နဂါးထီး၏ နာကျင်မှုများအား မည်သူသိနိုင်မည်နည်း
Vol. 11(B) Ch. 154
ကျိယန်လင် ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိလာမှသာ လူတိုင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။
အန်လင်းသည်လည်း ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို အောင်မြင်စွာ ကျင့်ကြံပြီး ဖြစ်သဖြင့် ကျိယန်လင်သည် ဝမ်တောင်ကြား အင်မော်တယ်ဂိုဏ်းသို့ ပြန်ရန် စီစဉ်ထားလေသည်။
ဤထူးဆန်းသည့် နေရာမှ ထွက်ခွာရမည့် အချိန်ဖြစ်သည်။ သို့သော်လည်း နဂါးနှစ်ကောင်သည် သူတို့အား အက်ကွဲကြောင်း အနီး၌ စောင့်နေဆဲ ဖြစ်မည်ကို မသိနိုင်ပေ။
ဆွေးနွေး တိုင်ပင်ပြီးသည့်နောက်တွင် အသူရာချောက်နက်မှ ထွက်ခွာရန် အခြား ထွက်ပေါက်တစ်ခု ရှာဖွေဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုအချိန်တွင် အသူရာချောက်နက်၏ တခြားတစ်ဖက်၌ ....
အစိမ်းရောင် ပင့်ကူကြီးတစ်ကောင် တွဲလျောင်းကျနေသည့် နေရာမှ မီးပုံတစ်ခု အရှိန်ပြင်းပြင်း တောက်လောက်နေလေသည်။ ပင့်ကူခန္ဓာကိုယ်မှ အစိမ်းရောင် အရည်များသည် မီးတောက်များအတွင်း တစက်စက် စီးကျလျက်ရှိကာ အလွန်ဆိုးဝါးသည့် အနံ့များ ထွက်ပေါ်နေလေသည်။
ဧရာမ နဂါးနက် နှစ်ကောင်သည် အစိမ်းရောင် ပင့်ကူကြီးအား တိတ်တဆိတ် ဝန်းရံထားလျက် ရှိသည်။
ရုတ်တရက်ဆန်စွာပင် နဂါးမသည် နဂါးထီးအား ကန်လိုက်လေသည်။
ဘုန်း
နဂါးထီးသည် လေထဲသို့ လွင့်ထွက်သွားပြီးနောက် ကျောက်သားမျက်နှာပြင်နှင့် ဝင်တိုက်မိကာ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်စေသည်။
“အမေကြီး ... မင်းအခု ဘာလုပ်လိုက်တာလဲ” နဂါးထီးသည် နာနာကျင်ကျင် အော်ဟစ်လိုက်သည်။
“ရှင့်ကို ကြည့်ရတာ ကျုပ်အရမ်း စိတ်ကုန်နေပြီ သိလား။ တကယ်ဆို အခုချိန်မှာ အရသာရှိတဲ့ လူသားကျင့်ကြံသူလေး တွေကို စားသောက်နေသင့်တာ”
“အကုန်လုံးက ရှင့်အမှားတွေပဲ။ ရှင်က လူသားကျင့်ကြံသူ နည်းနည်းလေးကိုတောင် မဖမ်းနိုင်ဘူး။ ဟွန့် ... ရှင်ဘယ်လို နဂါးထီးလဲ”
နဂါးမသည် နဂါးထီးအား ဒေါသတကြီး စိုက်ကြည့်နေသည်။ အမှိုက်လိုမျိုး ပင့်ကူများအား စားသောက်ရမည်ကို တွေးမိသည့် အခါတွင် သူမသည် စိတ်တိုလွန်းသဖြင့် အံကိုသာ ကြိတ်နေမိသည်။
နဂါးထီးသည် တုံ့ပြန် ပြောဆိုရဲခြင်း မရှိချေ။ သူ၏ အမျိုးသမီးမှာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် မဟုတ်ပါလား။
