ကျွန်တော့်ကို ထမင်းကျွေးပါ။။
Vol. 7 Ch. 81
သူ့မိဘများသည် သူ့အား လီယောင့်မိသားစုထံသို့ လွှင့်ပစ်ကာ သူတို့အတွက် အိမ်မှုကိစ္စများအား ကူညီခိုင်းလိမ့်မည်ဟု စုန့်ကျယ်သည် လုံး၀မျှော်လင့်မထားခဲ့ပေ။
ဤအလုပ်များကိုလည်း သူလုံး၀ မလုပ်ချင်ခဲ့ပေ။ ငယ်စဉ်ဘ၀အချိန်ထဲက စည်းစိမ်ချမ်းသာအပြည့်နှင့် ကြီးပြင်းလာခဲ့ပြီး ရှစ်နှစ်သားအထိ ခွံကျွေးခံလာရသည့်အတွက် အလုပ်တစ်ခုမှ သူလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ခရိုင်တရားသူကြီးမင်း၏ သားတစ်ယောက် ဖြစ်သောကြောင့် ဤမိသားစုသည် သူ့အား အလုပ်မခိုင်းရုံသာမက သူ့အား အလိုလိုက်ကာ ကောင်းကောင်းဆက်ဆံလိမ့်မည်ဟု သူ့ ကိုယ်သူ အလွန်အမင်း ယုံကြည်စိတ်ချမှု ရှိသည်။
ရက်အနည်းငယ်ကြာလျှင် ကိစ္စများ အစဉ်တကျဖြစ်သွားပါက ထုံးစံအတိုင်း သူ့မိခင်သည် သူ့အားပြန်ခေါ်ရန် တစ်ယောက်ယောက်အား စေလွှတ်ပေလိမ့်မည်။
ထိုသို့တွေးကာ စုန့်ကျယ်သည် စိတ်သက်သာရာ ရသွားခဲ့ပြီး လီယောင်အား အထက်စီးဆန်စွာ ပြောခဲ့သည်။ “ခင်ဗျားတို့မိသားစုက အိမ်အသစ် တစ်လုံး ဆောက်ထားတယ်ဆို။ ဟုတ်တယ် မဟုတ်လား။ ကျုပ် ဒီည ရွှေ့နေလိုက်မယ်။”
လီယောင်သည် သူမ၏နှုတ်ခမ်းများအား တွန့်ခဲ့သည်။ ဒီကောင်ဆိုးလေးက သူ့မကို အမှန်တကယ်ပင် တစိမ်းတစ်ယောက်အဖြစ် သဘောမထားခဲ့ဘူးပဲ။
ခရိုင်တရားသူကြီးမင်းတို့ ဇနီးမောင်နှံနှစ်ဦး၏ လှည့်စားခြင်းကို ခံခဲ့ရသည့်အတွက် သူမ၏ ဒေါသများကို ဖွင့်ချရန် နေရာမရှိခဲ့ပေ။ ထို့ကြောင့် သူမ၏ နှလုံးသားထဲမှ အားရကျေနပ်မှုများအတွက် ဤကောင်ဆိုးလေးအား ဒုက္ခပေးရပေးတော့မည်။
“အိမ်အသစ်က မခြောက်သေးလို့ နေလို့ မရဘူး။”
“ဒါဆို ကျုပ်ကို ဘယ်မှာ နေစေချင်တာလဲ။” စုန့်ကျယ်သည် မျက်လုံးပြူးများနှင့် စိုက်ကြည့်ကာ စုတ်ပြတ်နေသည့် သက်ကယ်တဲလေးကို ညွှန်ပြခဲ့သည်။ “ဘာပဲဖြစ်ဖြစ်၊ ဒီမှာတော့ ကျုပ် နေမှာ မဟုတ်ဘူး။ ဒီနေရာက လုံး၀ကို လူတွေနေတဲ့ နေရာ မဟုတ်ဘူး။”
လီယောင်သည် လှောင်ရယ်ရယ်ကာ ဥဖောက်ခန်းအား လက်ညှိုးထိုးပြခဲ့ပြီး “မင်း အဲဒီမှာ နေနိုင်တယ်။”
စုန့်ကျယ်သည် ထိုနေရာသို့ လျှောက်သွားခဲ့ပြီး ဥဖောက်ခန်းသည် ပြတင်းပေါက်များ မရှိပဲ သေးငယ် ကျဉ်းမြောင်းသည်ကို မြင်တွေ့ခဲ့သည်။ ထို့ကြောင့် သူသည် မကျေနပ်ဖြစ်နေခဲ့သည်။
“ဒီနေရာမှာ ကျုပ်က ဘယ်လိုနေလို့ရမှာလဲ။ အိပ်ယာတောင် မရှိဘူး။”
