ယုန်ငတုံး။
Vol. 8 Ch. 91
အကြောင်းအရင်းကတော့ သူမက အမျိုးသမီး တစ်ယောက် ဖြစ်နေလို့ပေါ့။
တရားသူကြီးစုန့်ရဲ့ ဇနီးသည် ထိုစကားကို အမှန်တကယ်ပင် ပြောချင်သော်လည်း အဆုံးသတ်မှာတော့ စိတ်ထဲမှာပဲ မျိုသိပ်ထားလိုက်ရသည်။
လီယောင်နှင့် မတွေ့ခင်တုန်းက သူမဟာ ပညာတတ်မိသားစုက ဆင်းသက်လာတဲ့ အမျိုးသမီး တစ်ယောက်အနေဖြင့် ကမ္ဘာကြီးရဲ့ အစဉ်အလာတွေကို အမြဲ လိုက်နာခဲ့ရသည်။ အမျိုးသမီး တစ်ယောက်ရဲ့ ဘဝက အိမ်ထောင်သားမွေးလုပ်တာပဲ ဖြစ်သင့်သည် ဟူ၍လည်း တွေးထင်ခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့ လီယောင်ကြောင့် မတူညီတဲ့ အမြင်သစ် တစ်ခုကို သူမ မြင်သွားပြီ ဖြစ်သည်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘယ်နေရာမှာမှ မနိမ့်ကျသလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး လူထုအကျိုးကိုလည်း စွမ်းဆောင်နိုင်သည်။
“ သူ့မှာလည်း သူ့စိတ်ကူးနဲ့သူ ရှိမှာပေါ့။ ” ဟု တရားသူကြီးစုန့်ရဲ့ ဇနီးက တွေးတွေးဆဆ ပြောလိုက်သည်။
လီယောင်က ဘိလပ်မြေ ပြုလုက်ဖန်တီးသည့် အလုပ်ကို ဝမ်ယွမ်ပန်းအား တာဝန်ပေးထားခဲ့ပြီး ရွာသူ ၊ ရွာသားတွေရဲ့ ကြိုးစားမှုအောက်မှာ ရေကာတာက လျင်လျင်မြန်မြန်ပဲ အကောင်အထည်ပေါ်လာခဲ့သည်။
ဝမ်ရွှယ်ရှစ် ကြီးကြပ်နေတဲ့ ဆပ်ပြာအလုပ်ရုံကလည်း အတော်လေး အဆင်ပြေပြေ လည်ပတ်နေပါပြီ။
အရာအားလုံးကို ဝိုင်းကူညီပေးနေတဲ့ လူတွေကြောင့် လီယောင်ရဲ့ နေ့ရက်တွေမှာ အားလပ်ချိန်တွေ တဖြည်းဖြည်း များလာခဲ့သည်။ ထို့ကြောင့် လီယောင်သည် ဒီအခွင့်အရေးကို အသုံးချပြီး တောအုပ်တွေ ၊ တောင်တန်းတွေထဲကို ထပ်သွားဖို့ ဆုံးဖြတ်လိုက်လေသည်။
သေမင်းတမန်ချိုင့်ဝှမ်းကို ရောက်တော့ လီယောင်က သူမရဲ့ ကျောပိုးအိတ်ထဲက တောင်တက်တဲ့ နေရာမှာ သုံးတဲ့ လက်သည်းတွေကို ထုတ်ပြီး ချိုင့်ဝှမ်း တခြားတစ်ဖက်ရဲ့ ချောက်ကမ်းပါးပေါ်ကို တက်ခဲ့လိုက်သည်။
