ချီးမွမ်းဂုဏ်ပြုခြင်း
Vol. 7 Ch. 82
“မင်း ဒီနေ့ အလုပ်လုပ်တော့မှာလား။”
စုန့်ကျယ်သည် အနေရခက်စွာဖြင့် ခေါင်းငြိမ်ခဲ့သည်။
“ဒါဆိုလည်း ဘဲငန်းတွေကို ကျွေးဖို့ မြတ်ရိတ်ရအောင်လို့ တုရှောင်ဟွေ့နောက်ကို လိုက်သွားချေ။”
တုရှောင်ဟွေ့၏ ဦးဆောင်မှုအောက်၌ စုန့်ကျယ်သည် နောက်ကျောပိုးခြင်းတစ်တောင်းနှင့် တံစဉ်တစ်ချောင်းအား သယ်ကာ တောင်ပေါ်သို့ ထွက်ခွာလာခဲ့သည်။
သူတို့ တောအုပ်အစွန်းသို့ ရောက်ရှိလာသောအခါ အထဲသို့ ဝင်သွားရန် သူ အနည်းငယ် ကြောက်နေခဲ့သည်။ ယမာန်နေ့ညက ထိတ်လန့်တုန်လှုပ်သွားစေသည့် မြင်ကွင်းသည် သူ့အား အနည်းငယ် ခြောက်လန့်နေဆဲဖြစ်သည်။
တောင်များပေါ်တွင် လူသားစားသည့် ဝံပုလွေများ ရှိသည်။
ဒီကောင်မလေးကတော့ လုံး၀ မကြောက်ဖူးလားပဲ။
“နင့်နာမည်က ရှောင်ဟွေ့လား။”
“ဟုတ်တယ်။ တုရှောင်ဟွေ့” ဟု တုရှောင်ဟွေ့က ပြောခဲ့သည်။ “သခင်လေးစုန့်၊ မသိတာ နားမလည်တာရှိရင် ကျွန်မကို စိတ်ကြိုက်မေးလို့ရပါတယ်။”
“ဘာမှတော့ မဟုတ်ပါဘူး။ ငါမေးချင်တာက၊ မနေ့ညက ပြန်သယ်လာတဲ့ ဝံပုလွေတွေကို နင်တို့ ဘာလုပ်ကြမှာလဲ။”
“ဝံပုလွေအသားပေါ့။” တုရှောင်ဟွေ့သည် အနည်းငယ်မျှ စဉ်းစားကာ ပြောခဲ့သည်။ “မနက်တုန်းက ဒေါ်လေးလီက အဲဒါအများစုကို ဆားနယ်ပြီး အခြောက်လှမ်းမယ်လို့ ပြောနေတာကို ကျွန်မကြားခဲ့တယ်။ ဒါပေမဲ့ ဒီညမှာ လတ်လတ်ဆတ်ဆတ်အသားကို မြည်းစမ်းကြည့်ဖို့ တစ်အိုးချက်မယ်တဲ့။”
အဲဒါကို ချက်ပြီးတော့ စားကြမယ်ဟုတ်လား…။
စုန့်ကျယ်သည် မျက်လုံးပြူးကြီးများနှင့် စိုက်ကြည့်နေခဲ့သည်။
ဝံပုလွေသားကို ဘယ်လိုတောင် ချက်ပြုတ်ပြီး စားမှာတဲ့တုန်း။
သို့သော် မွှေးပျံ့နေသည့် အသားနံ့အား တွေးမိသောအခါ သွားရည်မယိုပဲ မနေနိုင်ခဲ့ပေ။
“ဒါပေမဲ့လေ.. ဒေါ်လေးလီက ပြောတယ်။” တုရှောင်ဟွေ့က ဆက်ပြောခဲ့သည်။ “သခင်လေး ဒီနေ့ မြက်သုံးခြင်း မရိတ်ဘူးဆိုရင် စားဖို့ အသားရမှာ မဟုတ်ဘူးတဲ့။ ထမင်းကြမ်းပဲရမှာတဲ့။”
စုန်ကျဲ့ - …
ကဲ.. ကောင်းပြီ၊ ရောမရောက်တော့လည်း ရောမလို ကျင့်ရတော့ပေါ့လေ။
စုန့်ကျယ်သည် အံကြိတ်ကာ တုရှောင်ဟွေ့နောက်မှ ကျိုးတို့ကျဲတဲ တောအုပ်ထဲသို့ လိုက်သွားကာ နေရာအနှံမှ မြက်ရိုင်းများကို စရိတ်ခဲ့လေတော့သည်။
