ပြည်နှင်ဒဏ်ပေးခြင်း
Vol. 6 Ch. 79
စုန့်ကျယ်၏နောက်မှ လိုက်ကာ လီရှန်းတို့သားအမိသည် စိတ်ကောင်းဝင်နေခဲ့ကြသည်။
နောက်ဆုံးတစ်ခေါက်၌ လီယောင့်အိမ်တွင် အရှက်ခွဲခံရပြီးသည့်အချိန်မှစ၍ လွီရှီသည် အိမ်သို့ ပြန်လာခဲ့ပြီးနောက် ကောင်းမွန်စွာ အိပ်မပျော်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် လိမ္မာပါးနပ်သည့် အစီအစဉ်တစ်ခု ပေါ်မလာခင်အထိ သူမ၏ ဦးနှောက်ထဲတွင် အချိန်အတော်ကြာအောင် ကြံစည်နေခဲ့သည်။
သူမ့မိသားစုဘက်မှ ယူလာခဲ့သည့် ပိုင်ယွီ၏ ဆံထိုးအား ဝမ်အာ ခိုးယူသွားခဲ့သည်ဟု ပြောကာ ပြန်ပေးရန် လီယောင်ထံမှ သူမ တောင်းဆိုမည်ဖြစ်သည်။ သူမ ပြန်မပေးခဲ့ပါက လွီရှီသည် လျော်ကြေးအဖြစ် ပိုက်ဆံကို တောင်းလိမ့်မည်။
ငွေချောင်း ၅၀ခန့် ဖြစ်လိမ့်မည်ဟု သူမ စဉ်းစားဆုံးဖြတ်ထားခဲ့သည်။
သူမသည် ပို၍ ဘဝင်ကျသွားစေရန် မျက်မြင်သက်သေနှစ်ဦးကိုလည်း ရှာဖွေထားခဲ့ပြီး သဘောတူညီချက်များ ပြီးစီးသွားပါက သူတို့၏ ကိရိယာများအတွက် ငွေချောင်း တစ်ချောင်းစီ ကိုယ်စီကိုယ်ကျပေးမည်ဟု ကတိပေးထားခဲ့သည်။ သူမသည် လီကျားရွာရှိ လီမျိုးနွယ်စု၌ရှိသော လူငယ်နှင့် သက်လတ်ပိုင်းအမျိုးသားများအားလုံးကိုလည်း ခေါ်ဆောင်လာခဲ့သည်။
မူလကမူ လီယောင်၏ စိတ်နေသဘောထားကြောင့် ယနေ့တွင် ပြဿနာ အနည်းငယ် ရှိလာလိမ့်မည်ဟု လွီရှီသည် တွေးထင်နေခဲ့သည်။ လီရှန်းနှင့် ဆက်ဆံရေး ကောင်းမွန်ပုံပေါ်သည့် ခရိုင်တရားသူကြီးမင်း၏ သား ဖြစ်သည်။ ဟဲဝမ်ရွာအနီးတွင် ကံအားလျော်စွာ ဆုံစည်းလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ခရိုင်တရားသူကြီးမင်း၏ သားသည် သူတို့အား ကျောထောက်နောက်ခံပြုထားမှုနှင့်အတူ လွီရှီသည် သူမ၏ လိမ္မာပါးနပ်သော အစီအစဉ်သည် မကျဆုံးနိုင်ပေဟု ခံစားခဲ့ရသည်။
ဒီနေ့တော့ သူမ ငွေချောင်း ၅၀ အနည်းဆုံး ရလာစေရမယ်… မဟုတ်ဘူး.. အခုအဲဒါက သေချာပေါက် အနည်းဆုံး ငွေချောင်း ၁၀၀ပဲ။
ထိုအကြောင်းအား သူမ ပျော်ရွှင်စွာဖြင့် တွေးတောနေချိန်အတွင်းမှာပင် စုန့်ကျယ် ဦးဆောင်သည့် လူတစ်စုသည် လီယောင်၏ အိမ်ရှေ့တံခါးဆီသို့ ခေါင်းတမော့မော့ ရင်တကော့ကော့ဖြင့် ရောက်သွားခဲ့သည်။
လူအုပ်ကြီးနှင့်အတူ သူတို့၏ အဖွားဖြစ်သူသည် ရန်လိုစွာဖြင့် ရောက်လာခဲ့သည်ကို မြင်သော် တာ့ကျွမ်းတို့ညီအစ်ကိုများသည် အနှောက်အယှက်များကို သတိပြုမိခဲ့သည်။ အဖွားအိုကြီးတော့ ဒီကို ပြဿနာရှာဖို့ ထပ်လာတာပဲ ဖြစ်ရမယ်။
