လက်ဖက်ပင်မျိုးစေ့။
Vol. 8 Ch. 92
တာ့ကျွမ်းက ယုန်သားကို ပြင်ဆင်ပေးပြီး ဟဲရှောင်ယာက ထမင်းချက်ပေးနေစဉ်မှာ လီယောင်ကတော့ အချိန်ရတုန်း ရေချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေကို လဲဝတ်ခဲ့သည်။ ထို့နောက် ယုန်သားကို ပဲစေ့အရွယ် အတုံးလေးတွေ ဖြစ်အောင် သူမကိုယ်တိုင် တုံးကာ ပန်းကန်လုံးထဲ ထည့်ပြီးနောက် ဆား ၊ ငရုတ်သီးမှုန့်တို့နှင့် လှိမ့်ပြီးမှ ကော်မှုန့် နည်းနည်း ထည့်ကာ နှပ်ထားလိုက်၏။
အရံဟင်းလျာကတော့ လတ်လတ်ဆတ်ဆတ် ငရုတ်သီးစိမ်းတွေ ပြည့်နေတဲ့ ပန်းကန်ပြားကြီး တစ်ပန်းကန် ဖြစ်လေသည်။
ငရုတ်သီးတွေကို တစ်ခါမှ မမြင်ဖူးတဲ့ ဟဲရှောင်ယာအတွက် ငရုတ်သီးတွေက တော်တော်လေး ဆန်းသစ်နေသည်။
“ ဒါတွေက ဘာတွေလဲ အမေ။ ”
“ ငရုတ်သီးလို့ ခေါ်တယ် ၊ အရမ်း အရသာရှိတယ်။ နင် ခဏနေရင် မြည်းကြည့်လို့ ရတယ်။ ”
လီယောင်က ဒယ်အိုးထဲကို ဆီတွေ လောင်းထည့်လိုက်ပြီး ( ၇၀ ) ရာခိုင်နှုန်းလောက် ပူတဲ့ ဆီပူကို ရတော့မှ ယုန်သားတုံးလေးတွေကို ခဏလောက် ကြော်ကာ ပြန်ဆယ်ပြီး ဆီစစ်ထားလိုက်သည်။
ထင်းမီးဖိုက ထွက်လာတဲ့ မီးခိုးတွေက တော်တော်လေး မွှန်သည်။ ခဏကြာတော့ ဒယ်အိုးထဲမှာ အငွေ့ခြောင်းခြောင်း ထွက်လာသလို လီယောင်လည်း ထင်းမီးဖိုမှာ ဟင်းချက်ရခြင်းနှင့် အသားကျလာခဲ့သည်။ စားချင်စဖွယ် မွှေးရနံ့တွေကလည်း မီးဖိုချောင် တစ်ခုလုံး ပျံ့နှံ့လျက်။
ယုန်သားကို ဘယ်ညာ အထပ်ထပ် လှန်ပေးပြီး အသားကျက်သွားချိန်မှာတော့ သင်းပျံ့မွှေးကြိုင်နေတဲ့ ခုန်ပေါင် ယုန်သားဟင်း တစ်ပန်းကန် အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည်။
လီယောင်သည် တူတွေကို ယူပြီး ယုန်သား တစ်တုံးကို ပါးစပ်ထဲ ထည့်ဖို့ မစောင့်နိုင်တော့ပါ။ သူမရဲ့ လျှာဖျားပေါ်ကို ပထမဆုံး စိမ့်ဝင်လာတာက လတ်ဆတ်တဲ့ အရသာပြင်းပြင်း ဖြစ်သည်။
လတ်ဆတ်တဲ့ ဂျင်းက ယုန်သားရဲ့ အနံ့ပြင်းပြင်းကို အတော်လေး လျှော့ချပေးနိုင်တာမို့ အရသာကို ပိုပြီး လန်းဆန်းလတ်ဆတ်သွားစေသည်။ အနံ့ပြင်းတဲ့ အသားတွေကို ချက်ရာမှာ ဂျင်းကို သုံးတာက တခြား ဟင်းချက်နည်းတွေထက် ပိုထိရောက်တဲ့ နည်းလမ်းလို့ ပြောရမည်။
