ယုံကြည်မှုရှိဖို့ပဲ လိုပါတယ်။
Vol. 7 Ch. 89
ရေကူးကန်လေး တစ်ကန်ကို လူငါးယောက်ပေါင်းပြီး ဖြိုချတာတောင် တစ်ကိုယ်လုံး ချွေးပြိုက်ပြိုက်ကျအောင် ဖြိုချခဲ့ရသည်။
ဒီလို ခိုင်မာလွန်းတဲ့ ရေကူးကန်လေးကို သာမန် အုတ်ခဲစိမ်းတွေနှင့် အထူး ဘိလပ်မြေမှုန့် တစ်မျိုးကို သုံးပြီး တည်ဆောက်ထားတယ် ဆိုတာ ယုံကြည်ရခက်ခက်ပင်။
ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူများသည် ချက်ချင်းပဲ အများကြီး ကြိုတွေးခဲ့ကြသည်။
“ ဒါကို သုံးပြီးတော့သာ ရေကာတာတွေ ၊ တာတမံတွေ တည်ဆောက်လိုက်ရင် ဘယ်လောက်တောင် ပိုပြီး ခိုင်မာသွားမှာပါလိမ့်။ ”
“ အမျိုးသမီးလီ .. မင်း တီထွင်ထားတဲ့ အထူး ဘိလပ်မြေမှုန့်က တကယ့်ကို အထင်ကြီးစရာကောင်းလွန်းပါတယ်။ ”
“ ဒီဘိလပ်မြေမှုန့်ကိုသာ သုံးပြီး မြစ်ကြီးတွေပေါ်မှာ ရေကာတာတွေ ဆောက်လိုက်ရင် မြစ်ကမ်းပါးတစ်လျှောက်မှာ သဘာဝဘေးအန္တရာယ်တွေကို ရှောင်လွှဲနိုင်တဲ့ လူတွေ ဘယ်လောက်များ ရှိလာမလဲ မသိဘူး။ တံတားတွေ ဆောက်တဲ့ နေရာမှာလည်း နည်းနည်းလေးမှ ပြိုကျမှာ စိတ်ပူစရာမလိုဘဲ တည်ဆောက်နိုင်လိမ့်မယ်။ ”
သေချာပေါက်ပင် လီယောင်လည်း ဒီဘိလပ်မြေမှုန့်ကို ဘယ်အတိုင်းအတာထိ အသုံးပြုလို့ ရလဲ ဆိုတာ သိပါသည်။
ဒါပေမဲ့ အမှန်တရားက ခါးသီး၏။
ဘိလပ်မြေမှုန့်လေး နည်းနည်း ရဖို့တောင် သူမ ပိုက်ဆံတွေ အများကြီး အကုန်ခံခဲ့ရတာကို ထည့်ပြောနေစရာတောင် မလိုပါ။ အဓိက ပြဿနာက ကုန်ကြမ်းပစ္စည်းတွေကို ရှာရခက်တာ ဖြစ်သည်။
လီယောင်သည် သတ္ထုချေး နည်းနည်းပါးပါး ဝယ်ယူဖို့အတွက်ပင် အဝေးကြီးကို ခရီးသွားခဲ့ရသည်။
ပြီးတော့ ကုန်ထုတ်လုပ်တဲ့ စက်ပစ္စည်းကိရိယာတွေကလည်း အခြေခံအားဖြင့် ဒီကမ္ဘာမှာ မရှိသောကြောင့် နောက်ပိုင်းမှာ အရည်အသွေးမြင့် သံမဏိတွေ မရရင် ၊ တရားရုံးတော်ကလည်း အရေးပါတဲ့ ကဏ္ဍ တစ်ခုကနေ မကူညီရင် ဘိလပ်မြေစက်ရုံကြီး တစ်ရုံ တည်ဆောက်ပြီး ဘိလပ်မြေတွေ အများကြီး ထုတ်လုပ်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသလောက်ပင်။
ဘိလပ်မြေတွေကို အများကြီး ထုတ်လုပ်လို့ မရဘူး ဆိုတဲ့ စကားကို ကြားတော့ ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေလည်း ထပ်တလဲလဲ သက်ပြင်းချဖို့ပဲ တတ်နိုင်တော့သည်။
ဒီလောက်တောင် အသုံးဝင်တဲ့ အရာ တစ်ခုက ကမ္ဘာကြီးကို အကျိုးမပြုနိုင်တာ တကယ့်ကို နှမြောစရာကောင်းရဲ့။
“ ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး။ ” ဟု ရွာလူကြီးဝမ်က ပြောလိုက်သည်။ “ ငါ ရာဇဝတ်တရားသူကြီးစုန့်ကို ဒီအကြောင်း သတင်းပို့ပြီးသွားပြီ။ တကယ်လို့ သူသာ တရားရုံးတော်ကို အသနားခံလွှာတင်ပေးရင် အနာဂတ်မှာ ငါတို့တွေ ဘိလပ်မြေတွေအများကြီး ထုတ်လုပ်နိုင်လောက်တယ်။ အဲ့အခါကျ နင်လည်း နာမည်ကောင်းတွေ အများကြီး ရမှာ လီယောင်။ ”
သူက တရားသူကြီးစုန့်ကို ဒီအကြောင်း သတင်းပို့ပြီးပြီတဲ့လား … ။
လီယောင်သည် ဒီရွာလူကြီး အဘိုးကြီးကို သူမထက်တောင် ပိုတက်ကြွနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အမှန်အတိုင်း ပြောရရင် သူမ ဘာနာမည်ကောင်းမှ မလိုချင်ပါ။ သူမက ရေကာတာမှာ ပိုပြီး ဘေးကင်းလုံခြုံစေဖို့ ဘိလပ်မြေမှုန့် တချို့ ပြုလုပ်ပေးခဲ့ရုံသာ။
ဒါပေမဲ့ တရားရုံးတော်က ဒါကို တန်ဖိုးထားရင်တော့လည်း မဆိုးဘူးပေါ့လေ။
“ ဆရာတို့ … ” ဟု ပြောပြီး ရွာလူကြီးက စကားဆက်လိုက်သည်။ “ ဒီအထူး ဘိလပ်မြေမှုန့်က တကယ့်ကို ကောင်းကောင်း အလုပ်,လုပ်တယ် ဆိုတာကို ကျွန်တော်တို့ အခု အတည်ပြုပြီးသွားပြီ ၊ ရေကာတာ အုတ်မြစ်ကိုလည်း တူးပြီးသွားပြီ ဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဒီနေ့ပဲ စလိုက်ကြမလားဗျ။ ”
“ ကျွန်တော်တို့ ဒီနေ့ပဲ တရားဝင် စလို့ ရပါပြီ။ ”
ဟဲဝမ်ရွာသည် လီယောင်ရဲ့ ရေလှောင်တမံအတွက် ရေကာတာကို ရှိသမျှ အင်အားတွေ အကုန်လုံး စိုက်ထုတ်ပြီး စတင်တည်ဆောက်နေချိန်မှာ တရားသူကြီးစုန့်က ဝမ်ကျားဖူ ပို့လိုက်တဲ့ မြေမှုန့်တွေကို အစိုးရရုံးတော် နောက်ဖေးဉယျာဉ်ထဲမှာ စူးစမ်းလေ့လာနေခဲ့သည်။
ဝမ်ကျားဖူရဲ့ ပြောစကားအရ ဒီအထင်ကြီးစရာမကောင်းတဲ့ မီးခိုးရောင် အမှုန့်လေးတွေက သာမန် အုတ်နံရံလေး တစ်ချပ်ကို အံ့ဩဖွယ်ရာ ခိုင်မာအောင် လုပ်နိုင်ပါတယ်တဲ့။ သူကိုယ်တိုင် စမ်းသပ်ကြည့်လိုက်တော့လည်း တကယ်ပဲ သူ ထင်ထားတာထက် ပိုပြီးတော့တောင် ခိုင်မာနေခဲ့သည်။
ပြီးတော့ ဒီပစ္စည်းကိုလည်း လီယောင် ဖန်တီးထားတာပင်။ အခုအချိန်မှာ လီယောင်ရဲ့ စွမ်းရည်တွေကို သူ ထပ်မအံ့ဩတော့ပါ။
တကယ်လို့သာ ဒီအထူး မြေမှုန့်တွေက ပြောထားသလို အဖိုးတန်ရင် မိုးခေါင်ရေရှားမှုကို တွန်းလှန်နိုင်တဲ့ ရေတွင်းတွေကို တူးဖော်လို့ ရသွားတာ ၊ ကန်စွန်းဥတွေကို တူးဖော်တွေ့ရှိသွားတာတွေထက်တောင် အဆပေါင်းများစွာ ကြီးကျယ် ကောင်းကျိုးပြုတဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါလိမ့်မည်။
