ကိုယ် တကယ် ဆန္ဒရှိတဲ့ အလုပ်ကိုပဲ လုပ်ပါ။
Vol. 7 Ch. 87
အလုပ်ရုံ ကြီးကြပ်ရေးမှူး ဆိုတဲ့ နာမည်က လီယောင် ကျပန်း ရွေးချယ်လိုက်တဲ့ နာမည် ဖြစ်ပြီး အဓိက အလုပ်ကတော့ စတိုးဆိုင်ခွဲတွေကို တိတ်တဆိတ် စုံစမ်းထောက်လှမ်းကာ မရိုးသားတဲ့ ဝန်ဆောင်မှုတွေကြောင့် သူမတို့ထုတ်ကုန်ပစ္စည်းရဲ့ ဂုဏ်သတင်းကို မထိခိုက်စေဖို့ ကာကွယ်ဖို့ပါပဲ။
မပင်မပန်း သက်တောင့်သက်သာ လုပ်လို့ ရတဲ့ အလုပ် ဆိုပေမဲ့ ထိုအလုပ်ကို လုပ်နိုင်ဖို့ အရည်အချင်းတွေ အများကြီး လိုအပ်သည်။ ထို့ကြောင့် သူမ ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို တာဝန်ပေးတာက အကောင်းဆုံးပဲ ဖြစ်သည်။
လီယောင်သည် စေ့စေ့စပ်စပ် စဉ်းစားတွေးခေါ်ပြီးနောက် ထိုအလုပ်အတွက် ဝမ်ယွမ်တင်းက အသင့်တော်ဆုံးပဲလို့ ခံစားလိုက်ရ၏။
ဝမ်မိသားစု ဒုတိယသား တစ်ယောက် ဖြစ်တဲ့ သူ့မှာ ရိုးဖြောင့်တဲ့ စိတ်နေစိတ်ထား ရှိသည်။ သူ့ဇနီး ကျိုးရှီကလည်း ကြင်နာတတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်၏။ ပေးတဲ့ လစာကလည်း လုံလုံလောက်လောက် မက်မောချင်စရာကောင်းတဲ့ အနေအထား တစ်ခုမှာ ရှိရင် သူတို့ဟာ နောက်ထပ် လေး ၊ ငါးနှစ်လောက်ထိ အားကိုးအားထားရတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်နေမှာ အသေအချာပင်။
လီယောင်က သူ့ကို ဒီလို အရေးကြီးတဲ့ ရာထူးမျိုး ပေးလာသောအခါ ဝမ်ယွမ်တင်းသည် ရုတ်တရက် လက်မခံရဲလောက်အောင် ဖြစ်သွားလေသည်။
သို့သော်လည်း ဒီအလုပ်က လီယောင်အတွက် အလွန် အရေးကြီးကြောင်းနှင့် မိသားစုထဲက တခြား ဘယ်သူကမှ ဒီအလုပ်ကို တာဝန်ယူပေးနိုင်လောက်တဲ့ အရည်အချင်းမရှိကြောင်း တွေးမိသွားချိန်မှာတော့ နောက်ဆုံးမှာ သူ သဘောတူလိုက်တော့သည်။
“ စိတ်မပူနဲ့ မရီး။ ကျုပ် အလုပ်ကြိုးစားပါ့မယ်။ ”
“ ကောင်းပြီ။ ကျွန်မ ရှင့်ကို ဘာလုပ်ရမလဲ ဆိုတာ နောက်ရက်တွေကျ သေချာ သင်ပေးမယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ရှင် အခု အသားနှပ်ဟင်းတွေ ရောင်းတာကို ရပ်လိုက်လို့ ရပြီ။ ကျွန်မ ရှင့်ကို တစ်လကို ငွေချောင်း ( ၅ ) ချောင်း ပေးမယ် ၊ ပြီးတော့ နှစ်ကူးတိုင်းမှာလည်း အပိုဆုကြေးအနေနဲ့ ငွေချောင်း ( ၁၀ ) ချောင်း ထပ်ပေးမယ်။ ဒီငွေပမာဏက ရှင့်မိသားစုရဲ့ စားဝတ်နေရေးအတွက် လုံလောက်မှာပါ။ ”
“ ကျေး .. ကျေးဇူးတင်ပါတယ် ခယ်မရယ်။ ”
