← Chapters

တရားမျှတမှု

Vol. 6 Ch. 78

တရားမျှတမှု

Vol. 6 Ch. 78

ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အကြည့်များနှင့် နားထောင်နေခဲ့သည်။

အခြေခံအဆောက်အအုံများကို ဆောက်လုပ်ခြင်း- ဤသည်မှာ ယခင်က တခါမျှ သူ မကြားဖူးခဲ့သည့် ကိစ္စတစ်ခု ဖြစ်သည်။

သင်ယူလိုသည့် စိတ်နေသဘောထားကို ခံယူကာ ခရိုင်တရားသူကြီးမင်းစုန့်သည် လီယောင်ကို အရိုအသေပေးကာ မေးခဲ့သည်။ “သခင်မလီ၊ အခြေခံအဆောက်အအုံ တည်ဆောက်မှုဆိုတာ ဘာလဲဗျ။”

“အခြေခံအဆောက်အအုံတည်ဆောက်မှုဆိုတာက အခြေခံအကျဆုံး အဆောက်အအုံတွေကို တည်ဆောက်တာကို ပြောတာပါ။” ဟု လီယောင်က ရှင်းပြခဲ့သည်။ “တံတားတွေ၊ လမ်းတွေ၊ ရေသွယ်တဲ့ ဆည်မြောင်းစနစ် စီမံကိန်းတွေ.. အဲလိုမျိုးတွေကို ပြောတာပါ။”

ယခုအခါ ခရိုင်တရားသူကြီးမင်းစုန့်သည် နားလည်သွားခဲ့သည်။

လီယောင် အဆိုပြုသည့် နည်းလမ်းသည် ထောက်ပံ့ရေးကောက်ပဲသီးနှံများအစား အလုပ်သမားအင်အားကို အသုံးပြုနေဆဲပင် ဖြစ်သည်။

ထို့အပြင် ပိုင်ချွမ်းခရိုင်သည် တောင်တန်းများ၏ ဘေးဘက် ကပ်ရပ် ဝေးလံကာ အစွန်အဖျားကျသောဒေသတွင် တည်ရှိပြီး လမ်းများသည် ကွေ့ကောက်ကာ လမ်းကြမ်းသည်။ ဥပမာအနေဖြင့် ရထားလုံးများပင်လျှင် ဟဲဝမ်ရွာသို့ မဝင်နိုင်ပေ။ လမ်းများအား ပြန်လည်တည်ဆောက်ကာ တိုးတက်လာစေရန် အမှန်ပင် လိုအပ်လှသည်။

ရေလမ်းကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေး ပံပိုးမှုများမှာလည်း အကြီးအကျယ် ချို့တဲ့လျက် ရှိသည်။ တိုင်းသူပြည်သားများသည် စားသောက်ရန် ကောင်းကင်ဘုံကိုသာ လုံးလုံးလျားလျား မှီခိုအားထားရကြသည်။

သို့သော် ပြဿနာမှာ ငွေမရှိခြင်းပင် ဖြစ်သည်။

ပစ္စည်းပစ္စယများကို ဒေသတွင်း၌ ရရှိနိုင်သော်လည်း အလုပ်သမားများအတွက် လုပ်အားခများကို ပေးဆောင်ရဦးမည် ဖြစ်သည်။

လုပ်ခလစာ မပေးသော်လည်း အဆင်ပြေပါသေးသည်။ သို့သော် အနည်းဆုံး လူများအတွက် စားသောက်ရန် ထမင်းတစ်နပ် ကျွေးရမည် ဖြစ်သည်။

ထို့ကြောင့် စားနပ်ရိက္ခာနှင့် ငွေအလုံအလောက် မရှိပါက ထောက်ပံ့ရေး ကောက်ပဲသီးနှံများအတွက် အလုပ်သမားအစားထိုး အသုံးပြုခြင်းသည် အပြောချည်းသက်သက်သာ ဖြစ်နေပေလိမ်တော့မည်။