“အဲဒါလည်း အမှန်ပဲ။” လီယောင်သည် တုရှောင်ဟွေ့ဘက်အား လှည့်ကာ ပြောခဲ့သည်။ “သူ့အတွက် ဒီည မြက်ခြောက်နည်းနည်း လုပ်ပေးဖို့ မှတ်ထားလိုက်ဦး။”
စုန့်ကျယ် : “ကျုပ်လို ခရိုင်တရားသူကြီးမင်းတစ်ယောက်ရဲ့ ဂုဏ်သရေရှိတဲ့ သားလေးကို ၊ခင်ဗျားက မြက်ခြောက်တွေပေါ်မှာ အိပ်စေချင်တယ်ပေါ့လေ။”
“ကောင်းပြီ။ နေ့ခင်းကျရင် မြေသွားတူး။”
“ကျုပ် မသွားဘူး။” စုန့်ကျယ်သည် သူ့လက်နှစ်ဖက်အား ပိုက်ကာ ပြောခဲ့သည်။ “ခင်ဗျားက ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ။”
“မလုပ်ရင် မစားရဘူး။။”
“ဒါဆိုလည်း မစားဘူးပေါ့။ ခင်ဗျားက ကျုပ်ကို သေသွားအောင် အငတ်ထားရဲလား ကြည့်ကြတာပေါ့။”
လီယောင်သည် သူ့အား လျစ်လျူရှုထားခဲ့သည်။
နောက်ဆုံးတစ်ခေါက်တွင် ယီကျိုးစီရင်စုရှိ တခြားခရိုင် ၁၇ ခုတွင် ဆိုင်များ ဖွင့်လှစ်ရန် ကုန်သည်များနှင့် သူမ စာချုပ်ချုပ်ဆိုထားခဲ့သည်။ အပြင်အဆင်များအား ယခု စတင်နေပြီ ဖြစ်သည်။
အပြင်အဆင်များသည် ရက်ပေါင်းများစွာ အချိန်မကြာမြင့်သောကြောင့် ဤရက်များအတွင်း၌ သူမအနေဖြင့် ထုတ်ကုန်ပစ္စည်းများအား တတ်နိုင်သမျှ များများ ပြုလုပ်ထားရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဆိုင်ဖွင့်သည့်အချိန်တွင် မည်သူမှ ရောင်းစရာ ရှိနေလိမ့်မည် မဟုတ်ပေ။
ယခုအခါ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၊ ဆပ်ပြာနှင့် ရေမွှေးဆပ်ပြာများ ထုတ်လုပ်ခြင်းအား တုရှောင်ဟွေ့၏ အကူအညီနှင့်အတူ ဟဲရှောင်ယာမှ အဓိက တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ သူမသည် အရည်အသွေး ထိန်းချုပ်မှုအတွက် တာဝန်ယူခဲ့သည်။
သုံးယောက်သား အလွန်အလုပ်များနေခဲ့ကြပြီး စုန့်ကျယ်အား ပြုစုစောက်ရှောက်ရန် မည်သူမှ မသွားခဲ့ကြပေ။
ထိုနေရာတွင် စုန့်ကျယ်သာလျှင် တစ်ဦးတည်း ကျန်ရစ်နေခဲ့သည်။ အစပိုင်းတွင် မည်သည့်မှ အမှားအယွင်း မရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုယ့်သူ ထိန်းမထားနိုင်ပဲ ကစားရန် တောင်ပေါ်သို့ ခိုးသွားချင်နေခဲ့သည်။ လီယောင်သည် သူ့အား ဖမ်းမိခဲ့ပြီး အကြိမ်ကြိမ် ပြန်ပို့ခဲ့သည်။
နောက်ဆုံးတွင် သူ လက်လျှော့ခဲ့ပြီး တန်းလျားခုံတန်းရှည်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ သူပြန်နိုးလာသောအခါ လီယောင်တို့ မိသားစုသည် ညစာ စားပြီးသွားကြကာ အမှန်ပင် သူ့အတွက် မည်သည့်အစားအစာမှ ချန်ထားခဲ့ခြင်း မရှိသည်ကို သူတွေ့ရှိခဲ့ရသည်။