ဝမ်ယွမ်တင်းနှင့် သူ့ဇနီးဟာ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပေ။
တစ်နှစ်ကို ငွေချောင်း ( ၈၀ ) တဲ့လား … ။
အဲ့ဒါက ပြယ်နယ်မှာ အကြီးဆုံး ရာဇဝတ်တရားသူကြီး တစ်ယောက်ရဲ့ လစာထက်တောင် ပိုများနေတာ မဟုတ်လား။
“ ဒါပေမဲ့ ကျွန်မ တစ်ခါတည်း ရှင်းအောင် ကြိုပြောထားမယ်နော်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ရှင် ဆိုင်ရှင်တွေနဲ့ ပူးပေါင်းကြံစည်ပြီး လာဘ်စားနေတယ်လို့ ကျွန်မ သိသွားရင်တော့ ကျွန်မ ရှင့်ကို လျော့လျော့ပေါ့ပေါ့နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ”
“ စိတ်ချပါ ခယ်မ။ ကျုပ် အဲ့လို လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး။ ”
လီယောင်ရဲ့ နည်းစနစ်တွေကို ဘယ်သူကမှ သံသယမဝင်သလို ဝမ်ယွမ်တင်းသည်လည်း တစ်နှစ်ကို ငွေချောင်း ( ၈၀ ) ရမယ့် အလုပ်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါ။
လီယောင်သည် ထိုကိစ္စတွေကို စီမံခန့်ခွဲပြီးနောက် လောလောဆယ်အတွက် အကုန်လုံးကို အိမ်ပြန်ခိုင်းထားလိုက်သည်။ သူမမှာ လုပ်ချင်တာတွေ အများကြီး ကျန်သေးပေမဲ့ ပိုက်ဆံ လုံလုံလောက်လောက် မရှိတော့တာမို့ ဘာအစီအစဉ်မှ မဆွဲသေးခင် စတိုးဆိုင်ခွဲတွေက ကုန်ပစ္စည်းတွေ လာယူတဲ့ အချိန်ထိ ရက် အနည်းငယ်လောက် စောင့်ရပါဦးမည်။
ကလေးတွေက တစ်နေ့ခင်းလုံး ပစ္စည်းတွေကို နေရချရင်း ၊ အိမ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လှည်းကျင်းရင်း အချိန်ကုန်ခဲ့ကြသည်။
တာ့ကျွမ်းနှင့် ဟဲရှောင်ယာက တစ်အိမ်သက်သက် ခွဲနေ,နေပြီ ဖြစ်ပြီး အခုက စလို့ သူတို့ရဲ့ နှစ်ယောက်တည်းကမ္ဘာလေးကို စတင်လိမ့်မည်။ အခုမှ သေချာ ရေတွက်ကြည့်လိုက်တော့ ဟဲရှောင်ယာ အိမ်ထောင်ကျတာ ခြောက်လကျော်နေပြီ ဆိုပေနဲ့ သူမမှာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာ တစ်ခုမှ မပြသေးတာက အံ့ဩစရာကောင်းသည်ဟု လီယောင် ထင်မိသည်။
ဝမ်အာကလည်း တစ်အိမ်သပ်သက် ခွဲနေ,နေပေမဲ့ စုန့်ကျယ်က ဒီမှာ ရှိနေသောကြောင့် သူက စုန့်ကျယ်ကို ဉဖောက်ခန်းထဲမှာ ဆက်မအိပ်ခိုင်းတော့ဘဲ သူနှင့်အတူ အိပ်ခိုင်းခဲ့သည်။
အဲ့ဒါက စုန့်ကျယ်ရဲ့ ဝမ်အာအပေါ် အမြင်ကိုလည်း အနည်းငယ် တိုးတက်ကောင်းမွန်လာစေသည်။ သူတို့ နှစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက် နှစ်ချီပြီး ရင်းနှီးခင်မင်လာခဲ့တဲ့ အတန်းဖော်တွေလို ခံစားလာရပြီ ဖြစ်သည်။
ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်မှာ နေရာချစရာ ပစ္စည်းတွေ အများကြီး မရှိပါ။ ဝမ်စန်းအာက ဝက်ပေါက်ကလေးကို ပွေ့ဖက်ထားဆဲ ဖြစ်ပြီး နေ့လယ်ရောက်တော့ အနောက်ဘက်တောင်တန်းပေါ် တက်သွားပြီး လီယောင် သူ့ကို သင်ပေးထားသော ရိုးရှင်းတဲ့ သိုင်းကွက် တချို့ကို လေ့ကျင့်နေခဲ့သည်။ ထိုအချိန်မှာ ဝမ်ရှောင်စစ်ကတော့ ဘဲငန်း တစ်အုပ်ကို ကြည့်ပေးနေခဲ့သည်။
အိမ်မှာ မွေးထားတဲ့ ဘဲငန်းတွေက အခုတော့ ကြက်ပေါက်လေးတွေအရွယ်လောက်ကို ကြီးနေပါပြီ။ တစ်နေ့ တစ်နေ့ သူတို့ လုပ်တာကလည်း အစာစားတာပဲ ရှိတာကိုး။ ဝမ်ရှောင်စစ်က ဘဲငန်းလေးတွေကြောင့် အိမ်ထဲမှာ ရှုပ်ပွသွားမှာကို စိုးရိမ်သောကြောင့် အိမ်နောက်ဘက် မြေကွက်လပ်ထဲကို ကျောင်းလာပြီး ခြံစည်းရိုးခတ်ပေးခဲ့သည်။
နေ့လယ်ရောက်တော့ လီယောင်က ဝမ်ရွှယ်ရှစ်ကို မြက်စိမ်းလိမ်းဆေးဆီ ၊ ဆပ်ပြာနှင့် ဆပ်ပြာမွှေး လုပ်နည်းတွေကို စတင် သင်ကြားပေးခဲ့သည်။
ပြောရရင် ဒီနည်းလမ်းတွေက တော်တော်လေး ရိုးရှင်းတာမို့ ဝမ်ရွှယ်ရှစ်လို ဉာဏ်ကောင်းသူ တစ်ယောက်သည် သဘာဝကျစွာပင် မြန်မြန်ဆန်ဆန်ပဲ ကျွမ်းကျင်သွားခဲ့သည်။ သူမအတွက် ခက်ခဲတဲ့ အပိုင်းက မှတ်စရာရှိတာတွေကို စာအုပ်ထဲမှာ ချမှတ်ရခြင်း ဖြစ်သည်။ ထုတ်လုပ်မှုပမာဏ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ သူမလည်း မှတ်ဉာဏ် တစ်ခုတည်းကိုပဲ မှီခိုလို့ မရတော့၍ စာရင်းမှတ်ဖို့ လိုအပ်လာသည်။
ထို့ကြောင့် လီယောင်သည် သူမကို ကိန်းဂဏာန်းတွေ ၊ မော်ဒန်ခေတ် ဝင်ငွေနှင့် အသုံးစရိတ် စာရင်းရေးဆွဲနည်းတွေကို အထူးတလည် သင်ကြားပေးခဲ့သည်။ အံ့ဩစရာကောင်းစွာဖြင့် ဝမ်ရွှယ်ရှစ်အတွက် ရိုးရှင်းတဲ့ ဒီစာရင်းတွက်နည်းကို သင်ယူရတာ အရမ်းကြီး မခက်ခဲပေ။
နေမဝင်ခင်ရတည်းက သူမက အခြေခံသဘောတရားတွေကို ပိုင်နိုင်ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။
“ နင် ဒါတွေ အကုန်ုလုံးကို ဘယ်ကနေ သင်ယူလာခဲ့လဲ ငါ မသိဘူး။ ” ဝမ်ရွှယ်ရှစ်က အံ့ဩဘနန်း ဖြစ်နေရှာသည်။ “ ငါတို့ဝမ်မိသားစုမှာ နင့်ကို ချွေးမ တစ်ယောက်ကို ရထားတာ တကယ့်ကို ကောင်းကင်ဘုံက ချီးမြှောက်တာပဲ။ ”
လီယောင် မှတ်မိသလောက်ဆို ဒါက ဝမ်ရွှယ်ရှစ် သူမကို ပွင့်ပွင့်လင်းလင်း ချီးကျုးတာ ပထမဆုံး အကြိမ် ဖြစ်သည်။ နည်းနည်းလေး ထူးဆန်းနေပြီး အနေရခက်သလို သူမ ခံစားရသည်။
