လီယောင် ပြောတဲ့ စကားကို နားထောင်ကြ။
Vol. 7 Ch. 90
“ အဒေါ်လီ … အဒေါ်လျှို့က ကလေးမမွေးနိုင်ဘူး ဖြစ်နေတယ်။ ”
“ အဒေါ်လျှို့ သတိလစ်သွားပြီ။ ”
“ လက်သည်က သူ နောက်မိနစ်ပိုင်းအတွင်း ကလေးမမွေးနိုင်ရင် သူ့ကို အသက်ရှင်အောင် ကယ်လို့ ရတော့မှာ မဟုတ်ဘူးလို့ ပြောတယ်။ ”
သတင်းဆိုးတွေသာ တစ်ခုပြီး တစ်ခု ရောက်လာသော်လည်း ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းကို ပြန်လာတာကိုတော့ အရိပ်အခြည်လေးတောင် မမြင်ရသေးပေ။
နောက်ဆုံးမှာ လီယောင်သည် ငြိမ်ငြိမ် ဆက်ထိုင်မနေနိုင်တော့ဘဲ ဟဲရှောင်ယာ ၊ တုရှောင်ဟွေ့တို့နှင့်အတူ ဖန်းအိမ်တော်ကို ချက်ချင်း ထသွားခဲ့တော့သည်။
“ အခြေအနေ ဘယ်လိုလဲ။ ”
ဖန်းမိသားစုမှာ ရှိသမျှ အမျိုးသမီးတွေ အကုန်လုံးနီးပါး ခြံထဲမှာ ရောက်နေကြကာ စိုးရိမ်စိတ်များဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဂယောင်ခြောက်ခြား ဖြစ်နေခဲ့ကြသည်။
လီယောင်ရဲ့ မေးခွန်းကို ကြားချိန်မှာ သူတို့အားလုံး တိတ်တဆိတ်ပဲ ခေါင်းခါပြခဲ့ကြသည်။
ဖန်းအိမ်တော်ရဲ့ သခင်ကြီးဖန်းရှိန်ကတော့ တံခါးဘေးမှာ အလွန် တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေ၏။ ဒီနှစ်ထဲမှာ သူ့အသက် ( ၅၀ ) ပြည့်ပြီမို့ ဒီလို ကိစ္စတွေကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးလေရာ အစိုးရိမ်လွန်နေတာက ဘာမှ ကူညီရာမရောက်မှန်း နားလည်သည်။
အရာရာတိုင်းက ကံတရားရဲ့ စီမံရာအတိုင်းပါပဲ။
ထိုအချိန်မှာပဲ အခန်းထဲကနေ လက်သည် ထွက်လာသောကြောင့် လူတွေ အကုန်လုံးက သူမအနားကို ဝိုင်းအုံသွားကြသည်။ သို့သော်လည်း သူမ ထပ်တလဲလဲ သက်ပြင်းချနေတာကို မြင်လိုက်ရတော့ သူတို့အားလုံးအတွက် မျှော်လင့်ချက် မရှိလောက်တော့ဘူး ဆိုတာ သိသွားကြသည်။
ဖန်းရှိန်က သက်ပြင်းရှည်ကြီး တစ်ချက်ကို ချရင်း ပြောလိုက်သည်။ “ အကုန်လုံး အသုဘအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ဆင်ထားကြတော့။ ”
ဖန်းရှိန်ရဲ့ စကားကြောင့် လီယောင်က “ မဟုတ်ဘူး။ ရှင်တို့ အခု လက်လျှော့လိုက်လို့ မရဘူး။ ” ဟု ရုတ်တရက် ထပြောလိုက်တော့ လက်သည်က သူမကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ပြီး “ တော်က ဘယ်သူလဲ။ ” ဟု ပြန်မေးသည်။