နယ်စပ်ဒေသတွေမှာ ရက်စက်တဲ့ လူရိုင်းတွေရဲ့ ဒုက္ခပေးခြင်းကို ခံနေရတာ ကြာခဲ့ပြီ ဖြစ်သလို ဒီဒေသက လူတွေဟာလည်း မြစ်တွေကနေ ရေကြီးရေလျှံခြင်းဒဏ်ကို ခံစားခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
ပြီးတော့ တာ့လင်တိုင်းပြည်မှာလည်း မညီမညာ ကြမ်းတမ်းတဲ့ လမ်းတွေရဲ့ ဒဏ်ကို ခံလာရတာ နှစ်တွေ အများကြီး ကြာနေပါပြီ။
ဒီမြေမှုန့်ကို ပမာဏများများ ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားလာအောင်သာ လုပ်နိုင်ရင် တာ့လင်က ကြီးပွားချမ်းသာတဲ့ တိုင်းပြည် တစ်ခု ဖြစ်လာပြီး တိုင်းသူပြည်သားတွေဟာလည်း အေးချမ်းသာယာလာမှာ မလွဲဧကန်ပင်။
တရားသူကြီးစုန့်သည် ထိုသို့ တွေးမိသွားသည်နှင့် တစ်ပြိုင်နက် သူ့လူတွေကို ထိုမြေမှုန့်တွေအား သစ်သားစည်တွေထဲမှာ ထည့်ခိုင်းပြီး အစိုဓာတ် အငွေ့ပျံမသွားစေရန်အတွက် ဆီစိမ်စက္ကူ အထပ်ထပ် ပတ်ကာ အသုံးပြုနည်းကို သူကိုယ်တိုင် ရေးပေးလိုက်ပြီး မူလအရင်းအမြစ်ကိုပါ တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်။
ဒါပေမဲ့ ဘယ်ကို ပို့ရမလဲ ဆိုတာကိုတော့ သေချာလေး ဂရုတစိုက် တွေးဖို့ ရှိသည်။
ယီကျိုးစီရင်စုကိုလည်း ယုံကြည်လို့ မရတော့ပါ။ မိုးခေါင်ရေရှားခြင်းကို တွန်းလှန်နိုင်တဲ့ ရေတွင်းတွေရဲ့ နာမည်ကောင်းကို လိုချင်တဲ့ စီရင်စုအုပ်ချုပ်ရေးမှူးဟူသည် အတင့်ရဲစွာ လီယောင်ကို အန္တရာယ်ပေးဖို့ လူတွေ တိတ်တဆိတ် လွှတ်ခဲ့သည်။ ဒီအထူး မြေမှုန့် ဆိုတဲ့ ပိုကြီးကျယ်တဲ့ အောင်မြင်မှုအတွက်ဆို သူ ဘယ်လို ဆိုးဝါးယုတ်မာတဲ့ ကိစ္စတွေကို လုပ်မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။
ထို့ကြောင့် ဒီတစ်ခေါက်တော့ ယီကျိုးစီရင်စုကို ကျော်ပြီး မြို့တော်ကိုပဲ တိုက်ရိုက် ပို့ပေးဖို့ ဆုံးဖြတ်ကာ သူ့အဖေအား မြေမှုန့်တွေကို နန်းတော်ထဲ ရောက်အောင် ပို့နိုင်မယ့် နည်းလမ်းကို ရှာဖွေခိုင်းထားလိုက်သည်။
သို့ပေမဲ့ သူ့အဖေရဲ့ ဒေါသနှင့် သူ့အပေါ် မျက်စိစုံမှိတ် မုန်းတီးနေခြင်းကို ပြန်တွေးမိသောအခါ နည်းနည်းလေး စိုးရိမ်စိတ်ဝင်သွားမိသည်။
