← Chapters

တစ်နပ်စားဉာဏ်နှင့် ရွာသူ ၊ ရွာသားများ။

Vol. 8 Ch. 98

တစ်နပ်စားဉာဏ်နှင့် ရွာသူ ၊ ရွာသားများ။

Vol. 8 Ch. 98

စီးပွားဖက်တွေ ရှိလာတဲ့အတွက် လီယောင်ရဲ့ ဆပ်ပြာအလုပ်ရုံကိုလည်း ကုန်ထုတ်လုပ်မှုအပိုင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့ လိုအပ်လာသည်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံးက ကုန်ကြမ်းပစ္စည်းတွေကို ရဖို့ ဆိုတာ အပြောထက် အလုပ်က ခက်သည်။

ကုန်ထုတ်လုပ်မှုအပိုင်းကို လုပ်ငန်းချဲ့ထွင်ဖို့အတွက် ကုန်ကြမ်းပစ္စည်း ဝယ်ရမှာတွေ ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ စသည်ဖြင့် အများကြီး ထည့်တွက်ဖို့ လိုသည်။ အတိုချုံ့ ပြောရရင်တော့ စည်းစနစ်ကျကျ လုပ်ဆောင်ရတဲ့ အခန်းကဏ္ဍ တစ်ခုပဲ ဖြစ်သည်။

ကံကောင်းစွာဖြင့် အခုအချိန်မှာ တခြား နေရာတွေမှာ အလုပ်ရုံတွေ သွားဆောက်စရာ မလိုတော့ပါ။ ရွာထဲမှာ အလုပ်ကြီး တစ်ရုံ ပြန်ဆောက်ခြင်းက နောက် ( ၂ ) နှစ်လောက်ထိ ဈေးကွက်ဝယ်လိုအားကို ထိန်းထားနိုင်လိမ့်မည်။

အတော်လေး ခေတ်မီတဲ့ အလုပ်ရုံဒီဇိုင်းကို နှစ်ရက်တိတိ ထိုင်ဆွဲပြီးနောက် ဆောက်လုပ်ရေးကိစ္စတွေကို ရွာလူကြီးဝမ်ရဲ့ လက်ထဲပဲ အကုန် လွှဲထားလိုက်၏။ အလုပ်သမား‌တွေကတော့ ထုံးစံအတိုင်း ဟဲဝမ်ရွာသူ ၊ ရွာသားတွေ ဖြစ်သည်။

ရွာလူကြီးဝမ်ရဲ့ ခန့်မှန်းချက်အရ နှစ်ကူးမတိုင်ခင်မှာ အလုပ်ရုံကို အပြီးသတ် ဆောက်ပြီး ကုန်ထုတ်လုပ်ရေးကို စတင်နိုင်ပါလိမ့်မည်။

လီယောင်သည် အုတ်မြစ်တွေ စတူးနေကြတဲ့ လူ နှစ်ရာကျော်ကို ကြည့်ပြီး မန်နေဂျာ ဘယ်လို မွေးရင် ကောင်းမလဲဟု တွေးနေမိသည်။

ဒီအလုပ်ရုံ အကြီးကြီးက အလုပ်ရုံ သေးသေးလေးနှင့် မတူဘဲ ပိုပြီး ကျွမ်းကျင်ခေတ်မီတဲ့ ကြီးကြပ်မှုပုံစံကို လိုအပ်သည်။ မဟုတ်ရင် အကုန်လုံး ဖရိုဖရဲ‌တွေ ဖြစ်ကုန်လိမ့်မည်။

အဲ့ဒီလို ကြီးကြပ်မှုပုံစံကို သင်ယူနိုင်ဖို့ ဆိုရင်လည်း အခြေအနေ အချိန်အခါနှင့် အလိုက်သင့် ပြောင်းလဲနိုင်စွမ်းရှိပြီး အနည်းဆုံးတော့ အခြေခံလောက် စာတတ် ၊ သင်္ချာတွက်တတ်တဲ့ လူမျိုးကို လိုအပ်ပါသည်။