ထိုညမှာ သူတို့ အိမ်သစ်ကို ပြောင်းလာတဲ့ အထိမ်းအမှတ်အဖြစ် လီယောင်ကိုယ်တိုင် စားပွဲအပြည့် ဟင်းလျာတွေကို ချက်ပြုတ်ပေးခဲ့သည်။
ဆားလေးတွေ ပေါက်ပြီး ပေါင်းထားတဲ့ ကြက်ပေါင်း ၊ အမဲသားနှင့် အာလူး စတူးဟင်း ၊ ဇီရာစေ့ကို အဓိက ဟင်းချက်အမွှေးအကြိုင်အဖြစ် သုံးပြီး ချက်ထားတဲ့ သိုးသားဟင်း ၊ ဝက်နံရိုးချိုချဉ်ကြော် ၊ ဂေါ်ဖီအဖြူထည်ကြော် ၊ အာလူးကတ်တလိပ်ကြော် စသည်ဖြင့် … ။
စုန့်ကျယ်သည် ဟင်းပွဲတွေ အများကြီးရဲ့ နာမည်ကို မှတ်တောင် မမှတ်မိပေ။
အထူးသဖြင့် ဆားလေးတွေ ပေါက်ပြီး ပေါင်းထားတဲ့ ကြက်ပေါင်းနှင့် အမဲသားအာလူး စတူးဟင်းလို အရသာရှိတဲ့ ဟင်းလျာတွေကို သူ့ဘဝမှာ တစ်ခါမှ မစားခဲ့ဖူး။ မြို့တော်မှာ ရှိတဲ့ စားသောက်ဆိုင်ကြီးတွေက စာဖိုမှူးတွေထက်ပင် ပိုလက်ရာကောင်းသည်ဟု သူ ခံစားရသည်။
အရသာရှိသော အစားအသောက်တွေအပြင် လှပကျယ်ဝန်း ရှင်းသန့်နေတဲ့ အိမ်အသစ်စက်စက်ထဲကို လောလောလတ်လတ် အိမ်ပြောင်းလာရခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဒီအိမ်က တရားရုံးတော်ထက်ရော ၊ မြို့တော်မှာ ရှိတဲ့ သူတို့အိမ်ထက်ရော ပိုပြီး ခမ်းနားသည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
သူလည်း လီယောင်ရဲ့ မိသားစုနှင့် အတူ နေရခြင်းနှင့် တဖြည်းဖြည်း အသားကျစပြုလာခဲ့ပြီး တရားရုံးတော်ကို ပြန်သွားချင်တဲ့ အတွေးတွေ လျော့နည်းလာခဲ့သည်။
ညစာ စားပြီးသွားတော့ လီယောင်က ရေချိုးခန်းထဲကို ဝင်ခဲ့လိုက်သည်။ အိမ်သာဘေးမှာ သူမ သံထည်ပစ္စည်းပညာရှင်ကို ကြေးဝါဖြင့် ဖန်တီးပြုလုပ်ခိုင်းထားတဲ့ ရေပုံးကြီး တစ်ပုံး ရှိသည်။ ထိုရေပုံးကြီးထဲကို ရေထည့်ကာ မီးဖိုက လာတဲ့ မီးခိုးငွေ့တွေနှင့် မှိုင်းတိုက်လိုက်ပါက သူမအတွက် ရေချိုးလို့ ရတဲ့ ရေ ခပ်နွေးနွေးလေးကို ရလာသည်။
ရေနွေးလေးကို သစ်သားရေချိုးကန်ထဲ လောင်းထည့်ပြီးနောက် ဇိမ်ကျပြီး သက်သောင့်သက်သာရှိတဲ့ ရေနွေးကန်လေးထဲမှာ ဝင်စိမ်နေလိုက်ကာ ရေချိုးပြီးသွားတော့ လတ်ဆတ်တဲ့ မွှေးရနံ့တွေ ပျံ့လွင်နေတဲ့ နူးနူးညံ့ညံ့ အိပ်ရာလေးထဲမှာ လဲလျောင်းလိုက်သည်။
သူမ ဒီကမ္ဘာကို ရောက်လာတာ အခုမှ နှစ်လပဲ ရှိသေးပေမဲ့ အများကြီး ကြာသွားသလို ခံစားရသည်။
သူမမျက်စိရှေ့က ဘဝက မပြည့်စုံသေးပေမဲ့ ဒီကမ္ဘာနှင့် သူမ တဖြည်းဖြည်း လိုက်လျောညီထွေ အသားကျလာသည်ဟု ထင်မိသည်။