ကံကောင်းထောက်မစွာဖြင့် မြက်ရိတ်ရန်နှင့် အလေ့ကျဟင်းသီးဟင်းရွက်များ ရှာဖွေရန်အတွက် တောထဲသို့ ရောက်လာကြသည့် ရွာသူရွာသား အနည်းငယ် ရှိနေခဲ့သည်။ ထို့အပြင် နေ့ခင်းဘက်ဖြစ်နေသောကြောင့် သူ အလွန် မကြောက်ခဲ့ပေ။
သို့သော် သူ့အားမြင်သည့် ရွာသူရွာသားတိုင်းသည် တိတ်တဆိတ် အံအားသင့်နေခဲ့ကြသည်။
သူမတို့၏ အိမ်အလုပ်များကို ခရိုင်တရားသူကြီးမင်းမိသားစုမှ သခင်ငယ်လေးအား ကူညီဆောင်ရွက်ပေးရန် လီယောင်တွင် အမှန်တကယ်ပင် နည်းလမ်း တစ်ခု ရှိနေခဲ့သည်။ ယင်းမှာ တစ်တိုင်းပြည်လုံးတွင် တစ်ခုတည်းသောကိစ္စ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။
မွန်းတည့်ချိန်၌ နောက်ဆုံးတွင် စုန့်ကျယ်သည် ပထမခြင်းတောင်းအား မြက်ပင်များ အပြည့်ဖြည့်နိုင်ခဲ့သည်။ သို့သော် သူ့လက်များတွင်လည်း နေရာအနှံ့ မြက်ပင်များမှ ရှနေခဲ့ပြီ ဖြစ်သည်။ ပင်ပန်းဆာလောင်နေသည့်အပြင် သူ့ဘ၀တွင် တစ်ခါမှ ထိုမျှ မသက်မသာ မခံစားခဲ့ရချေ။
သို့သော မွှေးပျံ့သော အစားအစာများကို တွေးတောကာ သူ၏စိတ်ပိုင်းဖြတ်မှုကို အသစ်တစ်ဖန်ပြောင်းလဲခဲ့သည်။
သူသည် အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်သောကြောင့် တုရှောင်ဟွေ့ကဲ့သို့ ကလေးမလေးထက် နိမ့်ကျလိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။
ယနေ့တွင် ဤတောင်ပေါ်တွင် သေသည်အထိ အလုပ်လုပ်ရမည်ဆိုခဲ့လျှင်တောင် သူသည် ထိုတောင်းသုံးလုံးအား မြက်ပင်များနှင့် အပြည့်ဖြည့်ရမည်ဖြစ်သည်။
***
လီယောင်သည် သူမ့နဖူးများမှ ချွေးများကို မျက်နှာသုတ်ပုပါတစ်ထည်ဖြင့် သုတ်ခဲ့သည်။
သူမသည် လွန်ခဲ့သောနှစ်ရက်တွင် မရပ်မနား အလုပ်လုပ်ခဲ့ပြီး နေ့စဉ် အလွန်ပင်ပန်းနေခဲ့သော်လည်း နောက်ဆုံးတွင် ဆေးဘက်ဝင်မြက်စိမ်းလိမ်းဆေးဆီ ဗူး ၅၀၀၊ ဆပ်ပြာအတုံး ၂၀၀၀နှင့် ရေမွှေးဆပ်ပြာ ၁၀၀၀ တို့ကို ပြုလုပ်ခဲ့သည်။
၎င်းတို့သည် အတော်များနေသည့်ပုံပေါက်သော်လည်း ဆိုင် ၁၈ဆိုင်ကို ခွဲပေးမည်ဆိုပါက တစ်ဆိုင်စီအတွက် အများကြီး မရရှိပေ။ ဖွင့်ပွဲနေ့အတွက် လုံလောက်ရုံသာပင် ဖြစ်သည်။
ဤကိစ္စ ပြီးဆုံးသွားပြီးနောက် ထုတ်လုပ်မှုအတွက် လူများအား ငှားရမ်းရန်အတွက် စဉ်းစားရမည့် ပုံပေါက်သည်။