ဝမ်ရွှယ်ရှစ်က ထိနေရာအတွက် လုံးဝ မသင့်တော်ပေမဲ့ တခြား လူတွေကို လူယုံမွေးတာကလည်း တော်တော်လေး အလုပ်ရှုပ်လိမ့်မည်။

လီယောင် တစ်ယောက် တစ်ညလုံး ထိုင်စဉ်းစားနေခဲ့ပြီး နောက်ဆုံးမှာတော့ အရည်အချင်းကို မွေးမြူဖို့အတွက် ကလေးတွေကပဲ စတင်ဖို့ ဆုံးဖြတ်လိုက်၏။

ထို့ကြောင့် နောက်တစ်နေ့မှာပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေ အကုန်လုံးကို ခဏ ရပ်ဆိုင်းပြီး ရွာလူကြီးဝမအား ရွာသူ ၊ ရွာသားတွေ အကုန်လုံးကို စုဝေးခိုင်းခဲ့သည်။

“ ကျွန်မတို့ အလုပ်ရုံကြီး တစ်ရုံ ဆောက်နေတယ် ဆိုတာကို ရှင်တို့လည်း ကြားပြီးလောက်ပါပြီ။ အဲ့ဒီ အလုပ်ရုံကြီးမှာ အလုပ်သမားတွေကို ပိုလိုအပ်တဲ့အတွက် ရှင်တို့အနေနဲ့လည်း ပိုက်ဆံတွေ အများကြီး ရှာလို့ ရမှာပါ။ ”

လီယောင်ရဲ့ စကားကို ကြားတော့ ရွာသူ ၊ ရွာသားတွေက အလွန် ပျော်ရွှင်သွားကြသည်။ သူတို့တွေ အကုန်လုံး အလုပ်လျှောက်ဖို့ အလုအယက် ဖြစ်နေစဉ်မှာပဲ လီယောင်က “ ဒါပေမဲ့ အလုပ်ရုံကြီး တစ်ရုံ ဖြစ်တဲ့အလျောက် လိုအပ်ချက်တွေကလည်း ပုံမှန်ထက် မြင့်ပါတယ်။ ” ဟု ထပ်ပြောလိုက်သည်။

“ မရီးလီ .. အလုပ်သမား တစ်ယောက် လုပ်ဖို့ ဘာလိုအပ်ချက်တွေများ လိုသေးလို့တုံးတော့်။ ”

“ သာမန် အလုပ်သမားတွေအတွက်ကတော့ အရင်လိုပဲ ရိုးသားပြီး အလုပ်ကြိုးစားရင် ရပြီ ဆိုပေမဲ့ တစ်နှစ်ကို ငွေချောင်း ( ၃၀ ) ကနေ ( ၅၀ ) အထိ ရမယ့် အလုပ်သမားခေါင်းဆောင် ဖြစ်ဖို့ ဆိုရင်တော့ အနည်းဆုံး အထက်တန်းကျောင်းအောင်ထားဖို့ လိုတယ်။ ”

တစ်နှစ်ကို ငွေချောင်း ( ၃၀ ) ကနေ ( ၅၀ ) အထိတဲ့လား … ။

ရွာသူ ၊ ရွာသားတွေ အကုန်လုံး မျက်လုံးအပြူးသား ၊ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ခရိုင်တရားသူကြီးလစာထက်တောင် ပိုများနေတဲ့ ဒီလစာက ဘယ်လို အံ့ဖွယ်လစာမျိုးလဲ။

သို့သော်လည်း ထိုအလုပ်ရဲ့ လိုအပ်ချက်တွေကို ကြည့်ရသလောက် သူတို့ မဟုတ်တဲ့ တခြားလူတွေပဲ အကျိုးရှိနိုင်မည် ထင်သည်။

ပြောရရင် ဟဲဝမ်ရွာမှာ အထက်တန်းအောင်သူ တစ်ယောက်မှ မရှိပါ။ ပညာအတတ်ဆုံးက သူတို့ကိုယ်သူတို့ အထက်တန်းကျောင်းအောင်တယ်လို့ လိမ်ညာပြောဆိုထားတဲ့ လူတွေပဲ ဖြစ်သည်။