“တကယ်ပဲ ပိုင်ချွမ်းခရိုင်မှ ပိုက်ဆံ မရှိဘူးလား။” လီယောင်သည် ပြန်လည်တုံ့ပြန်ကာ မေးမြန်းခဲ့သည်။ “ပိုင်ချွမ်းစျေးမှာပဲ ဆပ်ပြာတုံး တချို့ကို မဆိုင်းမတွနဲ့ ပေါ့ပေါ့ပါးပါး ဝယ်နိုင်တဲ့ သခင်မငယ်လေးတွေနဲ့ သခင်မတွေဆိုရင် အနည်းဆုံး တစ်ဒါဇင်လောက်တောင် ရှိတယ်။ သူတို့တွေမှာဆိုရင် ငွေချောင်းတွေ အနည်းဆုံး ထောင်ဂဏန်း ဒါမှမဟုတ် သောင်းဂဏန်းတောင် ရှိနေလိမ့်မယ်။ ပြီးတော့ မြေတွေလည်း အများကြီးရှိတော့ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေဆိုတာလည်း သေချာပေါက် ချို့တဲ့နေမှာ မဟုတ်ဘူး။”

“ကျွန်တော်လည်း ဒါကို သိပါတယ်။”ဟု ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ဒါပေမဲ့ အဲဒါတွေက ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေလေ။ အတင်းအကြပ် သိမ်းဆည်းလို့ မရဘူး။”

လီယောင်က ပြုံးကာ ပြောခဲ့သည်။ “ချမ်းသာတဲ့သူတွေ ပေးလာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဲဒါက ခရိုင်တရားသူကြီးမင်း လုပ်လိုတဲ့ ဆန္ဒရှိ မရှိ အပေါ်မှာပဲ မူတည်နေတာပါ။”

ခရိုင်တရားသူကြီးမင်းစုန့်သည် အနည်းငယ် ကြောင်အသွားကာ မေးခဲ့သည်။ “အဲဒါ ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ ကျွန်တော်မေးလို့ရမလား။”

“ဥပမာအားဖြင့် ချို့ငဲ့တဲ့သူတွေကို ကူညီပေးဖို့ ပရဟိတ ဝိုင်ညစာစားပွဲတွေ၊ လေလံပွဲတွေလိုမျိုးတွေ.. အဲလိုမျိုးတွေကို စီစဉ်ကျင်းပတာမျိုးတွေပေါ့။ ”

အတိုချုံး ရှင်းပြခဲ့ပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးများသည် အနည်းငယ် ပြေလျော့သွားခဲ့သည်။ လီယောင် အဆိုပြုထားသည့် နည်းလမ်းမှာ လုံး၀ အလားအလာရှိသည်ဟု သူခံစားခဲ့ရသည်။

“ဒါတွေတစ်မျိုးတည်းပေါ်မှာ အားကိုးနေလို့ မလုံလောက်သေးဘူး မဟုတ်လား။”

“ကောက်ပဲသီးနှံဝယ်ဖို့ ပိုက်ဆံရှိနေသရွေ့ အဆင်ပြေပါတယ်။”

ခရိုင်တစ်ခုလုံးတွင် စုစုပေါင်း လူဦးရေ ၃၀၀၀၀ ရှိသည်။ တစ်နေ့လျှင် လူတစ်ဦးသည် အဓိက အစားအစာ ၃ကျင်းကို အခြေခံ၍ နေ့စဉ် ကျင်း ၉၀၀၀ သုံးစွဲကုန်ကျမည်ဖြစ်ပြီး လေးလတာအတွက် စုစုပေါင်း ကျင်း ၁.၈သန်း ကုန်ကျမည်ဖြစ်သည်။

ယခုအခါ အခွံမချွတ်ရသေးသည့် စပါးပင် တစ်ကျင်းလျှင် ဝမ်၂၀အထိ တဟုန်ထိုး မြှင့်တက်နေပြီ ဖြစ်သည်။

ထို့ကြောင့် အခွံ့မချွတ်ရသေးသော စပါးအားလုံးကို ဝယ်ယူမည်ဆိုပါက လိုအပ်နေသည့် ငွေချောင်း စုစုပေါင်းမှာ ၂၁၆၀၀ ဖြစ်သည်။

