ဟော့ပေါ့။
Vol. 8 Ch. 93
“ ဒီလောက်ဆို လုံလောက်ပါပြီ။ ” ဟု တရားသူကြီးစုန့်က ပြောပြီး ရပ်ခိုင်းလိုက်သည်။
သူက ဘုရင့်အမှုထမ်း တစ်ယောက်သာ ဖြစ်ပြီး ကုန်သည် မဟုတ်တာမို့ လုံလောက်တဲ့ ငွေကြေးပမာဏကို ရသွားတော့ သဘာဝကျစွာပင် ရပ်တန့်ခိုင်းလိုက်သည်။
ဒီလုပ်ငန်းထဲမှာ သူ ဆက်ပြီး ဝင်ပါနေရင် အဲ့ဒါက လီယောင်ကို အမြတ်များများ မရအောင် လုပ်နေသလို ဖြစ်သွားလိမ့်မည်။
ဆပ်ပြာအချောင်း ( ၁၁၀၀၀၀ ) မှာ တစ်ချောင်းကို ဝမ် ( ၅၀၀ ) နှင့် ရောင်းလျှင်တောင် ဝင်ငွေက ငွေချောင်း ( ၅၅၀၀၀ ) ရှိလိမ့်မည်။ ဆပ်ပြာမွှေးကို တစ်ချောင်းကို ငွေချောင်း ( ၂ ) ချောင်းမို့ အချောက်း ( ၃၀၀၀၀ ) ရောင်းရရင် ဝင်ငွေအနေဖြင့် ငွေချောင်း ( ၆၀၀၀၀ ) ရလိမ့်မည်။
စုစုပေါင်း ဝင်ငွေ ငွေချောင်း ( ၁၁၅၀၀၀ ) မှာ အရင်းက ငွေချောင်း ( ၅၀၀၀ ) ပဲ ရှိတာ ဖြစ်သောကြောင့် အသားတင်အမြတ်ငွေက ငွေချောင်း ( ၁၁၀၀၀၀ ) ရှိသည်။
တရားသူကြီးစုန့်က ငွေချောင်း ( ၈၀၀၀၀ ) ကို ယူပြီး ကျန်တဲ့ ငွေချောင်း ( ၃၀၀၀၀ ) ကို သူတို့လက်ထဲမှာပဲ ထားခဲ့သည်။
ဒီငွေတွေက လီယောင် ၊ လူကြီးမင်းလေ့ ၊ သူဌေးကျိုးတို့နှင့် သက်ဆိုင်ပါသည်။ လီယောင်က ဒီငွေတွေကို ညီတူမျှတူ ခွဲဝေတာက တရားမျှတလိမ့်မည်ဟု ခံစားရသော်လည်း လူကြီးမင်းလေ့နှင့် သူဌေးကျိုးက သူမစကားကို ဘယ်လိုမှ နားမဝင်ဘဲ ငွေချောင်း ( ၂၀၀၀ ) ကိုသာ ကိုယ်စီ ခေါင်းမာစွာ ယူသွားခဲ့ကြသည်။
ကျန်ရှိတဲ့ ငွေချောင်း ( ၁၆၀၀၀ ) လုံးက လီယောင်နှင့် သက်ဆိုင်၏။
ပါးနပ်တဲ့ လူတိုင်းက ရွှေဥတွေ ဥပေးနေတဲ့ ဘဲငန်းကို မသတ်ဖို့ နားလည်သည်။ မဟုတ်ရင် နောက်တစ်ခေါက် ဆိုတာ ရှိလာမှာ မဟုတ်ပါ။
လီယောင်ကလည်း သူတို့ကို ယဉ်ကျေးမှုရှိရှိ ဆက်ဆံခဲ့သည်။ ငွေချောင်း ( ၁၆၀၀၀ ) ကို အိတ်ကပ်လေးတွေထဲ ထည့်ပြီးတော့ ရွာသူ ၊ ရွာသားတွေကို လုပ်အားခ စတင် ပေးခဲ့သည်။
ဝမ်အာ နေ့စဉ် ရေးမှတ်ထားတဲ့ စာရင်းစာအုပ်အရ သူမက အလုပ်လာလုပ်သူတိုင်းကို အသက်အရွယ်မရွေး ၊ ကျား-မ,မရွေး တစ်ယောက်ကို ဝမ် ( ၅၀ ) နှင့် လက်ကျန်ဝက်ဆီ ( ၃၀ ) ကတ်တီကို ပေးခဲ့သည်။
