ယခုအခါ လီယောင် သဘောပေါက်သွားခဲ့ချေပြီ။
ကန်စွန်းဥများကို မြည်းစမ်းရန်အတွက် လာရောက်ခြင်းဟူသော ဤစကားများအားလုံးသည် ဆင်ခြေတစ်ခုသာ ဖြစ်ပေသည်။ ခရိုင်တရားသူကြီးမင်း အမှန်တကယ် လိုချင်သည်မှာ သူမ၏ ဉာဏ်ပညာသာလျှင် ဖြစ်ပေသည်။
အနည်းဆုံးမှာ သူ့တွင် အမြော်အမြင်ရှိလှပေသည်။
သို့သော် သူကိုယ်တိုင် မလာပဲ သူ့အိမ်ရှင်မအား စေလွတ်လိုက်ခြင်းသည် အနည်းငယ် ယောကျာ်းမပီသရာကျပေသည်။
ထို့ကြောင့် သူမက ပြန်ဖြေခဲ့သည်။ “ကျွန်မမှာ စိတ်ကူးတချို့ ရှိပါတယ်။”
“တကယ်…” ခရိုင်တရားသူကြီးမင်းကတော်သည် အလွန့်အလွန် ဝမ်းသာသွားခဲ့သည်။ “ကောင်းလိုက်တာ၊ ညီမဆီကို လာလည်တာ ဘာမှ မှားစရာမရှိဘူးဆိုတာ ကျွန်မသိတယ်။”
“ဒါပေမဲ့.. မင်းကတော်သခင်မကြီး။” လီယောင်က ပြောခဲ့သည်။ “ဒီကိစ္စက တော်တော် ခဲရာခဲဆစ်နိုင်တယ်။ ခရိုင်တရားသူကြီးမင်းကိုယ်တိုင်လာရင်တော့ အကောင်းဆုံးပါ။ မဟုတ်ရင် တဆင့်ပြန်ပြောတဲ့အခါ တချို့အရာတွေ လွဲချော်သွားနိုင်တယ်။”
ဤစကားကို ကြားသည့်အပေါ် ခရိုင်တရားသူကြီးမင်းကတော်သည် အံအားသင့်သွားခဲ့ပြီး ထိုစကားများ၏ နောက်ကွယ်ရှိ သွယ်ဝိုက်ပြောဆိုသည့် အဓိပ္ပါယ်ကို နားလည်ခဲ့သည်။ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ သူမ ရှင်းပြခဲ့သည်။ “အိုး.. ကျွန်မခင်ပွန်းက ရှက်နေလို့ပါ။ စိတ်ထဲမထားပါနဲ့နော်။ သူ့ကို နောက်မှ ရှင်နဲ့ကျကျနန ဆွေးနွေးဖို့ ပြောလိုက်ပါ့မယ်။”
“ကျွန်မကို အထင်ကြီးနေပါပြီ သခင်မကြီး။ ကျွန်မတို့ ပြန်ကြတော့မလား။”
“ဒီမှာပဲ နေကြပါစို့။ ကျွန်မ တစ်ယောက်ယောက်ကို သူ့ကို ခေါ်လာခိုင်းလိုက်ပါမယ်။” ဟု ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “မြို့တော်မှာက ဒီလိုတောင်ကုန်းတွေ မရှိဘူး။ ဆောင်းရောက်လာရင် မြင်ကွင်းတစ်ခုလုံးက မြက်တစ်ပင်တောင် မရှိတဲ့ မြေရိုင်းပဲ။ ဒီမှာ ရှုခင်းက ပိုကောင်းတယ်။”
အနာဂါတ်တွင် ပိုကောင်းလာလိမ့်မည်ဟု လီယောင်သည် သူမဖာသာ တွေးခဲ့သည်။
ခရိုင်တရားသူကြီးမင်းကတော်သည် ထို့ကဲ့သို့ ရည်မွန်သော အကြိုက်ရှိသောကြောင့် လီယောင်သည် တုရှောင်ဟွေ့အား အိမ်မှ ရေနွေးကရားတစ်ခုနှင့် မြက်ဖျာတချို့အား ယူဆောင်လာခဲ့စေသည်။ သူတို့သည် တောင်ကုန်းထိပ်ပေါ်တွင် ရေနွေးကျိုကာ ဤနေရာ၌ပင် ကိစ္စရပ်များကို ဆွေးနွေးကြပေလိမ့်မည်။
…
လီယောင်သည် သူ့ဇနီးသည်နှင့်အတူ တောင်ကုန်းစစ်ဆေးရာတွင် လိုက်ပါသွားခဲ့သည်။ ခရိုင်တရားသူကြီးမင်းစုန့်သည် တခြားသွားစရာ နေရာမရှိတော့သည်အတွက် ကျောင်းသားဝမ်၏ ဝါးတဲဆီသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။
