ရယ်ချင်စရာ အဖြစ်အပျက်။
Vol. 8 Ch. 100
လီယောင်သည် ပိုင်ချွမ်းဈေးထဲကို ချက်ချင်း ပြန်သွားခဲ့ပြီး ဝမ်ယွမ်ကောကိုတော့ တစ်ယောက်တည်း အိမ်ပြန်ခိုင်းလိုက်၏။
ညရောက်တော့ ကျန်းကွမ်ရှန်းရဲ့ အိမ်သို့ တိတ်တဆိတ် ချဥ်းကပ်လာခဲ့ပြီး နံရံပေါ်ကို သူမ တွယ်တက်လိုက်သည်နှင့်တစ်ပြိုင်နက် အယ်ကာလီအနံ့ပြင်းပြင်းက နှာခေါင်းထဲကို တိုးဝင်လာသည်။ အနံ့လာရာလမ်းအတိုင်း လိုက်ခဲ့ရင်း နောက်ဖေးခြံထဲက ထင်းတဲ တစ်လုံးဆီ ရောက်လာချိန်မှာ အထဲက ကျန်းကွမ်ရှန်းရဲ့ အသံကို ကြားလိုက်ရလေသည်။
“ ငါ အကြိမ်ပေါင်းများစွာ စမ်းကြည့်ပြီးသွားပြီ။ ဘာလို့ အခုထိ အလုပ်မဖြစ်ရတာလဲ။ လုပ်လို့ ရတာလား ၊ လုပ်လို့ မရတာလား။ ”
“ ကျုပ်ကို အချိန်နည်းနည်းပဲ ထပ်ပေးပါ အစ်ကိုကြီး။ ကျုပ် အဖြေရှာနိုင်မယ် ဆိုတာ သေချာပါတယ်။ ”
“ ဒါဆိုလည်း မြန်မြန် လုပ်။ မင်းတို့ အောင်မြင်သွားရင် ကောင်းကောင်း ဆုချမယ် ၊ ဒါပေမဲ့ မအောင်မြင်ရင်တော့ တစ်ယောက်မှ လွယ်မယ် မထင်နဲ့။ ”
ကျန်းကွမ်ရှန်းက ထိုစကားကို ပြောပြီးနောက် ထင်းတဲထဲမှ ထွက်သွား၏။ လီယောင်က ခေါင်မိုးအုတ်ကြွပ် တစ်ချပ်ကို အသာလေး မပြီး ကြည့်လိုက်တော့ အသက် ( ၃၀ ) ဝန်းကျင်အရွယ်ရှိ အမျိုးသား တစ်ယောက်ကို ထင်းတဲထဲမှာ မြင်လိုက်ရပါသည်။ ဒီလူ့ကို သူမ မှတ်မိသည်။ ဈေးထဲမှာ ဝက်ကလီစာ ရောင်းဖူးတဲ့ လူပဲ … ။ သူက ကျန်းကွမ်ရှန်းရဲ့ ဆွေမျိုး ဖြစ်လိမ့်မည်။
သူက ဝက်အဆီနှင့် အယ်ကာလီကို စိတ်ကူးပေါက်သလို ရောနှောပေါင်းစပ်ရင်း ဆပ်ပြာလုပ်ဖို့ ကြိုးစားနေခဲ့သည်။ ဒါပေမဲ့ သူ ဘေးမှာ စုပုံထားတဲ့ “ မအောင်မြင်တဲ့ ဆပ်ပြာ ” တွေကို ကြည့်ရသလောက် ဆပ်ပြာလုပ်နည်းကို သူ အဖြေရှာမတွေ့လောက်သေးပေ။
ခဏ စောင့်ကြည့်နေတဲ့ လီယောင်က အရှေ့ဘက်ခြံဝန်းထဲမှာ ကျန်းကွမ်းရှန်းနှင့် လူ တစ်ယောက်နှင့် စကားပြောနေတာကို ကြားသွားသဖြင့် တိတ်တိတ်လေး သွားပြီး ခိုးနားထောင်နေလိုက်သည်။
“ စိတ်မပူပါနဲ့ လူကြီးမင်းဟွမ်း။ နောက် သုံး ၊ လေးရက်လောက်ဆို ကျွန်တော်တို့ ဆပ်ပြာလုပ်နည်းကို အဖြေရှာလို့ ရသွားမယ် ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ”