သာမန်ရွာသားတွေအတွက် ဝက်ဆီ ဆိုတာ မငြင်းစရာ လက်ဆောင်ကောင်း တစ်ခုပါပဲ။
ရွာသူ ၊ ရွာသားတွေအကုန်လုံး လုပ်အားခတွေနှင့် ဝက်ဆီတွေကို ပျော်ရွှင်စွာ ယူကာ ပြန်သွားကြပြီးနောက် လီယောင် တစ်ယောက် စတင် စိုးရိမ်ပူပန်လာမိသည်။
ရုတ်တရက် ရောက်လာတဲ့ ငွေချောင်း ( ၁၀၀၀၀ ) ကျော်ကို သူမ ဘယ်လို သုံးရမှန်း မသိသောကြောင့် ရွာလူကြီးဝမ်ကျားဖူထံ သွားခဲ့သည်။ “ ကျွန်မ နောက်ထပ် မြေတွေ ထပ်ဝယ်ချင်တယ်။ ”
“ မြေ ဘယ်လောက် ဝယ်ချင်တာလဲ။ ”
“ ကျွန်မတို့ရွာမှာ ရှိတဲ့ ဘာသီးနှံမှ မဖြစ်ထွန်းတဲ့ တောင်တန်းတွေ အကုန်လုံးကို ဝယ်ချင်တယ်။ ”
ဝမ်ကျားဖူ : …
ဟဲဝမ်ရွာ သီးနှံမဖြစ်ထွန်းတဲ့ တောင်တန်းတွေ အများကြီး မရှိပါ။ အလွန်ဆုံးမှ ( ၁၀၀၀၀ ) မူ လောက်သာ ရှိလိမ့်မည်။ တစ်မူကို ဝမ် ( ၁၅၀ ) နှင့် ရောင်းလျှင်တောင် ငွေချောင်း ( ၁၅၀၀ ) လောက်ပဲ ကုန်ကျပါလိမ့်မည်။
သို့သော်လည်း ထိုတောင်တန်းတွေကို ပြုပြင်တာကတော့ လုပ်သားအင်အား အများကြီး လိုအပ်ပါလိမ့်မည်။
ဟဲဝမ်ရွာသူ ၊ ရွာသားတွေမှာ နောက်ထပ် လုပ်စရာ အလုပ် တစ်ခု ရှိလာခဲ့သည်။ နေ့တိုင်း တာ့ကျွမ်း ဦးဆောင်တဲ့ လူရာပေါင်းများစွာက ပေါက်ပြားတွေကို သယ်ကာ သစ်ပင်စိုက်ဖို့ တွင်းတွေ တူးသည် ၊ ဂေါ်ဖီထုပ်တွေ စိုက်သည်။ ထိုအချိန်မှာ ဟဲရှောင်ယာကတော့ အိမ်မှာ လူ တစ်ဒါဇင်လောက်ကို ဦးဆောင်ကာ ထမင်း ၊ ဟင်းတွေ ချက်ပြုတ်ခိုင်းပြီး လုပ်အားပေးနေတဲ့ လူတွေဆီ ပို့ပေးနေခဲ့လေသည်။
လီယောင်က ပုံမှန် လုပ်နေကျ အားကစားတွေအပြင် နေရာတိုင်းကို အချိန်ယူကာ လမ်းပတ်လျှောက်ရင်း တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ သူမရဲ့ ပိုင်နက်ကို ကြည့်ကာ နှလုံးသားထဲမှာ အကျေနပ်ကြီး ကျေနပ်သွားသည်။
ငွေချောင်း ( ၈၀၀၀၀ ) ကို လက်ခံရရှိပြီးသည်နှင့် တရားသူကြီးစုန့်က ရွာသားတွေကို ရေကာတာတွေကို ချက်ချင်းပဲ စတင် တည်ဆောက်ခိုင်းခဲ့သည်။
