← Chapters

ထပ်မံအလစ်တိုက်ခြင်း

Vol. 1 Ch. 241

ထပ်မံအလစ်တိုက်ခြင်း

Vol. 1 Ch. 241

"ဖုန်း...ဖုန်း...ဖုန်း"

စစ်တပ်၏ အရှေ့ဘက်တွင် စစ်မြင်းများ၏ ခွာသံများ တညီတညာတည်း ထွက်ပေါ်နေပြီး စစ်တပ်၏ အနောက်ဘက်တွင် စနစ်တကျ ချီတက်လာသော စစ်သည်တော်များ ရှိလေသည်။ စစ်ချီသံနှင့် မြင်းခွာသံတို့သည် ပဲ့တင်ထပ်နေ၍ ကျန်းရီ၏ နားစည်ထံ လာရောက် ရိုက်ခတ် နေလေသည်။ သူပိုလို့ပင် တွန့်ဆုတ် မိလာလေပြီ။

ရှားဝူဟွေ့ကိုသတ်ဖို့ တော်တော်ကို ခက်ခဲမှာပဲ

သူမသတ်လျှင် ရှားဝူဟွေ့တို့ စစ်တပ် ရှားယွိမြို့သို့ ရောက်သွားမည်ကို ထိုင်ကြည့် နေရတော့မည်လော။ သူကြိုးစားထားသမျှ အကုန် သဲထဲ ရေသွန် ဖြစ်သွား ပေလိမ့်မည်။

"လုပ်မယ်"

စစ်တပ်မှာ ပိုနီးလာပြီဖြစ်သောကြောင့် ကျန်းရီ အံကြိတ်၍ ဆုံးဖြတ်ချက် ချလိုက်သည်။ သူကြိုးစားရမည့် အရာကို ကြိုးစား ကြည့်လိုက်မည်၊ မလုပ်နိုင်တော့မှသာ နောက်ပြန်ဆုတ် လိုက်တော့မည်။

"သွားသင့်ပြီ"

ကျန်းရီသည် ဥမင်ထဲသို့ ပြန်ဝင်လိုက်ပြီး ဟွမ်ကြီးကို ဆင့်ခေါ်လိုက်သည်။ သူတို့သည် မြေအောက်သို့ ကီလိုမီတာသုံးဆယ် ဆက်တူးလိုက်ပြီး ထိုအကွာအဝေးအတိုင်း လမ်းမကြီးဆီ ချည်းကပ် သွားလိုက်သည်။

သူတို့ လမ်းမကြီး၏အောက် ရောက်သွားသည့် အခါ ကျန်းရီသည် ဟွမ်ကြီး အပေါ်မှ မဆင်းဘဲ ဟွမ်ကြီးကို ကြုံသလို လျှောက်ပြေးခိုင်းလိုက်ပြီး မြေအောက်ဥမင် ဝင်္ကပါ တစ်ခု ဖန်တီး လိုက်သည်။ အပေါ်တွင် စစ်သည် အများကြီး ရှိနေရာ သူထွက်ပြေးရန် လမ်းတစ်ခုကို ကြိုတင် ပြင်ဆင်ထားရမည်။ သို့မဟုတ်ပါက သူလွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဥမင်လိုဏ်ဂူပေါင်းများစွာ တူးပြီးနောက် ကျန်းရီသည် သူရှိနေသော နေရာ အပေါ်မှ စစ်တပ် တစ်ဝက်ခန့်နှင့် ရထားလုံး တစ်ဝက်ခန့် ကျော်ဖြတ် ပြီးသွားလောက်ပြီဟု အကြမ်းဖျင်း ခန့်မှန်း လိုက်သည်။

ဘယ်ရထားလုံးထဲတွင် ရှားဝူဟွေ့ထိုင်နေမည်မှန်း သူမသိရာ ကံစမ်း ကြည့်ရပေမည်။ ပုံမှန်အတိုင်း ဆိုလျှင် ရှားဝူဟွေ့သည် အလုံခြုံဆုံးဟု ထင်ရသော အလယ်ဗဟိုရှိ ရထားလုံးထဲတွင် ထိုင်နေ လောက်ပေသည်။