ဟွမ်းသော်ချင်းက “ ကျုပ်လည်း မလောပါဘူး။ အေးအေးဆေးဆေးပဲ လုပ်ပါ။ ” ဟု ပြောလိုက်သည်။ “ ဒါနဲ့ ကျုပ် ယီကျိုး တစ်ခရိုင်လုံးက အယ်ကာလီတွေကို ဝယ်လာခဲ့တယ် ၊ မြောက်ပိုင်းက ဈေးသည်တွေကိုလည်း ဒီကို အယ်ကာလီတွေ ပို့တာကို အချိန် တစ်ခုထိ ရပ်ခိုင်းထားခဲ့တယ်။ ”
“ လူကြီးမင်းဟွမ်းက ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ တကယ့်ကို ကောင်းကောင်း သိတာပဲ။ ဒါပေမဲ့ အဲ့ဈေးသည်တွေက လူကြီးမင်းဟွမ်းရဲ့ စကားကို နားထောင်ပါ့မလား။ ”
“ သူတို့ နားမထောင်ဘဲ နေရဲရင် နေကြည့်လေ။ ဒါက ခရိုင်အုပ်ချုပ်ရေးမှူးဟူအတွက် ကြိုးစားပေးနေတာ။ အမိန့်ကို နာခံသလိုလိုနဲ့ မနာခံတဲ့ လူတွေ အကုန်လုံး ယီကျိုးခရိုင်မှာ ဘယ်တော့မှာ စီးပွားရေးထပ်လုပ်လို့ မရစေရဘူး။ ”
ထိုစကားကြောင့် အခြေအနေကို လီယောင် တော်တော်လေး နားလည်သွားသည်။
ဟွမ်းသော်ချင်းက အရင်တစ်ခေါက်တုန်းက သူမနှင့် လာညှိနှိုင်းတာ မအောင်မြင်တာမို့ အုပ်ချုပ်ရေးမှူးဟူဆီ သွားခဲ့တာ ဖြစ်လိမ့်မည်။ ဘာသာရေးဝန်ကြီးရဲ့ တူ ဖြစ်တဲ့ သူ့ကို အုပ်ချုပ်ရေးမှူးဟူကလည်း လေးလေးစားစား ဆက်ဆံပါလိမ့်မည်။ ဆပ်ပြာလုပ်ငန်းကနေ ရမယ့် အကျိုးအမြတ်တွေကိုပါ ပေါင်းစပ်လိုက်တော့ သူတို့ နှစ်ယောက် ပူးပေါင်းသွားကြပြီး ဟွမ်းသော်ချင်းက ငွေအားစိုက်ထုတ်ကာ အုပ်ချုပ်ရေးမှူးဟူကတော့ အဆက်အသွယ်တွေ အကုန်လုံးကို အသုံးချပြီး ဈေးကွက်ထဲက အယ်ကာလီတွေကို ယာယီ အပိုင်စီးထားခဲ့သည်။
အယ်ကာလီ မရှိရင် သူမ ဆပ်ပြာတွေ ထုတ်လုပ်လို့ မရတော့သလို သူတို့ကို အနှေးနှင့်အမြန် ဦးညွှတ်လာရပါလိမ့်မည်။
ဟမ့် … ။
လီယောင်ရဲ့ မျက်နှာအမူအရာက မပြောင်းလဲပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ အေးစက်သွားခဲ့သည်။
…
နောက်တစ်နေ့မနက်ရောက်တော့ သတင်းကြားတဲ့ ကျားကျန်းလျန့်နှင့် လျှို့ယွမ်က လီအိမ်တော်ကို အပြေးအလွှား ရောက်လာခဲ့သည်။
အိမ်ထဲမှာ အပူအပင်ကင်းကင်း အေးအေးဆေးဆေး ထိုင်ပြီး မနက်စာ စားနေတဲ့ လီယောင့်ကို မြင်တော့ သူတို့ နှစ်ယောက်လုံး ခေါင်းနားပန်းကြီးသွား၏။