ရွာလူကြီးဝမ်ပင်လျှင် “ အဲ့ဒါက အရမ်း မခက်လွန်းဘူးလား လီယောင်။ ” ဟု ဝင်ပြောလိုက်ရသည်။ “ ငါတို့ရွာမှာ ပညာတတ်တဲ့ လူက လက်ချိုးရေလို့ ရတယ်။ အဲ့လောက် အထက်တန်းအောင်တွေ အများကြီးကို ငါတို့ ဘယ်မှာ သွားရှာမှာလဲ။ ”

“ အဲ့ဒါကြောင့်ပဲ ကျွန်မ ဒီနေ့ အားလုံးကို စုဝေးခိုင်းလိုက်တာပါ။ ပညာတတ်တွေ မရှိရင် ကျွန်မတို့ သူတို့ကို မွေးထုတ်ပေးရမယ်။ အထက်တန်းအောင် မရှိရင် ကျွန်မတို့ စာမေးပွဲတွေ ဝင်ဖြေရမယ်။ ကျွန်မ ကျောင်း တစ်ကျောင်း ဆောက်ပြီး ရွာက ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းလခ အခမဲ့နဲ့ စာသင်ပေးချင်တယ်။ အဲ့ဒါဆို သုံး ၊ လေးနှစ်လောက်အတွင်း ကျွန်မတို့ရွာကနေ အထက်တန်းအောင်တွေ အများကြီး ထွက်လာလိမ့်မယ်။ တိုင်းဒေသကြီးအဆင့် အစိုးရစာမေးပွဲအောင်တဲ့ ကျောင်းသားတွေတောင် ထွက်ရင် ထွက်လာနိုင်သေးတယ်။ ”

ရွာထဲက ကလေးတွေ အကုန်လုံး အခမဲ့ ပညာသင်ကြားခွင့်ရမယ်တဲ့လား … ။

လူတိုင်း အနည်းငယ် ကြောင်အသွားကြသည်။

သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေလက်ထက်မှာလည်း ဒီလို အရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပါ။ မကြားဖူးတာလည်း ဆန်းတော့ မဆန်း။ လူအများစုက ဈေးကြီးပေးပြီး အိမ်ကို သီးသန့်ဆရာ ခေါ်သင်ဖို့ နေနေသာသာ စာအုပ်တွေ ဝယ်ဖို့တောင် ပိုက်ဆံမတတ်နိုင်ကြတာကိုး။

“ ကျုပ် လီယောင့်ကို ထောက်ခံတယ်။ ရွာမှာ မြေကွက်တွေ ရောင်းထားတုန်းက ကျန်တဲ့ ပိုက်ဆံ တချို့ ရှိသေးတယ်။ ပိုက်ဆံတစ်ဝက်ကို ကျောင်းဆောက်တဲ့အထဲ ထည့်ဖို့ ကျုပ် ဆုံးဖြတ်ထားတယ်။ ကျုပ်တို့ ကိစ္စတိုင်းမှာ လီယောင် တစ်ယောက်တည်းကိုပဲ ထမ်းပိုးခိုင်းထားလို့ မရဘူး။ ” ဟု ရွာလူကြီးဝမ်က ပြောလိုက်သည်။

ဟဲဝမ်ရွာက မိသားစုကြီး တစ်စုရဲ့ အိမ်ထောင်ဦးစီး ဖြစ်တဲ့ ဖန်းရှိန်လည်း ရှေ့ထွက်လာသည်။ “ ကျုပ်တို့ဖန်းမိသားစုကလည်း ငွေချောင်း ( ၃၀၀ ) ထည့်ချင်ပါတယ်။ ”

