← Chapters

ဒီအမျိုးသမီးက တကယ်မကောင်းဆိုးဝါးပဲ။

Vol. 7 Ch. 84

ဒီအမျိုးသမီးက တကယ်မကောင်းဆိုးဝါးပဲ။

Vol. 7 Ch. 84

“သခင်မလီ၊ ကြွပါခင်ဗျာ။”

လီယောင်လည်း လေလုံးထွားမနေတော့ပေ။ သူမသည် လုံလောက်စွာ သရုပ်ဆောင်မှုတစ်ခု ပြုလုပ်ခဲ့ပြီဖြစ်ပြီး ယခုအခါ အရေထူသည့် ဤလူကြီးမင်းများ မည်သို့ဖြစ်မည်ကို ကြည့်ရမည့်အချိန်သာ ဖြစ်ပေတော့သည်။

ထို့ကြောင့် သူမသည် ရှေ့ထွက်ကာ သူမ၏အင်္ကျီလက်ထဲမှာ ငွေစက္ကူတစ်ချို့ကို ထုတ်ယူခဲ့သည်။

“ဒါက ငွေချောင်း ၁၉၀ ပါ။”

“ဟား၊ ဟား ဟား။”

ကျန်းကွမ်းရှန်သည် အမှန်တကယ်ပင် ကျယ်လောင်စွာ ရယ်ချင်နေခဲ့သည်။

ငွေချောင်း ၁၉၀တဲ့၊ ဒါကို ငွေလို့ ခေါ်လို့ရလို့လား။

ဒါက အချမ်းသာဆုံး လီယောင်ရဲ့ ရက်ရောမှုလား။

သို့သော် သူမအား သူ မသရော်ခင်မှာပင် လီယောင်ပြောဆိုမှုကို သူကြားခဲ့သည်။ “ဒါက ဟိုဘက်က အမျိုးသမီးတွေဘက်မှာ ကျွန်မလှူမယ်လို့ ကတိပေးခဲ့တဲ့ဟာပါ။”

လူတိုင်းသည် အချင်းချင်း အပြန်အလှန်ကြည့်ခဲ့ကြသည်။ ‘သူ(မ) ဘာပြောနေတာပါလိမ့်။’

‘သူတို့ ဒီနေရာမှာ လှူပြီးရင် ဟိုဘက်မှာ ထပ်လှူရမှာများ ဖြစ်နေမလား။’

သို့သော်လည်းပဲ သူတို့သည် အလွန် မစိုးရိမ်ခဲ့ကြပေ။ နောက်ဆုံးတွင် အမျိုးသမီးများသည် လျှောက်ပတ်ဆော့ကစားရုံသာဖြစ်ပြီး ဤမျှလောက် ငွေအများကြီးအား သုံးနိုင်လိမ့်မည် မဟုတ်ပေ။

“သခင်မလီ။” သခင်ကြီးလိုင်က မေးခဲ့သည်။ “ဒါဆို ဒီမှာ ဘယ်လောက်လှူမယ်လို့ စိတ်ကူးထားလဲဗျ။”

“အမ်… နှစ်….”

“ငွေချောင်း ၂၀၀ လား။” ကျန်းကွမ်းရှန်သည် ဆက်လက်ထိန်းမထားနိုင်တော့ပဲ ကျယ်ကျယ်လောင်လောင်နှင့် ပြောခဲ့သည်။ “သူတို့ကိုယ်သူတို့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဘယ်သူကများ ပြောခဲ့တာပါလိမ့်ဗျာ။ ငွေချောင်း ၂၀၀လောက်ဆိုတာကတော့ တော်တော်လေးကို အနုတ်စုတ်ကုတ်စုတ် ဖြစ်လွန်းလှပါတယ်။ ဟုတ်တယ်မဟုတ်လားဗျ။”

“မှန်တာပေါ့ရှင်၊ ငွေချောင်း၂၀၀ဆိုတာတော့ တကယ်ပဲ တော်တော့ကို နုံချာလွန်းလှပါတယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါကြောင့်မို့ ကျွန်မ ငွေချောင်း ၁၂၀၀လှူပါ့မယ်။”