ဒုတိယ အရသာကတော့ နူးညံ့မှုပင်။ အဆီရွှဲရွှဲ ယုန်သားတုံးလေးထဲမှာ အစိုဓာတ်ပြည့်ဝကာ အရသာက ငါးကို စားနေရသလိုပဲ ဖြစ်သည်။
နောက်ဆုံးတော့ လျှာပေါ်မှာ ပူထုံသွားမှုနှင့် အစပ်အရသာကို ခံစားလိုက်ရသည်။ သူမပါးစပ်ထဲမှာ မီးထတောက်လာသကဲ့သို့ ဖြစ်ပြီး သူမရဲ့ လျှာနှင့် နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန် လှုံ့ဆော်နေသလိုပါပဲ။ သူမရဲ့ ချွေးပေါက်တွေ အကုန်လုံး တစ်ပြိုင်တည်း ပွင့်သွားသလို ခံစားလိုက်ရပြီး ချွေးပေါက်လေးတွေ ချက်ချင်း စို့လာခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အားသစ်ပြည့်ကာ လန်းဆန်းသွားပါသည်။
ဒီလို ပူပူစပ်စပ် ငရုတ်သီးတွေကို သူမ နောက်ဆုံး စားခဲ့ရတာ အချိန် အတော် ကြာခဲ့ပါပြီ။ ပူစပ်လွန်းတာကို သူမ သိပ်မခံနိုင်ပေမဲ့ ထူးဆန်းစွာပင် ပိုပြီး စပ်လေ ၊ စားချင်စိတ် ပြင်းပြလာလေပဲ ဖြစ်သည်။ ဒီဟင်းလျာရဲ့ ပူစပ်မှုက သည်းခံနိုင်ဖို့ ခဲယဉ်းပေမဲ့လည်း သူမရဲ့ တူတွေကတော့ ဟင်းပန်းကန်ကို ရိုးသားစွာပင် နောက်တစ်ကြိမ် ထပ်နှိုက်နေခဲ့ပြီ ဖြစ်သည်။
“ မင်းတို့လည်း စားကြည့်သင့်တယ်။ ”
တာ့ကျွမ်းနှင့် ဟဲရှောင်ယာက တူတွေကို အသီးသီး ယူပြီး သတိအနေအထားဖြင့် နည်းနည်းလေး မြည်းစမ်းကြည့်လျှင် ချက်ချင်း ဆိုသလိုပဲ “ စပ်လိုက်တာ။ ” ဟု ပြိုင်တူ အော်ဟစ်ခဲ့ကြလေ၏။
“ အိုး … အရမ်း စပ်လွန်းတယ်။ မစားနိုင်ဘူး … ”
သူတို့နှစ်ယောက်က အစပ်ပြေစေရန်အတွက် ရေတွေ အများကြီး တဂွပ်ဂွပ် မော့သောက်ခဲ့သည်။
“ အမေ .. ဒီဟင်းက တအား စပ်လွန်းတယ်။ ကျွန်မတို့ လုံးဝ စားလို့ မရဘူး။ ” ဟု ဟဲရှောင်ယာက ပြောတော့ လီယောင်က ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေမိသည်။
အခုတော့ အရမ်း စပ်တယ်လို့ ပြောနေပေမဲ့ ခဏနေရင် နင်တို့တွေ ဒီဟင်းကိုပဲ အလုအယက် စားကြတော့မှာပါ … ။
ထမင်းအိုးကလည်း နှံ့စပ်စွာ အငွေ့တထောင်းထောင်းထနေပြီမို့ လီယောင်က ထမင်း ခပ်မောက်မောက် တစ်ဇွန်း ခူးလိုက်သည်။ ယုန်သားတုံး နူးနူးညံ့ညံ့လေးတွေနှင့် ငရုတ်သီးတွေက ထမင်းပူပူလေးနှင့် ပြီးပြည့်စုံစွာပင် လိုက်ဖက်သည်။ တကယ့်ကို နိဗ္ဗာန်ဘုံပဲ ဖြစ်သည်။
