ဝှက်ဖဲတစ်ရာ
Vol. 6 Ch. 80
“လီရှန်း၊ ဝမ်အာကို သူခိုးလို့ စွပ်စွဲတဲ့အတွက် မင်းမှာ သက်သေရှိလား။”
“ဟုတ်ကဲ့၊ ဒီမှာ မျက်မြင်သက်သေနှစ်ဦးရှိပါတယ်။”ဟု လီရှန်းက ပြောခဲ့သည်။ “လွန်ခဲ့တဲ့တစ်လက ကျွန်တော်မျိုးအမေရဲ့ အခန်းထဲကနေ ဝမ်အာ ကျောက်စိမ်းဆံထိုး ခိုးသွားတာကို မြင်သွားတဲ့ တစ်ယောက်က ကျွန်တော်မျိုးရဲ့ ဝမ်းကွဲ လီယုပါ။ ဒုတိယတစ်ယောက်ကတော့ ကျွန်တော်မျိုးအဖွားရဲ့ ဆွေမျိုးဖြစ်တဲ့ အဖွားဟောင်ပါ။ ကျွန်တော်မျိုးအမေ လက်ထပ်တုန်းက အဖွားဟောင်က အမေ့ကို အဝတ်အစားလဲဖို့ ကူညီပေးခဲ့တာပါ။ ကျောက်စိမ်းဆံထိုးကို သူ့မျက်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ပါတယ်။”
လီယောင်သည် နားထောင်ခဲ့ပြီး သူမဘာသာ ရယ်မောခဲ့သည်။ ဤခန္ဓာကိုယ်၏ အမေအရင်းခေါက်ခေါက်သည် အမှန်တကယ်ပင် သက်သေများကို ပြင်ဆင်ကာ သူမထံမှ ငွေချောင်းတချို့အား ခြိမ်းခြောက်၍ ငွေညှစ်ရန် ဆောင်ရွက်နေခဲ့သည်။
ဤအချက်ကြောင့် ဝမ်အာသည် ပါးစပ်ဆယ်ပေါက်ပါခဲ့လျှင်ပင် ဤအချက်မှ သွေဖယ်သွားအောင် ပြောနိုင်လိမ့်မည် မဟုတ်ပေ။ အဆုံးတွင် သူမတို့မိသားစုသည် လွန်ခဲ့သည့် နှစ်လခန့်က အလွန်ဆင်းရဲနေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ငွေအတွက် ပေါင်နှံရောင်းချရန် တစ်စုံတစ်ရာခိုးယူခြင်းမှာ အကျိုးအကြောင်း သင့်တော့်သည့်ပုံပေါက်သည်။
ဤအမှုအား ခရိုင်တရားသူကြီးမင်းစုန့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ကို သူမသိချင်နေခဲ့သည်။
“လီယု” ခရိုင်တရားသူကြီးမင်းစုန့်သည် အသံကျယ်ကျယ်လောင်လောင်ဖြင့် မေးခဲ့သည်။ “ဝမ်အာခိုးတာကို မင်းမျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့တာလား။”
“ဟုတ်ပါတယ်ရှင့်။ ကျွန်တော်မျိုးမရဲ့ မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့ပါတာပါ။”
“ရှင်းရှင်းလင်းလင်းပဲလား။” ခရိုင်တရားသူကြီးမင်းစုန့်က ဆက်မေးခဲ့သည်။ “ကျောက်စိမ်းဆံထိုးက ဘယ်လိုပုံစံလဲဆိုတာ မင်းဖော်ပြနိုင်လား။”
“ဒါကတော့…..”