ချောက်ကမ်းပါးပေါ်ကို ရောက်သွားချိန်မှာ သူမ မြင်လိုက်ရတာက မြက်ပင် ၊ နွယ်ပင်တွေဖြင့် အရင်တုန်းကထက်တောင် သိပ်သည်းထူထပ်နေတဲ့ တောအုပ်ပဲ ဖြစ်သည်။ သစ်ရွက်ကြွေတွေ ခပ်ထူထူ ဖုံးလွှမ်းနေတဲ့ မြေပြင်ပေါ်ကို တစ်ချက် နင်းလိုက်တိုင်း ကော်ဇောအထူကြီးပေါ် နင်းလျှောက်နေရသလို ခံစားရသည်။
တောထဲကို အရမ်းတောင် မသွားလိုက်ရဘဲ အပင်စိမ်းစိမ်း တစ်ပင်က သူမရဲ့ အာရုံကို ဖမ်းစားသွားသည်။
အရွက်တွေရဲ့ ပုံသဏ္ဍာန်ကို ကြည့်ရသလောက် ဟဲရှို့ဝူဆေးပင် ဖြစ်သည် ( ကျောက်ကပ်နှင့် အသည်းအတွက် ဆေးဖက်ဝင်တဲ့ မြေအောက်ပင်စည်ဥမြစ် ဆေးပင် တစ်မျိုး ) ။ ဒါပေမဲ့ နွယ်တွေက သူမရဲ့ လက်မောင်းထက်တောင် လုံးပတ်ကြီးကာ နေရာတစ်ဝိုက်မှာ ပြန့်နှံ့နေတာမို့ ဒီအပင်က သက်တမ်း ဘယ်လောက်တောင် ရှိပြီလဲ မသိပါ။
တောထဲကို ဆက်တိုးလာခဲ့ပြီး မကြာခင်မှာပဲ သက်တမ်းရင့် ဆေးပင်တွေ အများကြီးကို လီယောင် ထပ်တွေ့လိုက်ရသည်။
ဒီနေရာကို ဘယ်သူမှ မလာတာ တကယ် အမှန်ပါပဲ။ သူမ ထင်ထားတာထက်တောင် ပေါကြွယ်ဝနေတဲ့ သဘာဝအရင်းအမြစ်တွေ အကုန်လုံးကို တူးပြီး ရောင်းစားလိုက်ပါက အဆင်းရဲဆုံးမိသားစုကိုပင် ညတွင်းချင်း ချမ်းသာသွားစေဖို့ လုံလောက်သည်။
လီယောင်သည် အမေရိကန်ဂျင်ဆင်းပင် ခပ်ရှည်ရှည် တစ်ပင်ကို ဖြတ်ကျော်လာခဲ့စဉ်မှာ သူမရဲ့ လက်မောင်းထက် ပိုကြီးပြီး သစ်ရွက်ကြွေတွေနှင့် တစ်ရောင်တည်း ဖြစ်နေတဲ့ မြွေပွေး တစ်ကောင်က ခြုံပင်တွေအောက်ကနေ သူမကို ဖျတ်ခနဲ လှမ်းဟပ်သည်။ သူမသာ အချိန်မီ မရှောင်နိုင်ခဲ့ရင် တစ်ရွာလုံး သူမအသုဘအတွက် ပြင်ဆင်နေရလောက်ပါပြီ။
ဘယ်နေရာကမဆို အချိန်မရွေး ထွက်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေက လီယောင်ကို အနည်းငယ် စိတ်လှုပ်ရှားစေပြီး ရှေ့ဆက်ကာ တောကို တိုး၍ တောင်ကို တက်ခဲ့ချိန်မှာ ပိုလို့တောင် သတိရှိနေစေခဲ့သည်။
နေ့တာက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး လီယောင်သည် ဘေးကင်းလုံခြုံတဲ့ လိုဏ်ဂူ တစ်ဂူကို နေမဝင်ခင် ရှာတွေ့သွားခဲ့သည်။ သူမက လိုဏ်ဂူအဝမှာ မီးပုံကြီး တစ်ပုံ မီးဖိုထားလိုက်၏။