အလုပ်ရုံကိုလည်း အခု ဖွင့်လိုက်ပြီပင်။ မြက်စိမ်းလိမ်းဆေးဆီ ၊ ဆပ်ပြာနှင့် ဆပ်ပြာမွှေးတို့ကို ရောင်းချခြင်းကပင် သူမအတွက် ငွေများစွာ ရှာပေးနိုင်လိမ့်မည်ဟု လီယောင် ယုံကြည်သည်။ ပြီးတော့ ထိုဝင်ငွေက သူမ လုပ်ချင်တဲ့ ကိစ္စတွေ အများကြီးကို လုပ်ဖို့ လုံလောက်ပါသည်။
နှစ်ရက် ၊ သုံးရက်အတွင်း ပိုက်ဆံတွေ တဖွဲဖွဲ ဝင်လာရင် သူမ အလုပ်စလို့ ရပါပြီ။
သုံးရက်အကြာတွင် လီမိသားစု ခေတ်မီစတိုးဆိုင်ခွဲများကို ကျင်းယန်ခရိုင်စုရဲ့ မြို့တော် အသီးသီးမှာ ပြိုင်တူ ဖွင့်လှစ်ခဲ့သည်။
အကန့်အသတ်နှင့် ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေ အကုန်လုံးဟာ ပြိုက်ခနဲ ရောင်းကုန်သွားခဲ့သည်။ ဆိုင်ဖွင့်သည့် အထိမ်းအမှတ်အနေဖြင့် ပရိုမိုးရှင်းတွေတောင် လုပ်စရာ မလိုလိုက်။
စတိုးဆိုင်တွေမှာလည်း အသင်းဝင်သည့် စနစ်ကို အကောင်အထည်အဖော်ခဲ့ပြီး အသင်းဝင်များစွာကို စုဆောင်းရရှိခဲ့သည်။ အဓိပ္ပာယ်ကတော့ စတိုးဆိုင် တစ်ဆိုင်စီအတွက် ပုံမှန် ဈေးဝယ်သူ အရေအတွက်ကို ရရှိသွားပြီ ဆိုတာပဲ ဖြစ်သည်။
ထိုစီးပွားရေးအကွက်မြင်မှုက စတိုးဆိုင် တစ်ဆိုင်ချင်းစီရဲ့ ဆိုင်ရှင်တွေကို ဝမ်းမြောက်ဝမ်းသာဖြစ်သွားစေခဲ့သည်။ သူတို့က ရောင်းချမှုတွေကို စာရင်းတင်ပြရန်နှင့် လီယောင်အား ကုန်ပစ္စည်းတွေကို အသစ်ဖြည့်ပေးရန် တိုက်တွန်းဖို့ ချက်ချင်းပဲ ဟဲဝမ်ရွာကို ပြေးသွားခဲ့ကြသည်။
စီးပွားရေးလာဘ်မြင်တဲ့ တချို့ လူတွေကတော့ တခြား နေရာတွေမှာ ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့တောင် စပြီး တွေးနေကြပါပြီ။ ဒါပေမဲ့ လီယောင်ကတော့ ထိုစိတ်ကူးကို လောလောဆယ် သဘောမတူခဲ့ပါ။ အလောတကြီး လုပ်ငန်းတိုးချဲ့တာက ကောင်းတဲ့ အရာ မဟုတ်သလို ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းကလည်း အမီ လိုက်နိုင်မှာ မဟုတ်။
သုံးရက်တာ လေ့ကျင့်ရေးဆင်းပြီးနောက်တွင်တော့ ဆပ်ပြာအလုပ်ရုံသည်လည်း စတင်လည်ပတ်နေခဲ့ပြီ ဖြစ်လေသည်။
ထိုနေ့ မနက်စောစောမှာ လီယောင်နှင့် ဝမ်ရွှယ်ရှစ်က အလုပ်ရုံကို အတူတူ လာခဲ့ကြသည်။
မြက်စိမ်းလိမ်းဆေးဆီ လုပ်ရတာ လွယ်ကူးရိုးရှင်းသည်။ ဆေးပင်တွေကို ရေစိမ်ပြီး တခြား အလုပ် နည်းနည်းပါးပါး ထပ်လုပ်လိုက်လျှင် တစ်နေ့တည်းနှင့် မြက်စိမ်းလိမ်းဆေးဆီတွေ အများကြီး ရတာမို့ ထုတ်လုပ်ရ လွယ်ကူသည်ဟု ပြောလို့ ရသည်။ ဝမ်ရွှယ်ရှစ်သည် မြက်စိမ်းလိမ်းဆေးဆီတွေအတွက် တစ်လမှာ နှစ်ရက် ၊ သုံးရက်လောက်ပဲ အချိန်ပေးဖို့ လို၏။