“ လောလောဆယ် ကျွန်မ ဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး။ ကျွန်မ ရှင့်ကို တစ်ခု မေးချင်တာ ရှိတယ်။ မီးနေခန်းထဲက ကိုယ်ဝန်သည်က အသက်ရှူနေသေးလား။ ”
“ ငွေ့ငွေ့လေးတော့ အသက်ရှူနေသေးတယ်။ ”
“ ဒါဆို ဟုတ်ပြီ။ မျှော်လင့်ချက်ရောင်ခြည်လေး ကျန်နေသရွေ့ ရှင်တို့တွေ လုံးဝ လက်လျှော့လို့ မရဘူး။ ”
လက်သည်က ခေါင်းတခါခါဖြင့် ပြန်ပြောသည်။ “ ကျုပ် ဆယ့်ရှစ်နှစ်သမီးအရွယ်ကတည်းက လက်သည်အလုပ်ကို လုပ်လာတာ။ ဒီလို ကိစ္စမျိုးတွေကို မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးတယ်။ ကျွန်မရဲ့ ခန့်မှန်းချက်က ဘယ်တော့မှ လွဲမှာ မဟုတ်ဘူး။ နည်းလမ်း တကယ် ရှိတယ် ဆိုရင်တောင် အဲ့ဒါက ဘုရားလောင်း ကမ္ဘာမြေပေါ်ကို ဆင်းလာတာပဲ ဖြစ်လိမ့်မယ်။ ”
လက်သည်က ပြောစရာရှိတဲ့ စကားတွေ အကုန်လုံးကို အပြီးသတ် ပြောကြားပြီးနောက် ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။ ဖန်းမိသားစုလည်း မျှော်လင့်ချက်တွေကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်မှာပဲ အဝေးက ပျံ့လွင့်လာတဲ့ မြင်းခွာသံတွေကို ကြားလိုက်ရလေသည်။ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ဖန်းမိသားစုခြံထဲသို့ မြင်းကို ခပ်သွက်သွက် စီးနှင်၍ ဝင်လာခဲ့သည်။
“ မှာလိုက်တဲ့ ပစ္စည်း အဆင်သင့် ဖြစ်ပါပြီ အမျိုးသမီးလီ။ ”
လီယောင်မှာ သူ့ကို ကျေးဇူးတင်နေဖို့ အချိန် မရှိပါ။ သူမ ထိုပစ္စည်းကို ယူကာ မီးနေခန်းထဲကို ဝင်လာရင်း ပါးစပ်က တတွတ်တွတ် ညွှန်ကြားလိုက်သည်။ “ မြန်မြန် လုပ်ကြဟေ့ ၊ ရေနွေးရယ် .. သကြားရည်ပျစ်ပျစ် တစ်ခွက်ရယ် မြန်မြန် ပြင်ခဲ့ကြ။ ”
လူတိုင်းဟာ ထို ထူးထူးဆန်းဆန်း ပစ္စည်းနှင့် သူမ ဘာလုပ်မှာလဲ ဆိုတာကို မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေခဲ့ကြသည်။
“ လီယောင် .. မင်းက ကူညီချင်နေတယ် ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ … လက်သည်က အတည်ပြုပေးပြီးသွားပြီပဲ။ ”
“ ကျွန်မစကားကို အခု နားထောင်။ ” လီယောင်သည် ဒီအဘိုးကြီးရဲ့ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အဆိုးမြင် စကားတွေကို လုံးဝ သည်းမခံနိုင်တော့၍ ကျယ်ကျယ်လောင်လောင်ပဲ ပြောလိုက်သည်။ “ သေရေးရှင်ရေးကိစ္စတွေမှာ ရှင် ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားပေးလို့ မရဘူးလား။ ”