ခရိုင်တရားသူကြီးမင်းစုန့်သည် ခေါင်းငြိမ့်ကာ အဖွားဟောင်ကို မေးခဲ့သည်။ “အဲ့အချိန်တုန်းက ကျောက်စိမ်းဆံထိုးကို မြင်ခဲ့လား။”
“ဟုတ်ကဲ့။ ကျွန်မ သေသေချာချာ မြင်ခဲ့ပါတယ်။”
“ဘယ်လိုပုံစံလဲဆိုတာ မှတ်မိသေးလား။”
“ကျွန်မ…. မှတ်...မိပါတယ်…။”
“ဟုတ်ပြီ။” ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ခေါင်းဆောင်ကျန်း၊ ဒီနှစ်ယောက်ကို သပ်သပ်စီခေါ်သွားပြီးတော့ ဆံထိုးအကြောင်းကို အသေးစိတ် ပြောခိုင်းလိုက်။ ပြီးရင် သူတို့ ပြောတာတွေကို နှိုင်းယှဉ်လိုက်။ သူတို့ပြောတာ တူခဲ့ရင် လီရှန်းရဲ့ မိသားစုမှာ တကယ်ပဲ ဒီလို ဆံထိုး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ မကိုက်ညီခဲ့ဘူးဆိုရင်တော့ ဆိုလိုတာက ဒီနှစ်ယောက်က ဆံထိုးကို တစ်ခါမှမမြင်ဖူးပဲနဲ့ ဝမ်အာကို အမှုဆင်နေကြတာပဲ။ လိမ်ညာစွပ်စွဲတဲ့သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်သင့်တယ်။ တရားဥပဒေအရဆိုရင် သူတို့ကို ကြိမ်ဒဏ်အချက် ၆၀ နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်သင့်တယ်။”
ထိုစကားအား လီယုနှင့် အဖွားဟောင်တို့ ကြားသည့်အခါ သူတို့၏ မျက်နှာများသည် ချက်ချင်း ဖြူဖျော့ကာ သူတို့၏ ခြေထောက်များ စတင်တုန်ယင်လာခဲ့သည်။
ခရိုင်တရားသူကြီးက ဤကဲ့သို့ လှုပ်ရှားမှုမျိုးကို ပြုလုပ်လိမ့်မည်ကို မည်သူမှ မတွေးခဲ့ကြပေ။
ယခင်က သူမတို့သည် ဆံထိုးအကြောင်းကို ပြောပြထားခဲ့သော်လည်း အသေးစိတ်အား တခါမျှ မပြောခဲ့ဖူးကြပေ။
ယခုအခါ သူမတို့ မည်သို့ပြုလုပ်နိုင်မည်နည်း။
နှစ်ဦးသား တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေကြသည်ကို မြင်သောအခါ ခရိုင်တရားသူကြီးမင်းစုန့်သည် သူ မှန်ကန်စွာ မှန်းဆခဲ့သည်ဟု သိရှိခဲ့သည်။ သူသည် မျက်နှာထားတင်းတင်းဖြင့် ပြောခဲ့သည်။ “လီယု၊ အဖွားဟောင်၊ ခင်ဗျားတို့နှစ်ယောက် လိမ်နေမှန်း ကျုပ်သိတယ်။ အခုအမှန်ပြောမယ်ဆိုရင် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။”
“ကျွန်မ ပြောမယ်၊ ကျွန်မ ပြောမယ်။ အဲလိုပြောဖို့ ကျွန်မကိုပြောတာ သခင်မပါ။ ကျွန်မ ဘယ်ဆံထိုးကိုမှ မမြင်ခဲ့ဖူးပါဘူး။”
“ကျုပ်လည်း ပြောပါ့မယ်။” အဖွားဟောင်က အလျင်အမြန် ထပ်ပြောခဲ့သည်။ “အကုန်ပြီးသွားရင် ငွေချောင်း ၁ ချောင်း ပေးမယ်လို့ သူက ပြောပါတယ်။ အဲဒါကြောင့် လောဘတက်ပြီး ကျုပ် မျက်စိကန်းသွားပါတယ်။”
လာရောက်ကြည့်ရှုသည့် လူအုပ်ကြီးသည် ချက်ချင်း ပေါက်ကွဲသွားကြသည်။
ဝမ်အာသည် ရိုးသားသည့် ကောင်လေးတစ်ယောက်ဖြစ်သည်ကို သူတို့ သိကြသည်။ သူက တခြားသူဆီက ဘယ်လိုလုပ် ခိုးမှာတဲ့တုန်း။