ရေကာတာတွေကို ပိုပြီး ခိုင်မာစေရန် လီယောင်ရဲ့ နည်းလမ်းကို သုံးဖို့လည်း သူ စီစဉ်ထားသည်။ ဒါပေမဲ့ အဲ့ဒီလို ဆိုရင် ဘိလပ်မြေတွေ အများကြီး ထပ်လိုဦးမည် ဖြစ်ကာ ဝမ်ယွမ်ပန်းဘက်မှာလည်း တစ်ရက်ကို ( ၁၆ ) နာရီ အလုပ်,လုပ်နေသည့်တိုင်အောင် ကုန်ပစ္စည်းလိုအပ်ချက်ကို အမီ မလိုက်နိုင်ပေ။
သူ့ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်းမှာ ကမ္ဘာမြေတုန်လှုပ်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို ကြည့်ပြီး တရားသူကြီးစုန့်လည်း သူ့နှလုံးသားထဲမှာ အဆုံးမရှိတဲ့ ကျေနပ်မှုတွေ ပြည့်လျှံလာတာကို ခံစားလိုက်ရသည်။
ဒါပေမဲ့ သူ့ရဲ့ နေ့နေ့ညည အလုပ်ကြိုးစားမှုတွေက လူ တချို့ကြားမှာတော့ မကျေနပ်မှုတွေကို ဖြစ်ပေါ်စေခဲ့လေသည်။
ကျန်းမိသားစုစားသောက်ဆိုင်ရဲ့ သီးသန့်အခန်းထဲမှာ လူ သုံးယောက် ရှိနေခဲ့သည်။
စားသောက်ဆိုင်ပိုင်ရှင် ကျန်းကွမ်ရှန် ၊ ပိုင်ချွမ်းခရိုင်တရားသူကြီး ယုကျစ်ဖျင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်တို့က မျက်တွင်းများ ချောင်ကျနေသော မျက်နှာ ၊ အန္တရာယ်ပြုတော့မည့် မျက်လုံးများဖြင့် စားပွဲမှာ ထိုင်နေခဲ့ကြ၏။
ကျန်းကွမ်းရှန်က အရင် စပြောလိုက်သည်။ “ အဲ့ဒီ စုန့်လန် ဆိုတဲ့ ကောင်က အခြေအနေ အချိန်အခါကို လုံးဝ နားမလည်ဘူးပဲ။ ဇနပုဒ်မှာ နေတဲ့ ကျေးတောသူမတစ်ယောက်အတွက်နဲ့ သူက အုပ်ချုပ်ရေးမှူးဟူကို အရှက်ခွဲခဲ့တယ်။ ”
ရေတွင်းတွေမှာ ရေခမ်းခြောက်သွားတဲ့ ပြဿနာဟောင်းနှင့် ပတ်သက်လို့ အုပ်ချုပ်ရေးမှူးဟူက ထိုကိစ္စကို ဖုံးကွယ်ပြီး သူပဲ နာမည်ကောင်းလိုချင်ခဲ့ပေမဲ့ မျှော်လင့်မထားစွာဖြင့် စုန့်လန်က သူနှင့် ပူးပေါင်းဆောင်ရွက်မပေးခဲ့ပါ။
“ ပြည်သူလူထုကြားမှာ မိုးရွာစေဖို့ ဆုတောင်းပွဲ ကျင်းပခြင်း ” တစ်ခုတည်းနှင့်ပင် ရေတွင်းကို ပြန်လည်ဖွင့်လှစ်နိုင်တာက လီယောင်ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဆိုတာ လူတိုင်းနီးပါး သိသွားခဲ့ကြသည်။
