စိတ်ကူးစိတ်သန်း
Vol. 7 Ch. 85
စုန့်ကျယ်သည် စာပေလေ့လာခြင်းသည် တောင်ယာလုပ်ကိုင်ခြင်းထက် ပိုမိုခက်ခဲကြောင်း တွေ့ရှိခဲ့ရသည်။ တက္ကသိုလ်ကျောင်းတော်တွင် ဆရာ၏ သင်ကြားပို့ချမှုကို ကြားရသည်နှင့်တပြိုင်နက် သူ့မျက်ခွံများသည် ခဲနှင့်ဆွဲထားသကဲ့သို့ပင် လေးလံကာ မလွဲဧကန် အိပ်ပျော်သွားပေလိမ့်မည်။ ၎င်းတို့အား ပွင့်လာစေရန် တုတ်ချောင်း တစ်ချောင်းနှင့်ပင် ထောက်ထား၍ မရနိုင်ပေ။
သို့သော် အစာနပ်မှန်စေရန်အလို့ငှာ ယနေ့တွင် မြက်ရိတ်ခဲ့ပြီးနောက် နေ့လည်စာ စားသောက်ခဲ့ပြီး ဝါးတဲလေးသို့ ဝမ်အာ၏ အနောက်မှ လိုက်လာရဆဲ ဖြစ်သည်။
သူသည် ယခင်ကတည်းက လီရှန်းအတွက် ကျယ်လောင်စွာ စာဖတ်ပေးရသည့် ကျောင်းသားအစေခံ ဝမ်အာကို သိသည်။ လီရှန်းသည် ဆရာများ၏ သင်ကြားပို့ချမှုများကို နားထောင်နေချိန်တွင် ဤလူသည် တခြားမိသားစုများ၏ ကျောင်းသားအစေခံများကဲ့သို့ အခြားတစ်နေရာသို့ သွားရောက်ဆော့ကစားမည့်အစား ခိုးနားထောင်ရန် ပြတင်းပေါက်အပြင်ဘက်တွင် အမြဲတစေ တိတ်တဆိတ် လာနေခဲ့သည်။
တိတိကျကျ ပြောရသော် ဤကိစ္စကြောင့်ပင် တက္ကသိုလ်ကျောင်းတော်ကြီးတွင် ဝမ်အာအား အတော်အတန် အများက မကြိုက်ကြပဲ မကြာခဏ အနိုင်ကျင့်ကြခြင်းပင် ဖြစ်သည်။
ဝမ်အာ၏ စာပေလေ့လာမှုသည် ထိုမျှကောင်းမွန်ကာ လီယောင်၏ မိသားစုမှ ငှားရမ်းထားသော ဆရာသည်လည်း တက္ကသိုလ်ရှိဆရာများထက် ပို၍ထူးချွန်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ထို့ကြောင့် လွန်ခဲ့သည့်ရက်များက မောပန်းပြီး ဆာလောင်နေခဲ့သောကြောင့် သူသည် တရေးအိပ်စက်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ဝါးတဲထဲသို့ သူရောက်သွားသည့်အခါ ဝမ်အာ လေ့လာနေသည့် စာအုပ်သည် ယခင်က သူ တစ်ခါမှ မလေ့လာဖူးသည့် စာအုပ်တစ်အုပ်ဖြစ်နေကြောင်းကို တွေ့ရှိခဲ့သည်။
ဤသည်မှာ သူ့အား အနည်းငယ် အံအားသင့်စေခဲ့သည်။ သို့သော် ပို၍အံဩစရာကောင်းလှသည်မှာ လွီရှို့ချိုက်ဟု ခေါ်သည့် ဤလူအိုကြီးပင်ဖြစ်သည်။ သူသင်ကြားပို့ချနေချိန်တွင် လုံး၀ ငြီးငွေ့ဖွယ် မရှိပေ။ အနည်းငယ် နားထောင်ပြီးနောက် ၎င်းသည် အမှန်တကယ်ပင် အနည်းငယ် စိတ်ဝင်စားစရာ ကောင်းလှသည်ကို သူတွေ့ရှိခဲ့ရသည်။