“ ဒါပေမဲ့ ကျုပ် လေးလေးနက်နက် ပြောချင်တာ တစ်ခုတော့ ရှိတယ်။ ကျောင်းဆောက်ပြီးသွားတာနဲ့ မင်းတို့ရဲ့ သားတွေ ၊ သမီးတွေ အကုန်လုံး ကျောင်းကို လာပြီး စာသင်ရမယ်။ ” လို့ ရွာလူကြီးဝမ်က ပြောလိုက်တော့ ကျူးယိုကွေ့က ရုတ်တရက် ထရယ်သည်။

“ ဟားဟား ၊ မင်း ပြောတဲ့ စကားကို ကြည့်လိုက်ပါဦး။ သူတို့ မလာရင်ရော မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ။ သူတို့ကို ကြိုးနဲ့ ချည်ပြီး ကျောင်းကို တရွတ်ဆွဲခေါ်သွားမှာလား။ ”

ထိုစကားကြောင့် ရွာလူကြီးဝမ် တစ်ယောက် ခဏတာ ဆွံ့အသွားရသည်။

သူက ဟဲဝမ်ရွာရဲ့ ရွာလူကြီး ဖြစ်သော်လည်း ရွာသားတွေကို ဘာလုပ်ပါ ဘာလုပ်ပါ ဆိုပြီး အမိန့်ပေး ညွှန်ကြားပိုင်ခွင့် မရှိဘဲ တိုက်တွန်းပိုင်ခွင့်သာ ရှိပါသည်။

ဒါပေမဲ့ ဒီကျောင်းကို ဆောက်ပြီးတော့မှ လူနည်းနည်းလေးပဲ ကျောင်းလာတက်ရင် ပိုက်ဆံတွေနဲ့ လီယောင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ဖြုန်းတီးရာရောက်သွားမှာ မဟုတ်လား … ။

“ ကျုပ်တို့ အဲ့ကိစ္စကို မေ့လိုက်သင့်တယ် ထင်တယ် ရွာလူကြီးဝမ်။ ” လူ တစ်ယောက်က အကုန်လုံး ငြိမ်ကျသွားတုန်း ရှေ့ထွက်လာသည်။ “ ကလေးတွေကို အလုပ်ပဲ လုပ်ခိုင်းလိုက်ပါ။ သူတို့ အလုပ်ရုံမှာလည်း ပိုက်ဆံရှာလို့ ရတာပဲ။ စာသင်တာက မိသားစုရဲ့ ပိုက်ဆံတွေကို သက်သက်မဲ့ ကုန်စေရုံပဲ ရှိလိမ့်မယ်။ ”

“ ဟုတ်တယ်။ ကျုပ်တို့ရွာမှာ အလုပ် မလုပ်တဲ့ ကလေးတွေကို ကျွေးထားနိုင်တဲ့ မိသားစု ဘယ်နှစု ရှိလို့လဲ။ ”

“ မိသားစု တစ်စုကို ကလေး တစ်ယောက် ကျောင်းပို့တာကမှ ပိုပြီး ဖြစ်နိုင်ချေရှိသေးတယ်လို့ ကျုပ်ခံစားရတယ်။ ”

လီယောင်က ကျွက်ကျွက်ညံညံ စကားတွေကို နားထောင်ပြီး စိတ်ထဲကနေ သက်ပြင်းရှိုက်လိုက်သည်။

ဒီ‌ရှေးခေတ်က လူတွေဟာ ချက်ချင်း မြင်ရတဲ့ အကျိုးအမြတ်တွေကိုပဲ သိပြီး ပညာရေးရဲ့ အရေးပါမှုကိုတော့ နားမလည်ကြပါ။

ဒါပေမဲ့ လီယောင်သည် ဒီလို ဖြစ်မယ် ဆိုတာ ကြိုတင်တွက်ဆထားပြီးသားမို့ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။