စုန့်ကျယ်သည် ခြံဝင်းထဲရှိ ဟောင်းနွမ်းနေသည့် ခုံတန်းလျားများနှင့် စားပွဲများကို ဂရုမစိုက်ပဲ မောက်မာစွာဖြင့် လွှားခနဲ ကျော်ကာ စားပွဲ၏ ခေါင်းရင်းပိုင်းတွင် ဝင်ထိုင်ခဲ့သည်။ သူသည် စားပွဲခုံကို ကျယ်ကျယ်လောင်လောင် ရိုက်ကာ အော်ခဲ့သည်။ “ရာဇဝတ်သား ဝမ်အာကို ဒီကို ခေါ်လာခဲ့စမ်း။”
ဤသည်ကို ကြားသောအခါ ဝါးတဲအတွင်း၌ စာသင်ကြားနေသည့် ဝမ်အာသည် ထွက်လာခဲ့သည်။
“မတ်တပ်ရပ်နေရဲသေးတယ်ပေါ့။ ဒူးထောက်စမ်း။”
ဝမ်အာသည် ဇဝေဇဝါဖြစ်နေခဲ့သည်။ သို့သော် တဖက်လူမှ ခရိုင်တရားသူကြီးမင်း၏သားဖြစ်ပြီး ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းလည်း ရှိနေသောကြောင့် နာခံစွာဖြင့် ဒူးထောက်ခဲ့သည်။
“ငါ မင်းကို မေးမယ်။ မင်းအဖွားရဲ့ ကျောက်စိမ်းဆံထိုးကို မင်းခိုးသွားခဲ့လား။”
“ဘာကျောက်စိမ်းဆံထိုးပါလဲခင်ဗျ။”
“ဒီမှာ မျက်မြင်သက်သေတွေရှိတာတောင် မင်းက ဝေဝေဝါးဝါးလုပ်ချင်နေသေးတာလား။” ဟု စုန့်ကျယ်သည် အေးစက်စွာဖြင့် ပြောခဲ့သည်။
ဝမ်အာသည် သဘာ၀အားဖြင့် ကြောက်ရွံ့တွန့်ဆုတ်တတ်သော်လည်း ထိုကဲ့သို့သော အကွက်ဆင်စွပ်စွဲမှုအား ၀န်ခံလိမ့်မည် မဟုတ်ပေ။
“ကျွန်တော်မျိုး ဘာကျောက်စိမ်းဆံထိုးအကြောင်းမှ မသိပါဘူးခင်ဗျ။”
သူ၏ ပူးပေါင်းဝန်ခံမှု အားနည်းနေသည်ကို မြင်သောအခါ စုန့်ကျယ်သည် နောက်တစ်ကြိမ် စားပွဲခုံအား ပြင်းပြင်းထန်ထန် ရိုက်ခဲ့ပြန်သည်။ “လာစမ်း၊ ကြိမ်ဒဏ် နှစ်ဆယ် ပေးလိုက်စမ်း။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။
စုန့်ကျယ်သည် ခရိုင်တရားသူကြီးမင်း၏ သားဖြစ်ကာ တိုင်းသူပြည်သားများအတွက် တရားမျှတမှုကို အတည်ပြုထိန်းသိမ်းပေးရန်အတွက် သူနားလည်နိုင်ပေသည်။ သို့သော် ကိစ္စရပ်၏ အမှန်နှင့် အမှားအား မစုံစမ်းမစစ်ဆေးပဲ ရိုက်နှက်သည့်အပြစ်ဒဏ်ကို ကျင့်သုံးရန်အတွက်.. ဤသည်မှာ အတော်လွန်သွားပြီဖြစ်သည်။
“သခင်လေး၊ ဒီလိုလုပ်လို့မရပါဘူးခင်ဗျာ။”
“ကျုပ် လုပ်လို့ မရဘူးဆိုတာ ဘာကို ပြောတာလဲ။” ခေါင်းဆောင်ကျန်းသည် သူ့စကားအား မလိုက်နာခဲ့သည့်အတွက် စုန့်ကျယ်သည် စိတ်ရှုပ်သွားခဲ့သည်။ “ ခေါင်းဆောင်ကျန်း၊ ခင်ဗျား မလုပ်ဘူးဆိုရင် လျှို့ခွန်းကို ကြိမ်ဒဏ်စီရင်ခိုင်းလိုက်။”
“အဲလိုလည်း လုပ်လို့ မရပါဘူး ခင်ဗျာ။”
“ခင်…. ခင်ဗျားတို့အားလုံး ကျုပ်စကားကို နားမထောင်ကြဘူးပေါ့လေ..။” စုန့်ကျယ်သည် မျက်နှာနီရဲကာ ဒေါသတကြီးနှင့် ပြောခဲ့သည်။ “ကောင်းပြီ၊ ကျုပ်ကိုယ်တိုင်လုပ်မယ်။ ဒီနေ့ ဘာပဲဖြစ်ဖြစ် သူ့ဆီကနေ ခံဝန်ချက်တစ်ခုရအောင် လုပ်ပြမယ်။”