ဖန်းရှိန် ဆွံ့အသွားသည်။ လီယောင်ထက် အသက်ပိုကြီးတဲ့ လူကြီး တစ်ယောက် ဖြစ်သော်လည်း လူပုံအလယ်မှာ အခုလို ကြိမ်းမောင်းခံရခြင်းက သူ့ကို မကျေမချမ်း ဖြစ်သွားစေသည်။
သို့သော်လည်း လက်ရှိအချိန်မှာ လီယောင်ရဲ့ နာမည်ဂုဏ်သတင်းက ရွာထဲမှာ အမွှေးပျံ့ဆုံး ဖြစ်နေတာမို့ သူမစကားကို နားမထောင်ရင် သူ့မိသားစုရဲ့ ချဉ်ဖတ်လုပ်ငန်းက …
“ ဖန်းရှိန် … ”
ဒီတစ်ခေါက်တော့ တရားရုံးတော်စာရေးနှင့် တရားသူကြီးစုန့်ရဲ့ ဇနီးရဲ့ အမျိုးသမီးအစေခံ တစ်ယောက်ပါ ရောက်လာခဲ့သည်။
“ လီယောင် ပြောတဲ့ စကားကို နားထောင်လိုက်ပါ။ သူ ပြောတာ မှန်တယ်။ ”
“ တရားသူကြီးစုန့်ရဲ့ ဇနီးက ပြောလိုက်တယ် ၊ သေချာသွားအောင်လို့ အမျိုးသမီးလီကို စမ်းသပ်ခိုင်းလိုက်ပါတဲ့။ ” ဟု အမျိုးသမီးအစေခံကပါ ခပ်သွက်သွက်လေး ဝင်ပြောလိုက်သည်။
တရားသူကြီးစုန့်ရဲ့ ဇနီးကိုယ်တိုင်ကပါ လီယောင့်ဘက်က ဝင်ပြောပေးနေမှတော့ သူ ဘာတတ်နိုင်ဦးမှာလဲ။
“ ရှင်တို့ ကျွန်မ ပြောတာ မကြားဘူးလား။ လိုအပ်တဲ့ ပစ္စည်းတွေကို မြန်မြန် သွားပြင်ကြ။ ”
လီယောင်သည် လက်သည်ကိုပါ ဆွဲခေါ်ကာ မီးနေခန်းထဲကို ဝင်လာခဲ့လိုက်သည်။
အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ အဒေါ်လျှို့ဟာ အသက်ရှူသည် ဆိုရုံလောက်သာ အသက်ငွေ့ငွေ့လေးရှူနေပြီး တစ်ဝက်တစ်ပျက်ပဲ ထွက်လာသေးတဲ့ ကလေးရဲ့ ဦးခေါင်းကတော့ ခရမ်းရောင်တောင် သမ်းနေခဲ့ပြီ ဖြစ်သည်။
လီယောင်က ကလေးမီးဖွားရာတွင် သုံးတဲ့ ညှပ်ကို မီးပေါ်မှာ အပူပေးကာ အရင် ပိုးသတ်ပြီးမှ အအေးခံလိုက်၏။ ထို့နောက် လက်သည်ရဲ့ အကူအညီဖြင့် ကလေးရဲ့ ခေါင်းကို ညှပ်ပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်လေသည်။
ဖြစ်စဉ် တစ်ခုလုံးက နှစ်မိနစ်တောင် မကြာလိုက်ပါ။ မွေးကင်းစ ကလေးလေးမှာ အသက်ရှူသံတိုးတိုးလေး ကျန်နေသေးတာကြောင့် လက်သည်က အချင်းကို အမြန် ဖြတ်ကာ ဆေးကြောပေးပြီးနောက် ကလေးလေးကို ဝါဂွမ်းအထည်စလေးထဲမှာ ထွေးပွေ့ထားလိုက်သည်။
ထိုအချိန်မှာ လီယောင်ကတော့ အဒေါ်လျှို့ရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ပါသည်။