ဆရာလွီသည်လည်း ယနေ့တွင် ထမင်းလာမစားခဲ့ပေ။ ခရိုင်တရားသူကြီးမင်း ရောက်လာသည်ကို မြင်သောအခါ သူသည် နှုတ်ဆက်ရန် အလျင်အမြန် ရှေ့တက်လာခဲ့သည်။
“ခရိုင်တရားသူကြီးမင်းကို နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ။”
ခရိုင်တရားသူကြီးမင်းစုန့်သည်လည်း လက်သီးနှစ်ဖက်စုပ်ကာ ပြန်လည်နှုတ်ဆက်ခဲ့သည်။ “တခမ်းတနား လုပ်နေ ဖို့မလိုပါဘူးဗျာ။ ကျွန်တော်က ဒီကို ခဏလောက် ပေါ့ပေါ့ပါးပါး လာထိုင်တာပါ။ ကျွန်တော့်ကို ဆရာရဲ့ တပည့်တစ်ယောက်လို ဆက်ဆံပါ။”
“ကျွန်တော်မျိုး မဝံ့ရဲပါဘူးခင်ဗျာ။ မဝံ့ရဲပါဘူး။”
“ဆရာလွီ” ခရိုင်တရားသူကြီးမင်းစုန့်သည် ထိုင်လိုက်ကာ စိတ်ဝင်တစားနှင့် မေးမြန်းခဲ့သည်။ “ခင်ဗျားရဲ့ ပို့ချချက်တွေက လိမ္မာပါးနပ်မှုအရှိဆုံးပဲဆိုတာ ကျွန်တော် ကြားလိုက်ရတယ်။ နန်းတွင်းစာမေးပွဲကို ဘယ်နှစ်မှာ အောင်ခဲ့တာလဲဆိုတာလေ မေးခွင့်ပြုပါဦး။”
“ကျွန်တော်မျိုး…”
ဆရာလွီသည် အရှက်တရားများနှင့် ပြည့်နှက်နေခဲ့သည်။
သူ့ရှေ့မှ လူသည် တတိယအဆင့် အရာရှိတစ်ဦးဖြစ်ခဲ့ဖူးကာ အနည်းဆုံး နန်းတွင်းစာမေးပွဲများကို အောင်မြင်ထားပြီးဖြစ်သည်။
ထိုအချိန်တွင် သူသည် ထုန်ရှန်းကျောင်းသားတစ်ယောက်မျှသာ ရှိသေးသည်။
“ဒါက တော်တော်လေး အရှက်ကွဲမှာကို ကျွန်တော်မျိုး စိုးရွံမိပါတယ်။”ဟု ဆရာလွီက ပြောခဲ့သည်။ “ကျွန်တော်မျိုးက အခုထိ နန်းတွင်းစာမေးပွဲကို မအောင်မြင်သေးပါဘူးခင်ဗျာ။”
ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားခဲ့သည်။ ထိုဟာသည် အမှန် မဟုတ်နိုင်ပေ။
ဤသို့သော ကျွမ်းကျင်မှုရှိသည့် ပို့ချသူတစ်ယောက်သည် အနည်းဆုံး ပြည်နယ်စာမေးပွဲများအား လွယ်လင့်တကူ အောင်မြင်သင့်ပေသည်။
သူ့အတွက် ယခုထိတိုင် ထုန်ရှန်းတစ်ယောက် ဖြစ်နေဆဲဆိုသည်မှာ တစ်ခုတည်းသာလျှင် ဆိုလိုနေသည်။- တစ်စုံတစ်ယောက်သည် စာမေးပွဲများတွင် တစ်နှစ်ပြီး တစ်နှစ် သူ့နေရာကို ရယူကာ ကြိုးဆွဲခဲ့ခြင်းပင် ဖြစ်သည်။
ထို့အပြင် ဤသည်မှာ အနှစ် နှစ်ဆယ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
မြို့တော်တွင် ဤသို့သော ကိစ္စရပ်မျိုးသည် မတွေးဝံ့သော်လည်း ဤနေရာကဲ့သို့ ဝေးလံခေါင်ဖျားသည့် ပိုင်ချွမ်းခရိုင်တွင်မူ မိုးကောင်းကင်အား လက်တစ်ဖက်နှင့် ဖုံးအုပ်နိုင်လောက်သည့် အင်အားကြီးမားသူတစ်ယောက် အမှန်တကယ်ပင် ရှိနိုင်သည်။