“ဒါကြောင့်မို့ ကျွန်မတို့ တစ်လစာ စပါးတွေ ဝယ်ဖို့ လုံလောက်တဲ့ ငွေချောင်း ၅၄၀၀ကိုသာ ကောက်ခံဖို့ လိုတယ်။ အဲဒါပြီးရင်တော့ အလုပ်စလုပ်လို့ ရပါပြီ။” ဟု လီယောင်က ပြောခဲ့သည်။

ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့စိတ်တွင်းထဲတွင် သက်သာရာ ရသွားခဲ့သည်။

လီယောင် ခုနက ပြောခဲ့သည့် နည်းလမ်း အနည်းငယ်ကို သူ အသုံးပြုခဲ့ပါက ဤငွေချောင်း ၅၄၀၀ကို ကောက်ခံရန် အလွန် ခက်ခဲလိမ့်မည် မဟုတ်ပေ။ ငွေချောင်း ၁၀၀၀၀အထိပင် ကောက်ခံနိုင်ပေလိမ့်မည်။

သို့သော် အတော်လေး လျော့နည်းနေဆဲပင် ဖြစ်သည်။

“ကျန်တဲ့သုံးလကကျတော့ကော…”

“နည်းလမ်းတွေက အမြဲရှိလာပါလိမ့်မယ်။ ဟု လီယောင်က ပြောခဲ့သည်။ “တကယ်ပဲ အဲလောက်ထိ ရောက်သွားပြီဆိုရင် ကျွန်မတို့ ပိုက်ဆံချေးလို့ ရပါတယ်။ ငွေချောင်း ၁၀၀၀၀ကျော်ကို အလွယ်တကူ ချေးလို့ ရမယ် ဆိုတာလည်း ကျွန်မ ယုံတယ်။”

တစ်လ သို့မဟုတ် နှစ်လကြာပြီးလျှင် လီယောင်သည် ခရိုင်တရားသူကြီးမင်းထံသို့ ငွေအနည်းငယ် သူမ ချေးပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ခရိုင်တရားသူကြီးမင်းစုန့်သည် လီယောင်၏ လုပ်ငန်းကိစ္စရပ်သည် အမှန်တကယ်ပင် အကျိုးအမြတ် ရှိလှသည်ဟု အလွန်အံအားသင့်သွားကာ သူမ စကားများ၏ သက်ရောက်မှုများကိုလည်း သဘာ၀အလျောက် နားလည်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကောင်းသောကိစ္စပင် ဖြစ်သည်။ အနည်းဆုံးအားဖြင့် ယခု သူ ပို၍ စိတ်သက်သာရာကို ခံစားနိုင်ခဲ့သည်။

နောက်ဆုံး အခက်အခဲ တစ်ခု ကျန်ရှိနေဆဲ ဖြစ်သည်။

စားနပ်ရိက္ခာ ပြဿနာ ပြေလည်သွားခဲ့သော်လည်း လုပ်ခလစာအတွက် မည်သို့ ပြုလုပ်ရမည်နည်း။

တိုင်းသူပြည်သားများအား အစားအစာ အနည်းငယ်မျှသာဖြင့် အလုပ်လုပ်ခိုင်းရန် မဖြစ်နိုင်ပေ။ နေ့စဉ်လုပ်အားခများကို ပေးရမည်ဖြစ်ပြီး အစားအသောက်စရိတ်ထက်လည်း များစွာပိုမြင့်သည်။

“နောက်နှစ် စပါးခွန်ကနေ နုတ်ယူလို့ရတယ်။” ဟု လီယောင်က ပြောခဲ့သည်။ “အလုပ်သမားတွေရဲ့ လုပ်အားခတွေကို ပုံမှန်နှစ်ဆနှုန်းနဲ့ တွက်ပြီးတော့ နောက်နှစ် သူတို့ပေးဆောင်ရမဲ့ စပါးခွန်ကနေ နုတ်လိုက်ပါ။”