ကံကောင်းထောက်မစွာဖြင့် သူမ သေမင်းခံတွင်းဝကနေ ပြန်လှည့်လာနိုင်ခဲ့သည်။ အဒေါ်လျှို့က အားနည်းနေပေမဲ့ သကြားရည်ပူပူလေး တစ်ခွက် သောက်ပြီးနောက်မှာတော့ ထူထူထောင်ထောင် ရှိလာသည်။ ကလေးမွေးခဲ့ရတဲ့ နာရီပိုင်းလောက် အချိန်လေးက သူမကို ငရဲကနေ ပြန်ရောက်လာသလို ခံစားရစေသည်။ ပြီးတော့ သူမအသက်ကို ကယ်တင်ပေးခဲ့တဲ့ လူက လီယောင် ဆိုတာကိုလည်း သိသည်။
“ ယောင်းမလီ … ရှင်က ကျုပ်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲတော် … ။ ”
“ အဲ့အကြောင်းတွေ မပြောပါနဲ့ဦး။ လောလောဆယ် နင် နေပြန်ကောင်းလာဖို့ပဲ အာရုံစိုက်။ ”
မိခင်ရော ၊ ကလေးပါ ဘေးကင်းတာကို မြင်တော့မှ လီယောင်ရဲ့ နှလုံးသားထဲက စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားတော့သည်။
အပြင်က ဖန်းမိသားစုသည် အဒေါ်လျှို့ ဘေးကင်းရုံသာမက သားယောက်ျားလေး တစ်ယောက်ကိုလည်း မွေးခဲ့ကြောင်း သိသွားချိန်မှာ အပျော်ကြီး ပျော်သွားကြသည်။
အပျော်ဆုံးကတော့ မြေးဖြစ်သူကို ပွေ့ချီထားရင်း ကြည့်မဝ ဖြစ်နေတဲ့ ဖန်းရှိန်ပါပဲ။
ထိုမြင်ကွင်းကို မြင်သွားတဲ့ လီယောင်ကတော့ ခေါင်းတခါခါ လုပ်နေမိရုံသာ တတ်နိုင်သည်။
တစ်မိသားစုလုံးက ကလေးအနားမှာပဲ စုပြုံနေကြပြီး အားနည်းနေတဲ့ မိခင်အနားကိုတော့ တစ်ယောက်လေးတောင် ရောက်မလာကြပါ။
မော်ဒန်ခေတ်မှာတောင် ဒီလို မြင်ကွင်းမျိုးတွေက မကြာခဏ မြင်နေကျ မြင်ကွင်းတွေ ဖြစ်သည်။
“ ဒီတစ်ခေါက် ငါ မင်းကို တကယ် ကျေးဇူးတင်ရမယ် လီယောင်။ မင်းကျေးဇူးကြောင့်သာ မဟုတ်ရင် ငါ့မြေးလေး … ”
လီယောင်က “ ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ ” ဟု ဖန်းရှိန်ရဲ့ စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ “ရှင့်သားကိုသာ သူ့မိန်းမကို ပိုဂရုစိုက်ခိုင်းလိုက်ပါ။ သူ အခု အရမ်း အားနည်းနေလို့ အာဟာရရှိတဲ့ အစားအသောက်တွေကို များများ စားရမယ်။ ”
“ ကောင်းပါပြီ ကောင်းပါပြီ။ ဒီနေ့က စပြီး မင်း ပြောတဲ့ စကားတွေ အကုန်လုံးကို ငါ မြေဝယ်မကျ နားထောင်ပါ့မယ်။ ”
ဖန်းအိမ်တော်ထဲမှ ထွက်လာခဲ့သော လီယောင်သည် တကယ်တော့ တရားသူကြီးစုန့်ရဲ့ ဇနီးက ခြံပြင်မှာ ရပ်စောင့်နေခဲ့တာ ဖြစ်ကြောင်း သိသွားသည်။ တရားသူကြီးစုန့်ရဲ့ ဇနီးက လီယောင်ဟာ အဒေါ်လျှို့တို့သားအမိကို ကယ်တင်ပေးခဲ့တဲ့ သတင်းကို ကြားပြီးပြီ ဖြစ်ကာ သူမရဲ့ နှလုံးသားထဲမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့သည်။