ဤသည်ကို မြင်သောအခါ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူ့ခေါင်းကွဲထွက်သွားလိမ့်မည်ဟု ခံစားခဲ့ရသည်။
စုန့်ကျယ်သည် ခရိုင်တရားသူကြီးမင်း၏ သားဖြစ်သော်လည်း ဤကိစ္စအား လာဖြေရှင်းရန် သူ့ဖခင် လိုအပ်နေဆဲပင် ဖြစ်သည်။ သူသည် တာ့ကျွမ်းအား အလျင်အမြန် ပြောခဲ့သည်။ “အမြန်သွားပြီးတော့ မင်းအမေကို ပြန်လာခိုင်းလိုက်ဦး။”
ဟဲရှောင်ယာသည် ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ကာ လီယောင်အား ရှာဖွေရန် တောင်ပေါ်သို့ အသည်းအသန် ပြေးတက်သွားခဲ့သည်။
လီယောင့်မိသားစုအိမ်ထဲမှ လူအုပ်ကြီးအား တခြားရွာသူရွာသားများ သတိပြုလာမိသည့်အချိန်တွင် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သစ်သားတုတ်အား ဟန်ဆောင်ရှာဖွေခဲ့သည်။ မကြာမီတွင် လီယောင့်မိသားစုအိမ်အနီးတွင် လာရောက်ကြည့်ရှုသည့် လူအုပ်ကြီး ဝိုင်းလာခဲ့သည်။
သို့သော် ခရိုင်တရားသူကြီးမင်း၏ သား ရှိနေသည်ကို မြင်ရသော် မည်သူမှ ကျယ်ကျယ်လောင်လောင် မပြောဝံပဲ ဖြစ်ပျက်နေသည့်အကြောင်းအား တီးတိုးသာ ပြောဆိုနေခဲ့ကြသည်။
အတန်ငယ်ကြာအောင် ရှာဖွေပြီးနောက် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည့် သင့်တော်သော တုတ်အား ရှာမတွေ့ခဲ့ပေ။ စုန့်ကျယ်သည် စောင့်ဆိုင်းနေရသည်ကို စိတ်မရှည်တော့ပဲ ကြုံရာ ဝါးလုံး တစ်လုံးအား ညွှန်ပြခဲ့သည်။
“သူ့ကို ရိုက်ဖို့ အဲဒါကို သုံးလိုက်။”
“အဲဒါက လုပ်လို့ မရ…… ။”
“ခင်ဗျားမလုပ်နိုင်ရင် ကျုပ်လုပ်နိုင်တယ်...။”
တရားမျှတမှုကို ပေးရန် စိတ်မရှည်စွာဖြင့် စုန့်ကျယ်သည် ဝါးလုံးကို ကောက်ကိုင်ကာ ဝမ်အာရှေ့သို့ သွားကာ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ခဲ့သည်။ “ဝမ်အာ၊ မင်းကို ငါနောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်။ မင်း ရိုးရိုးသားသား ဝန်ခံမယ်ဆိုရင် နာကျင်ခံစားရတာတွေကို ရှောင်နိုင်တယ်။”
စုန့်ကျယ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ပြီးနောက် ဝမ်အာသည် လုံး၀ တုန်လှုပ်ချောက်ချားခြင်း မရှိခဲ့ပေ။ သူသည် ခေါင်းကို မော့ကာ ခိုင်မာစွာဖြင့် ပြန်ဖြေခဲ့သည်။ “ကျွန်တော်မျိုး ကျောက်စိမ်းဆံထိုးနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူး။”
“မင်းပြောလာအောင် ငါလုပ်ပြမယ်။”
