ရေကာတာ။
Vol. 7 Ch. 88
“ အလုပ်အားနေတဲ့ ရွာသူ ၊ ရွာသားတွေ အကုန်လုံး လီယောင်တို့အိမ်မှာ စုရုံးပေးကြပါ။ ”
“ သူတို့မိသားစုမှာ လူတွေကို အကူအညီတောင်းစရာ ကိစ္စ တစ်ခု ရှိနေတယ်။ ”
မနက်စောစောမှာ ရွာလူကြီးဝမ်ကျားဖူရဲ့ အသံက ဟဲဝမ်ရွာလေးကို စီစီညံညံ လွှမ်းခြုံသွားသည်။
ရွာသူ ၊ ရွာသားတွေက လီယောင် အကူအညီတောင်းနေတယ် ဆိုတဲ့ အသံကို ကြားသည်နှင့် လုပ်လက်စ အလုပ်တွေကို ချက်ချင်း ပစ်ချပြီး လီယောင်ရဲ့ အိမ်ရှေ့ကို ချက်ချင်း ပြေးလာခဲ့ကြလေသည်။
“ ရွာလူကြီးဝမ် .. လီယောင်တို့မိသားစုက ဒီနေ့ ဘာလုပ်မလို့လဲ။ ”
“ ငါလည်း သေချာ မသိဘူး။ ” ဟု ဝမ်ကျားဖူက ပြောလိုက်သည်။ “ ဒါပေမဲ့ ကောင်းတဲ့ ကိစ္စ တစ်ခုခုပဲ ဖြစ်မှာပါ။ ”
“ ဒါပေါ့ ၊ အမျိုးသမီးလီတို့မိသားစုကို ကူညီပေးရတာက ကျွန်တော်တို့အတွက် သေချာပေါက် ကောင်းတဲ့ ကိစ္စပဲ။ ”
လူတိုင်း မျှော်လင့်စောင့်စားနေချိန်မှာ နောက်ဆုံးတော့ လီယောင် ထွက်လာခဲ့သည်။
“ အနောက်ဘက်က တောင်တန်းတွေမှာ ရေလှောင်တမံ လုပ်ဖို့ ကျွန်မ ရေကာတာ ဆောက်ချင်တယ်။ ”
ထိုစကားက လူတိုင်းကို ထိတ်လန့်သွားစေ၏။
ရေလှောင်တမံက ဘယ်လို အရာမျိုးလဲ ဆိုတာ သူတို့ သိပါသည်။ ရေလှောင်တမံ ဆိုတာ ရေတွေ အများကြီးကို သိုလှောင်ထားနိုင်တဲ့ ရေကန်ကြီး မဟုတ်လား။
ဒါပေမဲ့ ပုံမှန်အားဖြင့် အဲ့လို အရာမျိုးကို ကောင်တီအစိုးရအဖွဲ့ရုံးကပဲ ဦးဆောင်တာ ဖြစ်ပြီး ရေလှောင်တမံ တစ်ခုကို အောင်အောင်မြင်မြင် ဆောက်ဖို့ အချိန်တွေရော ၊ ပိုက်ဆံတွေရော အများကြီး လိုသည်။ ဘယ်လိုလုပ် လီယောင်က အဲ့ဒါကို သူတစ်ယောက်တည်း လုပ်ချင်နေရတာလဲ။
ပြီးတော့ လီယောင်က ဘာလို့ ရေလှောင်တမံ ဆောက်ချင်ရတာလဲ။
ဝမ်ကျားဖူသည် နည်းနည်းလေး ဇဝေဇဝါဖြစ်သွားပြီး “ လီယောင် … မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ” ဟု မေးလိုက်တော့ လီယောင်က “ ကျွန်မ နောက်နေတာ မဟုတ်ပါဘူး။ ” ဟု သူ့ကို ပြန်ပြောသည်။
“ ရေကာတာ တစ်ခု ဆောက်ဖို့ အချိန်တွေ ၊ ငွေတွေ ဘယ်လောက် လိုတယ် ဆိုတာ မင်း သိလို့လား။ ”
“ ကျွန်မ အကြမ်းဖျင်းတော့ တွက်ချက်ပြီးပါပြီ။ ရွာသားတွေ အကုန်လုံး ဝိုင်းဝန်းကူညီမယ် ဆိုရင် ဒီနှစ်ကုန်ပိုင်းလောက် ဆိုရင် ပြီးသလောက် ရှိမှာပါ။ ပိုက်ဆံ ဘယ်လောက် ကုန်မလဲ ဆိုတာကိုတော့ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း မတွက်ရသေးဘူး။ ဒါပေမဲ့ ကျွန်မမိရဲ့ သားစုမှာ ငွေကြေး လုံလုံလောက်လောက် ရှိမှာပါ။ ”