ထို့အပြင် ဤခရိုင်တရားသူကြီးမင်းသည် မေးခွန်းအနည်းငယ်ဖြင့် ဤအမှုအား ဖြေရှင်းခဲ့ပြီး အလွန်ပင် လုပ်ကိုင်နိုင်စွမ်းရှိသည်။
ထိုအချိန်တွင် လီရှန်း၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူ့ခန္ဓာကိုယ်သည်လည်း ပျော့ခွေသွားခဲ့သည်။
ဤကိစ္စအား အမေ မည်သို့လုပ်ခဲ့သည်ကို သူ မသိခဲ့ပေ။ ဒီလိုမျိုး ယိုပေါက်ကြီးတစ်ခု ဘယ်လိုများ ရှိနေတာလဲ။ ယခုအခါ ၎င်းသည် အမှန်တကယ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“လီရှန်း၊ မင်းမှာ ပြောစရာ တစ်ခုခု ရှိသေးလား။”
ပဲစေ့အရွယ်ရှိ ချွေးသီးများသည် လီရှန်း၏ နဖူးမှ အောက်သို့ စီးကျလာခဲ့သည်။
ယခုအချိန်တွင် သူထံ၌ ထွက်ပေါက်တစ်ခုသာလျှင် ရှိတော့သည်- ဤသည်မှာ အရာအားလုံးအား အမေ့ထံသို့ တွန်းပို့ကာ မည်သည်ကိုမှ သူ မသိဟန်ဆောင်နေရန်သာ ဖြစ်သည်။ သို့သော် ယင်းကြောင့် အမေသည် ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ကျခံရပေလိမ့်မည်။
အပြစ်အတွက် သူကိုယ်တိုင် တာဝန်ယူခဲ့ပါက သူ့အနာဂါတ်သည် ပျောက်ကွယ်သွားပေလိမ့်မည်။
ထို့ကြောင့် မည်သည်ကိုမှ ထပ်မတွေးတော့ပဲ သူ ပြန်ဖြေခဲ့သည်။ “ခရိုင်တရားသူကြီးမင်းခင်ဗျာ။ ဒါတွေအားလုံးကို ကျွန်တော်မျိုးအမေက ပြောပြခဲ့တာပါ။ အသေးစိတ်ကိုတော့ ကျွန်တော်မျိုး တကယ်မသိပါဘူးခင်ဗျာ။”
ဤသို့ သူပြောလိုက်သောအခါ လွီရှီသည် သူမ၏ အချစ်ရဆုံး သားငယ်လေးအား မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
သူမအပေါ်သို့ အပြစ်များအားလုံး ပုံချရန် သူလုပ်နေခဲ့ကြောင်း သူမ သိနားလည်ခဲ့သည်။
ဘာလို့များ ဒီကမ္ဘာမှာ ဒီလို၀တ္တရား မကျေပွန်တဲ့သားမျိုး ရှိနေရတာလဲ…။
“လွီရှီ၊ အဲဒါ အမှန်ပဲလား။”ဟု ခရိုင်တရားသူကြီးမင်းစုန့်က မေးခဲ့သည်။
လွီရှီသည် ရုတ်တရက် စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောကာ မြေပြင်ပေါ်သို့ တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ခဲ့သည်။ “ခရိုင်တရားသူကြီးမင်းရှင့်၊ အကုန် ကျွန်မပါပဲ။ ကျွန်မသားက အဲဒါနဲ့ပ တ်သက်ပြီး ဘာမှမဆိုင်ပါဘူးရှင်။”
ခရိုင်တရားသူကြီးမင်းစုန့်သည် ခေါင်းကို ခါယမ်းခဲ့သည်။ သဘာ၀အရ အဖြစ်အပျက်များကို သူ သိမြင်နားလည်နေခဲ့သော်လည်း ယခုအခါ လွီရှီသည် အပြစ်ဝန်ခံနေသည့်အတွက် ဥပဒေအရ စီရင်ချက်ချခဲ့ရလေတော့သည်။
“ခင်ဗျားရဲ့ အသက်အရွယ်နဲ့ မရေမရာဖြစ်နေတဲ့ စိတ်ကို ထည့်သွင်းစဉ်းစားပြီးတော့ ကျုပ် သက်ညှာပေးမယ်။ ကြိမ်ဒဏ်ကင်းလွတ်ပြီးတော့ ထောင်ဒဏ် ၁ နှစ်ပဲ ကျမယ်။”
“ကျေးဇူးတင်ပါတယ် ခရိုင်တရားသူကြီးမင်းရှင့်။”
