← Chapters

ဝမ်းသာရုံမှတပါး

Vol. 7 Ch. 86

ဝမ်းသာရုံမှတပါး

Vol. 7 Ch. 86

ရွာလူကြီး လီကျန်းနှင့် အဖွားအိုဝမ်ရွှယ်ရှစ်တို့၏ ကြီးကြပ်မှုအောက်တွင် အချိန်မကြာမီ ပုံမှန်အမျိုးသမီး အလုပ်သမား၉ဦးကို ရွေးချယ်ခဲ့သည်။

ဤအမျိုးသမီး ၉ယောက်လုံးသည် ရွာရှိယုံကြည်စိတ်ချရသော အမျိုးသမီးများဖြစ်ကြပြီး သူတို့ထဲမှ တစ်ဝက်ခန့်သည် လီယောင်နှင့်အတူ အမြတ်ဝေစု ခွဲဝေအပ်နှင်းထားသည့် ဝမ်နှင့်ဖန်မိသားစုတို့မှ ဖြစ်ကြသည်။ ထို့ကြောင့် သူမတို့အား ကြိုးကြိုးစားစား အလုပ်လုပ်ကြရန် ယုံကြည်အားထားနိုင်ပေသည်။

ထို့အပြင် လီယောင်ပေးသည့် လုပ်ခလစာသည် အလွန်ရက်ရောလှပေသည်။ စည်းမျဉ်းအရ သူမတို့သည် တစ်နေ့လျှင် ၄နာရီ ၂ကြိမ်၊ စုစုပေါင်း ၈နာရီ၊ တစ်လလျှင် ၂၅ရက် အလုပ်လုပ်ကြရမည်ဖြစ်သည်။

သူမတို့သည် လိုအပ်သော အလုပ်ချိန်များတွင် အလုပ်လုပ်ကြပြီး လုပ်ငန်းတာဝန်များကို ပြီးမြောက်နေသရွေ့ တစ်လလျှင် လုပ်ခလစာ ဝမ်၉၀၀ ရရှိနိုင်မည်ဖြစ်သည်။

နှစ်ကုန်ရောက်သည့်အချိန်တွင်လည်း အပိုဆုကြေးအနေဖြင့် လုပ်ခလစာ ၂လစာ ရရှိမည်ဖြစ်သည်။

ဝမ် ၉၀၀….

ဆိပ်ကမ်းသင်္ဘောကျင်းတွင် အလုပ်ကြမ်းလုပ်နေချိန်တွင် တစ်လလျှင် ဤမျှဝင်ငွေရရှိနိုင်ပါက သူမတို့၏ ကံကောင်းသည့် ကြယ်လေးများကို ကျေးဇူးတင်ရလိမ့်မည်ဖြစ်သည်။

သို့သော် ဤနေရာတွင် လီယောင်အတွက် အေးအေးဆေးဆေး အလုပ်လုပ်ခြင်းသည်ပင် ဝမ်၉၀၀ ရရှိနိုင်သည်။

နှစ်ကုန်သည့်အခါ အပိုဆုကြေးအဖြစ် ဝမ် ၁၈၀၀ ရရှိနိုင်ပေသည်။

ဤသည်မှာ လူများစွာအား မရည်ရွယ်ပဲ အလွန်ပျော်ရွှင်သွားစေခဲ့ပြီး ဤအခွင့်အရေး မရရှိခဲ့သူများအား မနာလိုမှုကြောင့် စိမ်းသွားစေခဲ့သည်။

“ဒီအခွင့်အရေးကို မရလိုက်တဲ့သူတွေကလည်း အရမ်းကြီး အားကျနေဖို့မလိုပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “နောက်ကျရင် အလုပ်ရုံကို သေချာပေါက် ဆက်လက်တိုးချဲ့သွားဦးမှာပါ။ အဲဒါအပြင်၊ အခု ကျွန်မမှာ လုပ်ဖို့ လူလိုတဲ့အရာတွေ အများကြီး ရှိနေတုန်းပါပဲ။”