ရွာသူ ၊ ရွာသားတွေ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လီယောင်က ဒီလောက်တောင် ချမ်းသာတာလား။
သေချာတာပေါ့ ၊ လီယောင် ချမ်းသာတာကို မကောင်းတဲ့ ကိစ္စ တစ်ခုလို့ ဘယ်သူကမှ မထင်ကြပါ။ ရွာမှာ ရှိတဲ့ အောက်ထစ် မိသားစုတစ်ဝက်လောက်က လီယောင်ရဲ့ ကျေးဇူးကြောင့် ပိုက်ဆံရှာနိုင်နေတာ ဖြစ်သည်။
လီယောင်လို ကြေးရတတ် တစ်ယောက်မှာတောင် ပိုက်ဆံမရှိရင် သူတို့လို ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ လူတွေမှာ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် လီယောင် ချမ်းသာလာလေ ၊ လူတိုင်းအတွက် ကောင်းကျိုးဖြစ်ထွန်းလေပါပဲ။
“ အခု တစ်ချက်လောက် သွားကြည့်ရအောင် ရွာလူကြီးဝမ်။ ရှင် ကျွန်မကို ကုန်ကျမယ့် ငွေကြေးကို ကူတွက်ပေးလို့ ရတယ်။ ရွာလူကြီးဝမ်က ကြီးကြပ်ပေးရမှာ ဆိုတော့ တည်ဆောက်ရေးလုပ်ငန်းတွေကို တရားဝင် စတင်တဲ့ အချိန်ထိ ရွာလူကြီးဝမ်ရဲ့ အကူအညီကို ကျွန်မ လိုနေဦးမှာ။ ”
“ ကောင်းပြီလေ။ ”
ရေလှောင်တမံဆောက်ခြင်းမှာ ကောင်းကွက်တွေရော ၊ ဆိုးကွက်တွေရော ရှိသည်။
ကောင်းကွက်က ရေလှောင်တမံ ဆောက်ပြီးသွားတာနှင့် သိုလှောင်ထားတဲ့ ရေတွေက အနည်းဆုံးအားဖြင့် ဟဲဝမ်ရွာ တစ်ရွာလုံးကို ဆည်မြောင်းသွယ်ဖို့ လုံလောက်လိမ့်မည်။ ဆိုးကွက်ကတော့ သေချာ မဆောက်ခဲ့လို့ ရေကာတာ ပြိုကျရင် ဟဲဝမ်ရွာ တစ်ရွာလုံး ကပ်ဆိုက်သလို ရေလွှမ်းသွားမှာပါ။
ထို့ကြောင့် ရွာလူကြီးဝမ်သည် ကြီးကြီးငယ်ငယ် ရွာသားတွေ အကုန်လုံးကို လီယောင် ရွေးချယ်ထားတဲ့ နေရာကို ခေါ်လာခဲ့လိုက်သည်။
ထိုနေရာကို လီယောင် မျက်စိကျနေခဲ့တာ အတော် ကြာပါပြီ။ တောင်ခါးပန်း နှစ်ခုကြားက အကွာအဝေးက မီတာ ( ၂၀၀ ) တောင် ရှိမနေပါ။ တကယ်လို့ ( ၁၅ ) မီတာ မြင့်တဲ့ ရေကာတာ တစ်ခုကို ဆောက်ရင် သူ့နောက်က ရေလှောင်တမံက တော်တော်လေး အရွယ်အစားကြီးမှ အဆင်ပြေလိမ့်မည်။
ဒီနားတစ်ဝိုက်က တောင်တွေ အကုန်လုံးကို သူမ ဝယ်ထားတာမို့ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်လို့ အငြင်းပွားစရာကတော့ ဘာတစ်ခုမှ မရှိပေ။