“ခင်ဗျား မကျွေးဘူးဆိုတော့လည်း မစားဘူးပေါ့ဗျာ။ ခင်ဗျား တကယ်ပဲ ကျုပ်ကို သေတဲ့အထိ အငတ်ထားရဲမှာလား ကြည့်ကြတာပေါ့။”
စုန့်ကျယ်သည် ဥဖောက်ခန်းထဲသို့ ရှုသိုးသိုးနှင့် ဝင်သွားခဲ့သည်။ အထဲတွင် အမှန်တကယ်ပင် အိပ်ယာမရှိပဲ ရှုပ်ပွနေသည့် မြက်ခြောက်တစ်စုသာ ရှိသည်။
“ဒီသခင်လေး မပြန်ခင်အထိတော့ စောင့်ဦးပေါ့။ ခင်ဗျားကို ပြန်ပေးဆပ်ခိုင်းမယ်။”
နေ့လည်ဘက်တွင် အလွန်အကျွံ အိပ်ထားခဲ့ပြီး ညစာမစားခဲ့ရပဲမွှေးပျံနေသည့် အသားစွပ်ပြုတ်အနံ့များ၏ ဆွဲဆောင်မှုများကြောင့် စုန့်ကျယ်၏ အစာအိမ်လေးသည် တစ်ညလုံး အသံမြည်ကာ လုံး၀ အိပ်မပျော်ခဲ့ပေ။
နောက်တစ်နေ့မနက် အာရုံတက်၌ သူတစ်ဝက်တပျက် စအိပ်ပျော်သည့်အခိုက်တွင် လီယောင်သည် ဝင်လာခဲ့ပြီး သူ့အား ဆွဲခေါ်သွားခဲ့သည်။
“အလုပ်သွားလုပ်။”
“ကျုပ်မသွားဘူး။”
“မင်းမသွားဘူးဆိုရင် ဆက်ပြီးတော့ပဲ အဆာခံလိုက်တော့။”
နောက်နှစ်ရက်ကြာသည်အထိ စုန့်ကျယ်သည် အလျော့မပေးပဲ ရေနည်းနည်းမှလွဲ၍ တစ်လုပ်မှ မစားခဲ့ပေ။
လီယောင်သည် သေချာပေါက်ပင် သူ့အား သေသည်အထိ အငတ်ထားမည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။ သူမခံနိုင်တော့သည်ကို သူမ တွေ့ရှိပါက အစားစားရန် သူ့အား သူမ တောင်းပန်ပေလိမ့်မည်။
သို့သော် အဖြစ်မှန်မှာ သူအတွေးလွန်နေခဲ့ကြောင်း သက်သေပြခဲ့သည်။
လီယောင်တို့ မိသားစုသည် ထမင်းအနပ်တိုင်းအား မွှေးပျံ့သော ရနံ့များဖြင့် ချက်ပြုတ်စားသောက်ခဲ့ကြသော်လည်း စားကြွင်းစားကျန် တစ်လုတ်တောင်မှ သူ့အား မပေးခဲ့ပေ။
ဒီအော့ကြောလန် အရိုင်းအစိုင်းတော့ ၊ တကယ်ပဲ သူ့ကို သေအောင် အငတ်ထားတော့မှာလား။
မဟုတ်ဘူး။ နောက်နှစ်ရက်လောက် ဆက်တောင့်ခံလိုက်ဦးမယ်။
စုန့်ကျယ်သည် ထိုသို့ပြောကာ လုပ်ခဲ့သော်လည်း နောက်ထပ်တစ်ရက်ကြာအောင်ပင် သူ့ဆက်၍ သည်းမခံနိုင်တော့ပေ။
ဤညတွင် လီယောင်အိပ်ပျော်သွားပါက သူခိုးထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။
ညလယ်သန်းခေါင်အထိ ခက်ခက်ခဲခဲ တောင့်ခံကာ ဥဖောက်ခန်းထဲမှ စုန့်ကျယ်သည် ခြေဖျားထောက်ကာ ထွက်သွားခဲ့ပြီး အနောက်ဘက်တောင်ပေါ်သို့ လျင်မြန်စွာ လစ်ထွက်သွားခဲ့သည်။
သူ၏ ခိုးကြောင်ခိုးဝှက်ပုံစံအား မြင်သောအခါ တာ့ကျွမ်းသည် မမေးပဲ မနေနိုင်တော့ပေ။ “မေမေ၊ အဆင်ပြေပါ့မလား။ တကယ်လို့ သူ တစ်ခုခုဖြစ်ခဲ့ရင် သားတို့ ခရိုင်တရားသူကြီးမင်းကို ဘယ်လို ရှင်းပြကြမှာလဲ။”