စကားပြောပြီးနောက် သူမသည် ငွေစက္ကူခပ်ထူထူတစ်ပုံအား ရက်ရောစွာဖြင့် ထုတ်ယူကာ ခရိုင်တရားသူကြီးမင်းစုန့်ရှေ့ရှိ စားပွဲခုံပေါ်သို့ တင်ထားခဲ့သည်။

လူတိုင်းသည် အံအားသင့်သွားခဲ့သည်။

ငွေချောင်း ၁၂၀၀ လား။

ဒီအမျိုးသမီးမှာ ဘာဖြစ်လို့ ဒီလောက် ငွေအများကြီး ရှိနေတာလဲ။

မကြာခင်တုန်းကမှ သူမဆိုင်ကနေ ငွေချောင်း ၁၀၀ လောက်ပဲ ရှာနိုင်ခဲ့တယ်လို့ သူမကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား။

သို့သော် သူတို့ရှေ့ရှိ ငွေစက္ကူများသည် အစစ်အမှန်များ ဖြစ်ကြသည်။

“သခင်မလီက အလွန်ကြီးမြတ်လှပါတယ်ဗျာ။” ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ခင်ဗျားကို တိုင်းသူပြည်သားတွေရဲ့ ကိုယ်စား ကျုပ် ကျေးဇူးတင်ပါလှတယ်ဗျ။ လက်ထောက်စာရေးကြီး၊ ဒါကို မြန်မြန်လေး မှတ်တမ်းတင်လိုက်ပါဦး။”

“မှန်လှပါခင်မျာ။”

လက်ထောက်စာရေးသည် လီယောင်၏ အမည်နှင့် ငွေချောင်း ၁၂၀၀ လှူဒါန်းမှုအား အနီရောင်စာအုပ်ကြီးတွင် သွက်လက်စွာ မှတ်တမ်းရေးသွင်းခဲ့သည်။

လွန်ခဲ့သည့် တခဏတွင် တစ်ချို့သည် ဤသည်မှာ ခရိုင်တရားသူကြီးမင်းနှင့် လီယောင်ကြားတွင် လျှို့ဝှက်ကြံစည်မှုတစ်ခု ဖြစ်ပြီး နောက်ပိုင်းတွင် ပိုက်ဆံများကို လီယောင်အား တိတ်တဆိတ် ပြန်ပေးလိမ့်မည်ဟု သံသယရှိနေကြဆဲဖြစ်သည်။

သို့သော် ယခုတွင်မူ ဤသည်မှာ မဖြစ်နိုင်မှန်း သူတို့ သိခဲ့ကြသည်။

မှတ်တမ်းစာအုပ်ကို ထိန်းသိမ်းထားပြီး နောက်ဆုံးတွင် ယီကျိုးစီရင်စုသို့ စာရင်းများနှင့် တင်ပြလိမ့်မည် ဖြစ်သည်။ လူသိရှင်ကြား အတည်ပြုခြင်းအတွက် ကန့်သတ်ထားသည့် နည်းလမ်းတစ်ခုဖြင့်လည်း ရရှိနိုင်မည် ဖြစ်သည်။ အခြေခံအားဖြင့် ၎င်းအား အတုပြုလုပ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် လီယောင်၏ ငွေချောင်း ၁၂၀၀ သည် အမှန်တကယ်ပင် လှူဒါန်းခြင်း​ ဖြစ်သည်။

“အာ.. သခင်မလီက တကယ့်ကို ရက်ရောတာပါပဲဗျာ။ ကျုပ်ဆိုတဲ့ သခင်ကြီးလိုင်ကို အရှက်ရသွားစေတာပဲဗျာ။” ဟု သခင်ကြီးလိုင်က ပြောခဲ့သည်။ “ဒါပေမဲ့ ခုနကတုန်းက သခင်မလီထက် သေချာပေါက် လျှော့မလှူဘူးလို့ ကျုပ်ပြောထားခဲ့မိတာပဲ။ ယောကျ်ားတစ်ယောက်ရဲ့ စကားက သူ့ရဲ့ ကတိဝန်ခံချက်ပဲ။ မဟုတ်ရင်တော့ ယောကျ်ားမဟုတ်တော့လို့ပဲဗျာ။ ဆိုတော့ ကျုပ် ငွေချောင်း ၁၃၀၀ လှူပါ့မယ်ဗျာ။”