သူကိုယ်တိုင် ပညာရှင်တစ်ဦးအနေဖြင့် ပညာရှင်ကျောင်းသားတစ်ဦး၏ အပြင်းအထန် ကြိုးပမ်းအားထုတ်ရသည့် အခက်အခဲများကို နားလည်ခဲ့သည်။
နောက်နှစ်စာမေးပွဲတွင် ကိစ္စရပ်များအား စေ့စေ့စပ်စပ် စစ်ဆေးရပေလိမ့်မည်။
“ခရိုင်တရားသူကြီးမင်း” အနောက်တောင်ကုန်းမှ ဆင်းသက်လာခဲ့သည့် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “မင်းကတော် သခင်မကြီးနဲ့ သခင်မလီတို့က တောင်ထိပ်ကို လာခဲ့ဖို့ ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ။ လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ အစီအစဉ်တွေကို ဆွေးနွေးဖို့လို့ သူတို့ ပြောပါတယ်ခင်ဗျ။”
ဤသည်ကို ကြားသောအခါ ခရိုင်တရားသူကြီးမင်းစုန့်သည် အူမြူးသွားခဲ့သည်။ ယင်းမှာ ယနေ့ သူရောက်လာသည့် ကိစ္စ အတိအကျပင် ဖြစ်ပေသည်။
တောင်ပေါ်သို့ တက်တော့မည့်အခိုက်မှ သူ့သား စုန့်ကျယ် ပျောက်နေသည်ကို သူရုတ်တရက် သတိထားမိခဲ့သည်။
“စုန့်ကျယ်က ဘယ်မှာတုန်း။”
“အိုး.. သခင်လေးက ပျင်းနေလို့ ဒီနားတစ်ဝိုက်ကို လျှောက်ကြည့်ချင်နေပါတယ်။” ဟု ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “ကျွန်တော်မျိုး လျှို့ခွန်းကို သူ့နောက် လိုက်ခိုင်းလိုက်ပါတယ်။ ဒါကြောင့်မို့ စိတ်ပူနေဖို့ မလိုအပ်ပါဘူးခင်ဗျာ။”
ခရိုင်တရားသူကြီးမင်းစုန့်သည် စုန့်ကျယ် ဒုက္ခရောက်မည်ကို မစိုးရိမ်ခဲ့ပဲ ပြဿနာရှာခဲ့မည်ကိုသာ ပိုစိုးရိမ်နေခဲ့သည်။
သူ့၏ သားအရင်းခေါက်ခေါက်အကြောင်း သူသာလျှင် အသိဆုံး ဖြစ်ပေသည်။
ပိုင်ချွမ်းခရိုင်သို့ ရောက်လာသည့်အချိန်မှပြီး ဤဆန်ကုန်မြေလေးသားတစ်ယောက်သည် စာကောင်းကောင်း မသင်ပဲ လက်အောက်ငယ်သား ယာမင်ဝန်ထမ်းများ၏ သားများနှင့် လျှောက်ဆော့နေရုံမှလွဲ၍ မည်သည့်အရာမှ မဖြစ်မြောက်ခဲ့ပေ။ သူ၏ အပြုအမူများသည် ပိုပိုကာ မလျော်ညီခဲ့ပေ။
ဤကောင်လေးအား သူ မြန်မြန် မထိန်းသိမ်း မကြပ်မတ်ခဲ့ပါက အမှန်တကယ်ပင် အလကားလူတစ်ယောက် ဖြစ်သွားနိုင်သည်။
လီယောင်၏ ကလေးများအား ကြည့်ရုံဖြင့် အထူးသဖြင့် စုန့်ကျယ်နှင့် အရွယ်တူသည့် ဝမ်အာပင် ဖြစ်သည်။ သူတို့နှစ်ဦးအား တကယ်ပင် မယှဉ်သာခဲ့ပေ။
“သူ့ကို ဒီကို ပြန်သွားခေါ်လာခဲ့။ ပြီးရင် နာနာခံခံနဲ့ စောင့်နေခိုင်းလိုက်။”
…
အနောက်ဘက်တောင်ကုန်းထိပ်ပေါ်တွင် ခရိုင်တရားသူကြီးမင်းစုန့် ရောက်လာသည့် အချိန်တွင် သူသည် ဝင်သက်ထွက်သက်များကို မှုတ်ထုတ်ကာ ဟောဟဲလိုက်နေခဲ့သည်။
ထိုနေရာသို့ သူရောက်ရှိချိန်တွင် လီယောင်နှင့် ခရိုင်တရားသူကြီးမင်းကတော်တို့သည် ထင်းမီးတစ်စုအား မီးမွှေးထားခဲ့ပြီးဖြစ်သည်။ တုရှောင်ဟွေ့သည် ရေနွေးဆူလာစေရန် ရေနွေးအိုးဟောင်းတစ်ခုအား မီးဖိုပေါ်သို့ တင်ထားခဲ့သည်။