ဤကဲ့သို့ သူမပြောသည်ကို ကြားသောအခါ လူတိုင်း၏မျှော်လင့်ချက်များသည် နောက်တဖန် ပြန်လည်အသက်ဝင်လာခဲ့လေသည်။

“အခု အလုပ်ရုံကို စီမံခန့်ခွဲဖို့ လူတစ်ယောက်ကိုလည်း ကျွန်မလိုအပ်ပါတယ်။”

အလုပ်ရုံအား စီမံခန့်ခွဲရခြင်းသည် နည်းပညာများကို ထိန်းသိမ်းရခြင်းဟု ဆိုလိုပေသည်။

မူလက သူမသည် ဟဲရှောင်ယာအား လုပ်စေချင်ခဲ့သော်လည်း ဟဲရှောင်ယာတွင် လုပ်စရာပေါင်းများစွာ ရှိနေခဲ့သည်။

ဒီအပြင် သူမသည် မွန်မြတ်သည့် ဇနီးသည်တစ်ယောက်ဖြစ်ရန် နေစဉ်နှင့်အမျှ တာ့ကျွမ်း၏နံဘေးတွင် နေထိုင်ခြင်းအား ပို၍လိုလားသည့် အလွန်ရှေးရိုးဆန်လှသော မိန်းကလေးတစ်ဦးဖြစ်သည်မှာ ပေါ်လွင်လှပေသည်။

ထို့ကြောင့် စဉ်းစားသုံးသပ်ခဲ့ပြီးနောက် သူမသည် ဟဲရှောင်ယာ၏​ ရွေးချယ်မှုကို အလေးထားရန် ဆုံးဖြတ်ခဲ့သည်။ ထိုအခါ အဓိကနည်းပညာအား တာဝန်ယူရမည့်သူသည် မည်သူဖြစ်ရမည်ဆိုသည်မှာ အကြီးမားဆုံး ပြဿနာဖြစ်လာခဲ့သည်။

ရွာသူရွာသားများသည် သဘာ၀အတိုင်း ဤအလုပ်အား မည်သူမှ လုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သိနားလည်သောကြောင့် ဤအခွင့်အရေးအား မည်သူမှ မယူခဲ့ချေ။

“ဦးလေးလီ၊ ကျွန်မကို တစ်ယောက်ယောက်လောက် အကြံပေးပါဦး။”

“မဖြစ်ဘူး၊ မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ ဒါကို မဆုံးဖြတ်နိုင်ဘူး။”

ဝမ်ကျားဖူသည် သူ့လက်အား အကြိမ်ကြိမ် ဝှေ့ယမ်းခဲ့သည်။

ရွာလူကြီးတစ်ယောက်အနေဖြင့် အနိုင်အရှုံးလောင်းကြေး ပါဝင်နေသည်ကို မည်သို့ မသိနိုင်လိမ့်မည်နည်း။

ဆပ်ပြာထုတ်လုပ်သည့် နည်းပညာအား ထိန်းသိမ်းရခြင်းသည် အလွန်များပြားသည့် ကြွယ်၀ချမ်းသာမှုအား ထိန်းချုပ်ရခြင်းပင် ဖြစ်သည်။ အနာဂါတ်တွင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ မရှိနိုင်ပါဘူးဟု မည်သူက အာမခံနိုင်လိမ့်မည်နည်း။

သူ အကြုံပြုထောက်ခံခဲ့သည့် သူသည် နည်းပညာများကို တိတ်တဆိတ် ရောင်းစားခဲ့ပါက သူသည်လည်း ဥပဒေနှင့် ငြိစွန်းလာနိုင်ပေသည် မဟုတ်ပေလော။

“ငါ လုပ်မယ်။”ထိုအချိန်တွင် အဖွားအိုဝမ်ရွှယ်ရှစ်က မတ်တပ်ရပ်ကာ အစပျိုးခဲ့သည်။ “တာ့ကျွမ်းအမေ၊ နင် ငါ့ကိုယုံရင် ဒီအဖွားကြီးက အလုပ်ကောင်းကောင်း လုပ်နိုင်ပါတယ်။”