မီးပုံအလင်းရောင်က တစ်တောလုံးကို တောက်ပစွာ လင်းကျင်းသွားစေသော်လည်း တောကောင်ကြီးတွေကို ခြောက်လှန့်ဖို့ရာတော့ မတတ်နိုင်ခဲ့။ မျက်လုံးစိမ်းတွေက ဘေးဘီဝဲယာ ချုံပုတ်တွေ ၊ သစ်ပင်တွေကြားကနေ သူမကို ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။
အခုတော့ လီယောင် တစ်ယောက် ဒီလောက် တောနက်နက်ထဲထိ ဘာလို့ ဘယ်သူမှ မလာတာလဲ ဆိုတာ နားလည်သွားပြီ ဖြစ်သည်။ သာမန်လူတွေအတွက် ဒါက အောက်မှာ ဆူးချွန်တွေ ရှိနေတဲ့ ချောက်ကမ်းပါးပေါ်မှာ လမ်းလျှောက်ရခြင်းနှင့် တူသည်။
လီယောင်သည် အန္တရာယ်များတဲ့ တောထဲကို နောက်သုံးရက်တိတိ ဆက်တိုးခဲ့သည်။ ဝက်ပေါက်လေး တစ်ကောင်ကိုတောင် အလွယ်တကူ မျိုချနိုင်တဲ့ စပါးကြီးမြွေ တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသလို အဆိပ်ဆူးနှင့် တစ်ချက် အထိုးခံရရုံဖြင့် သေစေနိုင်တဲ့ အဆိပ်ပြင်း ကင်းမြီးကောက်ကြီး တစ်ကောင်ကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ မတ်စောက်လွန်းတဲ့ ချောက်ကမ်းပါးနံရံပေါ် တွယ်တက်နေတုန်း ခြေချော်ပြုတ်ကျခဲ့ပြီး အောက်မှာ မြက်ပင်ထူထူတွေ ခံနေ၍ ကံကောင်းစွာ အသက်ရှင်ခဲ့ရသည်လည်း ရှိသည်။
အခုလို သူမအသက်ကို ရင်းရဲတဲ့အတွက် အလဲအလှယ်အနေဖြင့် အသက်ရှင်သန်နိုင်ဖို့ ရုန်းကန်တိုက်ခိုက်ရတဲ့ ပျော်ရွှင်မှုကိုလည်း နောက်တစ်ကြိမ် ပြန်ခံစားခဲ့ရသလို ဒီတောနက်နက်ရဲ့ အပြင်မှာ ဘယ်တော့မှ စားခွင့်ရမှာ မဟုတ်တဲ့ အစားအသောက်တွေ အများကြီးကိုလည်း ရှာတွေ့ခဲ့သည်။
ထုံးကျောက်ဂူ အနက်ကြီး တစ်ဂူထဲမှာ မြေအောက်မြစ် တစ်စင်းကို သူမ ရှာတွေ့ခဲ့သည်။ ရေခဲတမျှ အေးစက်နေတဲ့ ရေထဲမှာ အမည်မသိ ငွေရောင်ငါးလေးတွေ အများကြီး လွတ်လပ်စွာ ကူးခတ်နေကြ၏။
လီယောင်က သူမကိုယ်တိုင် လုပ်တဲ့ လက်လုပ်လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ကမ်းစပ်ဘက်ကို ကူးခတ်လာတဲ့ ငွေရောင်ငါး တစ်ကောင်ကို ချိန်ရွယ်ကာ အားနှင့် ပစ်ထည့်လိုက်သည်။
ရေပြင်ထဲကို လှံတံ ဖောက်ဝင်သွားတဲ့ ဝှစ်ခနဲ အသံနှင့်အတူ တစ်ပေ ရှည်လျားတဲ့ ငွေရောင်ငါးကို ကမ်းစပ်ပေါ်သို့ ဆွဲယူလာခဲ့လိုက်သည်။