သူသည် ငွေချောင်း ၁၃၀၀ အား ဝန်လေးစွာဖြင့် အင်တင်တင်နှင့် ထုတ်ယူခဲ့ပြီး တခြားသူများသည် သေအံ့ဆဲဆဲသူများကဲ့သို့ ခံစားခဲ့ရသည်။

သို့သော် ဤအခြေအနေ၌ပင် သခင်ကြီးလိုင်က တစ်စုံတစ်ရာကို ရက်ရက်စက်စက်ပင် ပြောခဲ့သည်။ “လီယောင်ထက် လျော့ပြီး လှူရဲတဲ့ ဘယ်သူမဆို ယောက်ျား မဟုတ်ဘူးပဲ။”

ချွတ်ခြုံကျခဲ့မည်ဆိုလျှင်တောင် သူတို့သည် ယနေ့တွင် လီယောင်ထက် ပို၍ပင် လှူရပေတော့မည်။

“ကျုပ် ငွေချောင်း ၁၂၅၀ လှူပါမယ်။”

“ငွေချောင်း ၁၃၀၀ လှူပါမယ်။”

“ကျွန်တော် ငွေချောင်း ၁၂၀၅ ချောင်း လှူပါမယ်။”

ပုံမှန်အားဖြင့် ဤတွန့်တိုလှသော သူဌေးများသည် တစ်ဦးလျှင် ငွေချောင်း ၁၂၀၀ကျော် လှူဒါန်းကြသည်ကို မြင်သောအခါ ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်လုံးများသည် ပြူးထွက်လာခဲ့သည်။

အခု လီယောင် ဘယ်နည်းလမ်းကိုများ သုံးခဲ့တာပါလိမ့်။

နောက်ဆုံးတွင် ကျန်းကွမ်ရှန်၏ အလှည့်ပင် ဖြစ်သည်။

“သူဌေးကျန်း” သခင်ကြီးလိုင်က အပြုံးတစ်ခုနှင့် ပြောခဲ့သည်။ “ခုနတုန်းက ခင်ဗျားက သခင်မလီကို အနှိမ်ဆုံးပဲ။ အခု သူက ငွေချောင်း ၁၂၀၀လှူတယ်ဆိုတော့ သင့်တင်လျှောက်ပတ်သွားအောင်လို့ ခင်ဗျားကတော့ အနည်းဆုံး ငွေချောင်း ၂၁၀၀ လှူသင့်တယ်နော်။”

သူသည် လီယောင်အား ပြင်းပြင်းထန်ထန် လုပ်ကြံ၍ အသရေဖျက်ခဲ့သည့်အတွက် ယခုအခါ သူတို့အားလုံးသည် သူ့ဘက်သို့ လှည့်လာခဲ့ကြသည်။ အားလုံးသည် သဘောတူညီစွာဖြင့် သံယောင်လိုက်ခဲ့ကြသည်။

“ဟုတ်တယ် သူဌေးကျန်း၊ ခင်ဗျားရဲ့ ကြွယ်၀ချမ်းသာတဲ့ စားသောက်ဆိုင်နဲ့ဆို ငွေချောင်း ၂၁၀၀ကို အသာလေး တတ်နိုင်ပါတယ်ဗျာ။”

“မှန်ပဗျာ။ သူဌေးကျန်းအတွက်ကတော့ ဒီလောက်ငွေပမာဏဆိုတာက ဘာမှကို မဟုတ်ပါဘူးဗျာ။”

***

ကျန်းကွမ်ရှန်သည် အတွင်းစိတ်ထဲတွင် လွန်စွာ ခါးခါးသီးသီး ခံစားခဲ့ရသည်။

“တံတိုင်းပြိုသည့်အခါ လူတိုင်းတွန်းချခံရသည်။”ဟု ဆိုရိုးအတိုင်း ယခုအခါ သူ သိမြင်ခံစားနေခဲ့ရသည်။