လီယောင်သည် သူမကိုယ်သူမ သတိမထားမိခင်မှာပဲ ခုန်ပေါင်ယုန်သားဟင်း တစ်ပန်းကန်လုံးနှင့် ထမင်းအိုးထဲက ထမင်းတွေ အကုန်လုံးကို အပြောင် စားမိသွားသည်။ ထမင်းဂျိုးကြွပ်ကြွပ်လေးတွေကို ယုန်သားဟင်းရည်ထဲမှာ နှစ်ပြီး စားရတဲ့ အလုတ်တိုင်းကလည်း မွှေးကြိုင်ကြွပ်ရွနေပြီး ပီကင်းဘဲကင်လိုပဲ အရသာရှိလွန်းသည်။
ဗိုက်တင်းသွားတော့ ချိုချိုချဉ်ချဉ် ပျားသံပုရာဖျော်ရည်လေး တစ်ခွက် ထပ်သောက်ပြီးနောက် လီယောင်သည် သူမရဲ့ ဘဝမှာ ဘာမှ ထပ်မလိုအပ်တော့ဘူးလို့ ရုတ်တရက်ပဲ ခံစားလိုက်ရသည်။
တစ်ခုတည်းသော နောင်တက သူမ ယူလာတဲ့ ငရုတ်သီးတွေက အရမ်း နည်းနေခြင်းပါပဲ။
လီယောင်သည် ဆက်ပြီး လျှာအလိုမလိုက်ရဲတော့ဘဲ ကျန်ရှိနေတဲ့ ငရုတ်သီးစိမ်းတွေ အကုန်လုံးကို နောက်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးဖို့ ဖန်ပုလင်းတွေထဲ ထည့်ထားလိုက်သည်။
သူမက ငရုတ်သီးအနီတွေကို နှစ်ပိုင်း ခွဲလိုက်ပြီးနောက် တစ်ပိုင်းကို ငရုတ်ဆီလုပ်ကု ကျန်တစ်ပိုင်းကိုတော့ ချည်မျှင်လေးတွေဖြင့် ချည်၍ အိမ်တံစက်မြိတ်အောက်မှာ တွဲလောင်းချကာ အခြောက်ခံထားခဲ့သည်။
ငရုတ်သီးခြောက်နီတွေကို ဟင်းချက်ဖို့အတွက်သာမက ဟော့ပေါ့အတွက်လည်း သုံးလို့ ရသည်။ ငရုတ်စေ့တွေကိုတော့ နောက်နှစ်မှာ အပင်စိုက်လို့ ရသည်။ ဟော့ပေါ့အကြောင်း တွေးကြည့်ရုံဖြင့် လီယောင် တစ်ယောက် သွားရည်ယိုလာမိပြန်သည်။
သူမ တောင်တန်းတွေထဲကို သွားတာ ရက် အတော် ကြာသွားခဲ့တာမို့ ရေကာတာကိုလည်း တစ်ဝက်ကျော်ကျော် ဆောက်ပြီးသွားပြီပင်။ ဒီနှုန်းအတိုင်း ဆိုရင် အများဆုံး တစ်လအတွင်းမှာပဲ အပြီးအစီး တည်ဆောက်နိုင်လိမ့်မည် ထင်သည်။
သူမ မရှိတုန်း တရားသူကြီးစုန့်ကလည်း ကာကွယ်ရေးအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အလုပ်ရှုပ်နေခဲ့ကာ သူမကြောင့် ရွာသူ ၊ ရွာသားတွေကို ရွာတိုင်းရွာတိုင်းမှာ ရေကာတာလေးတွေ ဆောက်ဖို့ တက်ကြွလက်ကြွ ဆော်ဩနေခဲ့သည်။
သို့သော်လည်း စိတ်ကူးတွေ များပြားသလောက် လက်တွေ့မှာ ရန်ပုံငွေက လုံလောက်မှု မရှိပါ။
တရားသူကြီးစုန့်သည် ဦးနှောက်ကို ဖျစ်ညှစ် စဉ်းစားခဲ့ပေမဲ့ ဘယ်နေရာကနေ ပိုက်ဆံသွားရှာရမလဲ ဆိုတာ အဖြေမရှာနိုင်ပေ။ လီယောင် အိမ်ပြန်ရောက်လာတဲ့ သတင်းကို ကြားတော့ သူ့ဇနီး ၊ ခရိုင်ဗိုလ်မှုူးတို့နှင့်အတူ လီယောင့်ဆီကို ချက်ချင်းပဲ သွားလည်ခဲ့သည်။