ကျန်းရီသည် ဟွမ်ကြီးကို ထိန်းချုပ်၍ မြေပြင်ပေါ် အမြန်ဆုံးနှူန်းနှင့် ပြေးသွား စေလိုက်သည်။ သူ၏ လက်တစ်ဖက်သည် မီးနဂါးဓားကို ကိုင်ဆောင်ထားပြီး အခြား လက်တစ်ဖက်တွင် ဝိညာဉ် သားရဲ အဆောင်ကို ကိုင်ဆောင်ထားကာ အချိန်မရွေး ဟွမ်ကြီးကို သိမ်း၍ ကမ္ဘာ့မီးလျှံများကို ထုတ်လွှတ်နိုင်ရန် အဆင်သင့် ပြင်ထားခဲ့သည်။

"အမ်"

ကျန်းရီ မြေပေါ်သို့ မရောက်ခင် မြေပြင်နှင့် မီတာ ခြောက်ဆယ်ခန့် အကွာ အရောက်၌ ရှေ့မှ ဥမင်ကြီး တစ်ခုကို သတိပြုမိ လိုက်သည်။ ဥမင်ထဲတွင် စစ်သည်များနှင့် ပြည့်ကျပ်လျက် ရှိသည်။

"မြေအောက်မှာလည်း လူသားနံရံ တစ်ခု ထားသေးတယ်၊ ရှားဝူဟွေ့... မင်း သေရမှာကို သိပ်ကြောက် နေတာပဲလား"

ကျန်းရီသည် တိတ်တဆိတ် ရေရွတ်လိုက်ပြီး ဟွမ်ကြီးနှင့် သူသည် မြေအောက်ထဲမှ ဖောက်ထွက်ကာ ဥမင်ထဲမှ ဖြတ်သန်းနေသော ရှန်ဝူနိုင်ငံ၏ စစ်တပ်ကို ခြောက်လှန့် လိုက်သည်။ ကျန်းရီ ပြေးတက် သွားသည့်အခါ စစ်သည် ဆယ်ယောက် ကျော်သည် ဟွမ်ကြီး ဦးချိုကြီးများကြောင့် လဲကျ သေဆုံးသွားကြသည်။ ထိုစစ်သည်တို့သည် ဟွမ်ကြီး၏ ဦးချိုကြီးများမှ အဝါရောင် အလင်းနှင့် ထိတွေ့မိသွားကာ မျက်စိအောက်၌ပင် သံချပ်ကာများ စုတ်ပြတ်သွားကြပြီး သွေးများ ပန်းထွက်ကာ သေဆုံးသွားကြသည်။

"ကျန်းရီပဲ...သတ်ကြ"

စစ်တပ်သည် တစ်ခဏ မှင်တက်နေခဲ့သည်။ သူတို့သည် သူခိုးဝတ်စုံ ဆင်ယင်ထားသော ရန်သူမှာ ဟွမ်ကြီးကို စီးနင်းထားသည့် ကျန်းရီ ဖြစ်ကြောင်း သိလိုက်သည်နှင့် မျက်လုံးများ တောက်ပ သွားကာ ကျန်းရီထံ ပြေးဝင် လာကြသည်။

"ဟွမ်ကြီး ပြန်တော့ "

ကျန်းရီသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ အတွင်းအား တိုက်ခိုက်မှုများ ပြုလာသည်ကို မြင်သည်နှင့် ဟွမ်ကြီးကို သိမ်းဆည်းလိုက်သည်။ ဟွမ်ကြီး၏ ခုခံနိုင်စွမ်းသည် ထိုတိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိလောက်မည်လားဟု သူမသိပေ။ ဟွမ်ကြီးသည် သူထွက်ပြေးရန် ဝှက်ဖဲ ဖြစ်လေသည်။ ထို့ကြောင့် ဟွမ်ကြီးအား သူအထိခိုက် မခံနိုင်ပေ။

"ကမ္ဘာ့မီးလျှံ "

ဟွမ်ကြီး ဝိညာဉ်သားရဲ အဆောင်ထဲ ရောက်သွားသည်နှင့် ကျန်းရီသည် အော်ဟစ်လိုက်ပြီး ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာခဲ့သည်။ အလွန် ပူပြင်းလှသော အရှိန်အဝါသည် လိုဏ်ခေါင်း တစ်လျှောက် ပျံ့နှံ့လာခဲ့ပြီး ပြေးလာကြသော စစ်သည်များ ချက်ချင်း ပြာကျ သွားခဲ့လေသည်။

"ရှားဝူဟွေ့...မင်းကံကို ကြည့်ရအောင်"