နောက်ပိုင်းမှာ သူက လီယောင်ကို ရှင်းပစ်ဖို့ လူတွေ လွှတ်ခဲ့ပေမဲ့ သူ လွှတ်လိုက်တဲ့ လူတွေက ဘယ်တော့မှ ပြန်ရောက်မလာခဲ့ပေ။
လက်ရှိ ဧကရာဇ်က အသက်ရနေပြီ ဆိုပေမဲ့လည်း အရာရာတိုင်းကို ရေရေရာရာ ကွဲကွဲပြားပြား စဉ်းစားတွေးခေါ်နိုင်သေးသည်။ လက်ဝဲဝန်ကြီး စုန့်အန်ကတော့ ပိုလို့တောင် အမြင်စူးရှသေးသည်။ ရိုးရှင်းတဲ့ စုံစမ်းမှုလေးတွေ လုပ်လိုက်သည်နှင့် အမှန်တရားကို သူ သိသွားသည်။
သူက လက်ယာဝန်ကြီး ကျိုးကျီလင်းရဲ့ လူ ဖြစ်နေလို့ တော်သေးရဲ့။
လက်ယာဝန်ကြီးက ထိုကိစ္စကို သူ့တစ်ယောက်တည်းပဲ ကိုင်တွယ်ဖုံးဖိလိုက်ပြီး ဧကရာဇ်ကို မသိစေခဲ့ပေ။ မဟုတ်ရင် သူ့ခေါင်းပေါ်က ရာထူးလည်း မြဲမည် မဟုတ်။
ဒါပေမဲ့ အဲ့လို ဆိုရင်တောင် လက်ယာဝန်ကြီးကတော့ သူ့ကို တာဝန်ပျက်ကွက်သည်ဟု ပြင်းပြင်းထန်ထန် ရှုံ့ချကာ အခက်တွေ့စေခဲ့ပါသည်။
ထို့ကြောင့် သူ့နှလုံးသားထဲမှာ တရားသူကြီးစုန့်နှင့် လီယောင်ကို မုန်းတဲ့ အမုန်းတရားတွေ ပြည့်နှက်သွားခဲ့သည်။
ဒီအမုန်းတရားတွေကို လက်တုံ့မပြန်နိုင်ရင် သူ ညဘက် ကောင်းကောင်းပင် အိပ်ပျော်မလောက်။
ထို့ကြောင့် ပါးပါးနပ်နပ်ရှိတဲ့ ကျန်းလျောင်ကို ပိုင်ချွမ်းခရိုင်ကို စေလွှတ်ပြီး စုန့်လန်ရဲ့ ခေါင်းပေါ်က ရာထူးကို ဖြုတ်ချဖို့ နည်းလမ်းရှာခိုင်းခဲ့ပေမဲ့ စုန့်လန်ကတော့ သမာသမတ်ကျကျ အုပ်ချုပ်နေခဲ့ပြီး လူထုကြားမှာလည်း သူ့ဂုဏ်သတင်းက တဖြည်းဖြည်း မွှေးပျံ့လာခဲ့သည်။ သူ့ဆီမှ ပြစ်ချက် တစ်ခုကိုတောင်မှ ဘယ်လိုမှ ရှာမတွေ့ပါ။
“ နည်းလမ်း တစ်ခုတော့ ရှိပေမဲ့ ခရိုင်တရားသူကြီးယုရဲ့ အကူအညီတော့ လိုတယ်။ ” ဟု ကျန်းလျောင်က ပြောလိုက်သည်။ “ စိတ်မပူပါနဲ့။ ဒီကိစ္စ အောင်မြင်သွားရင် အုပ်ချုပ်ရေးမှူးဟူက ခင်ဗျားတို့ကို ဆုတော်လာဘ်တော်တွေ ချီးမြှောက်ဖို့ မေ့မှာ မဟုတ်ပါဘူး။ ”
ယုကျစ်ဖျင် အလွန် ပျော်သွားသည်။
သူ စုန့်လန်ကို တူးခါးနေအောင်ပင် မုန်းသည်။ စုန့်လန် ရှိနေသရွေ့ သူ ငွေ တစ်ပြားတောင် ခွာချလို့ မရ။
“ ကျေးဇူးပြုပြီး ကျုပ်ကို ပြောပါ ဆရာကျန်း။ လူကြီးမင်းယု ကူညီပေးနိုင်တယ် ဆိုရင် ကျုပ်လည်း သေချာပေါက် မငြင်းပါဘူး။ ”