သူမ အနားယူတော့မည့်အခိုက်တွင် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူ့မခြံတံခါး၀သို့ မြင်းနှစ်ကောင်ကို ဦးဆောင်ကာ ခေါ်လာခဲ့သည်။ ခရိုင်တရားသူကြီးမင်း၏ နေရာတွင် “အလှူရန်ပုံငွေညစာစားပွဲ”သည် အဆင်သင့်ဖြစ်နေခဲ့ပြီး ယနေ့ညတွင် ခရိုင်တရားရုံးအနောက်ဘက်ရှိ ခြံဝင်းထဲတွင် ကျင်းပလိမ့်မည်ဖြစ်သည်။ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူမအား ခေါ်ဆောင်ရန် လာခဲ့ရသည်။
“ကျွန်မပြောတဲ့အတိုင်း အကုန်ပြင်ဆင်ခဲ့လား။”
“ပြင်ခဲ့ပါပြီ။” ခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းက ပြဿနာတွေရှိနေမှာစိုးရိမ်နေလို့ သခင်မလီကို အစောလာပြီး ကြည့်စေချင်နေတယ်။”
ခရိုင်တရားသူကြီးမင်းအား လီယောင်ပြင်ဆင်စေခဲ့သည်မှာ ဘူဖေးပုံစံညစာစားပွဲ ဖြစ်သည်။ နိုင်ငံခြားနည်းလမ်းများကို သဘောကျလေးစားသည်ကြောင့် မဟုတ်ပဲ ရရာဖြင့် ဖြစ်သလို ဖန်တီးထားပြီး ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်စေရန်အတွက်ပင် ဖြစ်သည်။
“ဒါဆို ကျွန်မကို ခဏလောက်စောင့်ပေးပါ။ ချက်ချင်းလာခဲ့ပါမယ်။”
အိမ်တွင် ဆေးကြောသန့်စင်ပြီးနောက် လီယောင်သည် ချည်သားအပေါ်အင်္ကျီကို ဝတ်ဆင်ကာ ဖိနပ်အသစ်တစ်ရံကိုလည်း တမင်ရည်ရွယ်၍ ဝတ်ဆင်ခဲ့သည်။
ဤအဝတ်အစားများသည် အလွန်သက်တောင့်သက်သာ ရှိပြီး ရွာတွင် အဆင့်အတန်း မြင့်မားကာ စျေးကြီးသော်လည်း စျေးမြို့မှ ချမ်းသာကြွယ်၀သည့် လူများအတွက်မူ ဤအဝတ်အထည်များ၏ အသားများသည် အဆင့်နိမ့်ပစ္စည်းများသာလျှင်ဖြစ်ကြောင်း သူမ သိနားလည်ခဲ့သည်။
စျေးမြို့မှ ချမ်းသာကြွယ်၀သူများထဲတွင် ပိုးသား၊ ဖဲသားများကိုသာ ဝတ်ဆင်ရသည်ကို မကြိုက်မနှစ်သက်သည့် သူ မည်သူ ရှိလိမ့်မည်နည်း။
ခရိုင်တရားသူကြီးမင်းကတော်သည်လည်း သူမအား အစောပိုင်းကတည်းက ပိုးထည်အဝတ်အစားများကို ပြင်ဆင်ထားရန် သတိပေးခဲ့သည်။ သို့မဟုတ်ပါက လူများသည် သူမအား အထင်သေးနေပေလိမ့်မည်။
သို့သော် လီယောင်သည် မပြင်မဆင် မရွေးချယ်ခဲ့ပေ။
သူမသည် ချည်ထည်အဝတ်အစားများ ဝတ်ဆင်ရသည်ကို နှစ်သက်သည်။ ၎င်းတို့မှာ အလွန်သက်တောင့်သက်သာ ရှိလှသည်။
ထိုအပြင် ယနေ့တွင် သူမအား အချို့လူများ အထင်အမြင်သေးကာ နှိမ့်ချစေချင်နေခဲ့သည်။