ဟုတ်သားပဲ…။

ယခုအခါ ခရိုင်တစ်ဝှမ်းရှိ ကျေးရွာတိုင်းတွင် ရေတွင်းများကို တူးဖော်ခဲ့ပြီးပြီဖြစ်ကာ နောက်နှစ် အစောပိုင်း နွေစပါးရိတ်သိမ်းမှုသည် အခြေခံအားဖြင့် မိုးခေါင်ရေရှားမှုဒဏ်ကို မခံစားရတော့ပေ။ ယခုဆောင်းရာသီတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမည့် ရေထိန်းသိမ်းရေး စီမံချက်များနှင့် နောက်နှစ်တွင် သဘာ၀အတိုင်း စပါးများကို ရိတ်သိမ်းနိုင်လိမ့်မည် ဖြစ်သည်။

ကန်စွန်းဥစိုက်ပျိုးခြင်းကိုလည်း မြှင့်တင်နိုင်ခဲ့ပါက စပါးခွန်မှ အနည်းငယ် နုတ်ယူခြင်းသည် မပြောပလောက်တော့ပေ။

ကောက်ခံရရှိမည့် အခွန်များသည်လည်း ယခင်နှစ်များထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။ ပြောင်းပြန်အနေဖြင့် ပို၍ပင် တိုးလာနိုင်ပေသည်။

ထိုမျှအထိ တွေးတောရင်း ခရိုင်တရားသူကြီးမင်းစုန့်သည် ရုတ်တရက် သိမြင်ရှင်းလင်းသွားခဲ့သည်။

သူ့အား အချိန်အတော်ကြာအောင် ဖိစီးနေခဲ့သည့် ခက်ခဲ့သော ပြဿနာသည် အမှန်တကယ်ပင် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့သည်။

ဒီလီယောင်က တကယ်ပဲ သာမန်ပြည်သူတစ်ယောက် ဟုတ်ကော ဟုတ်ပါ့မလား။

သူ့သဘောအတိုင်း ဆိုပါက လီယောင်အား စီရင်စုတစ်ခုအား အုပ်ချုပ်ခွင့်ပေးခဲ့လျှင် သူမသည် သေချာပေါက်ပင် သာလွန်အောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

“ဟား.. ဟား..ဟား” နောက်ဆုံးတွင် အလင်းရောင်အား မြင်လာသည့်အတွက် ခရိုင်တရားသူကြီးမင်းစုန့်သည် ထူးထူးခြားခြားပင် စိတ်ကောင်းဝင်ကာ အူမြူးနေခဲ့သည်။ “လီယောင်၊ ခင်ဗျား ဒီတစ်ခါတော့ အရမ်းကို ကြီးမားတဲ့ အကူအညီကို ပေးအပ်ခဲ့တာပဲဗျ။”

လီယောင်သည် မည်သည့်ချီးကျုးဂုဏ်ပြုမှုမှ မလိုချင်ခဲ့ပေ။

လူတိုင်း ပြည့်စုံချမ်းသာနေခြင်းသည် အမှန်တကယ်ပင် ကောင်းမွန်ပေသည်။

သူမဘေးမှ လူများ ဆင်းရဲဒုက္ခ ခံစားနေရချိန်တွင် သူမသည် သက်တောင့်သက်သာဘ၀တွင် နေထိုင်နေရခဲ့ပါက ထိုသို့သော နေ့ရက်များသည် အဓိပ္ပါယ်မဲ့နေပေလိမ့်မည်။

ခရိုင်တရားသူကြီးမင်းကတော်သည်လည်း ဝမ်းမြောက်စွာဖြင့် အားရပါးရ ပြုံးနေခဲ့သည်။

စိတ်ကူးအကြံအစည်များအားလုံးသည် လီယောင့်ထံမှ ဖြစ်သော်လည်း ခရိုင်တရားသူကြီးမင်းစုန့်သာလျှင် ၎င်းတို့အား လုပ်ဆောင်ရန် ဦးဆောင်ရမည့်သူ ဖြစ်သည်။ သဘာ၀အားဖြင့် သူသည်လည်း အနာဂါတ်တွင် ချီးမွမ်းဂုဏ်ပြုမှုများနှင့် ဆုလာဘ်များကို ရရှိပေလိမ့်မည်။