အထူးသဖြင့် လွီရှို့ချိုက်သည် သူ့အား တစ်ဦးတည်း သင်ကြားပေးသည့်အခါ ထူးထူးခြားခြား ချက်ချင်းဆိုသလို နားလည်သဘောပေါက်ခဲ့သည်။
ထို့အပြင် လွီရှို့ချိုက်၏ သင်ကြားမှုများသည် သူတွေ့ဖူးသမျှ ဆရာများထဲတွင် အလေးနက်ဆုံးပင်ဖြစ်သည်။
ဤကိစ္စသည် သူ့အား အတော်လေး တွေးရခက်နေစေခဲ့သည်။ ဤကဲ့သို့သော ဆရာကောင်းတစ်ယောက်သည် အောင်မြင်ကျော်ကြားမှုမရှိပဲ ၊ ခရိုင်စာမေးပွဲပင် မအောင်မြင်ပဲ ဟဲဝမ်ရွာငယ်လေးတွင် အဘယ်ကြောင့်များ ကျပ်ကျပ်တည်းတည်း ရှိနေခဲ့ရသနည်း။
“စုန့်ကျယ်..” လွီရှို့ချိုက်သည် သူ့စိတ်ပျံ့လွင့်နေသည်ကို မြင်သောအခါ လေသံနက်နက်ဖြင့် သတိပေးခဲ့သည်။ “စာသင်နေတာကို ဂရုစိုက်၊ မင်းစိတ်တွေ နောက်တစ်ခါ ဟိုရောက်ဒီရောက် ထပ်ဖြစ်နေဦးမယ်ဆိုရင်တော့ တုတ်စာပဲနော်။”
“အိုး…”
လွီရှို့ချိုက်သည် သူ့ဖင်အား ရိုက်ရဲမည်ဟု လုံး၀ သံသယ မရှိခဲ့ပေ။
ယခုအခါ သူ နားလည်သဘောပေါက်သွားခဲ့သည်။ လီယောင်၏ မိသားစုဝင် တစ်ဦးတစ်ယောက်မှ သူ့အား ခရိုင်တရားသူကြီးမင်းမိသားစု၏ သခင်ငယ်လေးအဖြစ် မဆက်ဆံခဲ့ကြပေ။
အရိုက်ခံသင့်ပါက သူ့အား ရိုက်နှက်ပေလိမ့်မည်။ ကြိမ်းမောင်းခံသင့်ပါ ကြိမ်းမောင်းခံရပေလိမ့်မည်။ သူ တစ်ခုခု မှားနေသရွေ့ တုရှောင်ဟွေ့ကဲ့သို့ မိန်းမငယ်လေးကပင် သူ့အား ပြင်းပြင်းထန်ထန် အပြစ်ဖော်ကာ ဆုံးမပေလိမ့်မည်။
ဤခံစားချက်သည် အနည်းငယ် အဆင်မပြေသော်လည်း ထူးထူးခြားခြား ဖော်မပြနိုင်သည့် ခံစားမှုတစ်ခုလည်း ရှိနေခဲ့သည်။
သူထံတွင် တစ်ခုမှ လုပ်စရာ မရှိပဲ အားလပ်နေသည့်အတွက် အဘယ်ကြောင့် ဂရုတစိုက် နားမထောင်ရမည်နည်း။ နောက်တစ်ကြိမ် သူအိမ်ပြန်သည့်အခါ သူ့အဖိုးကြီးအား ပျော်ရွှင်သွားအောင် သူလုပ်ပေးနိုင်မည်ကို မည်သူသိလိမ့်မည်နည်း။
***
ခရိုင်တရားသူကြီးမင်းစုန့်သည် ယမာန်နေ့ညကတည်းက အလွန်ဝမ်းသာပျော်ရွှင်နေခဲ့သည်။
လက်ထဲရှိ ငွေချောင်းနှစ်သောင်းကျော်ဖြင့် ရွာတစ်ရွာစီ၏ အိမ်ထောင်စုတိုင်းမှ အလုပ်သမား တစ်ဦး သတ်မှတ်ပြဌာန်းရန် အကြောင်းကြားစာများ ထုတ်ဝေခဲ့ပြီး ရေလမ်းကြောင်း ထိန်းသိမ်းရေး စနစ်တည်ဆောက်ခြင်းအား စတင်ရန် ပြင်ဆင်နေချိန်တွင် စပါးများကို ဝယ်ယူရန်အတွက်လည်း စီစဉ်နေကာ အလုပ်များနေခဲ့သည်။