စုန့်ကျယ် ရိုက်ပုတ်တော့မည့်အခိုက်တွင် ခရိုင်တရားသူကြီးမင်းစုန့် အော်ပြောနေသည်ကို သူကြားခဲ့ရသည်။ “အကောင်စုတ်လေး၊ မင်းလုပ်နေတာတွေကို ရပ်လိုက်စမ်း။”
လူအိုကြီးဖြစ်သည်ကို ကြားသောအခါ စုန့်ကျယ်သည် အလျင်အမြန် ပြောခဲ့သည်။ “အဖေ၊ ဒီလူက ကျောက်စိမ်းဆံထိုးကို ခိုးပြီးတော့ ရိုးရိုးသားသား ဝန်ခံဖို့ကို ငြင်းနေတယ်။ အဲဒါကြောင့် ကျွန်တော်က …..။”
“မင်းပါးစပ်ကို ပိတ်ထားလိုက်။”
ခရိုင်တရားသူကြီးမင်းစုန့်သည် နှုတ်ခမ်းများ တုန်ယင်နေသည်အထိ အလွန်ဒေါသထွက်နေခဲ့သည်။ ဒီအကောင်စုတ်ကလေးတော့၊ ဒင်းဘယ်လောက်တောင် ပြဿနာတွေ ရှာထားခဲ့လဲဆိုတာ သိမှာမဟုတ်ဘူး။
“ဒူးထောက်စမ်း။”
စုန့်ကျယ်သည် အံအားသင့်သွားခဲ့သည်။ “ဘာလို့ ကျွန်တော်ကို ဒူးထောက်စေချင်တာလဲ။ ကျွန်တော်က ရာဇဝတ်သား မဟုတ်ဘူး…။”
“ဒူးထောက်စမ်းလို့ ငါပြောနေတယ်လေ။”
“ဒူးမထောက်ဘူး။”
“မင်း..” ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့သွားများ အမှုန့်ဖြစ်လုနီးပါးအထိ အလွန် ဒေါသအရမ်းထွက်နေခဲ့သည်။ သူသည် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းဘက်သို့ လှည့်ကာ ပြောခဲ့သည်။ “ခေါင်းဆောင်ကျန်း၊ ဒင်းကို ဒူးထောက်အောင် လုပ်လိုက်။”
“ဟုတ်ကဲ့ပါ သခင်ကြီး။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၏ တွန်းဖိမှုကြောင့် စုန့်ကျယ်သည် ချက်ချင်း မြေပြင်ပေါ်သို့ အရှိန်နှင့်ကျသွားခဲ့သည်။
ဤသို့ ရုတ်တရက် ပြောင်းပြန်အခြေအနေနှင့် ကြုံတွေ့ရသောအခါ ရွာသူရွာသားများနှင့် လီမိသားစုဝင်များသည် မှင်သက်သွားခဲ့ကြသည်။ ခရိုင်တရားသူကြီးမင်းက ဘာတွေဖြစ်ကုန်တာလဲ။ သူ့သားအရင်းခေါက်ခေါက်ကို ဘာလို့ အတင်းအကြပ် နှိမ့်ချရတာလဲ။’
“ဘယ်လိုအကြောင်းပြချက်ကြောင့် ကျွန်တော့်ကို ဒူးထောက်ခိုင်းတာလဲ။” စုန့်ကျယ်သည် အလျော့ပေးရန် ငြင်းဆိုနေဆဲ ဖြစ်သည်။ “ကျွန်တော် ဘာမှ အမှားမလုပ်ထားဘူး။”
ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့ကိုယ့်သူ စိတ်ငြိမ်အောင် ပြုလုပ်ကာ စားပွဲတွင် ထိုင်ခဲ့သည်။ “မင်း ဘာအမှားတွေ လုပ်ခဲ့လဲဆိုတာ မင်းက သိချင်တာလား။ ငါ အခုပြောပြမယ်။ ပြည်သူတစ်ယောက်အနေနဲ့ မင်းက တရားစီရင်မှုကို တာဝန်မရှိပဲ ကျင်းပပြီးတော့ ကြိမ်ဒဏ်ပေးပြီး နှိပ်စက်ညှင်းပန်းတာတွေက အဓိကအပြစ်တွေပဲ။ ပြည်နှင်ဒဏ် အပေးခံရတဲ့အထိ ပြစ်ဒဏ်ကျခံသင့်တယ်။ ”
“ပြည်နှင်ဒဏ်...”