သို့သော် လူအများအပြား ရှိနေခဲ့သဖြင့် မျက်နှာပျက်ရန် အလွန်ရှက်ရွံ့နေခဲ့ပြီး “ငွေချောင်း ၂၁၀၀ ဆိုတာ ကြားမကောင်းပါဘူးဗျာ။ ကျုပ် ငွေချောင်း ၂၂၀၀ လှူပါတယ်ဗျာ။”ဟု ဖျစ်ညှစ်၍သာ ပြောခဲ့လေတော့သည်။

“ဟား ဟား.. သူဌေးကျန်းကတော့ တအားရက်ရောတာပဲဗျို့..။”

“သူဌေးကျန်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲဗျာ။ တအားလက်ဖွာတာပဲဗျို့..။”

ကြားကောင်းအောင် အမွှမ်းတင်နေမှုများကို ရင်ဆိုင်ရသောအခါ ကျန်းကွမ်ရှန်သည် အမှန်တကယ်ပင် ဆဲဆိုချင်နေခဲ့သည်။

သူတို့အားလုံးသည် အရှုံးတစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း အပြင်လူအား ဆန့်ကျင်၍ စည်းလုံးညီညွတ်ရမည့်အစား သူ့အား ဝိုင်းဝန်းအပြစ်တင်နေခဲ့ကြသည်။ ‘ဒါက ဘယ်လို အတွေးအခေါ်မျိုးပါလိမ့်။’

ယခုတွင်မူ သူနားလည်သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ လီယောင်၏ အကြံအစည်သာ ဖြစ်သည်။

ဤအမျိုးသမီးသည် အမှန်တကယ်ပင် အလွန် ဉာဏ်နီဉာဏ်နက်များကာ အန္တရာယ်များလှသည်။

အဆုံးတွင် ဤဘက်ခြမ်းတွင် လှူဒါန်းငွေ စုစုပေါင်းသည် ငွေချောင်း ၁၈၄၅၀ ဖြစ်သည်။

အမျိုးသမီးများဘက်မှ ငွေချောင်း ၁၈၀၀နှင့် ထည့်လိုက်သော စုစုပေါင်း ငွေချောင်း ၂၀၃၅၀ ဖြစ်သည်။

ငွေချောင်း နှစ်သောင်းကျော်သည် လွယ်လင့်တကူ တိုးမြှင့်တက်သွားခဲ့ပြီး လီယောင် ခန့်မှန်းထားသည့် ငွေချောင်း ၅၄၀၀ထက် သုံးဆနီးပါး ကောက်ခံနိုင်ခဲ့သည်။

ယင်းမှာ ချမ်းသာသည့်သူများသည် အမှန်တကယ်ပင် ချမ်းသာလှသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ငွေအများအပြားကို မြင်သောအခါ ခရိုင်တရားသူကြီးမင်းစုန့်သည် စိတ်တွင်းထဲတွင် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ဤငွေများစွာဖြင့် လီယောင့်နည်းလမ်းများဖြစ်သည့် “ထောက်ပံ့ရေးရိက္ခာအစားလုပ်အား”နှင့် “လုပ်အားခအစား အခွန်လျော့ပေါ့ခြင်း”တို့နှင့်အတူ ပိုင်ချွမ်းခရိုင်ရှိ တိုင်းသူပြည်သားတို့သည် ဆောင်းရာသီကို ဘေးကင်းလုံခြုံစွာဖြင့် ဖြတ်သန်းနိုင်ကြပြီဖြစ်သည်။

လီယောင်နှင့် ခရိုင်တရားသူကြီးမင်းစုန့်တို့၏ ရှေ့မှောက်တွင် အရှုံးတစ်ခုအား ကြုံတွေ့ရပြီးနောက် မည်သူမှ အချိန်မဆွဲနေကြတော့ပေ။ ငွေစက္ကူများကို ချန်ထားခဲ့ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြသည်။

“သခင်မလီ၊ ဒီတစ်ခေါက်တော့ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရတော့မယ်ဗျာ။”ဟု ခရိုင်တရားသူကြီးမင်းစုန့်သည် လီယောင်အား တံခါး၀သို့ လိုက်လံပို့ဆောင်ကာ ပြောခဲ့သည်။ “ကျုပ်ဆိုတဲ့ စုန့်က တိုင်းသူပြည်သားတွေရဲ့ ကိုယ်စား ခင်ဗျားကို ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်ဗျာ။”

“ဒါက ကျွန်မတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှု မဟုတ်ပါဘူး”ဟု လီယောင်က ပြောခဲ့သည်။ “သခင်ကြီးလိုင်ကသာ ဦးမဆောင်ခဲ့ဘူးဆိုရင် အကျိုးဆက်က ဒီလောက်ကောင်းမှ မဟုတ်ပါဘူး။”

“သခင်ကြီးလိုင်လား။ သူက……..”