ဆပ်ပြာနှင့် ဆပ်ပြာမွှေး လုပ်ရတာကတော့ နည်းနည်းလေး ပိုရှုပ်ထွေးသည်။
ရွှယ်ရှောင်စစ်ရဲ့ မီးဖိုချောင်ကို ဝက်ဆီတွေ ချက်ဖို့ အသုံးပြုခဲ့ကာ လိုအပ်တဲ့ ဝက်ဆီတွေကိုတော့ ဝမ်ယွမ်ကောက နေရာအနှံ့ကနေ မိုးလင်းကမိုးချုပ် ကြိုးကြိုးစားစား ဝယ်ယူပေးခဲ့ရသည်။ သူ ပေးတဲ့ ဈေးက နည်းနည်းလေး ပိုများသောကြောင့် အနီးအနားဈေးတွေဟာ ဝက်ဆီတွေ အကုန်လုံးကို သူ့ကိုပဲ ရောင်းချခဲ့ကြသည်။
နေ့တိုင်း ဈေးတွေထဲကနေ ဝက်ဆီအခဲ ( ၁၀၀ ) ကတ်တီကို ရရှိကာ အပူပေးပြီး အရည်ပျော်စေလိုက်ပြီးနောက် ဝက်ဆီ ( ၆၀ ) ကတ်တီ ကျန်သည်။ ထို့ကြောင့် နေ့စဉ် ဆပ်ပြာထုတ်လုပ်နှုန်းက အချောင်း ( ၈၀၀ ) ဝန်းကျင်မှာ ပုံမှန် ရှိနေသည်။
လီယောင်က ဈေးကွက်ကို ချဲ့ထွင်ဖို့ ဆပ်ပြာတွေကို ဈေးနည်းနည်းနှင့် စရောင်းခဲ့တာမို့ အမြတ်အစွန်းက ဆပ်ပြာ တစ်ချောင်းအတွက် အကြွေစေ့ ( ၁၀ ) စေ့သာ ရှိသည်။ ဒါပေမဲ့ အဲ့လို ဆိုရင်တောင်မှ ဆပ်ပြာလုပ်ငန်းကနေ တစ်နေ့ကို ငွေချောင်း ( ၈ ) ချောင်းတော့ မှန်မှန်လေး ရနေဆဲပင်။
ဆပ်ပြာမွှေးကတော့ တစ်ရက်ကို အချောင်း ( ၅၀ ) ထုတ်လုပ်နိုင်ပြီး တစ်ချောင်းကို ငွေချောင်း ( ၁ ) ချောင်းနှုန်းနှင့် ငွေချောင်း ( ၅၀ ) ရသည်။
မြက်စိမ်းလိမ်းဆေးဆီကတော့ လတ်တလော ရာသီအတွက် အရမ်းကြီး ဝယ်လိုအား မရှိသေး၍ လာမယ့် နွေဦးနှင့် နွေရာသီအတွက် ကုန်ပစ္စည်းတွေကို အရန်သက်သက် ဖယ်ထားခဲ့သည်။
ကုန်ကျစရိတ် အမျိုးမျိုးကို နှုတ်ယူပြီးသွားသောအခါ နေ့စဉ်ဝင်ငွေက ငွေချောင်း ( ၅၀ ) မှာ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့ပြီ ဖြစ်သည်။
ဒီအမြတ်အစွန်းတွေကို ကုန်သည်ကြီးတွေတောင် အထင်သေးရဲမှာ မဟုတ်။
ပြီးတော့ ဒါက အစပဲ ရှိသေးသည်။
ဆပ်ပြာနှင့် ဆပ်ပြာမွှေးကို နိုင်ငံတစ်ဝှမ်းမှာ စတင် ရောင်းချသည်နှင့် တစ်ပြိုင်နက် နေ့စဉ်ဝင်ငွေက ကြောက်ခမန်းလိလိ ထိုးတက်သွားလိမ့်မည်။
ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာလည်း ဘာပြဿနာမှ မရှိတာမို့ ဝမ်ရွှယ်ရှစ်ရဲ့ စာရင်းအင်းအတတ်ပညာက ပရော်ဖက်ရှင်နယ်ကျသည်ဟု ပြောရမည်။ လီယောင်သည် သူမအား လုပ်ငန်းတွေကို အပြည့်အဝ ကြီးကြပ်ခွင့်ကို ယုံကြည်ချက်ရှိရှိ ပေးအပ်လိုက်လေသည်။
နောက်ထပ် ခြေလှမ်း တစ်ခုအနေဖြင့် သူမ လုပ်ချင်တဲ့ အရာကို စိတ်ရောကိုယ်ပါ အာရုံစိုက်လို့ ရသွားပြီ ဖြစ်သည်။
…