***
ညဘက်တွင် ခရိုင်တရားရုံးအနောက်ဘက် ခြံဝင်းထဲတွင် စားပွဲနှင့် ကုလားထိုင် အမြောက်အများကို ခင်းကျင်းထားပြီး စားပွဲပေါ်တွင် အရသာရှိသော အစားအသောက်များ၊ ပန်းကန်လုံးများ၊ တူများနှင့် ကောင်းမွန်သည့် ဆန်အရက်များကို အပြည့်တင်ထားခဲ့သည်။
ပတ်ပတ်လည်ရှိ သစ်ပင်များနှင့် တိုင်လုံးများပေါ်တွင် လက်ဆွဲမီးအိမ်များနှင့် ဖယောင်းတိုင်စင်များကို ချိတ်ဆွဲထားပြီး ခြံဝန်းတစ်ခုလုံးကို မီးထွန်းထားသည်။
လီယောင်သည် လာရာလမ်းခရီးတွင် အနည်းငယ်မျှ တမင်တကာ နှောင့်နှေးနေခဲ့သဖြင့် သူမရောက်ရှိလာချိန်တွင် ဖိတ်ကြားထားသော တခြားဧည့်သည်တော်များသည် ထိုနေရာတွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ခရိုင်တရားသူကြီးမင်း၏ အစီအစဉ်များကို ကြိုတင်ကာ သိရှိထားသည့်အတွက် ထိုဖိတ်ကြားထားသူများသည် သူတို့၏ မိသားစုများအားလုံးကို ခေါ်ဆောင်လာခဲ့သည်။
ထိုအမျိုးသမီးများနှင့် အတော်လေး ရင်းနှီးသည့် ခရိုင်တရားသူကြီးမင်းကတော်သည် သူမတို့အားလုံးအား ခန်းဆီးနောက်ကွယ်တွင် စုဝေးကာ ဟန်ချက်ညီညီနှင့် သဟဇာတဖြစ်အောင် စကားစမြည်များ ပြောနေခဲ့ကြသည်။
နောက်ဆုံးတွင် လီယောင် ရောက်လာခဲ့သည်ကို မြင်သောအခါ ခရိုင်တရားသူကြီးမင်းသည် ချက်ချင်းဆိုသလို သူမအား ကြိုဆိုရန် ခြေလှမ်းကျဲကျဲနှင့် လျှောက်လာခဲ့သည်။ “သခင်မလီ ရောက်လာပြီပဲ။”
“တွေ့ရတာဝမ်းသာပါတယ် ခရိုင်တရားသူကြီးမင်းရှင့်။”
“တခမ်းတနားလုပ်နေဖို့ မလိုပါဘူးဗျာ။” ဟု သူ၏စိုးရိမ်ပူပန်မှုများကို တစ်ခုမှထုတ်မဖော်ထားသည့် သိသာပေါ်လွင်သော အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။ “ဒီလမ်းပါ၊ ကြွပါဦး။”
တစ်ဒါဇင်ခန့် သိုမဟုတ် ထိုထက်မက ဖိတ်ကြားထားသော အမျိုးသားဧည့်သည်များသည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ခဲ့ကြသည်။
မကြာသေးမီက သူတို့သည် လီယောင်အကြောင်း များစွာကြားသိခဲ့ရပြီး သူမ ငွေအနည်းငယ် ရှာနိုင်ခဲ့ကြောင်း သိခဲ့ရသော်လည်း ခရိုင်တရားသူကြီးမင်းသည် သူမအား အဘယ်ကြောင့် ဤမျှ မြင့်မြင့်မားမား အလေးထားနေခဲ့ရသည်ကို သူတို့ မသိကြပေ။