“ ခင်ဗျား အယ်ကာလီတွေ ဝယ်လို့ မရဘူးလို့ ကြားတယ် အမျိုးသမီးလီ။ ခင်ဗျား ဘယ်လိုလုပ် ဆပ်ပြာတွေ ဆက်ထုတ်နေတာလဲ။ ”
လီယောင်က သူမရဲ့ ပန်းကန်ထဲက ကောက်ပဲသီးနှံဆန်ပြုတ် နောက်ဆုံးတစ်လုပ်ကို လက်စသတ်လိုက်ပြီးမှ ဖြည်းဖြည်းအေးအေး ပြန်ပြောလိုက်သည်။ “ ကျွန်မမှာ အယ်ကာလီတွေ မရှိတော့ဘူးလို့ ဘယ်သူ ပြောတာလဲ။ ”
“ ဒါဆို ရှိသေးတာလား … ။ ” ကျားကျန်းလျန့်ရဲ့ မျက်လုံးတွေက ကျီးကန်းတောင်မှောက် ဖြစ်သွားသည်။
“ ဘယ်မှာလဲ။ ”
“ အလုပ်ရုံကို ရောက်ရင် ရှင်တို့ တွေ့ပါလိမ့်မယ်။ ”
ထိုအချိန်တွင် အလုပ်ရုံအပြင်ဘက်မှာ တံစဉ်းတွေ ၊ ပြာတွေကို ဆုပ်ကိုင်ယူဆောင်ထားတဲ့ ရွာသားတွေ ရာပေါင်းများစွာ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဝမ်ယွမ်ပန်းတို့ လူငယ်အဖွဲ့ကတော့ ဇောက်နက်နက် ဒယ်အိုးကြီးတွေကို သူတို့ပခုံးပေါ်မှာ သစ်သားတိုင်လုံးတွေကို ခုပြီး သယ်ကာ ရေပုံးတွေကို တရွတ်ဆွဲလာခဲ့ကြသည်။
ထိုမြင်ကွင်းက ကျားကျန်းလျန့်နှင့် လျှို့ယွမ်ကို ဆွံ့အသွားစေခဲ့သည်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။
“ လူစေ့ ရောက်နေပြီ လီယောင်။ ” ဟု ရွာလူကြီးဝမ်ကျားဖူက ပြောလိုက်သည်။ “ မင်း ညွှန်ကြားတဲ့အတိုငိး တစ်ယောက်ကို လုပ်အားခ,က တစ်ရက် ( ၂၀ ) ဆင့်ပဲ။ ဒီနေ့ လူ ( ၃၉၀ ) ရောက်လာတယ်။ ”
“ ဒါဆို အခုပဲ စလိုက်ကြတာပေါ့။ ”
လီယောင် ဦးဆောင်လာတဲ့ ရာပေါင်းများစွာသော လူအုပ်ကြီးက တောင်တန်းတွေဆီ စစ်ချီတက်လာသလိုမျိုး ဦးတည်လာခဲ့ကြလေသည်။
ကျားကျန်းလျန့်နှင့် လျှို့ယွမ်လည်း ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့ဘဲ လူအုပ်ကြီးနောက်ကို အိုးတို့အမ်းတမ်းဖြင့် ရောယောင် လိုက်လာခဲ့သည်။
တောအုပ်အစပ်ကို ရောက်တော့ လီယောင်တောင် ဘာမှ ညွှန်ကြားပေးစရာ မလိုဘဲ ရွာသားတွေက မြက်ပင်တွေ ၊ သစ်ကိုင်းတွေကို စတင် ခုတ်ကာ မြေကွက်လပ်ကြီးထဲမှာ ပုံ၍ မီးရှို့လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မီးပုံတွေ အများကြီး ထွက်ပေါ်လာကာ အမည်းရောင်မီးခိုးလုံးတွေက တိမ်တွေဆီ တလိပ်လိပ် တက်သွားခဲ့ကြသည်။