အနီးအနီးရှိ အတော်ြပန့်ပြူးသည့် ကျောက်တုံးကြီးပေါ်တွင် ရွှံဖြင့် ပြုလုပ်ထားသော အကြမ်းထည်ပန်းကန်လုံး သုံးခွက်အား တင်ထားပြီး မြက်ဖျာ သုံးခုကို ဝိုင်းပတ်ကာ ချထားခဲ့သည်။ လီယောင်နှင့် ခရိုင်တရားသူကြီးမင်းကတော်တို့ ထိုင်နေခဲ့ပြီ ဖြစ်သည်။
“ခရိုင်တရားသူကြီးမင်း၊ ဒီလို မပြင်မဆင်ထားတဲ့ ပတ်ဝန်းကျင်ကို ခွင့်လွတ်ပေးပါ။ ကျွန်မတို့မှာ လက်ဖက်ရွက်ကောင်းလည်း မရှိလို့လည်း ဗွေမယူဖို့ မျှော်လင့်ပါတယ်ရှင့်။”
“သခင်မလီက သဘောကောင်းလွန်းလှပါတယ်။”
မည်သို့များ ခရိုင်တရားသူကြီးမင်းက ဗွေယူနိုင်ပါဦးမလဲ။
လီယောင်တွင် သူ့တို့၏အကျပ်အတည်းဒုက္ခအတွက် အဖြေရှိနေသရွေ့ လိုအပ်ပါက အေးစက်သောလေများ တိုက်ခတ်နေသည့် ဤနေရာ ဤတောင်ကုန်းပေါ်တွင် ယာယီတဲဖြင့် တစ်လကြာအောင်ပင် ဝမ်းမြောက်စွာဖြင့် ထိုင်နေလိမ့်မည်ဖြစ်သည်။
မကြာမီ ရေနွေးဆူသွားခဲ့သည်။ လက်ဖက်ရွက်မရှိခြင်းသည် ပြဿနာမဟုတ်ပေ။ လီယောင်သည် ရေနွေးထဲတွင် စိမ်ထားရန် ပန်းကန်လုံးများထဲသို့ ပန်းပွင့်ခြောက်ဖတ်တချို့ကို ထည့်ပြီး ခရိုင်တရားသူကြီးမင်းအတွက် ကျောက်သကြားကိုထည့်ကာ သူမနှင့် ခရိုင်တရားသူကြီးမင်းကတော်အတွက် သကြားညိုကို ထည့်ခဲ့သည်။
နှစ်လိုဖွယ်ကောင်းသည့် ရောင်စုံ ပန်းလက်ဖက်ရည်ပန်းကန် သုံးလုံးကို ကြည့်ကာ ခရိုင်တရားသူကြီးမင်းစုန့်နှင့် သူ့ဇနီးသည်တို့သည် နောက်ထပ် တကြိမ် ချီးမွမ်းစကား ပြောဆိုခဲ့သည်။
အာလပသလ္လာပစကားစမြည်များ ပြောဆိုပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်သည် လုပ်ငန်းကိစ္စသို့ စသွားသည်။
“သခင်မလီ၊ ကောက်ပဲသီးနှံငါးမျိုးကို ပေးနိုင်တဲ့ ပြည်သူပြည်သားတွေရဲ့ လက်ရှိအခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု ခင်ဗျားမှာ ရှိတယ်လို့ ကျွန်တော်ကြားခဲ့တယ်။ ဒီတောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာ ကန်စွန်းဥတွေကို ထပ်ရှာတွေ့ထားတာများလားခင်ဗျ။”
“မဟုတ်ပါဘူး။ ကျွန်မမှာ မရှိပါဘူး။ ပြီးတော့ တောင်တွေထဲကို နက်နက်ရှိုင်းရှိုင်း သွားရတာက မလွယ်ကူလှပါဘူး။”
“ဒါဆို ခင်ဗျားမှာ တခြားဘာနည်းလမ်း ရှိလို့လဲဗျ။”
လီယောင်သည် သူမ၏ ပန်းလက်ဖက်ရည်ကို တစ်ငုံသောက်ကာ စာလုံးသုံးလုံးကို တည်ငြိမ်စွာဖြင့် အဖြေပေးခဲ့သည်။
“အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြုပ်နှံပါ။”
…