ရေလှောင်တမံ ဆောက်ပြီးသွားရင် ရေသွယ်တံတားနှင့် ဆည်ရေထွက်လမ်းကြောင်းကိုလည်း သေချာလေး ဆောက်ပြီး ရေတွေကို တောင်ခါးပန်းအောက်ကို သွယ်ကာ သူမရဲ့ အိမ်အသစ်ကို ရေပေးရမည်။
အဲ့ဒါဆို တောင်ပေါ်က ကောက်ပဲသီးနှံတွေကို ဆည်ရေဖြင့် ရေသွင်းစိုက်ပျိုးလို့ ရရုံသာမက သူမလည်း ရေစက်တွေ ၊ ရေအားလျှပ်စစ်ကို ထုတ်လွှတ်ပေးနိုင်တဲ့ ရေလှည်းဘီးတွေ ၊ ရေပန်ကာတွေ ၊ မော်တာတွေလို အတိုင်းအတာ တစ်ခုထိ အလိုအလျောက် လည်ပတ်နိုင်တဲ့ စက်ပစ္စည်းတွေကို တည်ဆောက်နိုင်မည် ဖြစ်ပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုနည်းစနစ်တွေကိုလည်း များစွာ အဆင်မြှင့်တင်နိုင်လိမ့်မည်။
သူမရဲ့ အစီအစဉ်တွေကို နားထောင်ပြီးနောက် ရွာလူကြီးဝမ်သည် အချိန်အတော်ကြာ တွေးတွေးဆဆ မျက်မှောင်ကြုတ်နေခဲ့မိသည်။
နောက်ဆုံးတော့ အဲ့ဒါက ဖြစ်နိုင်ချေရှိတယ်လို့ ခံစားလိုက်ရသော်လည်း သူတို့ကို လမ်းညွှန်ပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်တွေကို ငှားရမ်းဖို့တော့ လိုအပ်ပါသည်။
“ ကျွမ်းကျင်ပညာရှင်တွေကို ငှားတဲ့ အပိုင်းကိုတော့ ရွာလူကြီးဝမ်နဲ့ပဲ ကျွန်မ လွှဲထားလိုက်ပါ့မယ်။ ” ဟု လီယောင်က ပြောလိုက်သည်။
“ ကောင်းပါပြီ။ ရေအားသုံးပြီး စက်ပစ္စည်းတွေကို တည်ဆောက်တဲ့ အကြီးတန်း ကျွမ်းကျင်ပညာရှင် တော်တော်များများကို ငါ သိတယ်။ ခဏနေရင် ငါ သူ့ကို လာကြည့်ဖို့ ဖိတ်ခေါ်လိုက်မယ်။ ”
ထိုနေ့ခင်းမှာပဲ ရေအားနှင့် စက်ပစ္စည်းတွေကို တည်ဆောင်တဲ့ အကြီးတန်း ကျွမ်းကျင်ပညာရှင် လေးယောက်သည် ဟဲဝမ်ရွာအနောက်က တောင်တန်းပေါ်ကို ဖိတ်ခေါ်ခံခဲ့ရသည်။
အဲ့ဒီ ရေလှောင်တမံကို လီယောင်တစ်ယောက်တည်း ဆောက်မယ် ဆိုတဲ့ အကြောင်းကို သိလိုက်ချိန်မှာတော့ သူတို့ အားလုံး ထိတ်လန့်ကာ ဘာပြောလို့ ပြောရမှန်းတောင် မသိကြတော့ပါ။
သို့သော်လည်း ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေအနေဖြင့် ရေသိုလှောင်တဲ့ လုပ်ငန်းတွေရဲ့ အရေးပါမှုကို သူတို့ ကောင်းကောင်း နားလည်ကြသည်။ တခြားလူတွေရဲ့ အကျိုးအတွက် ပိုက်ဆံအကုန်အကျခံ ကူညီပေးချင်နေတဲ့ လီယောင်ကို သူတို့ကလည်း ဝမ်းမြောက်ဝမ်းသာစွာ ကူညီအားဖြည့်ပေးမှာ ဖြစ်သည်။
စစ်ဆေးလေ့လာမှု အနည်းငယ် ပြုလုပ်အပြီးမှာတော့ ထိုညမှာပဲ သူတို့မှာ အကြမ်းဖျင်း အစီအစဉ် ထွက်လာခဲ့ကြသည်။