ဤကဲ့သို့ ထူးချွန်ပြောင်မြောက်သော နိုင်ငံရေးအောင်မြင်မှုများနှင့် ဤသို့ဝေးလံခေါင်သီသည့် နေရာမှ သူမတို့ ထွက်ခွာနိုင်ပေလိမ့်မည်။ မကြာမီပင် သူမတို့ မြို့တော်သို့ ပြန်ကောင်း ပြန်ရပေလိမ့်မည်။

သုံးယောက်သား ပရဟိတဝိုင်ညစာစားပွဲများကို ကျင်းပရန် အသေးစိတ် ဆွေးနွေးနေကြစဉ်တွင် ဟဲရှောင်ယာသည် အသည်းအသန် ပြေးလာခဲ့သည်။

“မေမေရေ၊ မကောင်းတော့ဘူး။”

“ဒီလောက် အထိတ်ထိတ်အပျာပျာနဲ့ ဘာတွေဖြစ်လို့လဲ။”

“အဖွားတို့အိမ်က လူတွေအများကြီး လာနေကြတယ်။ ဝမ်အာက သူတို့အိမ်က တစ်ခုခုကို ခိုးတယ်လို့ ပြောနေကြတယ်။ ခရိုင်တရားသူကြီးမင်းရဲ့ သခင်ငယ်လေးကလည်း ဝမ်အာကို စစ်ဆေးမေးမြန်းဖို့ဆိုပြီး ဖမ်းထားတယ်။”

ဘာ…

ခရိုင်တရားသူကြီးမင်းစုန့်သည် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားကာ ဗြုန်းခနဲ မတ်တပ်ထရပ်ခဲ့သည်။

ထိုသားသမီး၀တ္တရား မကျေပွန်သည့်အကောင်သည် သူ့အနားမှ ထွက်ခွာသွားသည်မှာ နာရီဝက်ပင် မရှိသေးပဲ ပြဿနာရှာထားခဲ့ပြီ ဖြစ်သည်။

ယနေ့ သေချာပေါက် ဒင်းအား သင်ခန်းစာကောင်းကောင်း ပေးရလိမ့်ပေမည်။

…

လီယောင်နှင့် ခရိုင်တရားသူကြီးမင်းစုန့်တို့သည် လက်ဖက်ရည်သောက်ပြီး တောင်ကုန်းပေါ်တွင် စကားစမြည် ပြောနေကြစဉ်တွင် စုန့်ကျယ်သည် ရွာအပြင်ဘက်တွင် တစ်ယောက်တည်း ခြေဦးတည့်ရာ သွားနေခဲ့ပြီး သေလောက်အောင် ပျင်းရိနေခဲ့သည်။

ယနေ့တွင် သူသည် အလွန်အမင်း စိတ်တိုနေခဲ့သော်လည်း သူ့မိဘများသည် ပြန်ကြရန် ဝန်လေးနေကြဆဲ ဖြစ်သည်။

ထို့အခိုက်တွင် အဝေးမှ လူအုပ်ကြီး တစ်ခု ဖြတ်လျှောက်လာသည်။ သူတို့ထဲမှ တစ်ဦးအား စုန့်ကျယ် တွေ့သောအခါ သူ၏မျက်လုံးများသည် တောက်ပလာခဲ့သည်။

ထိုလူများကြားထဲတွင် လီရှန်း ရှိနေခဲ့သည်။

သူတို့နှစ်ဦးသည် တက္ကသိုလ်တွင် အတူတကွ ပညာသင်ကြားနေကြသည်။ စုန့်ကျယ်သည် ပညာသင်ကြားရန် စိတ်မပါပဲ လီရှန်းသည် အထူးချွန်ဆုံး ဖြစ်သည်။ ထို့ကြောင့် ဆရာ့အား လှည့်စားရန်အတွက် သူသည် လီရှန်းအား စာစီစာကုံးတချို့အား ရေးရန် မကြာခဏ တောင်းဆိုခဲ့သည်။

ထို့အပြင် လီရှန်းသည် ချင့်ချိန်တတ်ပြီး စကားပြောကောင်းသောကြောင့် သူတို့နှစ်ဦးသည် နေ့စဉ် ညီအစ်ကိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး အမည်တပ်ခေါ်ကာ နှစ်ဦးသားသည် အလွန်ပင် ပုလဲပနှံသင့်ကာ သင့်မြတ်လှသည်။