တရားသူကြီးစုန့်သည် သူ့အဖေကိုယ်တိုင် မျက်နှာလိုမျက်နှာရ ကပ်ဖားရပ်ဖား လုပ်ချင်၍ သူ့ကို ကူညီမပေးချင်မှာကို စိုးရိမ်သောကြောင့် အကျိုးအကြောင်း ရှင်းပြထားသည့် စာ တစ်စောင်ကို ရေးလိုက်ပြီး သူ့အဖေ မုန်းတီးစိတ်တွေကို ခဏ ဘေးဖယ်ပြီး ကမ္ဘာပေါ်က လူတွေရဲ့ ကောင်းကျိုးကို ရှေ့တန်းတင်ဖို့ မျှော်လင့်နေမိလေသည်။
သတင်းပေးပို့သူ ဆက်သားကို လွှတ်လိုက်ပြီးနောက် တရားသူကြီးစုန့်သည် ဇနီးဖြစ်သူနှင့် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းကို ခေါ်လိုက်၏။ သူ ဟဲဝမ်ကျေးရွာကို အခုချက်ချင်း ခရီးထွက်ရမည်။
…
“ ဟဲဟိုး … ဟဲဟိုး … ”
ရွာသူ ၊ ရွာသား ရာပေါင်းများစွာဟာ ရေအားသုံး စက်ပစ္စည်းတည်ဆောက်သူတွေရဲ့ ဦးဆောင်မှုအောက်မှာ လီယောင်ရဲ့ ရေကာတာကို တည်ဆောက်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။
အဲ့ဒီကို တရားသူကြီးစုန့် ရောက်သွားတော့ ဒီမှာ အလုပ်,လုပ်နေတဲ့ လူတွေ အကုန်လုံးက ချွေးတလုံးလုံးနှင့် ကြိုးစားနေကြတာကို သတိထားမိသွားသည်။ အားနည်းတဲ့ သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေတောင် နားချင်စိတ် နည်းနည်းလေးမှ မရှိပေ။
လီယောင် ဆိုတဲ့ အမျိုးသမီးဟာ လူတိုင်းကို စည်းရုံးညီညွှတ်စွာ အလုပ်,လုပ်စေနိုင်တာ တကယ့်ကို အံ့ဩစရာကောင်းလွန်းသည်။
ပြီးတော့ ဒီ မီတာ ( ၂၀၀ ) နီးပါး ရှည်လျားတဲ့ ရေကာတာကြီးက သူ့ကို ပိုလို့တောင် အံ့ဩစေသည်။
ဒီရေကာတာကြီး ဆောက်လုပ်ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် မိုးခေါင်ရေရှားခြင်းကို တွန်းလှန်နိုင်တဲ့ ရေတွင်းတွေ မရှိရင်တောင် ၊ ကောင်းကင်ဘုံက မိုးရေ တစ်ပေါက်တောင် မကျရင်တောင် ဟဲဝမ်ကျေးရွာဟာ လယ်ကွင်းတွေမှာ ရေသွင်းစိုက်ပျိုးဖို့ ရေရှားတော့မှာ မဟုတ်တော့။
ဒီလို ရေကာတာတွေကိုသာ တစ်တိုင်းပြည်လုံးမှာ တည်ဆောက်နိုင်ရင် …
တရားသူကြီးစုန့် ခေါင်းခါယမ်းလိုက်သည်။ ဒါက တော်တော်လေးကို မျှော်လင့်ချက်ကြီးတဲ့ အတွေးပဲ။
တရားသူကြီးစုန့်ကိုယ်တိုင် သူမမိသားစုရဲ့ ရေကာတာကို လာကြည့်သောကြောင့် လီယောင်သည် သဘာဝကျစွာပင် ပေါ့ပေါ့ဆဆ မနေရဲတော့ပါ။ တရားသူကြီးစုန့် ဒီတစ်ခေါက် ရောက်လာတဲ့ အဓိက အကြောင်းပြချက်က အထူး ဘိလပ်မြေမှုန့်အကြောင်း ဆွေးနွေးဖို့ ဖြစ်သည်။