အသိဉာဏ်ပညာနည်းတဲ့ ဖန်းရှိန်လို ရွာသူ ၊ ရွာသားတွေနှင့် ယှဉ်လိုက်ပါက တရားသူကြီးစုန့်ရဲ့ ဇနီးသည် လီယောင် အသုံးပြုလိုက်တဲ့ ဒီနည်းလမ်းက ကလေးမွေးရခက်နေတဲ့ မိခင်တွေကို ဘယ်လောက်တောင် အကျိုးပြုနိုင်မလဲ ၊ ကလေးငယ် ဘယ်နှယောက်ကို သေခြင်းတရားကနေ ကယ်တင်ပေးနိုင်မလဲ ဆိုတာ ပိုကောင်းကောင်း သိသည်။
လီယောင်ကို သက်ရှိထင်ရှား ဘုရားလောင်းဟု ခိုင်းနှိုင်းဖော်ပြရင်တောင် လွန်မည် မထင်ပါ။
“ နင်ကတော့ လူထုအကျိုးပြု လုပ်ဆောင်ချက်ကြီး တစ်ရပ်ကို လုပ်ဆောင်နိုင်လိုက်ပြန်ပြီ လီယောင်။ ”
“ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီးတွေအတွက် ကျွန်မ တတ်နိုင်တဲ့ အတိုင်းအတာကနေ နည်းနည်းပါးပါး ကူညီပေးရုံပါပဲ။ အဲ့လောက်လည်း မဟုတ်ပါဘူးရှင်။ ”
“ ဘယ်ဟုတ်ပါ့မလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ယောက်ျားကို နန်းတွင်းတရားရုံးတော်ကို သေချာပေါက် စာတင်ပြီး အကြောင်းကြားခိုင်းလိုက်မယ်။ နင် ဆုတော်လာဘ်တော်တွေ ရဖို့သာ စောင့်နေပေတော့။ ”
လီယောင် တစ်ယောက် ရယ်ချင်သလို ပြုံးလိုက်မိသည်။
တရားသူကြီးစုန့်တို့လင်မယားက ခုနတုန်းကမှ ဘိလပ်မြေမှုန့်တွေကို နန်းတော်ဆီ ပို့ထားတာ ဖြစ်ပြီး အခုလည်း ကလေးမီးဖွားရာမှာ သုံးတဲ့ ညှပ်တွေကို ထပ်ပို့ပြန်ဦးမည်။ ဟိုးအဝေးကြီးမှာ နေတဲ့ ဧကရာဇ်ဘုရင်မင်းမြတ်ထံကို သူတို့ ပို့လိုက်တဲ့ ပစ္စည်းတွေ ရောက်ရော ရောက်သွားပါ့မလား ဆိုတာကို သူမ မသိပါ။
တကယ်လို့ ကလေးမီးဖွားတဲ့ နေရာမှာ သုံးတဲ့ ညှပ်တွေသာ ကျယ်ကျယ်ပြန့်ပြန့် နာမည်လာကြီးရင်တော့ သူမလည်း အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါလိမ့်မည်။
လီယောင်သည် နောက်ထပ် ညှပ် ပုံစံ တစ်မျိုးကို အလှပဆုံး ရေးဆွဲကာ အသေးစိတ် ပြုလုပ်နည်းတွေ ၊ မှတ်စုတွေကိုပါ ထည့်ရေးလိုက်ပြီးနောက် ထိုစာရွက်ကို ဒီခေတ်ရဲ့ ကလေးမီးဖွားရာမှာ သုံးတဲ့ ပထမဆုံး ညှပ်နှင့်အတူ တရားသူကြီးစုန်ရဲ့ လက်ထဲ ထည့်ပေးလိုက်၏။
အပြန်လမ်းမှာတော့ တရားသူကြီးစုန့်က နောက်တစ်ခေါက် ချီးမွမ်းခန်းထပ်ဖွင့်ခဲ့သည်။ “ ဒီအမျိုးသမီးလီက ဆက်တိုက်ကို အံ့ဩစရာတွေ လုပ်ပြနေတာပဲ။ ဘာလို့များ သူမလို လူ တစ်ယောက်က ချောင်ကျကျ တောင်ခြေရွာလေး တစ်ရွာမှာ နှိမ့်နှိမ့်ချချ နေချင်နေရတာပါလိမ့်။ ”
…