နဂါးမသည် သူ၏တင်ပါးအား လှံဖြင့် မထိုးဘဲနှင့် သူမကိုယ်တိုင် လိုက်လံ ဖမ်းဆီးမည်ဆိုလျှင် လူသား ကျင့်ကြံသူများအား လွယ်ကူစွာပင် ဖမ်းဆီးနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူမသည် သူ့အား သူမအစား ဖမ်းဆီးပေးရန် ခိုင်းစေခဲ့သည်။ မည်သူ၏ အပြစ်နည်း။
နဂါးထီးသည် ထိုအကြောင်းအား သူ၏စိတ်ထဲတွင်သာ ပြောဆိုရဲပေသည်။ သူ၏အမျိုးသမီးသည် အလွန်စွမ်းအားကြီးလှသည် မဟုတ်ပါလား။
သူ့အနေဖြင့် ခုခံနိုင်စွမ်း မရှိခြင်းကြောင့် မဟုတ်ဘဲ မိသားစုအတွင်းတွင် အသန်မာဆုံး သူသည် အမြဲမှန်သည်ဟူသော အချက်ကြောင့် ဖြစ်သည်။ သေချာသည်။ ထိုအသန်မာဆုံးမှာ သူမဟုတ်ချေ။
နဂါးထီးသည် မီးပုံဆီသို့ ပျင်းရိ လေးတွဲစွာဖြင့် လျှောက်လှမ်းသွားကာ ပင့်ကူခြေတစ်ဖက်အား ဆွဲဖြုတ်၍ ပါးစပ်အတွင်း ပစ်ထည့်လိုက်သည်။
အရသာမှာ ချဉ်စူးလျက်ရှိပြီး အနံ့မှာလည်း အတော်လေး ညှီသည်။ ထိုအညှီနံ့အား မီးအပူဖြင့်ပင် မဖယ်ရှားနိုင်ပေ။ ပင့်ကူများအား စားသောက်ခြင်း၏ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ အသားဓာတ်ကြွယ်ဝစွာ ရရှိခြင်း ဖြစ်သည်။
ထိုအချိန်တွင် နဂါးမသည် ကိုယ်ကိုဆန့်ကာဖြင့် ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်ဖော်လိုက်သည်။ နဂါးထီးသည် နောက်တစ်ကြိမ် အကန်ခံရမည်ကို ကြောက်ရွံ့သဖြင့် ဘေးသို့ လျင်မြန်စွာ ခုန်ရှောင်လိုက်သည်။
သို့သော်လည်း နဂါးမသည် သူမ၏ အကြည့်အား အဝေးတစ်နေရာသို့ ပို့လိုက်ပြီး “ကျုပ်ရဲ့ နဂါးအာရုံအရ ဒီကနေ ၂ ကီလိုမီတာခွဲ အကွာမှာ လူသားကျင့်ကြံသူ ၅ ယောက်အဖွဲ့ ပျံသန်းနေတယ်။”
နဂါးမသည် အေးစက်သည့် အကြည့်ဖြင့် နဂါးထီးအား ကြည့်လိုက်သည်။ “ရှင်သူတို့ကို မဖမ်းနိုင်ဘူး ဆိုရင် ညစာစားဖို့ ပြန်လာဖို့ မကြိုးစားနဲ့”
နဂါးထီး၏ ကြောက်လန့်နေမှုများ ပျောက်ကွယ်သွားပြီး “ကောင်းပါပြီ သခင်မကြီး ...”
နဂါးထီးသည် နဂါးမ ညွှန်ပြသည့် နေရာသို့ အင်တင်တင်ဖြင့် ပျံသန်းသွားသည်။ သူမသည် ပို၍ စွမ်းအားကြီးသည်မှာ သိသာလှသော်လည်း သူမကိုယ်တိုင် သားကောင်နောက်သို့ လိုက်ရန်မူ ငြင်းပယ်လေ့ ရှိသည်။ ဘယ်လိုတောင် ထူးခြားလိုက်တဲ့ စိတ်လဲ။
နဂါးမသည် သူမ၏ ဝမ်းဗိုက်အား အသာပွတ်သပ်ကာဖြင့် တီးတိုးရေရွတ် နေလေသည်။ “အဖေကြီးရေ ... ကျုပ်က ကိုယ်တိုင်ကိုယ်ကျ အမဲမလိုက်ချင်လို့ မဟုတ်ရပါဘူးနော်။ အခုအချိန်မှာတော့ ကျုပ်ရဲ့ အခြေအနေက လှုပ်လှုပ်ရှားရှား လုပ်ဖို့ တကယ်ကို မသင့်တော်ဘူးရှင့်။ အချိန်တန်ရင်တော့ ရှင့်အတွက် အံ့ဩစရာလေး ဖြစ်လာမှာပါရှင် ...”