ရိုးရိုးသားသား ပြောရမည်ဆိုပါက သူတို့အားလုံးသည် ကိုယ်ပိုင်ကြွယ်၀မှုသည် လီယောင်ထက် အဆပေါင်းများစွာ ပို၍သာလွန်ကြသည်။
သို့တိုင် ခရိုင်တရားသူကြီးမင်းသည် သူတို့၏လက်ဆောင်ပစ္စည်းများကို ငြင်းဆန်ခဲ့ပြီး သူတို့အား မတူညီစွာ ဆက်ဆံခဲ့ပြီး နောက်မှပေါ်သည့် ဤရွှေကြာပင်အား သာ၍ အလေးထားနေခဲ့သည့်အတွက် သူတို့သည် အနည်းငယ် စိတ်မချမ်းမြေ့စေတော့ပေ။
သေချာပေါက်ပင် သူတို့သည် ခရိုင်တရားသူကြီးမင်းအား မကျေမနပ် မဖြစ်နေကြပဲ လီယောင်ကိုသာလျှင် ဖြစ်နေခဲ့ကြသည်။
ထို့ကြောင့် ထိုလူအုပ်၏ ရှေ့မှောက်သို့ လီယောင် ရောက်သွားသောအခါ သူမအား စကားစမြည်ပြောဆိုရန် မည်သူမှ အစမပြုခဲ့ကြပေ။
အထူးသဖြင့် လူမြင်ကွင်းတွင် လီယောင်၏ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် ကျန်းမိသားစု စားသောက်ဆိုင်ပိုင်ရှင် ကျန်းကွမ်ရှန်သည် သူမထံသို့ မကျေမချမ်းမှုများကို သိုလှောင်ထားခဲ့ပြီးပြီ ဖြစ်သည်။ သဘာ၀အတိုင်း ရန်သူများတွေ့ဆုံချိန်တွင် အချင်းချင်း ဘုကြည့်ကြည့်နေခဲ့ကြသည်။
လီယောင်သည်လည်း ထိုလူအုပ်ကြီးသည် မည်သို့ တွေးနေခဲ့ကြသည်ကို ခန့်မှန်းမိခဲ့ပြီး ထိုသူတို့အား နှုတ်ဆက်ခြင်း သို့မဟုတ် ယဉ်ကျေးသမှုပြုရန် အားစိုက်ထုတ်ခြင်းများကို မပြုလုပ်တော့ပေ။ သိသိသာသာ အထက်စီးဆန်စွာဖြင့် ထိုသူတို့အား ဖြတ်ကျော်ခဲ့ပြီး ခရိုင်တရားသူကြီးမင်းကတော်ထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့သည်။
“ဟမ့်၊ ဘယ်လိုဟာလဲဟ။” ကျန်းကွမ်ရှန်၏ မျက်နှာသည် အလွန်ပင် အကျဉ်းတန်နေခဲ့သည်။ “အခုမှ ပိုက်ဆံနည်းနည်းလေးရှာနိုင်ခဲ့တာကို သူကအရေးပါ အရာရောက်နေတယ်လို့ ထင်နေတယ်။” ဟု အသံတိုးတိုးလေးဖြင့် ပြောခဲ့သည်။
“ဒီအမျိုးသမီးလီကတော့ တကယ်ပဲ သူ့ခေါင်းထက်ပိုမြင့်တဲ့ မျက်လုံးတွေ ရှိတာပဲဗျ။”
“သူ့ပင်ကိုယ်စရိုက်ကြောင့် ဘယ်လုပ်ငန်းမဆို ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ၊ သူ့အတွက် ကြာရှည်မတည်မြဲမှာတော့ ကျုပ်စိုးရိမ်မိတယ်ဗျာ။”
***
သူမအပေါ် လူအုပ်ကြီး၏ ထင်မြင်ယူဆချက်များကို သတိမမူမိပဲ လီယောင်သည် သခင်မအုပ်စုနှင့် လျင်မြန်စွာ မိတ်ဆွေများဖြစ်နေခဲ့ကြပြီဖြစ်သည်။