လီယောင်သည် ထိုငါးကို ဆေးကြောသန့်စင်ပြီးနောက် ဆားပါးပါးလေး ဖြူး၍ ကျောက်မီးသွေးနှင့် ကင်လိုက်သည်။
ငွေငါးကင်က သာမန်ငါးကင်တွေနှင့် လုံးဝ မတူတဲ့ မွှေးရနံ့များ မွှေးပျံ့နေကာ ကြက်သွန်ဖြူနှင့် တူတဲ့ အကြည်ရောင် ငါးအသားလွှာလေးတွေက ပါးစပ်ထဲမှာပဲ အရည်ပျော်ကျသွားသည်။
ဒီလောက် အရသာရှိတဲ့ ငါးမျိုးကို သူမ အရင်တုန်းက တစ်ခါမှ မစားခဲ့ဖူးသောကြောင့် နောက်ထပ် ငါး နှစ်ကောင်ကိုပါ ထပ်ဖမ်းပြီး ဗိုက်ပြည့်တင်းအောင် စားသောက်ကာ မီးပုံဘေးမှာ ကျေကျေနပ်နပ်ကြီး လဲလျောင်းနေမိလေသည်။
ထုံးကျောက်ဂူ အနက်ကြီးထဲကို မနက်ဖြန် ဆက်သွားရဦးမှာမို့ ကောင်းကောင်းလေး အနားယူရမည်။
လိုဏ်ဂူရဲ့ တခြားတစ်ဖက်မှာ ကမ္ဘာသစ် တစ်ခု ရှိနေလိမ့်မည်ဟု သူမ ထင်မိသည်။
တကယ်လည်း သူမရဲ့ ထင်မြင်ချက်က မှန်ကန်ခဲ့ပါသည်။
ကျောက်အက်ကွဲကြောင်း ကျဉ်းကျဉ်းလေးထဲမှာ နှစ်ရက်တိတိ ဝမ်းလျားမှောက်ကာ တွားသွားပြီးနောက် အံ့ဩဖွယ်ရာ ကမ္ဘာသစ် တစ်ခုက လီယောင်ရဲ့ မျက်စိရှေ့မှာ ဘွားခနဲ ပေါ်လာခဲ့သည်။
ဒီနေရာရဲ့ အပူချိန်က အပြင်မှာထက် အများကြီး ပိုမြင့်ပြီး မြက်ခင်းစိမ်းတွေ ၊ သစ်ပင်တွေနှင့် စိမ်းလန်းစိုပြည်နေသည်။ ဆောင်းရာသီနှောင်းပိုင်းနှင့် လုံးဝ မတူဘဲ နွေးထွေးတဲ့ နွေဦးရာသီနှင့် ပိုတူသည်။
လေထဲမှာ မြူရိပ်လေးတွေ ပျံ့လွင့်နေကာ ဟိုးအဝေးဆီက နှင်းတောင်တန်းတွေကို ဝေဝေဝါးဝါး မြင်နေရသည်။ အဝေးကနေ ကွေ့ဝိုက်စီးဆင်းလာတဲ့ ချောင်းငယ် တစ်စင်းက တောင်အောက်ခြေက ထုံးကျောက်လိုဏ်ဂူထဲကို စီးဝင်သွားသည်။
တကယ့်ကို မယုံနိုင်စရာ ကောင်းကင်ဘုံပဲ … ။ လီယောင်သည် ဒီနေရာကို ချက်ချင်းပဲ သဘောအကျကြီးကျသွားသည်။
သူမက မြက်ခင်းစိမ်းစိမ်းလေးတွေကို နင်းကာ လေကောင်းလေသန့်တွေ ပြည့်ဝနေတဲ့ တောထဲကို ဝင်လာခဲ့လိုက်သည်။ သစ်ပင်တွေ ကျိုးတို့ကျဲတဲ ရှိတဲ့ နေရာကို လျှောက်လာခဲ့စဉ်မှာ ပြန့်ကျဲနေတဲ့ အနီရောင် အစက်လေးတွေက လီယောင်ရဲ့ မျက်လုံးတွေကို ရုတ်တရက် ဖမ်းစားသွားသည်။
ငရုတ်သီးတွေ … ။