အသူရာချောက်နက် တစ်နေရာတွင် အန်လင်းတို့သည် ပျံသန်းလျက် ရှိကြသည်။
အန်လင်းသည် တပိုင်၏ ကျောပေါ်တွင် ငါးသေကောင်ကဲ့သို့ ချည့်နဲ့စွာ လဲလျောင်းနေလေသည်။
ထိုအချိန်တွင် ရှောင်ချိုးသည် သူတို့၏ အနောက်သို့ ရုတ်တရက် ကြည့်လိုက်သည်။ “စွမ်းအားကြီးတဲ့ တစ်ခုခုက ငါတို့နား ချဉ်းကပ်လာနေတယ်”
“မြန်မြန်လေး ပြေးကြတာပေါ့ဟေ့ ... ဝုတ်” တပိုင်သည် လျင်မြန်စွာ ပျံသန်းတော့သည်။
ဘုန်း
ခရမ်းမီးတောက်သည် လေထုအတွင်း မြင့်တက်လာပြီးနောက် အန်လင်းထံသို့ ဦးတည်လာနေသည်။
ထိုရင်းနှီးနေသော မီးတောက်အား မြင်လိုက်ရသည့်အခါ လူတိုင်းသည် အနည်းငယ် တုန်လှုပ်လာကြသည်။
ကြမ်းတမ်းလှသည့် တိုက်ပွဲကြောင့် လူတိုင်းသည် ဒဏ်ရာရရှိ ထားကြသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်း အဆင့်ရှိ နဂါးထီးနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ နဂါးမတို့ အတူတူ တိုက်ခိုက်လာမည် ဆိုလျှင် ရှင်သန်ရန် အခွင့်အရေး အလွန်နည်းပါးလှသည်။
“နဂါးမကို အာရုံ မခံမိဘူး။ နဂါးထီး တစ်ကောင်တည်း ရောက်လာတာ ဖြစ်လိမ့်မယ်” ကျိယန်လင် ရုတ်တရက် ပြောလာသည်။
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ လက်ရှိ အနေအထားသည် အန္တရာယ် ရှိနေဆဲ ဖြစ်သော်လည်း သူတို့ ထင်ထားသလောက်တော့ မဟုတ်ချေ။
“အံ့ဖွယ်ဓားရဲ့ လျှပ်စီးအား လိုသလို အသုံးပြုခြင်း နည်းစနစ်” ကျိယန်လင်သည် အဖြူရောင် လျှပ်စီးကြောင်းများအား ဆင့်ခေါ်လိုက်ပြီးနောက် ခရမ်းမီးတောက်များထံ ပစ်လွှတ်လိုက်သည်။
“မီးတောက်ဖြူခုတ်ချက်” စုရှောင်လန်သည် အားကောင်းသည့် ဓားခုတ်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။
“ထူထပ်မြူခိုး” တပိုင်သည် ကိုယ်ကို လှည့်လိုက်ပြီးနောက် ပါးစပ်မှနေ လေပြင်းတစ်ချက် ဝှေ့ယမ်း တိုက်ခိုက်စေသည်။
“သွားကြစို့” အန်လင်းသည် လက်နှစ်ဖက်အား လေတွင်မြှောက်ကာဖြင့် အော်ဟစ်လိုက်သည်။
ရှောင်ချိုးသည် အနီးကပ် တိုက်ခိုက်ရာတွင် ပို၍အားသာသူ ဖြစ်သည့်အတွက် အဝေးတွင်ရှိနေသော ဧရာမ နဂါးကြီးအား မကျေမနပ်ဖြင့် စိုက်ကြည့်နေလေသည်။
သူတို့၏ စုပေါင်းတိုက်ကွက်ကြောင့် ခရမ်းမီးတောက်များသည် ပျောက်ကွယ် သွားရပြန်သည်။
“ဟဟဟ ... ငါ့ရဲ့ မီးတောက်ကို ငြိမ်းသတ်နိုင်ရုံလေးနဲ့ ငါ့ကို ရပ်တန့်နိုင်မယ်လို့ တင်နေကြတာလား။ ငါ့ရဲ့ ရည်မှန်းချက်ကတော့ မင်းတို့အားလုံးကို ဖမ်းဆီးပစ်ဖို့ကွ” နဂါးထီးသည် ခရမ်းမီးတောက်များ မှုတ်ထုတ်ကာဖြင့် ရယ်မောလိုက်ပြီးနောက် သူတို့နှင့် အလွန်နီးကပ်လာလေသည်။
နဂါး၏ ခန္ဓာကိုယ် ပတ်လည်တွင် ဖုံးလွှမ်းထားသော အနက်ရောင် ဆူးချွန်များသည် သေခြင်းတရား၏ အငွေ့အသက်များအား ထုတ်ဖော်နေလေသည်။