ခရိုင်အစိုးရသည် စားနပ်ရိက္ခာနှင့် လုပ်ခလစာများ ပေးသည့်အလုပ်ရှိနေသည်ဟု ကြားသောအခါ လာမည့်နှစ်အခွန်မှ လုပ်ခလစာများအား နုတ်ယူခဲ့မည်ဆိုလျှင်တောင် ရွာသူရွာသားများသည် အလွန် လုပ်လိုသည့် ဆန္ဒရှိနေကြဆဲပင် ဖြစ်သည်။
ယခုအခါ အိမ်ထောင်စုတိုင်းတွင် ဆန်စပါး ကောက်ပဲသီးနှံများ ပြတ်လပ်နေခဲ့သည်။ အိမ်တွင် ကျွေးမွေးရမည့် ပါးစပ် တစ်ပေါက် လျော့သွားခြင်းသည် တခြားမိသားစုဝင်များ အနည်းငယ် ပိုမိုစားလာနိုင်မည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
နေ့တစ်ဝက်မပြည့်ခင်မှာပင် ရွာတစ်ရွာချင်းစီမှ လူအင်အားများ စုဝေးခဲ့ကြသည်။
သန်မာတောင့်တင်းသည့် အလုပ်ကြမ်းသမား ၂၀၀၀ကျော်သည် အရေအတွက် ၏များများနှင့် စုရုံးခဲ့ကြသည်။
ခရိုင်တရားသူကြီးမင်းစုန့်နှင့် သူ၏အကြံပေးများသည် ဤလူများကို တစ်ချို့အား တူးမြောင်းများ ပြုပြင်ရန်၊ တစ်ချို့အား လမ်းများကို ပြုပြင်ရန်နှင့် တစ်ချို့အား တံတားများဆောက်လုပ်ရန် အုပ်စုများစွာ ခွဲခဲ့ကြသည်။ နောက်ဆုံးတွင် သူသည် ပိုင်ချွမ်းစျေးမှ ဟဲဝမ်ရွာသို့ သွားသည့် လမ်းအား ချဲ့ထွင်ရန် လူနှစ်ရာကျော်ကို တကူးတက စေလွှတ်ခဲ့သည်။
ထိုလမ်းသည် အမှန်တကယ်ပင် အလွန်ကျဉ်းမြောင်းလှပြီး အဖုအထစ်များ၊ ချိုင့်ခွက်များနှင့် ပြည့်နှက်နေပြီး ရထားလုံးများပင် ဖြတ်သန်းမသွားနိုင်ပေ။ ၎င်းအား သေချာပေါက် ပြင်ဆင်ရန် လိုအပ်သည်။
ခရိုင်တရားသူကြီးမင်းစုန့်သည် အခြေခံအဆောက်အအုံများ ဖွံဖြိုးတိုးတက်မှုအား အားတက်သရော ဖြစ်နေချိန်တွင် ဟဲဝမ်ရွာတစ်ရွာလုံးသည်လည်း စိတ်လှုပ်ရှားစရာများနှင့် စည်ကားနေခဲ့သည်။ လီယောင် ပြောင်းရွှေ့နေထိုင်မှုအား ကူညီရန် လီယောင်၏ နေအိမ်တွင် တစ်ရွာလုံးနီးပါး စုရုံးနေခဲ့ကြသည်။
ပြင်ဆင်ထားသည့် အိမ်အသစ်သည် အချိန်တချို့အကြာတွင် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ လီယောင် လှည့်ပတ်ကြည့်လိုက်သောအခါ အတွင်းထဲတွင် လုံး၀ ခြောက်သွေ့နေခဲ့ပြီ ဖြစ်သည်။ ယနေ့သည် ပြက္ခဒိန်ပေါ်တွင် နေ့ကောင်းရက်မြတ်တစ်နေ့လည်း ဖြစ်နေခဲ့သည်။ ယခုလက်ရှိအချိန်သည် အကောင်းဆုံးဖြစ်နေသည့်အတွက် ယနေ့ သူမတို့ ရွှေ့ပြောင်းကြလိမ့်မည်ဖြစ်သည်။