“အမေ” ဝမ်ယွမ်ကောသည် ရယ်မောကာ ပြောခဲ့သည်။ “အမေက အသက်ကြီးနေပြီလေ၊ ခယ်မရဲ့ ကောင်းတဲ့အလုပ်တွေကို ဝင်မစွက်ဖက်ပါနဲ့တော့။”

“ဟုတ်တယ်၊ အမေ။” ရှန်းရှီသည် အခါအခွင့်မသင့်ပဲ အလောတကြီး ပြောခဲ့သည်။ “အမေ့အစား ကျုပ်လုပ်တာမှ ပိုကောင်းလိမ့်ဦးမယ်။”

“ငါက ဘယ်လောက်များ အသက်ကြီးနေလို့လဲ။” ဝမ်ရွှယ်ရှစ်သည် စိုက်ကြည့်ကာ ကျယ်လောင်သည့် အသံဖြင့် ပြောခဲ့သည်။ “ငါက ဘယ်လို အသုံးမဝင်တာလဲ။ နင်တို့အားလုံးက ငါကို နွားစာကျွေး၊ မြက်ရိတ်တာပဲ လုပ်တတ်လို့ တကယ်ပဲ ထင်နေကြတာလား။”

“ဒါပေမဲ့ ခယ်မကလည်း သဘောတူမှ ရမယ်လေ။”

“ကျွန်မ သဘောတူပါတယ်။”

“တွေ့လား။” ရှန်းရှီက ရယ်ခဲ့သည်။ “ကျုပ်သိသားပဲ။ ယောင်းမက သဘောမတူ.. ဟမ်.. နေပါဦး။ ယောင်းမ၊ တော် အခု ဘာပြောလိုက်တာ။”

လူတိုင်းသည် မှင်တက်သွားခဲ့သည်။

ဤကဲ့သို့ အရေးပါသည့် ကိစ္စရပ်တစ်ခုအတွက် လီယောင်သည် အဖွားအိုဝမ်အား အမှန်တကယ်ပင် တာဝန်ယူခွင့်ပေးခဲ့သည်။

ဒါက.. သူ(မ) လုပ်နိုင့်ပါ့မလား။

ဝမ်ရွှယ်ရှစ်ကိုယ်တိုင်ပင် သူမကိုယ်သူမ အနည်းငယ် သံသယရှိနေခဲ့သည်။ “လီယောင်၊ နင် သေချာလို့လား။ ငါ အခုနက ဒီတိုင်း သာမန်ကာလျှံကာလေးပဲ ပြောလိုက်တာ..။”

“မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “မသိဘူးဆိုရင် သင်လို့ရတယ်။ အသက်ကြီးနေတယ်ဆိုရင်လည်း ဖြေးဖြေးချင်းသင်လို့ရတယ်။ ဒီကမ္ဘာမှာ ဘယ်အရာကမှ အရမ်းကို ခက်ခဲနေတယ်လို့ ကျွန်မကတော့ မထင်ဘူး။ အစွမ်းကုန် ကြိုးစားနေသရွှေ့ လူတိုင်းက အလုပ်ကောင်းကောင်း လုပ်နိုင်တယ်။ ဒါ့အပြင် အမေက အရမ်းလုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့်မို့ စိုးရိမ်နေစရာ ဘာမှမရှိဘူး။”

အကြောင်းပြချက်တစ်ချို့ကြောင့် ဝမ်ရွှယ်ရှစ်သည် မရှင်းပြတတ်သည့် ခံစားချက်များ တလိပ်လိပ်တက်လာသည်ကို ရုတ်တရက် ခံစားခဲ့ရသည်။

များသောအားဖြင့် သူမသည် အလွန်အာဏာပြလေ့ရှိသော်လည်း ထိုကဲ့သို့သော စကားများကို မည်သူတစ်ဦးတစ်ယောက်မှ သူမအား မပြောခဲ့ဖူးကြပေ။