“ အစီအစဉ်က ဒီလိုဗျ … ”
ကျန်းလျောင်ရဲ့ အကြံအစည်ကို နားထောင်အပြီးမှာ ယုကျစ်ဖျင်ရဲ့ မျက်လုံးတွေက သုံး ၊ လေးကြိမ်လောက် လှိမ့်နေပြီးမှ ကိုယ့်ကိုယ်ကိုယ် စိတ်ပြင်ဆင်ပြီး “ ကျုပ် လုပ်မယ်။ ” ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ ဒီနေ့တော့ မသွားပါနဲ့ဦးလား မောင်ကြီးရယ်။ တစ်ရက်လောက် နားလိုက်ပါဦး။ ”
“ နားလို့ မရဘူး ၊ ရေကာတာဆောက်တယ် ဆိုတာ ပြည်သူတွေရဲ့ အသက်နဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ။ ကိုယ် ကိုယ်တိုင် ကြီးကြပ်မှ ရမှာ။ ”
အမျိုးသမီးစုန့်က စိတ်ထဲကနေ သက်ပြင်းတိုးတိုးလေး ချလိုက်သည်။ ဒီရေကာတာဆောက်လုပ်ရေးလုပ်ငန်း စတင်ကတည်းက တရားသူကြီးစုန့်မှာ အနားယူချိန်ပင် မရှိလောက်အောင် ဖြစ်လာသည်။ သူမ မစိုးရိမ်မိဘဲ နေမတဲ့လား။
“ ဒါဆို ကျွန်မလည်း မောင်ကြီးနဲ့ လိုက်မယ်။ အဲ့ဒါမှ တစ်ခုခုဆို မောင်ကြီးကို ဂရုစိုက်ပေးနိုင်မှာ။ ”
တရားသူကြီးစုန်တို့ လူစု ထွက်သွားပြီးနောက် ယုကျစ်ဖျင်က တရားရုံးတော်ကို ရောက်လာခဲ့သည်။ ရုံးတော်ထဲမှာ ဘယ်သူမှ မရှိတာကို မြင်တော့ တရားသူကြီးစုန့်ရဲ့ စာကြည့်ခန်းထဲကို ခိုးဝင်ပြီး ပစ္စည်းတွေကို လှန်လှောရှာဖွေနေခဲ့ကာ နောက်ဆုံးတော့ တရားရုံးတော်တံဆိပ်တုံးကို ရှာတွေ့သွားပြီး ယူလာခဲ့လိုက်လေသည်။
ဒါက ကျန်းလျောင်ရဲ့ အစီအစဉ် ဖြစ်သည်။
တရားရုံးတော်တံဆိပ်တုံး ပျောက်သွားခြင်းက စုန့်လန်ကို အချိန် တစ်ခုထိ စုံစမ်းရေးကိစ္စတွေနှင့် သေချာပေါက် အချိန်ကုန်စေလိမ့်မည်။
ဒီနေ့က ဆောင်းယဉ်စွန်းချိန်မို့ ဆောင်းယဉ်စွန်းချိန်မှာ သိုးသား စားတာက ဆောင်းရာသီတစ်တွင်းလုံး ခန္ဓာကိုယ်ကို နွေးထွေးစေနိုင်သည်။
လီယောင်သည် ဟဲဝမ်ရွာ၏ အချမ်းသာဆုံး လူ တစ်ယောက်အနေဖြင့် ဒီနေ့ကို နားရက်သတ်မှတ်ကာ သူမမိသားစုအတွက် အလုပ်,လုပ်ပေးနေတဲ့ လူတိုင်းကို သိုးသားချက်ကျွေးဖို့ ဆုံးဖြတ်လိုက်၏။