ဒီရှာဖွေတွေ့ရှိမှုက သူမကို အလွန် ပျော်ရွှင်သွားစေသည်။ ဒီခေတ်မှာ သူမ နေလာခဲ့တဲ့ ကာလတစ်လျှောက်လုံး ငရုတ်သီးနေနေသာသာ ငရုတ်သီးနှင့် ခပ်ဆင်ဆင်လေး တူတဲ့ အသီးတွေကိုတောင် တစ်ခါမှ မတွေ့ဖူးပါ။
သူမ အစပ်စားချင်ရင် ခြင်ပြေးပင်အသီးတွေ ထည့်ရင် ထည့် ၊ မဟုတ်ရင် ဂျင်းတွေ အများကြီး ထည့်လို့ ရပေမဲ့ အစပ်အရသာက ငရုတ်သီးအစပ်အရသာနှင့် မတူဘဲ သူမရဲ့ လျှာပေါ်မှာ ထိထိမိမိ မရှိသလို ခံစားရသည်။
အခုတော့ သူမ ငရုတ်သီးတွေကို ရှာတွေ့သွားပါပြီ။
ငရုတ်သီးတောင့်ရှည်တွေ ၊ ငရုတ်သီးစိမ်းတွေ ၊ ခရမ်းရောင် ငရုတ်သီးတွေက မြေပြင်ပေါ်မှာ တော်တော်များများ ကြွေကျနေကြသည်။
လီယောင်က ငရုတ်သီးစိမ်း တစ်တောင့်ကို ဂရုတစိုက် တစ်ကိုက် ကိုက်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ အစပ်အရသာက သူမပါးစပ်ထဲမှာ ချက်ချင်း ထုံလွှမ်းသွားကာ သူမရဲ့ မျက်လုံးတွေကို မျက်ရည်ဝဲလာစေခဲ့သည်။
ငရုတ်သီးတွေ ရှိရင် ဝက်သားလွှာပြုတ်ဟင်း ၊ ဝက်သားနုပ်နုပ်စဉ်း ခရမ်းသီးကြော် ၊ ဟော့ပေါ့ စသည်ဖြင့် တခြား ဟင်းလျာတွေ အများကြီးကို သူမ ချက်လို့ ရသည်။
ရုတ်ချည်း ဆိုသလိုပဲ သူမရဲ့ စိတ်ထဲမှာ ငရုတ်သီးတွေ ထည့်ချက်ထားတဲ့ သွားရည်ယိုချင်စရာ ဟင်းလျာပေါင်းမြောက်များစွာဟာ ပြည့်လျှံသွား၏။
ထို့ကြောင့် ဒီတစ်ခေါက် သူမ တခြား ဘာပစ္စည်းကိုမှ ပြန်ယူမသွားဘဲ ဒီငရုတ်သီးတွေ အကုန်လုံးကိုသာ ခူးသွားဖို့ ဆုံးဖြတ်လိုက်သည်။
လီယောင်သည် ပတ်ဝန်းကျင်အလှအပတွေကိုတောင် ခံစားမနေနိုင်တော့ဘဲ ငရုတ်သီးတွေကို အသည်းအသန် လိုက်ခူးနေမိတော့သည်။ ငရုတ်သီးအနီတွေကို နေလှန်းပြီး ငရုတ်သီးခြောက်တို့ ၊ ငရုတ်ဆီတို့ လုပ်လို့ ရသည် ၊ ငရုတ်စေ့တွေကိုတော့ အပင်ပြန်စိုက်လို့ ရသည်။ ငရုတ်သီးအစိမ်းတွေကိုတော့ မွှေကြော်လေး ကြော်လို့ ရပြီး ပိုတဲ့ ငရုတ်သီးတွေကိုတော့ ဆားနှင့် ချဉ်ဖတ်လုပ်ပြီး ဖြည်းဖြည်းချင်း စားလို့ ရသည်။
လီယောင် ခူးခဲ့တဲ့ ငရုတ်သီးတွေက အိတ်နှစ်လုံးအပြည့် ရှိပြီး ပေါင် ( ၁၀၀ ) ကျော်လောက် အလေးချိန်ရှိလိမ့်မည်။