နားထောင်ကြစမ်းပါ၊ ငါ့ရဲ့အကြီးဆုံးချွေးမကတောင် ငါက လုပ်နိုင်ကိုင်နိုင်တယ်လို့ ပြောနေပြီ။

“ကောင်းပြီလေ၊ ဒီအဖွားကြီးက နင့်အတွက် သေချာပေါက် အလုပ်ကောင်းကောင်း လုပ်​ပေးမယ်။”

ဆပ်ပြာအလုပ်ရုံ၏ ကြီးကြပ်ရေးမှူး မဖြစ်လာခဲ့သည့်အတွက် ရှန်းရှီသည် မပျော်ရွှင်နေခဲ့ပေ။ သို့သော် ယခု ကြီးကြပ်ရေးမှူးသည် သူမ၏ယောက္ခမကြီးဖြစ်သည့်အတွက် အများကြီးမပြောရဲတော့ပေ။

သို့သော် ဤမျှနှင့် သူမ အလျှော့မပေးနိုင်ပေ။ ထို့ကြောင့် သူမသည် ထပ်တိုးကာ မေးခဲ့သည်။ “ယောင်းမ၊ တော်ရဲ့ အသားနှပ်လုပ်ငန်းကလည်း အရမ်းအလုပ်များနေတယ်ဆိုတာ ကျုပ်မြင်တယ်။ တော် အကူအညီ လိုသေးလား။ ကျုပ်ကို ကူခိုင်းမယ်ဆိုရင်ကော ဘယ်လိုလဲတော့။”

“ဒါက ကျွန်မအခုပဲပြောတော့မလို့။”

လီယောင်သည် အသားနှပ်လုပ်ငန်းအား ဆက်လက်လုပ်ဆောင်ရန် အစီအစဉ် မရှိတော့ပေ။

တညလုံး နေရ​ခြင်းသည် အလွန်ပင်ပန်းလွန်းလှပြီး အမြတ်ငွေလည်း အလွန်နည်းပါးသည့်အတွက် တခြားသူအား လွှဲပေးရန် သူမ စိတ်ကူးခဲ့သည်။

“ကျုပ်ကို လွှဲပေးပါ။ ကျုပ်ကို လွှဲပေးပါ။” ဤကိစ္စသည် ငွေရှာနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း ကြားသိရသောအခါ ရှန်းရှီသည် အလွန်ဝမ်းသာသွားခဲ့သည်။ “ယောင်းမ၊ ကျုပ် သေချာပေါက် အလုပ်ကောင်းကောင်းလုပ်မှာပါ။”

“ရှင် လိုချင်တယ်ဆိုရင် လွှဲယူနိုင်ပါတယ်။” ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ တခြားလူတွေလိုပဲ ဒီအတွက် လေလံဆွဲရမယ်။”

ရှန်းရှီ : .....

ထပ်ပြီးတော့ လေလံဆွဲတာပဲလား။

နောက်ဆုံးတစ်ခေါက်တွင် သူမ လေလံဆွဲခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“လေလံဆွဲတာကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် ဒီလုပ်ငန်းကို လည်ပတ်ဖို့အတွက် ရှင်က သင့်တော်မနေဘူးပဲ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒီလိုလုပ်ငန်းသေးသေးလေးတွေက အသေးအမွှား တွက်ချက်မှုတိုင်းပေါ်မှာ အတိအကျ အမှီပြုနေတာ။ မဟုတ်ရင် ငွေရှာဖို့ခက်တယ်။ အခု ငွေရှာနိုင်ခဲ့ရင်တောင် ကြာကြာခံမှာ မဟုတ်ဘူး။”

ရှန်းရှီသည် နှင်းခဲများနှင့် အဖုံးခံထားရသည့် ခရမ်းသီးတစ်လုံးကဲ့သို့ ဝမ်းနည်းပက်လက်ဖြစ်သွားခဲ့သည်။ သူမသည် စိတ်ဓါတ်ကျစွာ သူမ၏ လေလံစျေးအား ရေးရန် သွားခဲ့သည်။