“မင်းတို့ အရင်သွားနှင့်ကြ”
ရှောင်ချိုးသည် ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တွင် အနက်ရောင်မီးတောက်များ ဖော်ထုတ်ကာဖြင့် နဂါးနက်ထံသို့ ပြေးဝင်သွားသည်။
တပိုင်သည် အန်လင်းအား တင်ဆောင်ကာ ကျောက်သားမျက်နှာပြင် တစ်လျှောက် အပေါ်သို့ ပျံတက်နေလေသည်။ လျင်မြန်စွာဖြင့်ပင် အသူရာချောက်နက် အစွန်းသို့ နီးကပ်လာနေပြီ ဖြစ်သည်။
သေစေနိုင်သည့် အငွေ့အသက်များ ထုတ်ဖော်နေသော ဆူးချွန်များသည် ရှောင်ချိုးအား ဟန့်တားနိုင်ခြင်း မရှိချေ။
ရှောင်ချိုးသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် အနက်ရောင် မီးတောက်လုံးသဖွယ် ချွန်ထက်နေသည့် ဆူးချွန်များအား ထိုးဖောက်သွားလေသည်။
ဆူးချွန်များနှင့် ခြစ်မိသဖြင့် သူ၏ ခန္ဓာကိုယ်တွင် မရေမတွက် နိုင်အောင် များပြားလှသည့် ဒဏ်ရာများ ဖြစ်ပေါ်လာသော်လည်း ငွေသံတုတ်အား လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ သူဖော်ထုတ်ထားသည့် အော်ရာသည်လည်း ဒဏ်ရာများကြောင့် ပိုမိုအားကောင်းလာပြီး ငွေသံတုတ်ဖြင့် နဂါးနက်၏ ဦးခေါင်းအား ရိုက်ချလိုက်တော့သည်။
ရှောင်ချိုး၏ ပြန်လည် တိုက်ခိုက်မှုကြောင့် နဂါးထီးသည် အံ့ဩတကြီး ဖြစ်နေစဉ်မှာပင် သူ၏ဦးခေါင်းသို့ ပြင်းထန်သည့်ရိုက်ချက် ကျရောက်လာလေသည်။
ဘုန်း
အဖျက်အဆီး စွမ်းအားများ ပါဝင်သည့် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ နဂါးထီးသည် ဦးခေါင်းသို့ ရိုက်ခံရသဖြင့် သတိလစ် မေ့မြောလုနီးနီး ဖြစ်နေသည်။ အနက်ရောင် မီးတောက်သည် သူ၏ ဦးခေါင်းထက်တွင် ရှိနေသည့် အရာအားလုံးကို ဒေါသတကြီး လောင်ကျွမ်းပစ်လိုက်သည်။
“အား ...” နဂါးနက်သည် နာကျင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ရပ်တန့်သွားလေသည်။
ရှောင်ချိုးသည် တိုက်ခိုက်လိုစိတ် မရှိတော့သဖြင့် ချက်ချင်းဆိုသလို လေထုအတွင်း ခုန်တက်လိုက်သည်။
နဂါးနက်၏ အမှန်တကယ် တိုက်ခိုက်မှုများအား သူ့အနေဖြင့် ရင်ဆိုင်နိုင်စွမ်း မရှိချေ။ ရူးသွပ်သည့် တိုက်ခိုက်မှုကြောင့်သာ နဂါးနက်အား အနည်းငယ် အသာစီးရယူကာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
နဂါးနက်သည် နာကျင်မှုအား ကြံ့ကြံ့ခံကာ ရှောင်ချိုး ထွက်ပြေးရန် ပြုလုပ်နေစဉ်မှာပင် သူ၏ ရှာဖွေမှုအား ဆက်လက်ပြုလုပ်လေသည်။
သို့သော်လည်း နဂါးနက် လှုပ်ရှားကာနီးမှာပင် များပြားလှစွာသော မိုးကြိုးလျှပ်စီးများသည် သူ၏ခန္ဓာကိုယ်အား ကျယ်လောင်စွာ ပစ်ခတ်လာလေသည်။
ကျိယန်လင်သည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူမ၏ အင်အားအပြည့် တိုက်ခိုက်မှုသည် ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသူများ အနေဖြင့် လျစ်လျူရှုရန် မဖြစ်နိုင်ချေ။