လီယောင်သည် ဒီကမ္ဘာ့ကောင်းကင်ဘုံမှာ ငရုတ်ပင်တွေနှင့် ဆေးပင်တွေကို နေရာတိုင်း တွေ့ရသည့်အပြင် အဝါရောင် ရှောက်သီးတွေ ပြွတ်သိပ်အောင် သီးနေတဲ့ ရှောက်သီးပင်တွေ အများကြီးကိုလည်း ရှာတွေ့သွားသည်။
သူမက ရှောက်သီး တချို့ကို ခူးလိုက်ပြီး ဒီနေရာကို လာမယ့် နွေဦးမှာ နောက်တစ်ခေါက် ပြန်လာပြီး အပင်ပျိုလေး တချို့ကို နေရာပြောင်း စိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။
အိတ် အလေးကြီး နှစ်လုံးကို သယ်လျက် မြန်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် အိမ်ပြန်လာခဲ့သော လီယောင်ဟာ နှစ်ရက် ၊ သုံးရက်အကြာမှာတော့ ညမှောင်ရီချိန်မှာ အိမ်ပြန်ရောက်လာခဲ့သည်။ သူမက အိမ်ပြန်ရောက်သည်နှင့် နားတောင် မနားနိုင်ဘဲ မီးဖိုချောင်ထဲကို တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
ဒီနေ့ခေတ်မှာ ရေခဲသေတ္တာ မရှိတာမို့ မီးဖိုချောင်ထဲမှာ လတ်လတ်ဆတ်ဆတ် အသားတွေ မရှိပါ။ အဲ့ဒါမှ ဂွကျတာပဲ ၊ သူမက ငရုတ်သီးတွေနဲ့ ချက်ဖို့ ညသန်းခေါင်ကြီး ကြက်သတ်ရဦးမှာလား။
“ မီးဖိုချောင်ထဲမှာ ဘယ်သူလဲ။ ” မီးဖိုချောင်ထဲက အသံဗလံတွေကြောင့် တာ့ကျွမ်းက လန့်နိုးလာပြီး သစ်သားတုတ် တစ်ချောင်းနှင့် မီးဖိုချောင်ထဲကို ဝင်လာခဲ့သည်။ လီယောင်ကို မြင်တော့မှ သူက စိတ်အေးသွားပြီး “ အမေ ပြန်ရောက်လာပြီပဲ။ ကျွန်တော် အိမ်အကူကို အမေ့အတွက် စားစရာတွေ ချက်ခိုင်းလိုက်မယ်။ ” ဟု ပြောလိုက်သည်။
“ အိမ်မှာ အသားတွေ ဘာတွေ ရှိလား။ ”
“ ဝံပုလွေသားခြောက်တော့ ရှိတယ် အမေ ၊ မနေ့တုန်းက မုဆိုးလျို့ဆီက စန်းအာနဲ့ စုန့်ကျယ် ဝယ်လာတဲ့ ယုန်ရိုင်း နှစ်ကောင်လည်း ရှိတယ်။ ”
“ ဂျင်းလတ်လတ်ဆတ်ဆတ်ရော ရှိသေးလား။ ”
“ နည်းနည်းတော့ ရှိသေးတယ်။ ”
ယုန်သားရယ် ၊ လတ်ဆတ်တဲ့ ဂျင်းရယ် ၊ ငရုတ်သီးတွေရယ် … ။ လီယောင်သည် လျှာကို ပူထုံသွားစေနိုင်လောက်အောင် စပ်တဲ့ ပူစပ်ပူစပ် ယုန်သားဟင်းကို ချက်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။
…