တုရှောင်ဟွေ့၏ မိခင်သည် သတင်းကြားပြီး ကူညီရန် ချက်ချင်း ရောက်လာခဲ့ပြီးနောက် တစ်ရွာလုံးကိုလည်း စည်းရုံးခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သို့သော် လီယောင်၏ အိမ်အဟောင်းတွင် တကယ်တမ်းတွင်မူ ရွှေ့စရာ များများစားစား မရှိနေခဲ့ပေ။ လူတစ်ယောက်လျှင် ပစ္စည်း တစ်ခုအတွက်ပင် မလုံလောက်ပေ။ လူတော်တော်များများသည် လက်ဗလာနှင့် သက်ဝင်လှုပ်ရှားနေမှုများကို ကြည့်ရှုရန်အတွက်သာ လာခဲ့ကြသည်။
“ဟဲ့… ဟဲ့… အားလုံး ဆန္ဒစောမနေကြနဲ့ဦး။ လီယောင်ကို အရင်သွားခိုင်းလိုက်ကြဦး။”
သဘာဝအတိုင်းပင် ဝမ်ရွှယ်ရှစ်သည် ထိုနေရာတွင် ရှိနေရမည်ဖြစ်ပြီး ၎င်းအပြင် သူမ၏ အစီအစဉ်များအတိုင်း မည်သူက မည်သည်ကို သယ်ဆောင်သွားရမည်ကို ညွှန်ကြားကာ အခြေအနေ တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နေခဲ့သည်။ လီယောင်သည် သူမအား မတားမြစ်ခဲ့ပေ။ သူမ၏ ယောက္ခမသည် စိတ်ပူရသည်ကို ကြိုက်နှစ်သက်သည့်အတွက် ပူပန်ခွင့်ပေးလိုက်သည်။ သူမကို ခွင့်မပြုခဲ့ပါက သူမ စိတ်မချမ်းမသာဖြစ်နေပေလိမ့်မည်။
လီယောင်သည် ဆန်အိတ်သေးလေးတစ်အိတ်ကို သယ်ဆောင်လာခဲ့ပြီး အိမ်အသစ်ဝင်ပေါက်ရှေ့သို့ ရောက်ရှိလာခဲ့သည့် ဦးဆုံးသူ ဖြစ်သည်။
ပန်းပဲဆရာကြီး ပြုလုပ်ထားသည့် သံတံခါးကြီးအား တပ်ဆင်ထားခဲ့ပြီဖြစ်ပြီး ကြီးမားသောသော့ကိုလည်း ကြေးညိုဖြင့် ပြုလုပ်ထားခဲ့ပြီး အလွန်အရည်အသွေးမြင့်မားပုံရသည်။
တံခါးမကြီးအား ဖွင့်ရန် သော့ကို ထုတ်ယူခဲ့ပြီး ဝမ်ရွှယ်ရှစ်ကလည်း အချိန်ကိုက် ကြွေးကြော်ခဲ့သည်။ “တံခါးကြီးကို ဖွင့်လိုက်ပြီ။ ချမ်းသာကြွယ်၀မှုနဲ့ စည်းစိမ်ဥစ္စာတွေ ဝင်လာပြီဟေ့..။”
လီယောင်သည် လူအုပ်ကြီးအား အိမ်အသစ်သို့ ဦးဆောင်ခဲ့သည်။ အိမ်တံခါးမကြီးရှေ့တွင် ဝမ်ရွှယ်ရှစ်သည် သူမအား ထပ်မံ၍ ပိတ်ဆို့ခဲ့ပြီး “မင်းတို့တွေ ဝင်လိုက်တာနဲ့ ထောင့်လေးထောင့်လုံးမှာ ကြွယ်၀ချမ်းသာမှုတွေ ပြည့်ပြီ။ အိမ်လည်ခေါင်မှာ ပိုးပိတ်ပါးလွှာနဲ့ ခန်းမတစ်ခုလုံး သားစဉ်မြေးဆက် ထာ၀ရပြည့်နေပြီဟေ့..။ ”