“ ဒါက ကျွန်မရဲ့ ရန်ပုံငွေနဲ့ တည်ထောင်မယ့် ကျောင်း ဆိုတော့ တချို့ စည်းမျဉ်းတွေကိုတော့ ကျွန်မ ချမှတ်ရလိမ့်မယ်။ အနာဂတ်မှာ အသက် ( ၇ ) နှစ်နဲ့ ( ၁၅ ) နှစ်ကြား ကလေးတွေ ရှိတဲ့ မိသားစုတွေက သူတို့သားသမီးကို ကျောင်းမပို့ဘူး ဆိုရင် အဲ့မိသားစုက ဘယ်သူ့ကိုမှ ကျွန်မ အလုပ်,လုပ်ဖို့ မငှားတော့ဘူး ၊ သူတို့ကို ကျွန်မအလုပ်ရုံတွေမှာ အလုပ်,လုပ်ပြီး ပိုက်ဆံရှာခွင့်လည်း မပေးဘူး။ ကျွန်မ ပြောတဲ့ ကလေးတွေ ဆိုတာက ယောက်ျားလေးတွေတင် မဟုတ်ဘူးနော် ၊ မိန်းကလေးတွေလည်း ပါတယ်။ ”

လီယောင် ထိုစကားကို ပြောပြီးသည်နှင့် ရွာသူ ၊ ရွာသားတွေကြားမှာ ဆူဆူညံညံ စကားသံတွေ ထွက်ပေါ်လာခဲဘသည်။

ရှေးခေတ်မှာ မိန်းကလေးတွေလည်း ပညာသင်ရမယ် ဆိုတာကြီးက ဘယ်မှာ အဓိပ္ပာယ်ရှိလို့လဲ။

“ လီယောင် … ဒါက နည်းနည်းတော့ … ”

ရွာလူကြီးဝမ်ရဲ့ စကားမဆုံးသေးခင်မှာပဲ လီယောင်က ဖြတ်ပြောလိုက်သည်။ “ ဘာလို့ မိန်းကလေးတွေက စာသင်လို့ မရ,ရတာလဲ။ ကျွန်မ အခု တစ်ခါတည်း ရှင်းအောင် ပြောထားလိုက်ပါမယ်။ ကျောင်းမတက်တဲ့ သမီးမိန်းကလေးတွေ ရှိတဲ့ မိသားစုတွေက တစ်မိသားစုလုံးကိုရော ၊ သူတို့ရဲ့ ဆွေမျိုးတွေကိုရော အနာဂတ်မှာ ကျွန်မ အလုပ်ပေးမှာ မဟုတ်ဘူး။ ကျွန်မရဲ့ အလုပ်ရုံနဲ့ မိသားစုကိုလည်း ‌မြို့ပေါ်ကို ပြောင်းပြီး တခြားရွာက လူတွေကို ရှာလိုက်လို့ ရတယ်။ ”

သူမသာ တကယ် ပြောင်းရွေ့သွားလျှင် ရွာသူ ၊ ရွာသားတွေဟာ ဆင်ဖြူတော်မှီပြီး ကြံစုပ်လို့ ရတဲ့ အခွင့်အရေးကို ဆုံးရှုံးသွာပါးလိမ့်မည်။ သူတို့ အဲ့ဒါကို ကောင်းကောင်း နားလည်ကြသည်။

သို့သော်လည်း မိန်းကလေးတွေကို စာသင်ခိုင်းတာက မိသားစုအတွက် အလုပ်,လုပ်ပေးမယ့် လူ ၊ ပိုက်ဆံရှာပေးမယ့် လူ တစ်ယောက် လျော့သွားတာနှင့် တူသည်။

တော်တော်များများက ဘယ်လို ဆုံးဖြတ်ရမှန်း မသိဘဲ စိတ်ရှုပ်ထွေးသွားကြ၏။

ဒီတစ်ခေါက်တော့ ဝမ်ရွှယ်ရှစ်က မားမားမတ်မတ် ရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။ “ မိန်းကလေးတွေလည်း စာသင်သင့်တယ်။ ဒီနေ့က စပြီး ငါတို့မိသားစုက မိန်းကလေးတွေ အကုန်လုံးကို ငါ ကျောင်းပို့မယ်။ ”