စုန့်ကျယ်သည် ရုတ်တရက် အထိတ်တလန့်ဖြစ်သွားခဲ့သည်။
သူသည် တခြားသူများအတွက် တရားမျှတမှုကို အတည်ပြုပေးရုံမျှသာဖြစ်ပြီး ယင်းအတွက် အဘယ်ကြောင့် သူ ပြည်နှင်ဒဏ်ခံရပါလိမ့်မည်နည်း။
ခရိုင်တရားသူကြီးမင်းကတော်သည်လည်း သောကရောက်နေခဲ့သည်။ သူမ၏ ခင်ပွန်းသည် ခေါင်းမာသော ပင်ကိုယ်စရိုက်ရှိကြောင်း သူမ သိရှိကာ ပြောသည့်အတိုင်း သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။
သို့သော် စုန့်ကျယ်သည် သူမတို့၏ ကလေးငယ် ဖြစ်သည်။ အမှန်တကယ်သာ သူ ပြည်နှင်ဒဏ်ခံခဲ့ရပါက…။
“သခင်ကြီး၊ ကျယ်အာက ငယ်ရွယ်ပြီး မသိနားမလည်သေးလို့ပါ...။”ဟု ခရိုင်တရားသူကြီးမင်းကတော်က အသနားခံခဲ့သည်။
“သူက အသက် ၁၃ နှစ် ရှိနေပြီ။ မသိနားမလည်သေးတုန်းလား။ သူ နားလည်သဘောပေါက်ဖို့ အသက် ဘယ်လောက်ကြီးဖို့ လိုနေတာတုန်း။” ဟု ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ကျုပ်လည်း ဝန်လေးနေပေမဲ့ ဥပဒေက ဥပဒေပဲ။ ကိုယ်ရေးကိုယ်တာအကြောင်းအကြောင်းတွေကြောင့် တဖက်စောင်းနင်းလုပ်လို့မရဘူး။ ပြစ်ဒဏ်အနေနဲ့ ပြည်နှင်ဒဏ်ပေးခံရမယ်လို့ တရားဝင်ကြေညာထားတဲ့အတွက် သူ ပြည်နှင်ဒဏ် ခံကို ခံရမယ်။”
ခရိုင်တရားသူကြီးမင်းကတော်သည် မျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့သည်။ သူတို့တွင် ဤသားလေးတစ်ယောက်သာ ရှိသည်။
“ညီမလီယောင်၊ ကျွန်မအတွက် သူ့ကို ဖျောင်းဖျပေးပါဦးနော်။”
လီယောင်သည်လည်း ခရိုင်တရားသူကြီးမင်းသည် အလွန်တင်းခံနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ဤကိစ္စရပ်အားလုံးကို သက်သက်ညှာညှာ သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ နစ်နာသူ၏ မိခင်အနေဖြင့် ဤကိစ္စရပ်အား တွန်းအားမပေးသရွေ့ မည်သူမှ မပြောနိုင်ကြပေ။
သို့သော် ခရိုင်တရားသူကြီးမင်းသည် သူ၏ တင်းကျပ်ပြီး မျက်နှာမလိုက်ပဲ သမာသမတ်ကျသည့် ဂုဏ်သတင်းနှင့် ပတ်သက်၍ မည်မျှ စစ်မှန်ကြောင်း သို့မဟုတ် ရွာသူရွာသားများရှေ့တွင် တမင်သက်သက် ပြင်ပန်းပုံစံတစ်ခုသာ ဖြစ်ကြောင်း သူမ သိမြင်ချင်ခဲ့သည်။