“ဟုတ်တယ်။” လီယောင်က ပြုံးက ပြောခဲ့သည်။ “ကျွန်မ သခင်ကြီးလိုင်နဲ့ ကြိုညှိထားတာပါ။”

လီယောင်၏ ထွက်ခွာသွားသည့် ပုံရိပ်ကိုကြည့်ကာ ခရိုင်တရားသူကြီးမင်း၏ စိတ်နှလုံးသည် အတန်ငယ်ကြာအောင် မငြိမ်သက်နိုင်ခဲ့ပေ။

လီယောင့်စိတ်၏ သွက်လက်ချက်ချာမှု၊ စေ့စေ့စပ်စပ် စီစဉ်နိုင်မှုများသည် လှိုဝှက်ကြံစည်မှုများနှင့် နန်းတော်ထဲမှ စီမံချက်များတွင် ကျွမ်းကျင်သည့် ထိုအမျိုးသမီးများထက် သာလွန်လှပေသည်။

ဤမျှ ထူးချွန်ပြောင်မြောက်လှသည့် အမျိုးသမီးတစ်ဦးအား သူ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

နောင်အနာဂါတ်တွင် အရေးကိစ္စများစွာအတွက် သူမနှင့် တိုင်ပင်ရန် ဟဲဝမ်ရွာသို့ မကြာမကြာ သွားရောက်ရပေလိမ့်မည့်ပုံပေါ်သည်။

သခင်ကြီးလိုင်သည်လည်း ရည်ရည်မွန်မွန်ရှိပြီး အနာဂါတ်တွင် ပိုမိုပါဝင်လာစေပြီး လိုအပ်သည့်အခါ စောင့်ရှောက်မှုတစ်ချို့အား ပေးရမည်ဖြစ်သည်။

***

လီယောင်သည် ခရိုင်တရားရုံးတွင် များများစားစား မစားခဲ့ရသဖြင့် အိမ်ပြန်ရောက်သည်နှင့်တပြိုင်နက် သူမ၏ ရင်ဘတ်နှင့် နောက်ကျော ကပ်နေသည့်အထိ အလွန်ဆာလောင်နေခဲ့သည်။

ကံကောင်းထောက်မစွာပင် ကလေးများသည် ချင့်ချိန်တတ်ကြပြီး အစားအသောက်များ ချက်ပြုတ်ပြီးစီးသည်မှာ အတန်ငယ်ကြာပြီဖြစ်သော်လည်း အာသာငမ်းငမ်းဖြင့်သာ ကြည့်နေကြပြီး မစားကြသေးပဲ သူမ ပြန်လာသည်ကို စောင့်မျှော်နေခဲ့ကြသည်။

“မေမေ ပြန်လာပြီ။” ဟဲရှောင်ယာသည် လီယောင်အား တွေ့မြင်သည် ပထမဆုံးသူဖြစ်ပြီး ကြိုဆိုရန် ထွက်လာခဲ့သည်။ “အမေ ဗိုက်ဆာနေမှာပေါ့၊ မြန်မြန် စားလိုက်ပါဦး။”

“စားကြမယ်၊ စားကြမယ်။”

ယနေ့တွင် သူမသည် ပိုင်ချွမ်းစျေးရှိ သူဌေးများအား အကြင်အနာမဲ့စွာ ကလိမ်ကျနိုင်ခဲ့သောကြောင့် လီယောင်သည် အလွန်စိတ်ကောင်းဝင်နေခဲ့သည်။