“ကဲ၊ သူ့နောက်လိုက်ကြတာပေါ့။” လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ သူ့ မမြင်စေနဲ့နော်။ သူ ဟဲဝမ်ရွာနယ်နမိတ်ကနေ ထွက်သွားဖို့ ကြိုးစားတာနဲ့ သူ့ကို ပြန်ဖမ်းခေါ်လာခဲ့ချေ။”
“ဟုတ်၊ သား လေးနဲ့ မြှားတွေ ယူခဲ့လိုက်မယ်။”
စုန့်ကျယ်နောက်မှ ခပ်လှမ်းလှမ်းအကွာမှ လိုက်ရန် တာ့ကျွမ်းနှင့် ဝမ်စန်းအာကို လီယောင် ခေါ်လာခဲ့သည်။
သို့သော် ဤကောင်ဆိုးလေးသည် ဟဲဝမ်ရွာသို့ ယခင်က တခါမှ မရောက်ဖူးခဲ့ပေ။ ဤနေရာရှိ မြေပြင်အနေထားနှင့်လည်း လုံး၀ မရင်းနှီးပေ။ မကြာခင်၌ပင် လမ်းမှားကာ တောနက်ထဲသို့ တည့်တည့်ဝင်သွားလေတော့သည်။
စုန့်ကျယ်သည် တစ်ခုခု မှားနေကြောင်း သတိထားမိပြီး နောက်သို့ ပြန်လှည့်ကြည့်သောအခါ သူ ဝင်လာသည့်လမ်းအား ရှာမတွေ့တော့ပဲ တောထဲသို့ ပို၍ ပို၍ နက်ရှိုင်းစွာ ရောက်ရှိလာခဲ့သည်။
ပိန်းပိတ်အောင် မှောင်မဲနေသည့် တောအုပ်နှင့် အခါအားလျော်စွာ အဝေးမှ တောရိုင်းတိရိစ္ဆာန်များ၏ အော်မြည်သံတစ်ချို့တို့အား ကြည့်ကာ သူသည် လှည့်ပတ်မကြည့်ရဲတော့ပဲ မိုးလင်းသည်အထိ ထိုင်စောင့်ရန် ပြင်ဆင်ကာ တက်ထိုင်ရန် သစ်ပင်ကြီး တစ်ပင်အား တွေ့ရှိခဲ့သည်။
သုံးရက်ကြာအောင် အစားမစား၊ ကောင်းမွန်စွာ မအိပ်နိုင်ခဲ့သည့်အတွက် ယခုအခါ သူ အလွန်အမင်း အားနည်းနေခဲ့ပြီဖြစ်သည်။
ထိုင်ချကာ တောအုပ်ထဲမှ လေသည် အအေးဆုံးဆောင်းထက် ပိုအေးသည်ကို ခံစားရကာ ပြင်းပြင်းထန်ထန် တုန်ယင်နေခဲ့သည်။
“မဟုတ်ဘူး။ မိုးလင်းတဲ့အထိ သည်းခံရမယ်။ ပြီးရင် အိမ်ပြန်မယ်။”
စုန့်ကျယ်သည် သူ့ကိုယ်သူ ဆက်လက်အားပေးနေခဲ့သည်။ သို့သော် မကြာခင်မှာပင် ရှေ့မြက်ခင်းပြင်မှ စိမ်းစိုတောက်ပသည့် အလင်းရောင်ပေါင်းများစွာအား သူရှာဖွေတွေ့ရှိခဲ့သည်။
သူသည် မြောက်အရပ်မှဖြစ်ပြီး ဤမီးအလင်းရောင်များနှင့် အလွန် ရင်းနှီးလှသည်။
ယင်းတို့မှာ ဝံပုလွေများပင် ဖြစ်သည်။
စုန့်ကျယ်သည် အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး အသက်ပင် မရှုရဲတော့ပေ။ သို့သော် ထိုအစိမ်းရောင်အစက်လေးများသည် ပို၍ပို၍ နီးကပ်လာခဲ့သည်။ သူ့အား စက်ဝိုင်းပုံစံဖြင့် ဝန်းရံလာခဲ့သည့် ဝံပုလွေပေါင်းများစွာ၏ အရိပ်များကိုပင် သူ ဝိုးတိုးဝါးတား မြင်တွေ့ခဲ့ရသည်။
“အား… ကျုပ် မသေချင်သေးဘူး…။”
“အဖေ၊ အမေ၊ လာကယ်ကြပါဦးဗျို့..”