တရားသူကြီးစုန့်ရဲ့ အစီအစဉ်ကို ကောင်းတယ်လို့ လီယောင် ထင်မိပေမဲ့ အကြမ်းဖျင်း တွက်ချက်မှုတွေအရ ရေကာတာ အသေးစား ( ၂၂ ) ခုကို အနိမ့်ဆုံး စံချိန်စံနှုန်းတွေနှင့် တည်ဆောက်ဖို့အတွက်တောင် ငွေချောင်း ( ၇၀၀၀၀ ) အနည်းဆုံး ကုန်ကျမှာ ဖြစ်သည်။
ပိုင်ချွမ်းခရိုင်က ဒေသတွင်း တရားလက်လွတ်ဖိနှိပ်ချုပ်ချယ်သူတွေ အကုန်လုံးကို ဖမ်းဆီးပြီး သူတို့အပိုင်ပစ္စည်းတွေကို ဘဏ္ဍာအဖြစ် သိမ်းယူလိုက်တာ မဟုတ်ရင် အဲ့ဒီလောက် ငွေ အများကြီးကို အချိန်တိုအတွင်း စုဆောင်းနိုင်စရာ အကြောင်း မရှိပါ။
“ လွယ်မှာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ်။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ ဒါပေမဲ့ ငါတို့ ဒီအခွင့်အရေးကို လွတ်သွားရင် နောက်နှစ်ဆောင်းတွင်းအထိ စောင့်ရလိမ့်မယ်။ ငါတို့ အဲ့အချိန်ထိ ရွေ့ဆိုင်းထားရင် ပြောင်းလဲသွားမယ့် အရာတွေ အများကြီး ရှိတယ်။ ငါတို့ ဒီအချိန်ကို မိမိရရ ဆုပ်ကိုင်ပြီး အခုပဲ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ်။ ”
“ နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ တရားသူကြီးစုန့် အဲ့နည်းလမ်းကို လုပ်ချင်ပါ့မလားတော့ ကျွန်မ မသိဘူး။ ”
လီယောင်ရဲ့ စကားကြောင့် တရားသူကြီးစုန့်က ပြာပြာသလဲ မေးလိုက်သည်။ “ ဘာနည်းလမ်းလဲ။ ”
“ ခရိုင်မြို့တော်မှာ ဆပ်ပြာနဲ့ အလှကုန်ပစ္စည်းတွေ သွားရောင်းမယ်။ ”
ခရိုင်မြို့တော်မှာ လူဦးရေထူထပ်တဲ့အပြင် လူချမ်းသာအိမ်ထောင်စုတွေလည်း မရေမတွက်နိုင်အောင် ရှိသည်။ သူတို့မှာ ကုန်ပစ္စည်းတွေသာ လုံလုံလောက်လောက် ရှိရင် ရောင်းချရတာ ဘာမှ အပန်းမကြီးပါ။ ဒါပေမဲ့ မြို့တော်မှာ တရားဝင် ဈေးရောင်းခွင့်ရရန် ဖြတ်ကျော်ရတဲ့ အဆင့်တွေက အများကြီးမို့ တရားသူကြီးစုန့်ဟာ သူမနှင့် ပူးပေါင်းဆောင်ရွက်ဖို့ အကူအညီတွေတော့ လိုအပ်လိမ့်မည်။
တရားသူကြီးစုန့်က တွန့်ဆုတ်သွားသည်။