ထို့ကြောင့် သူမသည် ပြန်ဖြေခဲ့သည်။ “သခင်မ၊ ဒါက ခရိုင်တရားသူကြီးမင်းရဲ့ တရားဝင်အလုပ်ပါ။ ကျွန်မတို့ မဝင်စွက်ဖက်သင့်ပါဘူး။”
သူမ၏ စကားမဆုံးခင်၌ပင် ခရိုင်တရားသူကြီးမင်းကတော်သည် စိုးရိမ်ကြောင့်ကြစိတ်ကြောင့် သတိလစ်သွားခဲ့သည်။ လီယောင်သည် ဟဲရှောင်ယာကို သူမအား အိမ်ထဲသို့ အမြန်ခေါ်သွားစေခဲ့သည်။
ကိစ္စရပ်များသည် ရုတ်တရက် အလှည့်အပြောင်းဖြစ်သွားခဲ့သည်ကို တွေ့ရသော် လီရှန်းသည် ခြံဝင်းထဲတွင် ရှေ့သို့ ခြေလှမ်းကျဲကျဲနှင့် လျှောက်လာခဲ့သည်။
ဤသည်မှာ သူ့အစ်မထံမှ ငွေချောင်း ၁၀၀ တောင်းယူခြင်းထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးတစ်ခုဖြစ်သည်ဟု သူခံစားခဲ့ရသည်။
“ခရိုင်တရားသူကြီးမင်းခင်ဗျာ၊ ဒါတွေအားလုံးက ကျွန်တော်မျိုးကနေ စခဲ့တာပါ။”ဟု လီရှန်းက ပြောခဲ့သည်။ “တစ်ယောက်ယောက်ကို အပြစ်ပေးမယ်ဆိုရင် သူ့အစား ကျွန်တော်မျိုးကိုသာ အပြစ်ပေးပါခင်ဗျာ။”
“မင်းက ဘယ်သူတုန်း။”
“ကျွန်တော်မျိုးက ဝမ်အာ ကျောက်စိမ်းဆံထိုး ခိုးတယ်လို့ စွပ်စွဲတဲ့ နစ်နာသူပါခင်ဗျာ။”ဟု လီရှန်းက ရှင်းပြခဲ့သည်။ “ဝမ်အာက အရင်ခိုးသွားခဲ့လို့ သခင်လေးက ကျွန်တော်မျိုးအတွက် တရားမျှတမှုကို အတည်ပြုပေးဖို့ ဦးတည်ခဲ့တာပါ။ ဒါကြောင့်မို့ သခင်လေးကို အရေးယူချင်တယ်ဆိုရင် ဝမ်အာ ခိုးယူတဲ့အမှုကို အရင်ဖြေရှင်းပေးဖို့ ပြောပါရစေခင်ဗျာ။”
“ကောင်းပြီ။ ဒါက အမှုအခင်းတစ်ခုဆိုတော့ ဒီနေရာမှာပဲ ဒီပြစ်မှုကို ဖြေရှင်းသင့်တယ်။” ခရိုင်တရားသူကြီးမင်းစုန့်သည် ခံ့ညားထည်ဝါသော အမူအရာဖြင့် စားပွဲခုံတွင် ထိုင်ခဲ့သည်။ “ခေါင်းဆောင်ကျန်း၊ ကြားနာမှု စတင်မယ်။”
“ကြားနာမှု… စတင်ပါပြီ…။”
အစောပိုင်းတွင် စုန့်ကျယ်သည် ကမောက်ကမဖြစ်နေခဲ့ပြီး ယခုအခါ ယင်းအမှုအား တရားဝင်ခရိုင်တရားသူကြီးမင်းတစ်ဦးမှ ဦးဆောင်နေခဲ့သည်။ စောင့်ကြည့်နေသော ရွာသူရွာသားများသည် သူ့ဩဇာအာဏာကို အံဩလေးစားစွာဖြင့် ဒူးထောက်ခဲ့ကြသည်။
…