“လျှို့ခွန်း၊ သူ့ကို ပြစ်ဒဏ်ခံယူဖို့ အခု ခရိုင်ထောင်ကို ခေါ်သွားလိုက်တော့။”
လျှို့ခွန်းသည် လွီရှီအား ခေါ်ဆောင်သွားပြီးနောက် အမှုသည် ပြီးဆုံးခြင်းမရှိသေးပေ။
ဝမ်အာ၏ အမှုအား စစ်ဆေးမေးမြန်းပြီးနောက် ခရိုင်တရားသူကြီးမင်း၏ သားအား စီရင်ချက်ချရန် လိုအပ်နေဆဲ ဖြစ်သည်။
ခရိုင်တရားသူကြီးမင်း မည်သို့ စီရင်ချက်ချလိမ့်မည်ကို စူးစမ်းကာ သိချင်နေသည့်အတွက် လူတိုင်းသည် မျှော်လင့်စောင့်စားကာ သူတို့၏ လည်ပင်းများကို ဆန့်တန်းထားကြသည်။
“စုန့်ကျယ်။”
“အဖေ၊ ကျွန်တော်မှားမှန်းသိပါပြီ။” စုန့်ကျယ်သည် ယနေ့တွင် သူ မလွတ်မြောက်နိုင်မှန်း သိသောကြောင့် အလျင်အမြန် အမှားဝန်ခံခဲ့သည်။ “သူတို့ ဝမ်အာကို မတရားအမှုဆင်ဖို့ ကြိုးစားနေတာကို သား တကယ် မသိခဲ့ပါဘူး..။”
“အရမ်းနောက်ကျသွားပြီ။” ခရိုင်တရားသူကြီးမင်းစုန့်သည် သက်ပြင်းဖွဖွ တစ်ချက်ချကာ “မင်းက ဥပဒေကို ချိုးဖောက်ခဲ့တယ်။ ဒါကြောင့်မို့ အပြစ်ဒဏ် ကျခံသင့်တယ်။”
ယခုအခါ စုန့်ကျယ်သည် အမှန်တကယ်ပင် အထိတ်ထိတ် အပျာပျာ ဖြစ်သွားခဲ့သည်။
သူသည် အသက် ၁၃ နှစ်သာ ရှိသေးသည်။ နယ်စပ်သို့ အမှန်တကယ် ပြည်နှင်ဒဏ်ခံခဲ့ရပါက မည်သို့များ သူ အသက်ရှင်နိုင်လိမ့်မည်နည်း။
သူ့အမေသည် သတိလစ်နေဆဲ ဖြစ်သည်။ အဖိုးကြီးအား လွှမ်းမိုးနိုင်သည့် တစ်ဦးတည်းသောသူမှာ လီယောင်သာလျှင် ဖြစ်သည်။
ထို့ကြောင့် သူသည် လီယောင်ထံသို့ အသည်းအသန်ပြေးကာ သူမရှေ့မှောက်တွင် ဒူးထောက်ခဲ့ပြီး “ဒေါ်လေးလီ၊ ကျေးဇူးပြုပြီး ကျွန်တော့်အတွက်ကို တစ်ခုခု ပြောကူပါဦး။ ပြည်နှင်ဒဏ်မခံရသရွေ့ ကျွန်တော် ဘာမဆို လုပ်ပါ့မယ်။”
လီယောင်သည် နှုတ်ခမ်းများ တွန့်သွားခဲ့သည်။ ဤပြဿနာသည် အဆုံးတွင် သူမထံသို့ ရောက်လာဆဲပင် ဖြစ်ပေတော့သည်။
ခရိုင်တရားသူကြီးမင်းသည် မည်သည်ကို စဉ်းစားနေခဲ့ကြောင်း သူမ မသိပေ။ သို့သော် သူမနှုတ်ဆိတ်နေပါက စုန့်ကျယ်အား သေချာပေါက် ပြည်နှင်ဒဏ်ပေးခံရလိမ့်မည်ကို သူမ သိနေခဲ့သည်။
ယင်းမှာ မဖြစ်သင့်ပေ။
ထို့ကြောင့် သူမသည် ခရိုင်တရားသူကြီးမင်းစုန့်အား ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်း၊ သခင်လေးရဲ့ ငယ်ရွယ်မှုနဲ့ မှားယွင်းပြီး လုပ်ဆောင်သွားအောင်လို့ လှည့်စားခံလိုက်ရတာကို ထည့်သွင်းစဉ်းစားပြီးတော့ ကျေးဇူးပြုပြီးတော့ သက်ညှာပေးပါဦး။”
“ဒါက.. ကျုပ် ဘယ်လိုလုပ် ဘက်လိုက်လို့ရမှာတုန်း။”
“ဝမ်အာနဲ့ ကျွန်မက ဒီကိစ္စကို မဆက်လိုတော့ပါဘူး။”