“ မင်း တီထွင်ထားတဲ့ မြေမှုန့်က အရမ်း အဖိုးတန်တယ်။ ငါ အဲ့ဒါကို မြို့တော်ကိုတောင် ပို့ပြီးသွားပြီ။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ ဒါပေမဲ့ … မြို့တော်မှာလည်း အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးနေတာ ဆိုတော့ ငါ မင်းကို ဘာအာမခံချက်မှတော့ မပေးရဲဘူး။ ”
“ ကိစ္စမရှိပါဘူးရှင်။ ဒါနဲ့ ကျွန်မ ဒီမြေမှုန့်တွေကို ဘိလပ်မြေလို့ နာမည်ပေးထားပါတယ်။ ”
“ ဘိလပ်မြေ .. ဟုတ်လား။ ” တရားသူကြီးစုန့်က ထိုနာမည်ကို နှစ်ခေါက် ၊ သုံးခေါက်လောက် ခပ်တိုးတိုး ရေရွတ်ကြည့်ပြီးမှ ပြုံးလိုက်သည်။ “ ကောင်းလိုက်တဲ့ နာမည်လေးပဲ။ ဒီဘိလပ်မြေက အနာဂတ်မှာ ငါတို့တာ့လင်အတွက် အချက်အချာ လက်နက် တစ်ခု ဖြစ်လာမှာ သေချာတယ်။ ”
သူတို့ နှစ်ယောက် ထွေရာလေးပါးစကားတွေ ဆက်ပြောနေစဉ်မှာပဲ လူငယ် တစ်ယောက်က ရေးကြီးသုတ်ပြာ ရောက်လာသည်။
“ တတိယအစ်ကိုဖန်း မြန်မြန် အိမ်ပြန်လာခဲ့တော့။ မရီးလျှို့က ကလေးမွေးတော့မယ်။ ”
ဖန်းစန်းက ဖန်ရှိန်ရဲ့ တတိယသား ဖြစ်သည်။ သူ့ဇနီးလျို့က လွန်ခဲ့တဲ့ ( ၂ ) နှစ်တုန်းက သမီးလေး တစ်ယောက်ကို မွေးထားပြီးသား ဖြစ်ပြီး ဒါက ဒုတိယမြောက် ကလေး ဖြစ်သည်။
တတိယအစ်ကိုရဲ့ ဇနီးက ကလေးမွေးတော့မယ် ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့ ဖန်းမိသားစုဝင်တွေ အကုန်လုံးက လုပ်လက်စ အလုပ်တွေကို ရပ်ပြီး အပြေးအလွှား အိမ်ပြန်သွားခဲ့ကြသည်။
ဒါက လီယောင် ဟဲဝမ်ရွာကို ရောက်ကတည်းကနေ အခုချိန်ထိ မိန်းကလေး တစ်ယောက် ကလေးမွေးတဲ့ သတင်းကို ကြားဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ ဘာ့ကြောင့်ရယ်မသိ သူမရဲ့ နှလုံးသားထဲမှာ နည်းနည်းလေး လှုပ်ရှားသွားသလို ခံစားရသည်။
ရှေးခေတ်မှာ မိန်းမ တစ်ယောက်အဖို့ ကလေးမွေးခြင်းက သေမင်းနှင့် လွန်ဆွဲတာနှင့် တူသည်။ အနည်းငယ်မျှသော ဂရုမစိုက်ခြင်းကပင် ကလေးရော ၊ မိခင်ရော နှစ်ယောက်လုံးကို အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။
ပြီးတော့ လျှို့ ဆိုတဲ့ ကောင်မလေးကို လီယောင် အရင်တုန်းက မြင်ဖူးသည်။ သူမရဲ့ ဗိုက်က မြင်နေကျ ကိုယ်ဝန်သည် အမျိုးသမီး တစ်ယောက်ရဲ့ ဗိုက်ထက်တောင် ဖောင်းမို့ကြွတက်နေ၏။ ပြောရရင် ဖန်စန်းက အငယ်ဆုံးသား ဆိုတော့လည်း သည်းသည်းလှုပ် အချစ်ခံရတာ မဆန်းပါ။
ဒီတစ်ယောက်က မိန်းကလေးလျရဲ့ ဒုတိယကလေး ဆိုပေမဲ့ ဒုတိယကလေးဆိုတိုင်း အန္တရာယ်က လျော့ကျသွားမှာ မဟုတ်ပေ။