ထိုအချိန်မှာ တခြား လူတွေကတော့ ဝမ်ယွမ်ပန်းရဲ့ ဦးဆောင်မှုအောက်မှာ ကျောက်တုံးကြီးတွေကို ရှာပြီး ဇောက်နက်နက် သံဒယ်အိုးကြီးတွေကို ကျောက်တုံးပေါ် တင်ပြီး မီးဖိုလိုက်သည်။ ဒယ်အိုးထဲက ရေတွေ စပြီး ပွက်လာသကဲ့သို့ ရွာသူ ၊ ရွာသားတွေကလည်း ရေပုံးတွေကို ရွာထဲကနေ တစ်ပုံးပြီး တစ်ပုံး တရွတ်ဆွဲ၍ သယ်လာခဲ့သည်။
မီးပုံကနေ မီးကျီးခဲတွေ ရလာချိန်မှာတော့ လီယောင်က ထိုမီးကျီးခဲတွေကို နှီးတွေ ၊ အဝတ်ဖြူစတွေနှင့် အနားသတ်ထားတဲ့ သစ်သားစည်ပိုင်းကြီးပေါ် ယူလာခိုင်းလိုက်ပါသည်။ မြက်ပင်တွေ ၊ သစ်ကိုင်းတွေကို မီးရှို့ရာက ရလာတဲ့ ပြာတွေကို အဝတ်ဖြူစပေါ် တင်ကာ ရွာသားတွေကို ထိုပြာတွေပေါ် ရေနွေးပူပူဖြင့် အဆက်မပြတ် လောင်းချခိုင်းလိုက်သည်။
အဲ့ဒါကို မြင်ချိန်မှာတော့ ကျားကျန်းလျန့်နှင့် လျှို့ယွမ်ဟာ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့။
“ မင်း ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ အမျိုးသမီးလီ။ ”
“ စိတ်မပူပါနဲ့။ ရှင်တို့ ခဏနေရင် နားလည်လာမှာပါ။ ”
လီယောင်က သစ်သားစည်ပိုင်းထဲက ရေတွေကို ဒယ်အိုးကြီးတွေထဲ လောင်းချကာ မီးပြင်းပြင်းနှင့် တည်ထားလိုက်၏။ ဒယ်အိုးထဲက ရေတွေ အကုန်လုံး အငွေ့ပျံသွားသောအခါ အိုးအောက်ခြေမှာ ဖြူဖြူအရာလေးတွေပဲ ကပ်ကျန်ခဲ့သည်။
လျှို့ယွမ်က ထိုဖြူဖြူအရာလေးတွေကို တုတ်ချောင်းလေးနှင့် ခွာယူကာ အရသာခံကြည့်ပြီးနောက် သူ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်သွားခဲ့သည်။ “ ဒါက … ဒါက အယ်ကာလီလား … ”
“ ဘာ … ”
ကျားကျန်းလျန့်လည်း ထိုဖြူဖြူလေးတွေကို သူကိုယ်တိုင် မြည်းစမ်းကြည့်ပြီးမှ ယုံသွားကာ ထိတ်လန့်သွားလေသည်။
ဒါ တကယ် အယ်ကာလီတွေပဲ။
အယ်ကာလီကို မြက်ပင်တွေ ၊ သစ်ကိုင်းတွေကို မီးရှို့ထားတဲ့ ပြာတွေကနေ ထုတ်ယူနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက တကယ့်ကို ဉာဏ်အလင်းပွင့်သွားတဲ့ ကိစ္စပါပဲ။
“ ဒီနည်းလမ်းကို မင်း ဘယ်က ဘယ်လို သိလာတာလဲ အမျိုးသမီးလီ။ ”
“ ဘုန်းတော်ကြီးယို့ဖန်းဆီက ကျွန်မ ကြားခဲ့တာ။ ”
ဘုန်းတော်ကြီးယို့ဖန်း ….. ။