“ မင်း ဘယ်လို ထင်လဲ လီယောင်။ ” ဟု ဝမ်ကျားဖူက ထုံးစံအတိုင်း မေးလိုက်သည်။
အကြမ်းဖျင်း အစီအစဉ်ကို နားထောင်ပြီးသွားတော့ လီယောင်လည်း ပြဿနာ ကြီးကြီးမားမား မရှိဘူးလို့ ခံစားရသည်။ ပြောရရင် ရေအား စက်ပစ္စည်းတည်ဆောက်သူတွေက အကြီးတန်း ကျွမ်းကျင်ပညာရှင်အဆင့်တွေ ဖြစ်သည်။
“ သိပ်အရေးမကြီးတဲ့ ပြဿနာလေး နှစ်ခုတော့ ရှိတယ်။ ရေကာတာရဲ့ ရေသိုလှောင်မယ့် နံရံဘက်ကို အထူးပြုလုပ်ထားတဲ့ မြေကျစ်တွေ ၊ ကျောက်ပြားတွေနဲ့ တည်ဆောက်ချင်တယ်။ ပြီးတော့ ရေလှောင်တမံ အုတ်မြစ်ကိုလည်း နောက်ထပ် ငါးပေ ထပ်တူးရမယ်။ အဲ့ဒါမှ ပိုခိုင်မာပြီး စိတ်ချရမှာ။ ရေယိုစိမ့်မှာကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ ”
“ အထူးပြုလုပ်ထားတဲ့ မြေကျစ် ဆိုတာက ဘာကြီးလဲ။ ”
“ ကျွန်မ အိမ်တွေ ဆောက်ရင်းနဲ့ အမှတ်မထင် ရှာတွေ့သွားတဲ့ ပစ္စည်း တစ်မျိုးပါ။ ”
လီယောင်သည် ဘိလပ်မြေကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ဖို့ အစီအစဉ်ဆွဲထားသည်။ လုပ်နည်းကလည်း တော်တော်လေးကို ရိုးရှင်းပါသည်။
အရင်ဆုံး ထုံးကျောက်နှင့် ရွံ့စေးကို အမှုန့်တွေ ဖြစ်သွားအောင် ကြိတ်ချေပြီးနောက် မီးပြင်းဖိုမှာ အပူချိန်ပြင်းပြင်းမှာ ကြေမွသွားအောင် လုပ်ရမည်။ ပြီးနောက် သတ္ထုရိုင်းတွေကို အရည်ကျိုရာကနေ ရလာတဲ့ သတ္ထုချေးတွေနှင့် ရောပြီး နောက်တစ်ခေါက် ထပ်ကြိတ်ချေလိုက်ရင် အကြမ်းသုံး ဘိလပ်မြေကို ရရှိလာမှာ ဖြစ်သည်။
သို့သော်လည်း ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေဟာ ဘိလပ်မြေကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဒီအထူးပြုလုပ်ထားတဲ့ မြေကျစ်က တကယ်ရော အသုံးဝင်ရဲ့လား ဆိုတာ အတည်မပြုနိုင်ပေ။
“ ဒီလို လုပ်ကြရအောင်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် အချိန်တွေလည်း အများကြီး ရှိသေးတယ် ဆိုတော့ ကျွန်မ မြေကျစ်ကို အရင်ဆုံး လုပ်လိုက်ပါ့မယ်။ ရှင်က ကျွန်မ လုပ်ထားတဲ့ မြေကျစ်ကို စမ်းသပ်ပြီးမှ ဆုံးဖြတ်ချက်ချကြတာပေါ့။ ”
“ အဲ့စိတ်ကူး မဆိုးဘူး။ နောက်ထပ် ပြဿနာ တစ်ခုကရော ဘာလဲ။ ”
“ နောက်ပြဿနာ တစ်ခုက ရေထွက်ပေါက် ၊ ရေဝင်ပေါက်တွေပဲ။ ” လီယောင်က ပြောရင်း သူမ ဆွဲထားတဲ့ ပုံကြမ်းလေးကို ထုတ်ပြလိုက်သည်။ “ ဒီလို ပုံစံမျိုး တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ”
ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေက ထိုပုံကြမ်းကို ယူကြည့်ပြီး ခေါင်းနားပန်းကြီးသွားကြလေသည်။
ရေဝင်ပေါက် ထွက်ပေါက်က တစ်ပေါက်တည်း မဟုတ်ဘဲ စုစုပေါင်း ခြောက်ပေါက်တောင် ရှိသည်။ တစ်ပေါက်ချင်းစီက ငါးပေ အကျယ်အဝန်းရှိပြီး ( ၁၅ ) မီတာ မြင့်သည်။ အထူကလည်း ပေဝက် ရှိပြီး သံမဏိပြားတွေနှင့် သွန်းလုပ်ထား၏။
ရေဝင်ပေါက် ထွက်ပေါက်တွေရဲ့ အတက်အကျကို ထိန်းချုပ်ဖို့ ဝက်အူရစ်လေးတွေ ပါတဲ့ သံချောင်း တစ်မျိုးကိုလည်း အသုံးပြုထားသေးသည်။
အပေါ်မှာ မီတာ ( ၂၀ ) နီးပါး အမြင့်ရှိတဲ့ အဆောက်အအုံကို ရေဝင်ပေါက် ထွက်ပေါက် အဖွင့်အပိတ် ၊ အနိမ့်အမြင့်အတွက် အဆင်ပြေစေဖို့ အထူးတလည် တည်ဆောက်ထားသည်။
ဒါက …
ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူများသည် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြ၏။
သူတို့ စက်ပစ္စည်းတည်ဆောက်သူအဖြစ် အလုပ်,လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလို ရေဝင်ပေါက် ၊ ရေထွက်ပေါက်တွေကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဒီလောက် သံမဏိတွေ အများကြီး သုံးထားရင် ဘယ်လောက်တောင် ကုန်ကျမှာပါလိမ့်။
“ ငွေရေးကြေးရေးက ပြဿနာ မဟုတ်ပါဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒီလို ပုံစံမျိုး တစ်ထပ်တည်းရအောင် ရှင်တို့ လုပ်ပေးနိုင်လား။ ”
ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူများသည် တခဏ စဉ်းစားကြည့်ပြီးနောက် ပြိုင်တူ ခေါင်းညိတ်ပြလိုက်သည်။
ပုံကြမ်းက တော်တော်လေး ရှင်းလင်းပြတ်သားကာ အသေးစိတ်ကျနေပြီးသားမို့ တည်ဆောက်နေစဉ်အတွင်းမှာ အသေးစိတ်ထုထည်ကို အာရုံစိုက်ထားဖို့ပဲ လိုသည်။ ဘာပြဿနာမှ ရှိမည် မထင်ပါ။
“ ဒီလိုဆို တော်သေးတာပေါ့။ ရေကာတာနဲ့ ရေဝင်ပေါက် ထွက်ပေါက်တွေက ဟဲဝမ်ရွာသူရွာသားတွေရဲ့ အသက်ပေါင်းထောင်ချီနဲ့ ပတ်သက်နေလို့ သေရေးရှင်းရေးလောက်ကို အရေးကြီးပါတယ် လူကြီးမင်းတို့။ အဲ့ဒါကြောင့် ကျွန်မတို့ ရှင့်ကို ဒီကိစ္စကို သေချာလေး ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ”