သို့သော် လီယောင်ပြောသည့်အတိုင်းပင် သူမသည် တွက်ချက်မှုများ မလုပ်နိုင်ခဲ့လျှင် သဘာ၀အတိုင်းပင် သူမသည် အမြတ်ငွေကို မတွက်ဆနိုင်ခဲ့ပေ။ ကြုံရာကျပန်း လေလံစျေးတစ်ခု ပေးခြင်းသည် တခြားသူများ၏ အသေးစိတ် တွက်ချက်မှုများကို သေချာပေါက် မကျော်လွန်နိုင်ခဲ့ပေ။

အဆုံးတွင် အသားနှပ်လုပ်ငန်းကို လေလံအောင်နိုင်ခဲ့သူမှာ ဖန်မိသားစု၏ အနာဂါတ်ခေါင်းဆောင်နှင့် ဖန်ရှန်း၏ အကြီးဆုံးသားဖြစ်သူ ဖန်မင်းချန် ဖြစ်သည်။ သူသည် အနီးအနားခရိုင်များတွင် အသားနှပ်လုပ်ငန်းကို တစ်လျှောက်လုံး လည်ပတ်နေခဲ့သောကြောင့် လက်ထဲတွင် အမြတ်အစွန်းကောင်းကောင်းတစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့သည်။

ထို့အပြင် ဖန်မိသားစုသည် အသေးစိတ်တွက်ချက်မှုများတွင် အမှန်တကယ် ကောင်းမွန်ခဲ့ပြီး ဝမ်ယွမ်တင်းအား တစ်ချက်တည်းဖြင့် ကျော်တက်သွားနိုင်ခဲ့သည်။

အသားနှပ်လုပ်ငန်းတွင် အစုရှယ်ယာ ၄၉ရာခိုင်နှုန်းကို ရခဲ့ပြီး ၎င်းလုပ်ငန်းအား လည်ပတ်ရမည့် အခွင့်အာဏာနှင့်အတူ ဖန်မိသားစုသည် အလွန်ပီတိဖြစ်နေခဲ့ကြသည်။

ဤသည်မှာ လီယောင်ထံမှ ကုန်ပစ္စည်းများကို တိုက်ရိုက်ယူခြင်းထက် အမြတ်အစွန်းများစွာ ပိုမိုရရှိသည်။

ထိုအချိန်မှစ၍ ဖန်မိသားစုတစ်ခုလုံးသည် အလွန်အမင်းချမ်းသာလာစေရန် ဤလုပ်ငန်းအား အမှီပြုခဲ့သည်။

“လီယောင်၊ စိတ်ချပါ။”ဟု ဖန်ရှန်းက ပြောခဲ့သည်။ “ငါတို့ဖန်မိသားစုက နင့်ရဲ့ဂုဏ်သိက္ခာကို မကျစေရပါဘူး။ ငါတို့တွေက သေချာပေါက် တိုးချဲ့ပြီးတော့ လီအသားနှပ်အစားအစာတွေကို မြှင့်တင်ပေးသွားမှာပါ။”

“ကျေးဇူးတင်ပါတယ် ။အကြီးအကဲဖန်ရှန်း။”

ဖန်မိသားစု ဝမ်းမြောက်နေချိန်တွင် ဝမ်မိသားစု၏ ဒုတိယသားမိသားစုသည် အနည်းငယ် စိတ်ပျက်အားလျော့သွားခဲ့သည်။

သို့သော် အကောင်းမြင်တတ်သည့် ဝမ်ယွမ်တင်းတို့ဇနီးမောင်နှံသည် လုပ်ငန်းမရရှိခဲ့သည့်အတွက် အလွန် စိတ်ပျက်လက်ပျက် မဖြစ်နေခဲ့ကြပေ။ သူတို့၏ အသားနှပ်ဆိုင်ငယ်လေးအား ဆက်လက်လည်ပတ်ရန် ဖန်မိသားစုမှ ကုန်ပစ္စည်းများကို ရနိုင်နေဆဲပင်ဖြစ်သည်။