ကျန်းရီသည် ဟိုဘက် သည်ဘက်မှ ပြေးလာနေကြသော သူများကို လုံးဝအာရုံမထားပဲ ခေါင်းပေါ်မှ ရွှံမြေများကို မော့ကြည့် လိုက်သည်။ မီးနဂါးဓားသည် မျက်စိ ကျိန်းမတတ်သော အနီရောင် အလင်းများ တောက်ပလာခဲ့ပြီး မီးနဂါးနှစ်ကောင်သည် ကမ္ဘာ့မီးလျှံများနှင့် အတူ ပျံတက် သွားခဲ့သည်။

"ဝုန်း"

ထိုအချိန်တွင် လမ်းမကြီးထက် စစ်ချီတက် နေကြသော စစ်သည်တန်းကြီး၏ အလယ်နေရာမှ မြေပြင်သည် ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး ရွှံ့များ၊ ကျောက်စကျောက်နများ လွင့်စဉ် လာခဲ့သည်။ ရထားလုံးတစ်စီးနှင့် ရာပေါင်းများစွာသော စစ်သည်တို့သည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီး နိုင်လောက်သည့် မီးနဂါးဓား၏ အရှိန်အဝါနှင့် ကောင်းကင်ကို လွှမ်းသွားသည့် ကမ္ဘာ့မီးလျှံတို့ကြောင့် လွင့်ထွက်ကုန်ကြသည်။

"အား "

လေထဲသို့ လွင့်သွားကြသည့် စစ်သည် အများစုသည် အပူလှိုင်းကြီးကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ဖြစ်လေသည်။ အောက်မှ မီးနဂါးများ ထွက်လာသည့် အချိန်တွင်မူ သူတို့ ကိုယ်များသည် တစ်စစီ ဖြစ်သွားကြသည်။ အများစု၏ ကိုယ်ပေါ်တွင် အပေါက်ကြီးများ ဖြစ်သွားခဲ့ကြပြီး ချောက်ချားဖွယ် အော်သံများ ထွက်ပေါ်လာခဲ့သည်။

"ဝိုး"

စစ်သည် တစ်သောင်းခန့် ပါသော စစ်တပ်ကြီးသည် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။ အလယ်ရှိ ပေါက်ကွဲမှု ဖြစ်ရာနေရာနားမှ စစ်သားများသည် ဘေးသို့ဆုတ်ရန် ကြိုးစားနေကြပြီး ဘေးဘက်မှ စစ်သားများသည် အလယ်သို့ ပြေးလာရန် ကြိုးစားနေကြသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် အလယ်ရှိ အရေးပါသူများထံ ပြေးလာနေကြပြီး ပေါက်ကွဲရာ နေရာမှ လူများသည် ထွက်ပြေးရန် ကြိုးစားနေကြရာ ရုန်းရင်းဆန်ခတ် အုတ်အော်သောင်းနင်း ဖြစ်ကုန် ကြလေသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည်း စစ်တပ်နှစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ရှန်ဝူနိုင်ငံမှ စစ်သည်များသည် ကျန်းရီကို အလိုလို ကြောက်နေကြခြင်း ဖြစ်ပြီး ရှားနိုင်ငံမှ စစ်သည်များသည် ကျန်းရီကို မတွေ့ဖူးကြပေ။ ရှားနိုင်ငံမှ လူများသည် လုပ်ကြံ တိုက်ခိုက်သူ ရှိကြောင်း တွေ့ရသောအခါ တိုက်ခိုက်ရန် ချက်ချင်း ပြင်ဆင်ကြသည်။

"ကျန်းရီ... မင်းတို့အားလုံး အသုံးကို မကျဘူး၊ အသုံးမကျတဲ့ ကောင်တွေ"

လွင့်ထွက်သွားသော ရထားလုံး၏ နောက်ရထားလုံးထဲတွင် ထိုင်နေသော ရှားဝူဟွေ့သည် ဖြူဖျော့ သွားခဲ့သည်။ အစောပိုင်းက ထိုရထားလုံးထဲတွင် သူမ စီးလိုက်မိသည်မှာ ကံကောင်းသည်။ မဟုတ်ပါက လွင့်ထွက်သွားကာ တစ်စစီ ဖြစ်သွားသော ရထားလုံးနှင့် အတူ သူလည်း အလောင်း တစ်လောင်း ဖြစ်သွားလောက်ပေပြီ။

မိန်းမစိုးအိုကြီးဝေ့၏ အကာအကွယ် အောက်တွင် ရှားဝူဟွေ့သည် ရထားလုံးထဲမှ ထွက်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များကို ကြည့်ကာ အော်ဟစ် လိုက်သည်။