“ စိတ်ချပါ အမျိုးသမီးလီ။ ကျွန်တော်တို့ မင်းအတွက် အလုပ်ကြိုးစားပါ့မယ်။ ”
“ ဒါဆို အကုန်ုလုံး အတည်တကျဖြစ်ပြီနော်။ လူတိုင်းကို မနက်ဖြန်က စပြီး အလုပ်စလုပ်ခိုင်းလိုက်ပါ။ မြေကျစ်ကို တစ်ရက် ၊ နှစ်ရက်အတွင်း ကျွန်မ အပြီး လုပ်ထားလိုက်မယ်။ ”
နောက်ရက်တွေမှာ လီယောင် တစ်ယောက် ဘိလပ်မြေလုပ်ရင်း အလုပ်ရှုပ်နေခဲ့ရသည်။
ကြားတော့သာ ရိုးရှင်းသလို ထင်ရပေမဲ့ တကယ်တမ်း လက်တွေ့ လုပ်ကြည့်တော့ အတော်လေး လက်ဝင်သည်။
အဓိက ပြဿနာက အမှုန့်လေးတွေ ဖြစ်သွားအောင် ကြိတ်ချေရခြင်း ဖြစ်သည်။ စက်ပစ္စည်းတွေ မရှိတာမို့ ကျောက်ငရုတ်ဆုံကို သုံးပြီး လက်အားဖြင့် ကြိတ်ချေရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိရာ လုံးဝ အလုပ်မတွင်ပေ။
သတ္ထုရိုင်းတွေကို ကြေမွသွားအောင် မီးဖုတ်ရတာလည်း တော်တော်လေး ခက်သည်။
ထို့ကြောင့် လီယောင်သည် ပန်းပဲဆရာကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်မီးဖုတ်တဲ့ အုတ်မီးဖို တစ်လုံး ဆောက်ခိုင်းကာ ကျောက်မီးသွေးတွေ အများကြီးကို အဝေးကြီးကနေ တကူးတက ဝယ်ယူခဲ့သည်။
ထိုအချိန်မှာ ဝမ်မိသားစုရဲ့ စတုတ္ထသား ဝမ်ယွမ်ပန်းက သူမကို အများကြီး ကူညီပေးခဲ့သည်။ ပင်ပန်းစရာကောင်းပြီး ညစ်ပတ်တဲ့ အလုပ်တွေ အကုန်လုံးက သူ့ဦးဆောင်မှုအောက်မှာပဲ ပြီးစီးသွား၏။ လီယောင်ကို ဘာကိုမှ လျိုမထားဘဲ ဘိလပ်မြေ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အစအဆုံးနီးပါးမှာ သူ့ကို သိသင့် သိထိုက်တာတွေ အများကြီး သင်ပေးခဲ့သည်။
ဆယ်ရက်နီးပါး လက်တွေ့စမ်းသပ်ချက်တွေအပြီးမှာတော့ သူတို့ဟာ ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ကြလေသည်။
လီယောင်က နောက်ဆုံးမှာ ရရှိလာတဲ့ မီးခိုရောင်အမှုန့်လေးတွေကို ကြည့်ရင်း ဝမ်ယွမ်ပန်းအား ရွာလူကြီးဝမ်နှင့် ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေကို ချက်ချင်း သွားခေါ်ခိုင်းလိုက်သည်။
လူတိုင်းက လီယောင် အထူးတလည် ပြုလုပ်ထားတဲ့ မြေကျစ် ဆိုတဲ့ အရာက ဒယ်ပြား တစ်ပြားစာ မီးခိုးရောင် အမှုန့်လေးတွေသာ ဖြစ်ကြောင်း မြင်သွားချိန်မှာ စူးစူးစမ်းစမ်း မေးခွန်းထုတ်ခဲ့ကြသည်။ “ ဒီအမှုန့်တွေကို ဘယ်လို သုံးရမှာလဲ။ ”
“ ဒီအမှုန့်တွေကို ထုံးကျောက်လို သဲတွေနဲ့ အရည်ပျစ်ပျစ်တွေ ဖြစ်သွားအောင် ရောမွှေပေးရတယ်။ ”