သူ့မိသားစုက ပညာတတ်နောက်ခံကနေ ဆင်းသက်လာတာ ဖြစ်ပြီး သူ့အဖေကလည်း လက်ရှိအချိန်မှာ တော်ဝင်မျိုးနွယ်တွေကို စာသင်ပေးနေတဲ့ သင်တန်းကျောင်းရဲ့ ဥက္ကဌ ဆိုပေမဲ့ ကုန်သည်တွေကို အထင်သေးတာက သူတို့ရဲ့ ပင်ကိုသဘာဝ ဖြစ်သည်။ သူ့အဖေက သူ့ကို ကူညီဖို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်သလို ဘုရင့်အမှုထမ်း တစ်ယောက် ဖြစ်တဲ့ သူကလည်း ပိုင်ချွမ်းခရိုင်ကို ဒီတိုင်း ထားခဲ့လို့ မရပါ။
“ ကျွန်မပဲ မောင်ကြီးကိုယ်စား သွားပေးရင်ရော ဘယ်လိုလဲ။ ” ဟု တရားသူကြီးစုန်ရဲ့ ဇနီးက ပြောလိုက်သည်။
“ ရှင်မ … ”
“ စိတ်မပူပါနဲ့။ ကျွန်မ ဒီကိစ္စလေးလောက်ကိုတော့ ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ ဒီကိစ္စ အောင်မြင်သွားရင် ပိုင်ချွမ်းခရိုင်က ပြည်သူတွေအတွက်လည်း ကျွန်မ တစ်ခုခု လုပ်ပေးနိုင်လိမ့်မယ်။ ”
“ သိပ်ကောင်းတယ်။ ဒါဆို ကိုယ် ရှင်မကိုပဲ အားကိုးလိုက်တော့မယ်။ ”
ဘာပြီးရင် ဘာလုပ်ရမလဲ ဆိုတာတွေကို ညှိယူပြီးသွားတော့ အဲ့ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ရမယ့် အခန်းကဏ္ဍ ရောက်လာသည်။ ပထမဆုံးက ခရိုင်မြို့တော်ပင်။
တရားသူကြီးစုန့်က အများကြီး ကူညီမပေးနိုင်သလို လီယောင်ကလည်း ရေကာတာ ဆောက်နေဆဲမို့ သူမရဲ့ မိသားစုမှာ အမှန်တကယ်ပင် ပိုက်ဆံ လုံလုံလောက်လောက် မရှိပါ။
အဲ့ဒီနောက် သူမက လူကြီးမင်းလေ့နှင့် သူဌေးကျိုးကို ဖျတ်ခနဲ သတိရသွားသည်။ မိသားစု သုံးစု အတူတူ ပူးပေါင်းလိုက်ရင် ကနဦး ရင်းနှီးမတည်ငွေကိုတော့ ရလောက်မည် ထင်၏။
ကုန်ကြမ်းပစ္စည်းတွေ ရရှိရေး ၊ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးအပိုင်းတွေကိုတော့ တရားသူကြီးစုန့်က တာဝန်ယူပေးပါလိမ့်မည်။
အကျိုးအမြတ်အပိုင်းနှင့် ပတ်သက်လို့ ဘယ်သူကမှ သဘောထားသေးသိမ်မှာ မဟုတ်ဘူးလို့ လီယောင် ထင်မိသည်။ ဝင်ငွေတွေထဲက ငွေချောင်း ( ၈၀၀၀၀ ) ကို ရေကာတာတွေ ဆောက်ဖို့ သုံးရမည် ဖြစ်ကာ ကျန်ငွေတွေကိုတော့ လူကြီးမင်းလေ့ ၊ သူဌေးကျိုးတို့နှင့် သူမ ခွဲယူလို့ ရသည်။
နှစ်ရက်အကြာမှာတော့ ကုန်ကြမ်းပစ္စည်းများစွာက မြစ်ပင်လယ်အော်ကျေးရွာထဲကို ဆက်တိုက် ဆိုသလိုပဲ တဖွဲဖွဲ စတင် ဝင်လာတော့သည်။
ရေကာတာ တည်ဆောက်တဲ့ နေရာမှာ ဝင်မကူတဲ့ ရွာသူ ၊ ရွာသားတွေက ယာယီ အလုပ်သမားတွေ ဖြစ်လာခံ့ပြီး ခြံထဲမှာ ဒယ်အိုးနက်နက်ကြီး ( ၁၀ ) လုံးကို နေရာချ၍ ဝက်ဆီတွေကို မရပ်မနား ကျိုချက်ကာ လက်ဖက်စေ့တွေကိုလည်း မရပ်မနား မွှေကြော်ခဲ့ကြသည်။