လွန်ခဲ့တဲ့ သုံးရက်ကတည်း ဝမ်ယွမ်ကောက သိုး ( ၁၂ ) ကောင်လောက် ဝယ်ပြီး အိမ်ကို လာပို့ပေးထားပြီးသားပင်။ အခု ရွာထဲက ကျွမ်းကျင်သားသတ်သမားတွေက သိုးတွေကို အမဲဖျက်ပေးနေသည်။
အရင်တစ်ခေါက်တုန်းက ဝက်ဆီတွေကို ကျိုချက်ဖို့ သုံးခဲ့တဲ့ မီးဖိုတွေက ဒီတစ်ခေါက်လည်း အသုံးဝင်နေပြန်ကာ အိုးကြီး ( ၁၀ ) အိုးထဲမှာ အဖြူရောင် သိုးသားဟင်းရည်တွေက တပွက်ပွက် ဆူပွက်နေသည်။
သိုးသားရဲ့ မွှေးရနံ့က ခြံထဲမှာ ပျံ့လွင့်နေခဲ့ပြီး ရွာသားတွေက ခေါက်ဆွဲတွေကို ခပ်သွက်သွက် လုပ်ပေးနေခဲ့ကြသည်။ အကုန်လုံး ကူညီပြီးလို့ အားလပ်သွားတဲ့ လူတွေကတော့ ပျော်ရွှင်မှု ၊ ကျေနက်မှုများဖြင့် မျက်နှာအရောင် တဖျတ်ဖျတ် လက်နေ၏။
“ ငါတို့လီယောင်က ဘယ်သူနဲ့မှ မတူဘူး။ ” ဟု အမျိုးသမီးကြီး တစ်ယောက်က ပြောလိုက်သည်။ “ သူက တခြား လူတွေလို မဟုတ်ဘူး ၊ ပိုက်ဆံရသွားတာနဲ့ သူ့ကို ကူညီပေးခဲ့တဲ့ အလုပ်သမားတွေကို မေ့မသွားဘူး။ ”
“ သူ မိန်းကလေး ဖြစ်နေတာ နှမြောစရာကောင်းတယ်။ မဟုတ်ရင် ဝမ်ကျားဖူအစား သူက ရွာလူကြီးဖြစ်နေမှာ သေချာတယ်။ ” ဟု လူ တစ်ယောက်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ ရွာလူကြီး ဆိုတာ ဘာဟုတ်သေးလို့လဲ။ သူသာ ယောက်ျား တစ်ယောက် ဆိုရင် ခရိုင်တရားသူကြီး ဖြစ်နေမှာ သေချာတယ်။ ” ဟု နောက်ထပ် တစ်ယောက်က အားကျမခံ ထပ်ပြောလိုက်သည်။
လီယောင်ကတော့ ခရိုင်တရားသူကြီးလုပ်ဖို့ စိတ်ကူး လုံးဝ မရှိဘဲ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေခဲ့ပါသည်။
ရွာသားတွေက သိုးသား ၊ သိုးသားဟင်းရည်နှင့် သိုးသားခေါက်ဆွဲအတွက် စွပ်ပြုတ်ရည်တို့ကို နှပ်နေစဉ်မှာ သူမက ဟော့ပေါ့နှင့် ဟော့ပေါ့ထဲကို နှစ်ပြီး စားမည့် သိုးသားလွှာတွေကို ပြင်ဆင်နေခဲ့သည်။ ဟော့ပေါ့ စားဖို့အတွက် ဟော့ပေါ့အရည်ကို အရင်ဆုံး ပြင်ဆင်ရသည်။
ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး ၊ ငရုတ်သီးခွဲခြမ်းများနှင့် စီချွမ် ငရုတ်ကောင်းစေ့တို့ကို အချိုးကျကျ ရောနှောကာ ရေထဲမှာ မိနစ် ( ၂၀ ) စိမ်ထားပြီးနောက် ရေစစ်၍ အခြောက်ခံထားလိုက်သည်။ ပြီးနောက် အစိုဓာတ်တွေ ထွက်သွားအောင် မီးအေးအေးလေးနှင့် ဖုတ်ပြီး ပန်းကန်လုံးလေးနှင့် ဘေးမှာ အဆင်သင့် ပြင်ထားလိုက်သည်။
အိုးထဲမှာ ဆီကို အရင်ဆုံး အပူပေးပြီးမှ မြေပဲဆီ ၊ ဝက်ဆီ ၊ အမဲဆီတို့ကို ထပ်ထည့်လိုက်သည်။ ဆီက ( ၄၀ ) ရာခိုင်နှငန်းလောက် ပူလာတော့ ပါးပါးလှီးထားတဲ့ ဂျင်းတွေနှင့် ကြက်သွန်မြိတ်တွေ အများကြီး ထပ်ထည့်ကာ ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပြီးမှ ဆီထဲက ဖယ်ထားလိုက်သည်။ ငရုတ်နှစ်ကိုလည်း ထပ်ထည့်ပြီး ခဏလောက် မွှေပေးကာ နောက်ဆုံးမှာ ဟင်းခတ်အမွှေးအကြိုင်တွေ ၊ ရေနည်းနည်း ၊ သကြားဖြူနှင့် အချဉ်ဖောက်ထားတဲ့ ပဲပြားကို ထပ်ထည့်လိုက်၏။ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ မွှေးရနံ့တွေ ပေါင်းစပ်သွားချိန်မှာ အပူချိန်ကို လျှော့ချပစ်လိုက်သည်။
ထို့နောက် ဒီတိုင်းလေးပဲ ထားလိုက်ပြီး မွှေးရနံ့ အမျိုးမျိုး ၊ ပူထုံနေအောင် စပ်တဲ့ အစပ်အရသာကို ဖြည်းဖြည်းချင်း တိုးပွားလာစေလိုက်သည်။
စားတော့မည် ဆိုတော့မှ ဝက်ရိုးတွေ ၊ အမဲရိုးတွေနှင့် အကြာကြီး ချက်ထားတဲ့ စွပ်ပြုတ်ရည်ကို လောင်းထည့်လိုက်ရုံပါပဲ။
ပါဝင်ပစ္စည်းတွေအတွက်ကတော့ သူမက ဝမ်ယွမ်ကောကို စီရင်စုမြို့တော်ကနေ အတော်များများ ဝယ်ယူခိုင်းထားခဲ့သည်။
ဝက်အစာအိမ် ၊ သိုးသားလွှာ ၊ အမဲသားလွှာ ၊ ဘဲအူ ၊ ဘဲငန်းအူ ၊ ဘဲသွေး စသည်ဖြင့် ဝယ်လို့ ရသမျှ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို အပြည့်အစုံ ဝယ်ထားခဲ့သည်။
ထိုအတွက် ပိုက်ဆံ တော်တော်လေး ကုန်သွားသလို ဟဲရှောင်ယာကလည်း ဒါက ပိုက်ဆံဖြုန်းတီးရာရောက်တယ်လို့ မြင်နေပေမဲ့ လီယောင်ကတော့ ဂရုမစိုက်ပါ။
သူမမှာ အစကတည်းက စုဆောင်းထားတဲ့ ငွေတွေလည်း အများကြီး ရှိသားပဲ … ။ နေ့တိုင်းလည်း ငွေချောင်းတွေ အများကြီး ဝင်ငွေရှိနေတာ … ။ တစ်ခါတလေ နည်းနည်းပါးပါး ပိုက်ဆံဖြုန်းလို့ သူမ ချွတ်ခြုံကျမသွားပါဘူး … ။
…