"မင်းတို့တွေ မြေအောက်ထဲကို ချက်ချင်းသွား... ကျန်းရီကို အစွမ်းကုန် သတ်ကြ"

"နားလည်ပါပြီ"

ထိုသူများအားလုံးသည် အနည်းဆုံး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပဉ္စမ အဆင့်ခန့်တွင် ရှိပြီး တော်ဝင်မိသားစုမှ စေလွှတ်လိုက်သော တပ်ကူများ ဖြစ်ကြသည်။ သူ ရှားဖုန်းမြို့တွင် ထိုလူများ ရောက်အလာကို စောင့်နေခဲ့ခြင်း ဖြစ်လေသည်။ သူတို့သည် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ဖြင့် ရှားယွိမြို့ကို အရင်သွားပြီးမှ ရှားဖုန်းမြို့ထံ လာခဲ့ကြခြင်း ဖြစ်သည်။ ထိုက်ရှစ်ကျန်းနှင့် သူ့လူများသည် ယုံကြည်၍ မရသောကြောင့် တော်ဝင်မိသားစုမှ လူများသည် အစွမ်းကုန် ကြိုးစား ကြရသည်။

ထိုလူများ အားလုံးသည် ကြောက်စရာ အငွေ့အသက်များ ထုတ်လွှင့် နေသည့် လက်နက်များကို ဆွဲထုတ် လိုက်ကြသည်။ လက်နက်များ အားလုံးသည် ကောင်းကင် အဆင့်များ ဖြစ်နေကြလေသည်။ သူတို့သည် ဥမင်တစ်ခု အမြန်တူး၍ စက္ကန့်ပိုင်းအတွင်း ကွယ်ပျောက် သွားကြသည်။

"ကျန်းရီ..."

ရှေ့ဘက်တွင် ထူးဆန်းပြီး မြင့်မားသည့် သားရဲကြီးကို စီးနင်းထားသော အနက်ရောင် ချပ်ဝတ်ဖြင့် စစ်သူကြီးတစ်ဦး ရှိလေသည်။ သူသည် ရွှေရောင် တောက်ပနေသည့် ပုဆိန်သွားဖြင့် လှံရှည်ကြီးကို မြှောက်ကာ ဒေါသတကြီး အမိန့်ပေးလိုက်သည်။

"အရိပ်နက် စစ်သားတွေ... ရှေ့ဆက်တက်ကြ ကျန်းရီကို သွားခွင့်မပေးနဲ့၊ သူက ရှားနိုင်ငံထဲ ဝင်လာပြီး ငါတို့စစ်သားတွေကို သတ်ရဲတယ်... ဘယ်လိုတောင် ရဲတင်းနေတာလဲ၊ ငါတို့ နိုင်ငံသားတွေကို အထင်သေး နေတာလား"

စစ်သည်များစွာတို့သည် ချက်ချင်း မြေပြင်ကို တူးလိုက်ကြသည်။ သူတို့အားလုံးသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ ဖြစ်ကြသည်။ သူတို့လည်း ဥမင်အတွင်း ဝင်ရောက်၍ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ် သွားကြသည်။

"သေစမ်းကွာ"

ကျန်းရီသည် မီးနဂါးနှစ်ကောင်ကို ပစ်လွှတ်ပြီးနောက် အနက်ရောင် အတွင်းအား သုံးထားသော အကြားအာရုံနှင့် မြေပြင်ပေါ် နားစွင့် ထားခဲ့သည်။ 'အရှင့်သား'ဟု အလန့်တကြား အော်လိုက်ကြသံများ သူမကြားမိပေ။ ရှားဝူဟွေ့ ထိုရထားလုံးထဲတွင် မရှိသည်မှာ ထင်ရှားသည်။ ဤစစ်ဆင်ရေး ကျရှုံးသွားပေပြီ။

မြေအောက်ထဲသို့ ပျံ့လွင့်လာသော ကြောက်စရာ အရှိန်အဝါများကို ခံစား လိုက်မိသောကြောင့် ကျန်းရီ သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် ရှေ့မှ ဥမင်ထံ ကမ္ဘာ့မီးလျှံများနှင့် ပေါင်းစပ်ထားသော ဓားတစ်ချက် ပစ်လွှတ် လိုက်သည်။ တစ်ချိန်ထဲမှာပင် အနောက်ဘက်သို့ အတွင်းအား ပေါက်ကွဲ လက်ဝါးကို ထုတ်လွှတ် လိုက်သည်။