သူမကိုယ်တိုင်လည်း ငွေချောင်း ၁၃၉၀ ရင်းနှီးမြှပ်နှံထားခဲ့သော်လည်း သူမအတွက် ထိုငွေပမာဏသည် မနက်ဖြန်တွင် နေရာမျိုးစုံမှ အလွယ်တကူ ပြန်ဝင်လာနိုင်သည့်အတွက် ယင်းအတွက် အလွန် မစိုးရိမ်နေခဲ့ပေ။

ထို့အပြင် ကူးပြောင်းလာခဲ့သူတစ်ဦးအနေဖြင့် အများအကျိုးအတွက် တတ်နိုင်စွမ်းသမျှ လုပ်ဆောင်ခြင်းသည် မဆိုးလှပေ။

ယင်းမှာ ကောင်းမှုကုသိုလ်များကို စုဆောင်းခြင်းအဖြစ် သဘောထားခဲ့သည်။ ကောင်းကင်ဘုံသည် အနာဂတ်တွင် သူမအား ပိုမိုငြိမ်းချမ်းပြီး သက်တောင့်သက်သာရှိအောင် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

“မေမေ၊ လာ ထိုင်။”

လီယောင်သည် ထိုင်ချခဲ့ပြီး တစ်စုံတစ်ယောက် ပျောက်ဆုံးနေခဲ့သည်ကို သတိထားမိခဲ့သည်။

“စုန့်ကျယ် ဘယ်မှာလဲ။”

“သူ…. ” တုရှောင်ဟွေ့သည် ပြန်ဖြေရန် တုံ့ဆိုင်းနေခဲ့သည်။

“ဘာလို့လဲ။”

“ဒီနေ့ သူ မြက် ၂ တောင်းခွဲပဲ ခုတ်နိုင်ခဲ့တယ်။ ၃ တောင်း မပြည့်ခဲ့ဘူး။”ဟု တုရှောင်ဟွေ့က ပြောခဲ့သည်။ “အဲဒါကြောင့် သူက မစားသင့်ဘူးဆိုပြီးတော့ ဥဖောက်ခန်းထဲမှာ သူ့ဖာသာသူ သွားအိပ်နေတယ်။”

တစ်ရက်တွင် မြက် ၃ တောင်း ရိတ်ရခြင်းသည် အမှန်တကယ်ပင် အလွန် မကြာလှပေ။

သို့သော် စုန့်ကျယ်သည် အကောင်းဆုံး ကြိုးစားခဲ့သည်ကို လီယောင် သိသည်။

သူမသည် တင်းမာစွာဖြင့် အလျော့မပေးတတ်သူတစ်ယောက် မဟုတ်ပေ။ စုန့်ကျယ်အား အလုပ်တွင် ပါဝင်လုပ်ဆောင်စေခြင်းသည် သူထံမှ အမှန်တကယ် လုပ်အား အများအပြား ရယူရန်အတွက် မဟုတ်ပဲ လုပ်ငန်းစဉ်များနှင့် တိုးတက်မှုများကို တွေ့ကြုံခံစားစေခြင်းသာ ဖြစ်သည်။

“လာစားဖို့ သူ့ကို သွားခေါ်လိုက်ချေ။”

“ဟုတ်ကဲ့ပါ။”

တခဏအကြာတွင် စုန့်ကျယ်အား သွားခေါ်ခဲ့သည်။

“ထိုင်ပြီးတော့ စားချေ။”

“ဒါပေမဲ့…”

“ဘာမှ ဒါပေမဲ့တွေမှ မပြောနဲ့တော့။” ဟု လီယောင်က ပြောခဲ့သည်။ “ငါ့အိမ်မှာ ငါက စည်းကမ်း သတ်မှတ်တယ်။ ဒီနေ့ လုံလုံလောက်လောက် မြက်မရိတ်ခဲ့ရဘူးဆိုရင် မနက်ဖြန် ပြန်ရိတ်နိုင်တယ်။ ဒါပေမဲ့ မင်းမှာ အခွင့်အရေး တစ်ခါပဲ ရမယ်နော်။ နားလည်လား။”

“ဟုတ်”