နောက်ဆုံးတွင် စုန့်ကျယ်သည် ကျဲလောင်စွာ အော်ဟစ် ငိုယိုခဲ့လေတော့သည်။
ယင်းကိုမြင်သောအခါ တောရိုင်းဝံပုလွေများသည် နောက်ပြန်ဆုတ်မည့်အစား သူ့အား တိုက်ခိုက်ရန် အလျင်အမြန် စတင်ခဲ့လေတော့သည်။
ဝံပုလွေတစ်ကောင်၏အရိပ်တစ်ခုသည် ခုန်အုပ်လာခဲ့ပြီး ၎င်း၏သွားများသည် ငရဲမှ သေခြင်းသင်္ကတများကဲ့သို့ ဖြူဖွေးနေလေတော့သည်။ စုန့်ကျယ်သည် အလွန်ပင် ကြောက်လန့်သွားခဲ့ပြီး သူ့ခေါင်းကို တင်းတင်းကျပ်ကျပ်အုပ်ကာ ငုံးတစ်ကောင်ကဲ့သို့ တဆတ်ဆတ် တုန်နေခဲ့သည်။
သွားပါပြီ။ ဒီတစ်ခေါက်တော့ တကယ်ကို သွားပြီ။
တောရိုင်းဝံပုလွေများ ကိုက်သတ်ကာ အစားခံရမည်ဟု တစ်ခါမှ သူမတွေးခဲ့ဖူးပေ။
သူ ကြိုသိခဲ့ပါက လီယောင်တို့အိမ်တွင် ရိုးရိုးသားသား အလုပ်လုပ်ခြင်းသည် ပိုကောင်းပေလိမ့်မည်။
ယခုအခိုက်အတန့်တွင် စုန့်ကျယ်သည် သူ့အူများ စိမ်းလာသည်အထိ နောင်တရနေခဲ့သည်။
သို့သော် မျှော်လင့်ထားသည့် နာကျင်မှုသည် ရောက်မလာခဲ့ပေ။ ထိုအစား ဝံပုလွေများ၏ မသက်မသာဖြစ်သည့် အူသံအနည်းငယ်ကိုသာ ရှိနေခဲ့သည်။ သူသည် ဂရုတစ်စိုက်နှင့် သူ့ခေါင်းအား မော့လိုက်သောအခါ လီယောင်သည် သူ့ရှေ့မှောက်တွင် ရပ်နေခဲ့သည်ကို သူတွေ့ခဲ့ရသည်။
သူမ၏လက်ထဲတွင် သွေးများ စွန်းထင်နေသည့် လက်ကိုင်အသားစင်း ဓါးမရှည်တစ်ချောင်း ရှိနေခဲ့သည်။
ထို့အပြင် တောရိုင်းဝံပုလွေတစ်ချို့အား သူမ သတ်ပစ်ခဲ့သည်။
သူ့ရှေ့မှ ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ သူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ ငေးကြည့်နေမိခဲ့သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အသားစင်း ဓါးမ တစ်ချောင်းကို အားပြုကာ အော့ကြောလန် အရိုင်းအစိုင်း အမျိုးသမီးသည် လျှက်တပျက်အတွင်း ရက်စက်ကြမ်းကြုတ်သည့် တောရိုင်းဝံပုလွေပေါင်းများစွာကို သတ်ပစ်ခဲ့သည်။
ဤမျှ ကောင်းမွန်သည့် စွမ်းရည်ရှိသော ထက်မြက်သည့် သူရဲကောင်းအမျိုးသမီးများကို ပုံပြင်စာအုပ်များတွင် တစ်ခါမျှ သူ မကြားဖူးခဲ့ပေ။
“ငါ.. ငါ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်။”