အဲ့ဒါက လီယောင်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
သူမ စိတ်ပူနေတာကို မြင်တော့ တရားသူကြီးစုန်ရဲ့ ဇနီးက သူမကို နူးညံ့စွာ နှစ်သိမ့်ပေးသည်။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး နင် ကူညီပေးနိုင်တာ ဘာမှ မရှိဘူး လီယောင်။ ” ဟု တရားသူကြီးစုန့်ရဲ့ ဇနီးက ပြောလိုက်သည်။ “ ငါတို့မိန်းမတွေမှာ ဖြတ်ကျော်ရမယ့် အခက်အခဲတွေ ရှိတယ်။ ငါတို့ မဖြတ်ကျော်နိုင်ရင်လည်း အဲ့ဒါက ကံကြမ္မာရဲ့ စေညွှန်ရာအတိုင်းပဲပေါ့။ ”
“ မဟုတ်ဘူး ၊ နည်းလမ်းတွေ ရှိသေးတယ်။ ”
“ ဘာနည်းလမ်းတွေလဲ။ ”
“ ပန်းပဲဆရာကို မြန်မြန် ရှာကြပါ။ ”
တရားသူကြီးစုန့်ရဲ့ ဇနီး : …
တရားသူကြီးစုန့် : …
ကျန်လူများ : …
ကလေးမမွေးနိုင်ရင် ကျွမ်းကျင်တဲ့ လက်သည်ကို ရှာတာက သဘာဝကျပေမဲ့ ပန်းပဲဆရာကို ရှာတာကတော့ … ဘယ်လို သဘောတရားကြီးလဲ။
လီယောင်မှာ ရှင်းပြနေဖို့ အချိန်မရှိသောကြောင့် စာရွက်ပုံမှာ ပုံကြမ်း တစ်ခု အမြန် ဆွဲလိုက်ပြီး ထိုစာရွက်ကို ဝမ်စန်းထံ ပေးလိုက်သည်။ “ မြို့ထဲကို မြန်မြန် သွားပြီး ပန်းပဲဆရာကို ဒီပုံထဲကအတိုင်း တည်ဆောက်ခိုင်းလိုက်။ မြန်မြန် လုပ်။ ”
သူမ ရေးဆွဲလိုက်တာက ကလေးမွေးတဲ့ နေရာမှာ သုံးတဲ့ ၊ ရိုးစင်းသော်လည်း တော်တော်လေး အသုံးဝင်တဲ့ ညှပ် တစ်မျိုးရဲ့ ပုံ ဖြစ်သည်။
“ ခေါင်းဆောင်ကျန်းကို အစား သွားခိုင်းလိုက်။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ သူ မြင်းစီးပြီး သွားရင် အဲ့ဒီကို မြန်မြန် သွားပြီး မြန်မြန် ပြန်ရောက်လာနိုင်လိမ့်မယ်။ ”
“ ဒါဆို ကျွန်မ ခေါင်းဆောင်ကျန်းကိုပဲ အားကိုးလိုက်ပါ့မယ်။ ”
ကျန်းသည် စာရွက်လေးကို ဆုပ်ကိုင်လျက် မြို့ဈေးထဲသို့ မြင်းကို တဟုန်းထိုး စီးလာခဲ့လိုက်သည်။ စာရွက်ပေါ်မှာ ရှိနေတာက ဘာရုပ်ပုံမှန်း သူ မသိပေမဲ့ လီယောင်ကို ယုံကြည်တာက မှန်ကန်တဲ့ လုပ်ရပ်လို့ ခံစားရသည်။
သူ ထွက်သွားပြီးနောက် လီယောင်က တုရှောင်ဟွေ့ကို မိန်းကလေးလျို့ရဲ့ အခြေအနေအား မျက်စိဒေါက်ထောက် စောင့်ကြည့်ခိုင်းထားသည်။ တရားသူကြီးစုန့်နှင့် သူ့ဇနီးက မပြန်သေးဘဲ သူမရဲ့ အိမ်မှာ ရှိနေဆဲပင်။
လီယောင် တစ်ယောက် ဒီတစ်ခေါက်လည်း ကံကြမ္မာကို ပြောင်းပြန်လှန်ပြီး သေရေးရှင်ရေးဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ကယ်တင်နိုင်ပါ့ဦးမလား ဆိုတာ သူတို့ ကြည့်ချင်သည်။
…