သူတို့ အယ်ကာလီတွေ ထုတ်လုပ်လို့ ရနေသရွေ့ ဘုန်းတော်ကြီးယို့ဖန်းပဲဖြစ်ဖြစ် ၊ သီလရှင်ယို့ဖန်းပဲဖြစ်ဖြစ် ကိစ္စမရှိပါ။
“ အမျိုးသမီးလီမှာ တကယ့်ကို အစီအစဉ်ကောင်းတွေ ပြည့်နေတာပဲ။ ” ကျားကျန်းလျန့်သည် သူ့ရင်ဘတ်ပေါ်မှာ လေးလံဖိစီးနေတဲ့ အလေးတုံးကြီး မရှိတော့သလို ခံစားလိုက်ရ၏။ “ ဒီလိုဆို ကျွန်တော်တို့လည်း နှစ်ကုန်မှာ ကုန်ပစ္စည်းတွေ ဖြန့်ဝေမယ့် ကိစ္စကို အချိန်ရွေ့ဆိုင်းစရာ မလိုတော့ဘူး။ ”
“ ဟုတ်တယ် ၊ ကျွန်တော်တို့ အေးအေးဆေးဆေး ပြန်အနားယူလို့ ရပြီ။ ”
“ ရှင်တို့ အနားယူလို့ မရသေးဘူး။ ”
“ အမျိုးသမီးလီမှာ ကျွန်တော်တို့ကို တခြား လုပ်စေချင်တာတွေများ ရှိလို့လား။ ”
မြက်ပင်တွေ ၊ သစ်ကိုင်းပြာတွေကနေ ရတဲ့ အယ်ကာလီက အရေးပေါ် အခြေအနေမျိုးမှာသာ သုံးလို့ ရတာပါ။ ပြောရရင် အယ်ကာလီ ( ၁ ) ပေါင် ရဖို့ မြက်ပင်တွေ ၊ သစ်ကိုင်းတွေကို ဘယ်လောက်တောင် ခုတ်ရမယ် ဆိုတာ ဘယ်သူ သိလို့လဲ။ ဟဲဝမ်ရွာက တောအုပ်လေးတွေက အယ်ကာလီ အများကြီး ထုတ်လုပ်မပေးနိုင်မှာ အသေအချာပဲမို့ အဆုံးသတ်မှာတော့ သဘာဝအယ်ကာလီကိုပဲ သူတို့ ဝယ်ယူရလိမ့်မည်။
အခုအချိန်မှာ ယီကျိုးခရိုင်ထဲမှာ အယ်ကာလီ လုံးဝ ဝယ်လို့ မရတော့၍ ဝေးလံတဲ့ ဒေသတွေထိ သွားဝယ်ရလိမ့်မည်။ ဒါပေမဲ့ ကုန်ကြမ်းပစ္စည်းဝယ်ယူရေးအပိုင်းကို တာဝန်ယူထားတဲ့ ဝမ်ယွမ်ကောက ထိုဒေသတွေနှင့် မရင်းနှီးသလို အိမ်နှင့် ဝေးလံတဲ့ ဒေသတွေကိုလည်း တစ်ခါမှ မသွားဖူးပေ။ ထို့ကြောင့် ကျားကျန်းလျန့်နှင့် လျှို့ယွမ်ရဲ့ အကူအညီကို သူတို့ လိုအပ်သည်။
“ စိတ်ချပါ အမျိုးသမီးလီ။ ဒီကိစ္စက ကျွန်တော်တို့အတွက်လည်း အကျိုးရှိမှာပါပဲ။ ကျွန်တော်တို့ ဒီကိစ္စကို ခင်ဗျားအတွက် သေချာ ဆောင်ရွက်ပေးပါ့မယ်။ ”
လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို နားလည်သွားတဲ့ နှစ်ယောက်က အယ်ကာလီတွေ ဝယ်ဖို့ ယီကျိုးခရိုင်ထဲက ချက်ချင်း ထွက်ခွာသွားခဲ့ကြလေသည်။ တစ်ယောက်က တောင်အရပ် ၊ တစ်ယောက်က မြောက်အရပ်။
ဆပ်ပြာအလုပ်ရုံဟာ လူလုပ်အယ်ကာလီတွေဖြင့် ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ခဲ့သည်။ ရိုးရိုးဆပ်ပြာတွေ ၊ ဆပ်ပြာမွှေးတွေ တစ်ချောင်းပြီး တစ်ချောင်း ထုတ်လုပ်ကာ ကုန်လှောင်ရုံထဲမှာ သပ်သပ်ရပ်ရပ် ထုတ်ပိုးသိုလှောင်ထားခဲ့သည်။