“ အဘွားဝမ်ရဲ့ သား‌ လေးယောက်လုံးက ပိုက်ဆံရှာနေပြီ ဆိုတော့ အဘွားဝမ် အဲ့လို လုပ်နိုင်တာ ဆန်းလို့လား။ ” ဟု ရွာသား တစ်ယောက်က ထပြောလိုက်သည်။ “ မိသားစုထဲမှာ အလုပ်,လုပ်မယ့် လူ တစ်ယောက် လျော့သွားရင် ကျုပ်တို့ ထမင်းစားဖို့ မရှိမှာ စိုးရိမ်တယ်။ ”

ဝမ်ရွှယ်ရှစ်က “ အဲ့ဒါကတော့ နင် အသုံးမကျလို့ပဲလေ။ ” ဟု ပြန်ချေပလိုက်၏။ “ နင်သာ ပညာတတ်ပြီး အထက်တန်းအောင်သွားရင် လီယောင်ရဲ့ အလုပ်ရုံမှာ အလုပ်ဝင်လုပ်ပြီး တစ်နှစ်ကို ငွေချောင်းတွေ ဆယ်ချီပြီး ရှာနိုင်မှာ မဟုတ်ဘူးလား။ ”

“ ကျုပ်လည်း အဲ့လို ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ လက်တွေ့က အဲ့လို မဟုတ်တာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ”

“ အဲ့ဒါဆို နင့်ကလေးကို ပိုပြီးတော့တောင် ပညာသင်ခိုင်းရဦးမှာ မဟုတ်ဘူးလား။ အခုက စပြီး အလုပ်ကြိုးစားကြ။ နင်တို့ကလေးက အထက်တန်းအောင်သွားရင် ကောင်းစားမယ့် လူက နင်တို့တွေပဲ။ ”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းက ဝမ်ရွှယ်ရှစ် ပြောတဲ့ စကားက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလာရပြီး ကလေးတွေရဲ့ ပညာရေးကို ဦးစားပေးတာက လုပ်သင့်တဲ့ အရာပဲလို့ စတင် ယုံကြည်လာခဲ့သည်။

လူတွေရဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ လီယောင်က ဆက်ပြောလိုက်သည်။ “ အနာဂတ်မှာ ကျွန်မ အလုပ်ရုံတွေ အများကြီး ဖွင့်မှာမို့လို့ လူတွေ အများကြီး လိုအပ်လာမှာပါ။ ဒါပေမဲ့ ကျွန်မ အခုနောက်ပိုင်း ပညာမတတ်တဲ့ လူတွေထက် ပညာတတ်တဲ့ ဝန်ထမ်းတွေကိုပဲ လစာများများ ပေးချင်လာတော့တယ်။ ”

“ ဟုတ်ပြီ။ ငါလည်း ငါ့မြေးကို စာသင်ခိုင်းမယ်။ ”

“ ငါတို့မိသားစုရောပဲ။ ”

အချိန်ခဏအတွင်းမှာပဲ မိသားစု အများစုက သူတို့ရဲ့ သဘောထားတွေကို ဖော်ထုတ်ခဲ့ကြသည်။ ခေါင်းမာတဲ့ မိသားစု တချို့ကိုတော့ လီယောင်က ဆက်ပြီး တိုက်တွန်းမနေတော့ပါ။

သူမဘက်က အခွင့်အရေးပေးပြီးသားမို့ ထိုအခွင့်အရေးကို တန်ဖိုးထားရကောင်းမှန်း မသိရင်လည်း သူတို့ထိုက်နှင့်သူတို့ကံပါပဲ။

ဒါပေမဲ့ လောလောဆယ် လက်မခံသေးသူတွေပင်လျှင် ပညာရေးရဲ့ အကျိုးအမြတ်တွေကို မြင်ပြီးနောက်မှာ သူတို့ရဲ့ သားတွေ ၊ သမီးတွေ အကုန်လုံးကို ကျောင်းပို့လိမ့်မည်ဟု သူမ ယုံကြည်ပါသည်။

…

All Chapters