ပထမဆုံးနေ့မှာ ဝက်ဆီ ကျင်း ( ၆၀၀ ) ကို ကျိုချက်နိုင်ခဲ့ပြီး ဆပ်ပြာ အချောင်း ( ၈၀၀၀ ) ကို ထုတ်လုပ်နိုင်ခဲ့သည်။ သူတိုဘက လက်ဖက်စေ့အဆီ ကျင်း ( ၁၅၀ ) ကိုလည်း ဖိနှိပ်ပြီး အလှကုန်ပစ္စည်း အခု ( ၂၀၀၀ ) ကို ထုတ်လုပ်နိုင်ခဲ့လေသည်။
ကုန်ပစ္စည်း ပထမအသုတ်ကို ထုတ်လုပ်ပြီးစီးသွားသည်နှင့် တရားသူကြီးစုန့်က ရထားလုံးတွေကို ညတွင်းချင်း စေလွှတ်ပြီး ထိုကုန်ပစ္စည်းတွေကို ယီကျိုးခရိုင်သဘောကျင်းသို့ ပို့ဆောင်စေခဲ့သည်။ ထိုကနေတစ်ဆင့် ခရိုင်မြို့တော်ကို သင်္ဘောနှင့် ပို့မှာ ဖြစ်သည်။ သူ့ဇနီးက ရောင်းချမှုစာရင်းဇယားတွေကို ကိုင်တွယ်ဖို့ သင်္ဘောနှင့်အတူ မြို့တော်ကို လိုက်သွားသည်။
လီယောင်က သူမ မသွားခင် အချိန်ရတုန်းလေး မားကတ်တင်းနည်းစနစ် တချို့နှင့် စေ့စပ်ညှိနှိုင်းသည့် အရည်အချင်း တချို့ကို သူမအား သင်ပေးခဲ့သည်။ ဒီတစ်ခေါက် စီးပွားရေးလုပ်ငန်းအတွက် သူတို့က အမြတ်အစွန်းတွေကို အဓိကမထားဘဲ ကုန်ပစ္စည်းတွေကို အမြန်ဆုံး ရောင်းချနိုင်ဖို့သာ ရည်ရွယ်ထားသည်။
တရားသူကြီးစုန့်ရဲ့ ဇနီးကလည်း သူမရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေဘဲ လေးရက်မြောက်နေ့မှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေက ဝယ်လိုအား အရမ်း များနေကြောင်းနှင့် ကုန်ပစ္စည်းသစ်တွေကို မြန်မြန်နှင့် များများ ထုတ်လုပ်ပေးဖို့ သတင်းပြန်ပို့လာခဲ့သည်။
ထိုသတင်းကို ကြားလိုက်ရတဲ့ တရားသူကြီးစုန့်က ယီကျိုးခရိုင် တစ်ခုလုံးနီးပါးအထိ ကုန်ကြမ်းပစ္စည်းတွေကို နှံ့နှံ့စပ်စပ် ရှာဖို့ လူတွေ ထပ်လွှတ်ခဲ့သည်။
ပိုင်ချွမ်းခရိုင်က ပြည်သူတွေကလည်း တောင်ပေါ်မှာ ရှိသမျှ လက်ဖက်စေ့တွေကို ခူးဆွတ်ပေးခဲ့ကြသည်။
လီယောင်ရဲ့ ခြံထဲမှာ နေ့နေ့ညည မရပ်မနား အလုပ်,လုပ်နေတဲ့ လူတွေ ပြည့်နေတတ်သည်။
ဤသို့ဖြင့် သူတို့သည် ( ၁၀ ) ရက်အတွင်းမှာ ဆပ်ပြာအချောင်း ( ၁၁၀၀၀၀ ) နှင့် အလှကုန်ပစ္စည်း အခု ( ၃၀၀၀၀ ) ကို ထုတ်လုပ်နိုင်ခဲ့၏။
တရားသူကြီးစုန့်ရဲ့ ဇနီးကတော့ ကုန်ပစ္စည်းသစ်တွေကို များများ ထပ်ထုတ်လုပ်ပေးဖို့ တောင်းဆိုနေဆဲ … ။
…