“ယောင်းမ၊ ဒီလိုလုပ်တာက အပြင်လူတွေကို အလွယ်တကူ အကျိုးအမြတ်ပေးနေတာပဲ။”ဟု ရှန်းရှီက ဘေးဘက်မှ စိတ်ဆိုးမာန်ဆိုးဖြင့် ညည်းညူနေခဲ့သည်။ “ယောင်းမ၊ တော်က တအားရိုးလွန်းတာပဲ။ ဒါက သူများတွေကို ဘာမှမဟုတ်ပဲ လွယ်လွယ်ကူကူ အလျော့ပေးလိုက်တဲ့ ပိုက်ဆံတွေပဲ။”

“ကျုပ်တို့ အလျော့ပေးလိုက်တာ မဟုတ်ပါဘူးတော်။ ကျုပ်တို့က ဖန်မိသားစုလို လုပ်ငန်းကျွမ်းကျင်မှု တကယ်ရှိမနေဘူးလေ။”

“ဒါဆိုလည်း အနည်းဆုံးတော့ အညီအမျှ ခွဲလိုက်ပေါ့တော့။”

“ပြောနေတာ တော်လိုက်တော့။ လီယောင်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်တို့အလေးထားတယ်။”ဟု ကျိုးက ပြောခဲ့သည်။ “အခု ကျုပ်တို့ ကောင်းကောင်း နေနိုင်တာပဲမဟုတ်ဘူးလား။”

“မှန်ပါ့ဗျာ။ ကျုပ်တို့ကျေနပ်နေပါပြီဗျာ။” ဝမ်ယွမ်တင်းကလည်း ကြားဖြတ်ပြောခဲ့သည်။ “တင်းတဲရောင့်ရဲမှုကို သိတယ်ဆိုတာက ပျော်ရွှင်မှုပါဗျာ။ ခယ်မ၊ ပြောနေတာကို ရပ်လိုက်ပါတော့။ တတိယညီက ခယ်မကို နေရာတိုင်းက ပစ္စည်းတွေဝယ်ဖို့ ကူညီပေးနေတာပဲ မဟုတ်ဘူးလား။ ဒါကလည်း အရေးပါတဲ့အလုပ်တစ်ခုပဲလေ။ ပြီးတော့ ခယ်မရဲ့ လစာကလည်း မနည်းပါဘူးဗျာ။”

“တော်တို့အကုန်လုံး… ဒီမှာ.. ဘယ်သူက ပိုက်ဆံပိုမလိုချင်လို့လဲတော့။”

ဝမ်ယွမ်တင်းတို့ ဇနီးမောင်နှံနှစ်ယောက်သည် သူတို့၏ခေါင်းများကို ခါယမ်းခဲ့သည်။ ဤခယ်မအား သူတို့ မည်သို့ပြောရမည်ကို မသိကြတော့ပေ။

သေချာပေါက်ပင် ပိုက်ဆံပိုရှိခြင်းသည် ကောင်းပေသည်။ သို့သော် ၎င်းအား ရရှိနိုင်ရန် အရည်အချင်း ရှိရမည်ဖြစ်သည်။

နှစ်ဦးသား အိမ်ပြန်တော့မည့်အခိုက်တွင် ရုတ်တရက် လီယောင်သည် လမ်းလျှောက်လာခဲ့သည်။ “ဒုတိယခဲအို၊ ကျွန်မမှာ ရှင့်ကိုလုပ်စေချင်တဲ့ အလုပ်တစ်ခုရှိတယ်။”

“ခယ်မ၊ ကျုပ်တခြား ဘာလုပ်ပေးရမလဲ။”

လီယောင်က ပြုံးခဲ့သည်။ “ကြီးကြပ်ရေးမှူးတစ်ယောက်ပါ။”

…

All Chapters