သူမ၏အတွေ့အကြုံများနှင့် လေ့လာသင်ယူမှုများနှင့်အတူ မကြာမီ၌ပင် သူမအား နှစ်ထောင်းအားရစွာဖြင့် လေးစားနေကြသည့် ဤသခင်မများကို သူမသည် သဘာ၀အတိုင်း ဖမ်းစားသွားခဲ့သည်။
“သခင်မတို့။” နောက်ဆုံးတွင် လီယောင်က ပြောခဲ့သည်။ “ဒီည ကျွန်မတို့တွေ ဘာလို့ စုဝေးကြတာလဲဆိုတာတော့ ရှင်တို့ သိပြီးသားဖြစ်မှာပါ။”
သူမတို့၏မျက်လုံးများထဲတွင် ဂုဏ်ယူမှုများနှင့်အတူ လူတိုင်းသည် ခေါင်းငြိမ်နေခဲ့ကြသည်။
ခရိုင်တရားသူကြီးမင်းသည် ခရိုင်တစ်ခုလုံး၏ တိုင်းသူပြည်သားများကို ကယ်တင်ချင်ခဲ့သော်လည်း သူ့လက်ထဲတွင် ငွေတစ်ပြားတစ်ချပ်မှ မရှိသောကြောင့် သူမတို့မိသားစုများအား သူ့အတွက် အင်အားဖြည့်စေချင်နေခဲ့သည်။
လိုအပ်သည့် အချိန်ရောက်လာသည့်အခါ သူမတို့မိသားစုများအပေါ် မှီခိုနေရဆဲပင် ဖြစ်သည်။
“ဒါဖြင့် သခင်မတို့က ဘယ်လောက် လှူဒါန်းဖို့ စီစဉ်ထားကြလဲရှင့်။”
“ဟမ်...”
အားလုံးသည် မှင်တက်သွားခဲ့ကြသည်။
“ဒါပေါ့ သခင်မလီရယ်။ ကျွန်မတို့ လှူဒါန်းဖို့ စီစဉ်ထားကြပါတယ်။” သခင်မတစ်ဦးက ပြောခဲ့သည်။ “ဒါပေမဲ့ ဒီလိုကိစ္စတွေဆိုတာ ယောကျာ်းတွေကပဲ မဆုံးဖြတ်သင့်ပေဘူးလား။”
“ဟုတ်တယ်၊ ကျွန်မတို့လို အမျိုးသမီးတွေမှာ ဘယ်က ပိုက်ဆံရှိမှာမို့လို့လဲရှင်..။”
“ဟား ဟား၊ သခင်မက အရမ်းကို နှိမ့်ချလွန်းတာပါပဲ။” ဟု လီယောင်က ပြောခဲ့သည်။ “ဒီမှာရှိတဲ့ သခင်မတို့အားလုံးက ချမ်းသာတဲ့ အိမ်က မလာတဲ့သူ ဘယ်သူရှိလဲ။ လက်ထပ်တုန်းက ယူလာတဲ့ ခန်းဝင်ပစ္စည်းတွေကို မပြောပါနဲ့ဦး။ နှစ်ပေါင်းများစွာ ရလာတဲ့ သခင်မတို့ရဲ့ မုန့်ဖိုးတွေကတင်ကို ရွာတစ်ရွာလုံးနဲ့ ယှဉ်ဖို့ လုံလောက်တာထက် ပိုနေလောက်ပါပြီ။ တိုင်းသူပြည်သားတွေကို ကူညီဖို့ အမျိုးသားတွေက ဆောင်ရွက်ရမယ်ဆိုတာက အကျိုးအကြောင်း ဆီလျော်ပါတယ်။ ဒါပေမဲ့ သူတို့ ထုတ်ယူသွားတဲ့ ငွေကြေးတွေကလည်း သခင်မတို့ရဲ့ ဘဏ္ဍာတိုက်တွေကနေ လာနေတုန်းပဲဆိုတာကို တွေးမိကြရဲ့လား။ ဒါကြောင့် ကျွန်မတို့က ဘာမှ မသိပဲ ကျန်နေတဲ့အချိန်မှာ ဘာလို့ သူတို့တွေကပဲ ဂုဏ်ပြုချီးမွမ်းခံရမှုတွေက သူတို့ပဲ ရသင့်နေတာလဲ။ ကျွန်မတို့ အမျိုးသမီးတွေကကော ကျော်ကြားမှုတွေ ချီးမွမ်းဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်တယ် မဟုတ်ဘူးလား။”
…