လီယောင်က ဝမ်ယွမ်ပန်းကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်တွေ့ သရုပ်ပြခိုင်းခဲ့သည်။ သူက ထုံး ၊ ကျောက် ၊ သဲနှင့် ဘိလပ်မြေအမှုန့်တို့ကို ရောဖျော်ပြီးနောက် အိမ်ဆောက်တုန်းက ပိုနေတဲ့ အစိမ်းရောင်အုတ်ခဲတွေကို သုံးကာ မီတာဝက် အမြင့်ရှိတဲ့ ရေကူးကန်လေး တစ်ကန် တည်ဆောက်ခဲ့သည်။
နောက်ဆုံးတော့ ဘိလပ်မြေထူထူက ရေကူးကန်အောက်ခြေမှာ အသားကျသွားပြီး အုတ်ခဲတွေကြားထဲကို စိမ့်ဝင်သွားခဲ့သည်။
“ လုံးဝ ခြောက်သွားပြီ ဆိုတာနဲ့ အရမ်း မာကျောသွားပြီး ရေလည်း လုံသွားလိမ့်မယ်။ ”
သုံးရက် ကြာသွားတော့ ရွာလူကြီးဝမ်နှင့် ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေ ထပ်ရောက်လာပြီး လာကြည့်ကြသည်။
ဘာအလေးချိန်မှ မပါတဲ့ ဒီလို နံရံပါးပါးလေးဟာ အလွယ်တကူ ပြိုကျနိုင်လိမ့်မည်ဟု သူတို့ ခံစားခဲ့ရသည်။ ရေလုံလား ၊ မလုံဘူးလား ဆိုတာကိုတော့ အခုထိ အတည်မပြုနိုင်သေးပါ။
ဝမ်ယွမ်ပန်းက လူတိုင်းရှေ့မှာ ရေကူးကန်လေးထဲကို ရေဖြည့်လိုက်သည်။ ရလဒ်က အားလုံးမျက်မြင်ပါပဲ။ နည်းနည်းလေးတောင် ရေယိုစိမ့်လာတာ မရှိတဲ့အပြင် နေ့တစ်ဝက်ကြာသွားတဲ့အထိ ရေကူးကန်လေးရဲ့ အပြင်နံရံမှာ ရေစိမ့်ထွက်တဲ့ အရိပ်အယောင်လေးတောင် မရှိဘဲ ခြောက်သွေ့နေဆဲပဲ ဖြစ်သည်။
“ ရေလုံတာကတော့ တကယ့်ကို သဘောကျစရာကောင်းတယ်ဗျာ။ ”
ရေလုံတာကို အတည်ပြုပြီးနောက် ခိုင်မာမှု ရှိ ၊ မရှိကို သူတို့ ထပ်စစ်ဆေးကြသည်။
လီယောင်က ဝမ်ယွမ်ပန်းကို သံတူကြီး တစ်ချောင်း ယူခိုင်းလိုက်ပြီး ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေကို ရေကူးကန်အား ထိုတူနှင့် စိတ်တိုင်းကျ ရိုက်ခိုင်းလိုက်သည်။
သာမန် နံရံ တစ်ချပ်လိုပဲ တူနှင့် သုံး ၊ လေးချက်လောက် ရိုက်လိုက်ရုံနှင့် ပြိုကျသွားလိမ့်မည်ဟု လူတိုင်းက ထင်ထားကြပေမဲ့ သူတို့ကို အံ့ဩသွားစေတာက တူနှင့် တစ်ချက် ရိုက်လိုက်တိုင်းမှာ ရေကူးကန်လေးရဲ့ နံရံက နည်းနည်းလေးတောင် လှုပ်ယမ်းမသွားပေ။
အက်ကွဲရာလေး တစ်ကြောင်းတောင် မထင်ခဲ့။
ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူ လေးယောက်နှင့် ရွာလူကြီးဝမ်သည် တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်မိသည်။
ဒါက … သိပ်ကို ခိုင်မာလွန်းတာပဲ။
…