စုန့်ကျယ်သည် အပြင်းအထန် ခေါင်းငြိမ့်ကာ အလျင်အမြန် ထိုင်ချခဲ့သည်။

မြက်ရိတ်ခြင်းသည် ခက်ခဲသည့်အလုပ်ဖြစ်ကြောင်း ဝမ်အာသည် သိရှိထားခဲ့ပြီး စုန့်ကျယ်သည် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ကို သိရှိသောကြောင့် သူ့အတွက် ပန်းကန်လုံးကြီး တစ်လုံးနှင့် အပြည့် ထမင်းများကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးခဲ့ပြီး ဝံပုလွေသားနှပ်များစွာကိုလည်း ပန်းကန်လုံးထဲသို့ ထည့်ပေးခဲ့သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်။”

“ညီလေးစုန့်ကလည်း အလွန်ယဉ်ကျေးနေပြန်ပြီ။”ဟု ဝမ်အာက ပြောခဲ့သည်။ “ကျွန်တော်တို့အိမ်က တက္ကသိုလ်လို မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းတွေ အများကြီးမရှိဘူး။ လွတ်လွတ်လပ်လပ် စားပါဗျာ။”

ထိုစကားလုံးများသည် စုန့်ကျယ်၏ နှလုံးသားထဲသို့ တည့်တည့်မတ်မတ် ရောက်သွားခဲ့သည်။ သူသည် ချက်ချင်းပင် သူ့ပန်းကန်လုံးအား ကောက်ယူကာ ပါးစပ်နှင့်အပြည့် စတင် စားသောက်ခဲ့လေတော့သည်။

တခြားသူများကလည်း ဆာလောင်နေခဲ့ကြပြီး အစားအစာများကို အငမ်းမရ စတင်မျိုချလေတော့သည်။

အစားအသောက်များကို ပန်းကန်လုံးများ၊ ပန်းကန်ပြားများနှင့် အိုးများပြောင်စင်သွားသည်အထိ တိတ်တိတ်ဆိတ်ဆိတ်နှင့် စားသောက်ခဲ့ကြသည်။

“ဒေါ်လေးလီ” စုန့်ကျယ်သည် ပြောင်စင်နေသည့် သူ့ပန်းကန်အလွတ်အား ချကာ ပြောခဲ့သည်။ “မနက်ဖြန်ကော ကျွန်တော် ဘာလုပ်ရမှာလဲ။ မစိုးရိမ်ပါနဲ့။ ဒီနေ့လို ထပ်မဖြစ်စေရတော့ပါဘူး။ သေချာပေါက် ပြီးအောင်လုပ်ခဲ့မှာပါ။”

“မြက် ၁ တောင်းပဲ။”

“ဟမ်..” စုန့်ကျယ်သည် အံအားသင့်သွားခဲ့သည်။

ယနေ့တွင် မြက် ၃ တောင်းဖြစ်ပြီး မနက်ဖြန်တွင် မြက် ၁ တောင်းတည်းသာလျှင် ဖြစ်တော့မည်လား။

“အဲဒါကို မင်း မနက်ပိုင်းမှာ ပြီးအောင် လုပ်ရမယ်။” ဟု လီယောင်က ပြောခဲ့သည်။ “နေ့လည်ကျရင် ဝမ်အာနဲ့အတူ စာလေ့လာရမယ်။”

စုန့်ကျယ်၏ မျက်နှာသည် ပုတ်သိုးတော့မလို ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် သူသည် တက္ကသိုလ်သို့ နောက်ထပ် မသွားရတော့ပေ။ သို့သော် လီယောင်၏အိမ်တွင် လယ်အလုပ်အပြင် စာဖတ်နေရဆဲဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။

“ဆရာလွီက မင်း မကြိုးစားဘူးလို့ ပြောရင်တော့ မင်းအတွက် စားစရာ ရှိမှာ မဟုတ်ဘူးနော်။”ဟု ဒေါ်လေးလီက ပြောခဲ့သည်။

စုန့်ကျယ်: ကျွန်တော် နားလည်ပါပြီ။

စုန့်ကျယ်သည် သူ့လျှာအား တိတ်တဆိတ် ထုတ်ပြခဲ့သည်။

ဒေါ်လေးလီသည် ပို၍ မျှမျှတတဖြစ်လာခဲ့သည်ဟု သူထင်ခဲ့သော်လည်း သူမသည် အလွန်ခက်ထန်နေဆဲပင် ဖြစ်ပေတော့သည်။

…

All Chapters