“ဒါဆိုလည်း မင်း နိုးသင့်နေပြီ။” ဟု လီယောင်က ပြောခဲ့သည်။ “ကဲ၊ မင်း ဒီမှာ ဆက်နေခဲ့မှာလား။ ဒါမှမဟုတ် ငါနဲ့ ပြန်လိုက်ခဲ့မှာလား။”
“ပြန်လိုက်မှာ။”
သံဦးထုပ်တစ်လုံး ရှိခဲ့မည်ဆိုလျှင်တောင် စုန့်ကျယ်သည် ဤတောနက်ထဲတွင် ဆက်မနေရဲတော့ပေ။
လီယောင်သည် ဝံပုလွေတစ်ကောင်အား ကောက်ယူကာ သူ့ရှေ့တွင် ပစ်ချခဲ့သည်။ “သယ်လာခဲ့ချေ။”
“ကျွန်.. ကျွန်တော်မှာ အားမရှိဘူး။ မသယ်လာနိုင်ဘူး။”
“မသယ်နိုင်ဘူးဆိုရင် စားဖို့လည်း ရှိမှာ မဟုတ်ဘူးနော်။”
စုန့်ကျယ်သည် အံတင်းတင်းကြိတ်ပြီး ဝံပုလွေကို သူ့ပခုံးပေါ်တွင် တင်ရန် သူ့ခွန်အား ရှိသမျှကို အသုံးပြုခဲ့သည်။
ထို့အချိန်တွင် တာ့ကျွမ်းနှင့် ဝမ်စန်းအာတို့လည်း ရောက်လာခဲ့ကြသည်။ တာ့ကျွမ်းသည် နှစ်ကောင်သယ်ခဲ့ပြီး ဝမ်စန်းအာက တစ်ကောင် သယ်ခဲ့သည်။ ထို့နောက် လီယောင်သည် နောက်ထပ် တစ်ကောင်အား သယ်လာခဲ့သည်။
“အိမ်ပြန်ကြစို့။”
စုန့်ကျယ်သည် ဒယီးဒယိုင်နှင့် ထိုသုံးယောက်နောက်မှ လိုက်သွားခဲ့သည်။ နောက်ဆုံး လီယောင့်အိမ်သို့ သူရောက်သွားသောအခါ တကယ်သေသွားတော့မည်ဟု ခံစားခဲ့ရပြီး ရွှံ့ပုံကြီးကဲ့သို့ မြေပြင်ပေါ်တွင် လဲနေခဲ့သည်။
“ထမင်း.. ကျွန်တော့်ကို ထမင်းပေးပါ။ ”
လီယောင်သည် မီးဖိုချောင်သို့ သွားကာ ထမင်းကြမ်းတစ်ပန်းကန်ကို ကောက်ခပ်ခဲ့ပြီး ရေနွေး တစ်ချို့ လောင်းထည့်ကာ သူ့ရှေ့တွင် ချထားခဲ့သည်။
ယခင်က သေအောင် အရိုက်ခံရခဲ့လျှင်တောင် စုန့်ကျယ်သည် ဤကဲသို့ ထမင်းအကြွင်းအကျန်အား မည်သည့်အခါမှ စားလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူ့မျက်စိထဲတွင် တခြားသော စားကောင်းသောက်ဖွယ်များထက် ၎င်းမှာ ပို၍ အရသာရှိနေခဲ့သည်။ သူသည် တစ်ပန်းကန်လုံးအား ပြောင်ရှင်းသွားအောင် အငမ်းမရ မျိုချခဲ့သည်။
“ရှိသေးလားဟင်။”
“မရှိတော့ဘူး။” လီယောင်က ပြောခဲ့သည်။ “မင်းစားချင်တယ်ဆိုရင် မနက်ဖြန်ကျရင် အလုပ်လုပ်။”
ထို့နောက် လီယောင်သည် သူ့အား လျစ်လျူရှုကာ အိပ်ရန် ပြန်ဝင်သွားခဲ့သည်။
စုန့်ကျယ်သည် ပန်းကန်လုံးအလွတ်ကို ကြည့်လိုက်ပြီးနောက် ဥဖောက်ခန်းထဲသို့ ဝင်ကာ နူးညံ့သော မြက်ခြောက်များပေါ်တွင် ကွေးနေခဲ့သည်။
မနက်ဖြန်ကျရင် သူ အလုပ်လုပ်ဖို့ ကြိုးစားမယ်။
….