“ ဒီနေ့ ငါတို့ အယ်ကာလီ ( ၁၂ ) ပေါင် ၊ ဆပ်ပြာ အချောင်း ( ၁၂၀၀ ) နဲ့ ဆပ်ပြာမွှေး အချောင်း ( ၂၀၀ ) ထုတ်လုပ်နိုင်ခဲ့တယ်။ ”
ရွာသူ ၊ ရွာသားအယောက် ( ၄၀၀ ) ရဲ့ လုပ်အားဖြင့် အယ်ကာလီ ( ၁၂ ) ပေါင်ကို ထုတ်လုပ်နိုင်ခဲ့သည်။ လုပ်အားခအဖြစ် ဝမ် ( ၇၈၀၀ ) ပေးရသောကြောင့် အယ်ကာလီ တစ်ပေါင်ကို ဝမ် ( ၆၅၀ ) ကျသင့်သည်။ သဘာဝအယ်ကာလီတွေ ဝယ်တာထက် နည်းနည်းလေး ဈေးပိုကြီးနေပေမဲ့လည်း လက်ခံလို့ ရတဲ့ အတိုင်းအတာထဲမှာ ရှိနေပါသေးသည်။
ကြီးကြပ်ရေးမှူးတွေ ပြန်သွားတော့ လီယောင်က ညစာအတွက် ဘာချက်ရင် ကောင်းမလဲဟု စဉ်းစားနေတုန်းမှာပဲ ရထားလုံး တစ်လုံးက ခြံရှေ့မှာ ကျွီခနဲ ထိုးရပ်သွားသည်။
ရထားလုံးပေါ်ကနေ အစေခံဖြစ်ပုံပေါ်တဲ့ လူ တစ်ယောက် ဆင်းလာခဲ့ပြီး လီယောင်က ထိုလူဟာ အရင်တစ်ခေါက်တုန်းက ဝမ်စန်းအာ မောင်းထုတ်လိုက်တဲ့ ရှောင်ချွမ်ကျစ် ဆိုတာ ချက်ချင်း မှတ်မိသွားသည်။
ဒါဆို ရထားလုံးပေါ်မှာ ကျန်ခဲ့တဲ့ လူက ဟွမ်းသော်ချင်းပဲ ဖြစ်မည် ထင်ပါရဲ့။
“ အမျိုးသမီးလီ … ကျုပ်ရဲ့ သခင်လေးက ခင်ဗျားဆီကို တကူးတက လာလည်တာကို ခင်ဗျားက ဘာလို့ ထွက်ပြီး ခရီးဦးကြိုမပြုတာလဲ။ ”
လီယောင်က အစတုန်းကတော့ ဝမ်စန်းအာကိုပဲ ခေါ်ပြီး သူတို့ကို မောင်းထုတ်ခိုင်းဖို့ လုပ်နေပေမဲ့ စိတ်ကို ခဏ ပြန်ထိန်းလိုက်ပါသည်။ ဟွမ်းသော်ချင်း ဘာလို့ ရောက်လာတာလဲ ဆိုတာ သူမ သိချင်သည်။
ဟွမ်းသော်ချင်းက ရထားလုံးပေါ်က မဆင်းဘဲ ခန်းဆီးကိုသာ ဘေးကို ဖယ်၍ “ အမျိုးသမီးလီ ” ဟု လှမ်းခေါ်သည်။ “ မင်းမှာ အခုတလော အယ်ကာလီတွေ ကုန်ပစ္စည်းပြတ်နေပြီလို့ ကျုပ် ကြားတယ်။ တိုက်ဆိုင်ချင်တော့ ကျုပ်လက်ထဲမှာ အယ်ကာလီတွေ အများကြီး ဝယ်ထားတာ ရှိနေတယ်ဗျာ။ ခင်ဗျား စိတ်ဝင်စားလား။ ”
“ ပြောကြည့်လေ။ တစ်ပေါင်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲ။ ”
“ အယ်ကာလီ တစ်ပေါင်ကို ငွေချောင်း ( ၂ ) ချောင်း။ မင်း ဘယ်လို သဘောရလဲ။ ”
ရယ်စရာကောင်းလိုက်တဲ့ စကားပဲလို့ လီယောင် ခံစားလိုက်ရတာ အမှန်တကယ်ပဲ ဖြစ်သည်။
…