"သွားရမယ့် အချိန်ရောက်ပြီ"

ကျန်းရီသည် ဆုံးဖြတ်ချက် ချပြီးသည့်အခါ တွေဝေ မနေတော့ပေ။ သူနောက်ဆုတ်ရန် ဆုံးဖြတ် လိုက်မှတော့ ချက်ချင်း နောက်ဆုတ် လိုက်မည်သာ။ သူ့ကိုယ်သည် ဟွမ်ကြီး အပေါ်တက်ရန် တူးထားခဲ့သည့် ဥမင် လမ်းကြောင်း အတိုင်း အောက်သို့ ခုန်ဆင်း လိုက်သည်။ သူသည် ဆက်တိုက်ဆိုသလို ရွှံ့နံရံများထံ အတွင်းအား ပေါက်ကွဲ လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ဥမင်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"ဟွမ်ကြီး"

သူမြေအောက်မှ ဂူထဲ ရောက်သွားသည့် အခါ ဟွမ်ကြီးကို ဆင့်ခေါ်လိုက်ပြီး တူးထား ခဲ့ပြီးသော ဥမင် လမ်းကြောင်း များစွာထဲမှ တစ်ခုထံ ပြေးဝင်လိုက်သည်။

ဝိညာဉ် အဆင့်လက်နက်များနှင့် ကောင်းကင်အဆင့် လက်နက်များ ကိုင်ဆောင် ထားကြသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် လျင်မြန်စွာ မြေတူး၍ အောက်သို့ ရောက်ရှိ လာကြသည်။ ထိုနေရာ အရောက်တွင် ဝင်္ကပါ တစ်ခုသဖွယ် ရှုပ်ထွေးလှသည့် ဥမင်များစွာ ရှိနေလေသည်။ မည်သည့် ဥမင်ထဲ ဝင်သွားရမည်ကို သူတို့မသိပေ။

"လူခွဲပြီး ရှာကြ"

ရှားဝူဟွေ့နှင့် ရှားနိုင်ငံ၏ မြင့်မြတ်လှသည့် စစ်သူကြီး စုတိကောသည် သတ်မိန့် ပေးထားသည် ဖြစ်ရာ သူတို့ လွယ်လွယ် လက်မလျှော့ နိုင်ပေ။ ထို့ကြောင့် လူခွဲ၍ ဥမင်လမ်းကြောင်း အသီးသီးသို့ ဝင်ရောက် သွားလိုက်ကြသည်။

ဟွမ်ကြီး၏ ပြေးနှုန်းသည် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း မရှိသော်လည်း စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ဆဋ္ဌမအဆင့်၊ သတ္တမ အဆင့်များအောက် နိမ့်ကျခြင်း မရှိပါချေ။ ကျန်းရီ ပြင်ဆင်ထားခဲ့သော ဥမင် လမ်းကြောင်းများကြောင့် သူအသာစီး ရနေခဲ့သည်။ မဟုတ်ပါက ထိုမျှ ရူးသွပ်စွာ ပြေးလိုက် လာကြသည့် လူများနှင့်ဆိုလျှင် ရလဒ်သည် မတွေးရဲစရာပေ။

ကျန်းရီ ထွက်ပြေးသွားသော ဥမင်ထဲလိုက်လာကြသူ လေးယောက် ရှိလေသည်။ သူတို့ အားလုံးသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပဉ္စမ အဆင့်အထက် ဖြစ်ကြသည်။ သူတို့သည် အမြန်ဆုံးနှုန်းနှင့် ပြေးလိုက် လာကြသည်ဖြစ်ရာ ကျန်းရီနှင့် သူတို့ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း နီးလာပြီး လေးလံလှသော ခြေသံများကို ကြားနေရပြီ ဖြစ်လေသည်။

"ကျန်းရီရှေ့မှာပဲ"

မျက်လုံးလေးစုံ ဝင်းလက် သွားခဲ့သည်။ သူတို့သည် အတွင်းအားများကို ထုတ်ဖော်၍ ဝမ်းသာအားရ ပြေးသွားခဲ့ကြသည်။ ကျန်းရီကို သတ်နိုင်သူအား အကြီးအကျယ် ဆုချမည်ဟု ရှားဝူဟွေ့ ပြောထားခဲ့သည် မဟုတ်ပါလော။

*****

All Chapters