“အစ်ကိုလီ”

“စုန့်ကျယ်လား။” လီရှန်းသည်လည်း အလွန်အံအားသင့်သွားခဲ့သည်။ “ဒီကို ဘာလာလုပ်တာလဲ။”

“ကျွန်တော့်အဖေက ဒီကိုခေါ်လာတာ။”

“ခရိုင်တရားသူကြီးမင်းက ဟဲဝမ်ရွာကို ဘာလာလုပ်တာလဲ။”

“တချို့ကိစ္စသေးသေးလေးတွေပါဗျာ။ ပြောဖို့ မတန်ပါဘူးဗျာ။ ခင်ဗျားကရော၊ အစ်ကိုလီ၊ ဒီကို ဘာလာလုပ်တာလဲ။”ဟု စုန့်ကျယ်က မေးခဲ့သည်။

လီရှန်းသည် မကျေမနပ်ဖြင့် ပြန်ဖြေခဲ့သည်။ “ငါတို့ တရားမျှတမှုကို ရှာဖို့ လာခဲ့ကြတာ။”

“တရားမျှတမှုကို ရှာဖို့၊ ဘယ်သူဆီကနေတုန်း။” လီယောင်သည် သူ့ပညာရေးကို ထောက်ပံ့ခြင်း မပြုတော့သည့်အချိန်မှစ၍ အိမ်တွင် ငွေသည် တဖြည်းဖြည်း ရှားပါးလာခဲ့သည်။ ထို့ကြောင့် အဖွားသည် ဆယ်စုနှစ်များစွာ မိသားစုအဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့သည့် ပိုင်ယွီဆံထိုးအား ထုတ်ရောင်းရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် မျှော်လင့်မထားပဲ လွန်ခဲ့သော နှစ်လခန့်ထိ ရှိနေသေးသည့် ဆံထိုးအား ရှာမတွေ့တော့ပေ။

ထို့ကြောင့် ဝမ်အာ ပညာလာသင်နေချိန်တွင် ထိုဆံထိုးအား တိတ်တဆိတ် ခိုးယူသွားတာဖြစ်မည်ဟု အဖွားက ကောက်ချက်ချခဲ့သည်။

“စဉ်းစားကြည့်ပါဦး။ သူတို့မိသားစုက အရင်တုန်းက ဘယ်လောက်တောင် ဆင်းရဲလဲဆိုတာကို..” ဟု လီရှန်းက ပြောခဲ့သည်။ “ဒါပေမဲ့ အခုကျတော့ သူတို့က ဒီလို အနည်းဆုံး ငွေချောင်း ၃၀၀-၄၀၀လောက် ကုန်တဲ့ အိမ်အသစ်အကြီးကြီးကိုလည်း ဆောက်ခဲ့တယ်။ နှစ်လအတွင်းမှာ ဘယ်လုပ်ငန်းကများ ဒီလောက်များတဲ့ ငွေကို ရှာနိုင်မှာမို့လို့လဲ။ ငါတို့အိမ်က ဆံထိုးကို ခိုးပြီးတော့ ရောင်းလိုက်တာပဲ ဖြစ်ရမယ်။”

ဒါကိုနားထောင်ပြီးနောက် စုန့်ကျယ်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

သူ့ဖခင်သည် သူ့အား အသုံးမကျ၊ ပြဿနာသာ ရှာသည်ဟု ပြောခဲ့သည် မဟုတ်ပေလား။

ယနေ့တွင် သူ,စုန့်ကျယ်သည် နောက်ဆုံးတွင် လုပ်ကိုင်နိုင်စွမ်းရှိသည်ကို အဖိုးကြီးအား ပြသနိုင်တော့မည် ဖြစ်သည်။

“ကဲ၊ သွားကြစို့။” သူသည် သူ့ရင့်ဘတ်အား လက်နှင့်ရိုက်ကာ ပြောခဲ့သည်။ “ဒီသခင်လေးက ဒီနေ့ ခင်ဗျားအတွက် တရားမျှတမှုကို အတည်ပြုပေးမယ်။”

…

All Chapters