လီယောင်: ရှေးလူကြီးတွေရဲ့ ဆန္ဒတွေက တကယ်ပဲ ဒီလောက်ရိုးရှင်းလို့လားနော်..။
သက်ဝင်တက်ကြွနေသည့် လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီးနောက် ရွေ့ပြောင်းသည့် အခမ်းအနားသည် နောက်ဆုံးတွင် ပြီးမြောက်ခဲ့သည်။
ဧည့်ခံပွဲ မပြင်ဆင်ထားခဲ့သော်လည်း လီယောင်သည် ပဲလှော်၊ ဖရဲစေ့နှင့် တခြားသော အဆာပြေမုန့်များအား ဟဲရှောင်ယာနှင့် တုရှောင်ဟွေ့တို့အား လူတိုင်းအတွက် ဝေပေးရန် ဝယ်ယူခဲ့သေးသည်။
ထို့နောက် ကိစ္စရပ်များကို စီစဉ်ရန် သူမ၏ ကိုယ်ပိုင်အခန်းထဲသို့ ဝင်လာခဲ့သည်။
အခန်းထဲတွင် ခုတင် မရှိသော်လည်း အပူပေးထားသည့် အုတ်ခုတင် တစ်လုံး ရှိသည်။ ၎င်းအား ထူထဲသော ချည်မွေ့ယာ အထပ်ပေါင်းများစွာဖြင့် ဖုံးထားခဲ့ပြီးဖြစ်သည်။ အပေါ်တွင် အဖြူရောင်ချည်သား စောင်သန့်သန့် တစ်ထည် ရှိသည်။ ၎င်းပေါ်တွင် လဲလျောင်းခြင်းသည် နူးညံ့ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိကာ ခေတ်မီကုတင်မွေ့ယာများထက် လုံး၀ မနိမ့်ကျပေ။
အိပ်ယာခင်းစောင်သည် အဆင်တစ်ခုမှ မဖော်ထားပဲ ကြီးမားသည့် ချည်သားဗြောင်ဖြစ်သော်လည်း နွေးထွေးစေရန်အတွက် အလွန်ကောင်းမွန်သည်။
ပြတင်းပေါက်များ၏ အောက်ခြေတွင် အလွန်ကြီးမားသော အံဆွဲများရှိနေပြီး အပေါ်ဘက်တွင် ကြေးဝါမှန်များ တပ်ဆင်ထားသည်။ အနည်းငယ် မှုန်ဝါးနေသော်လည်း သူမ ဝယ်နိုင်ခဲ့သည့် အကောင်းဆုံး ဖြစ်သည်။
နံရံတစ်လျှောက်တွင် အတွင်းထဲ၌ သစ်သားချိတ်များ အပြည့်ချိတ်ထားသော မတ်တပ်ဗီရိုများ အတန်းလိုက် ရှိသည်။
မူလက ဤဗီဒိုများကို ပြုလုပ်ချိန်တွင် လက်သမားအိုကြီးသည် အလွန်စူးစမ်းနေခဲ့ပြီး လီယောင်အား မူပိုင်ခွင့်အတွက်ပင် မေးမြန်းခဲ့သည်။ သူမသည် သေချာပေါက်ပင် တုံ့ဆိုင်းမနေပဲ သူ့အား တရားဝင်ခွင့်ပြုပေးခဲ့သည်။ ယခုအခါ ၎င်းတို့သည် မည်ကဲ့သို့ ပြန့်နှံသွားနေခဲ့သည်ကို သူမ မသိတော့ပေ။
ပြတင်းပေါက်များအားလုံးကို ခန်းဆီးစများ တပ်ဆင်ထားခဲ့သည်။ နံရံများကိုမူ ဆေးသုတ်မထားပဲ အုတ်အလွှာများကို အလွန်သေသေသပ်သပ်ဖြင့် ချောချောမွေ့မွေ့ ပုံသွင်းထားသောကြောင့် အလွန်သက်တောင့်သက်သာရှိသော ခံစားချက်အား ပေးခဲ့သည်။