ဤကဲ့သို့သောနည်းလမ်းဖြင့် ကိစ္စရပ်များအား စီကာပတ်ကုံးပြောဆို၍ ခရိုင်တရားသူကြီးမင်းအား သဘာ၀အတိုင်းဤကိစ္စရပ်အတွက် လျော့ပေါ့စေရန် အကြောင်းပြချက်တစ်ခုအား ရှာဖွေစေခဲ့သည်။ အနည်းငယ်မျှ စဉ်းစားခဲ့ပြီးနောက် သူက ပြောခဲ့သည်။ “ဒါဆို၊ ဒီလိုလုပ်ရင်ကော။ ပြည်နှင်ဒဏ်ပေးဖို့က လိုအပ်နေတုန်းပဲ။ ဒါပေမဲ့ သိပ်တော့ မဝေးပါဘူး။ ဟဲဝမ်ရွာကိုပဲ ပြည်နှင်ဒဏ် ပေးလိုက်မယ်။”
လီယောင်:.… လီ၂၀လောက်ပဲ ဝေးတဲ့ရွာကို ပြည်နှင်ဒဏ်ပေးမယ်.. တကယ်ကြီးပဲလားဟ။
“ဒီနေ့ကစပြီး သူ ဟဲဝမ်ရွာကနေ တစ်နှစ် ထွက်သွားလို့ မရဘူး။ သူ့ကိုယ့်သူ အကြွေးဆပ်ဖို့အတွက် မင်းတို့မိသားစုရဲ့ အိမ်အလုပ်တွေကို သူ့ကို လုပ်ခိုင်းပါ။ သူ လိုက်မနာရင် နောက်ထပ် တစ်နှစ် ထပ်တိုးမယ်။” ဟု ခရိုင်တရားသူကြီးမင်းက ဆက်ပြောခဲ့သည်။
လီယောင်သည် မျက်မှောင်ကြုတ်လိုက်သည်။
အစေခံအနေဖြင့် သူ့သားအား သူမအိမ်သို့ စေလွှတ်ပြီး အစားအသောက်၊ နေစရာထိုင်စရာများကို သူမသည် ထောက်ပံ့စေကာ သူ့အား ထိန်းသိမ်းကြပ်မတ်ပေးရဦးမည်။
ဒီမှာ တကယ်အပြစ်ပေးခံရတာ ဘယ်သူများပါလဲနော်..။
“ညီမလီ၊ အခုကစပြီး ညီမကို ကျယ်အာက နည်းနည်း ဒုက္ခများစေတော့မှာပဲ။” ထိုအချိန်တွင် ခရိုင်တရားသူကြီးမင်းကတော်လည်း ရှေ့သို့ ဒယီးဒယိုင်ထလာခဲ့သည်။ “သူဆိုးသွမ်းနေတယ်ဆိုရင် စိတ်ကြိုက် ဆူပူရိုက်နှက်လို့ရတယ်နော်။”
“ကောင်းပြီ။ အချိန်လည်း နှောင်းနေပြီ။ တို့တွေပြန်သင့်ပြီ။”
“ညီမလီ၊ နောက်တစ်ခါကျရင် စျေးမှာ ကျွန်မကို လာတွေ့ပါဦး။”
“အိုး.. ဟုတ်သား။” ခရိုင်တရားသူကြီးမင်းစုန့်က ထပ်ဖြည့်ခဲ့သည်။ “ကျွန်တော် ပြန်ရောက်သွားရင် ရန်ပုံငွေအတွက် တစ်ယောက်ယောက်ကို ပြင်ခိုင်းလိုက်မယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် ခင်ဗျားဆီကို ခေါင်းဆောင်ကျန်းက လာအကြောင်းကြားပါလိမ့်မယ်။ နှုတ်ဆက်ပါတယ်။”
ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့လူများနှင့်အတူ အမြန်ထွက်ခွာသွားသည်ကို ကြည့်ကာ လီယောင်တို့မိသားစုသည် သူမတို့၏ ခြံဝင်းအတွင်းထဲတွင် အချိန်အတော်ကြာအောင် မှင်သက်နေခဲ့ကြသည်။
“မေမေ” ဟဲရှောင်ယာသည် နားမလည်နိုင်သေးပေ။ “ဘယ်လိုဖြစ်သွားတာလဲ။ ခရိုင်တရားသူကြီးမင်းက သူ့ရဲ့ တစ်ဦးတည်းသော သားလေးကို ဘာလို့ အစေခံအဖြစ်နဲ့ သမီးတို့အိမ်ကို ပို့ရတာလဲ။”
လီယောင်သည် သူမ၏ ခေါင်းကို ခါယမ်းခဲ့သည်။
ရိုးရိုးသားသား ပြောရမည်ဆိုပါက သူမသည်လည်း ရှေးခေတ်မှ လူတစ်ဦးသည် တစ်ပတ်ရိုက်တတ်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဤအရာရှိများသည် သူတို့၏ လက်ဖျားတွင် ဝှက်ဖဲများ အနည်းဆုံးတစ်ရာခန့် အမှန်တကယ်ပင် ကိုင်ဆောင်ထားလေတော့သည်။
…