သူမ၏ အိပ်ခန်းကို စီစဉ်ပြီးနောက် လီယောင်သည် ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့အတွက်လည်း အိပ်ယာများကို ပြင်ပေးခဲ့သည်။
ဝမ်ရှောင်စစ်သည် မငယ်တော့သည့်အတွက် သူမနှင့် အတူ ဆက်အိပ်၍ မရတော့ပေ။ သို့သော် သူတစ်ယောက်တည်း ကြောက်လန့်နေသဖြင့် သူ့အား အရင်ဆုံး ဝမ်စန်းအာနှင့်အတူ အိပ်ခွင့်ပေးထားခဲ့သည်။
ဤအရာများ ပြီးဆုံးသွားသောအခါ ဟဲရှောင်ယာသည် နေ့လည်စာကို စတင်ပြင်ဆင်နေခဲ့ပြီဖြစ်ပြီး လှုပ်ရှားသက်ဝင်မှုများကို လာရောက်ကြည့်ရှုကြသည့် ရွာသူရွာသားများကလည်း အိမ်ပြန်ရန် ပြင်ဆင်နေခဲ့သည်။
“အားလုံး ခဏလေး နေကြပါဦး။”ဟု လီယောင်က ပြောခဲ့သည်။ လူတိုင်းသည် သူတို့လမ်းကြောင်းများတွင် ရပ်တန့်သွားကြသည်။ “ကျွန်မ ပြောစရာ တစ်ခု ရှိလို့ပါ။ အဲဒါကိုပြောဖို့ အခုပဲ ဒီအခွင့်အရေးကို ယူလိုက်ပါတော့မယ်။”
“အစ်မလီရယ်၊ ဘာတွေပဲရှိရှိ ကျုပ်တို့ကို ပြောသာပြောလိုက်ပါ။ ကျုပ်တို့ ကူညီပေးနိုင်တဲ့ဟာဆိုရင် သေချာပေါက် မငြင်းပါဘူးတော်။”
“ဒါက အကူအညီတောင်းဖို့ မဟုတ်ပါဘူး။ ကျွန်မ အလုပ်ရုံ တစ်ခု ဖွင့်ဖို့ စီစဉ်ထားလို့ လူတချို့ လိုလို့ပါ။”
အလုပ်ရုံ တစ်ခု ဖွင့်မယ် ဟုတ်လား။
ဤသတင်းသည် ရွာလူကြီး ဝမ်ကျားဖူကိုပင် မှင်တက်သွားစေခဲ့သည်။
သူမသည် ဤမျှ ကြီးမားသည့် အရေးကြီးသည့် အရာအား သူ့ကို တခါမှ မပြောခဲ့ဖူးပေ။
“လီယောင်၊ သေသေချာချာရော တွေးပြီးသွားပြီလား၊ အလုပ်ရုံတစ်ခုဖွင့်တယ်ဆိုတာ ငွေတွေအများကြီး ရင်းနှီးမြှပ်နှံဖို့ လိုတယ်နော်။”
“ကျွန်မ သိပါတယ်။”
ဆပ်ပြာနှင့် ဆပ်ပြာအမွှေးခဲများကို ထုတ်လုပ်ရန်အတွက် အရင်ဆုံး ယခုမလိုအပ်သေးသည့် ဝမ်ရှောင်စစ်၏အခန်းကို အသုံးပြုရန် စီစဉ်ခဲ့သည်။ နောက်ပိုင်း လုပ်ငန်းပိုကြီးလာသည့်အခါ အထူးစက်ရုံတစ်ခုကို တည်ဆောက်ရန် ရွာရှိ မြေလွတ်မြေရိုင်းများကို သူမ ဝယ်ယူပေလိမ့်မည်။
လက်ရှိအရောင်းများပေါ်တွင် မူတည်၍ ဆပ်ပြာအလုပ်ရုံတွင် လူ၁၀ဦး လိုအပ်လိမ့်မည်ဖြစ်ပြီး အဆိုပါဆယ်ဦးထဲမှ အဓိကနည်းပညာများကို ထိန်းချုပ်ရန်အတွက် ယုံကြည်စိတ်ချရမည့်သူတစ်ဦးကို သူမလိုအပ်သည်။
…