နဂါးနက်သည် ရှောင်တိမ်းရန် အချိန် မရှိတော့သဖြင့် လျှပ်စီးပွဲတော်အား စားသုံးလိုက်ရတော့သည်။ ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံး ထိန်းချုပ်မရနိုင်အောင် တုန်ယင်လာတော့သည်။
ထိုအချိန်တွင် စုရှောင်လန်သည် အင်မော်တယ် မန္တန်အား အသုံးပြုကာဖြင့် မီးတောက်မိုးအား ဆင့်ခေါ်လိုက်လေသည်။
နဂါးထီးမှာ အော်ငိုချင်နေပြီ ဖြစ်သည်။ ဒီ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေက ဘာလို့ အဲလောက်တောင် သန်မာနေရတာတုန်း။
သားကောင် အမဲလိုက်ဖို့ ရောက်လာတာလား အနိုင်ကျင့်ခံဖို့ ရောက်လာရတာလား။
နဂါးမ မရှိခြင်းကြောင့်သာ အန်လင်းတို့သည် သူ့အား တိုက်ခိုက်ရဲခြင်း ဖြစ်သည်ဆိုသော အချက်ကို သူသတိမပြုမိပေ။
နဂါးထီးသည် သူ၏ ချုံးချုံးကျ ပင်ပန်းလျက် ရှိသည့် ခန္ဓာကိုယ်ဖြင့် လိုက်လံဖမ်းဆီးရန် ကြိုးစားပြန်သည်။ သို့သော်လည်း သူ၏ အမြန်နှုန်းနှင့် စွမ်းအားမှာ သိသိသာသာပင် ကျဆင်းသွားပြီ ဖြစ်သည်။
များမကြာမီမှာပင် ရှောင်ချိုးနှင့် အခြားသူများသည် အသူရာ ချောက်နက်ထိပ်သို့ ရောက်ရှိသွားကြသည်။
သူလိုက်လံ ဖမ်းဆီးနေစဉ်မှာပင် လူတိုင်းသည် ချောက်အတွင်းမှ ထွက်ခွာ သွားကြလေသည်။ ပြင်ပကမ္ဘာသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသဖြင့် အန်လင်းတို့အား စိုက်ကြည့်နေရုံသာ တတ်နိုင်လေသည်။ လူသားများအား လိုက်မဖမ်းလိုတော့သော်လည်း ထွက်ခွာသွားလိုစိတ်လည်း မရှိချေ။
အန်လင်းသည်လည်း ထိုသည်ကို သတိပြုမိသည်ကြောင့် နဂါးနက်အား ကြည့်လိုက်လေသည်။
ထို့နောက်တွင် နဂါးနက်၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီနေသည်ကို မြင်လိုက်ရသည်။
အန်လင်း : “…”
အရိုက်ခံရလို့ ငိုနေတာများလား။
မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။
အဲဒါဆို ဘာလို့များပါလိမ့်။ ဘယ်လို အကြောင်းကြောင့် အခုလိုမျိုး မျက်ရည်ကျ နေရတာလဲ။
အန်လင်းသည် ခွေးပျံပေါ်မှနေ နဂါးနက်အား တိတ်တဆိတ် ကြည့်နေမိသည်။
နဂါးနက်သည် ခွေးဖြူကြီးပေါ်ရှိ ကျင့်ကြံသူသည် သူ့အား ပြန်လှည့်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါတွင် သနားစဖွယ် တောင်းခံလိုက်သည်။ “အစာလေးများ ရှိပါသလားခင်ဗျာ”
အန်လင်း : “…”
တပိုင် : “အရိုးတစ်ခုလောက် ပေးလိုက်ရမလား”
အန်လင်း ခေါင်းခါလိုက်သည်။
နဂါးနက်သည် မိသားစုအတွက် ပင်ပန်းရမှန်းမသိ အလုပ်လုပ်နေခြင်း ဖြစ်သည်။ များပြားလှစွာသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ရသော်လည်း နောက်ဆုတ်သွားခြင်း မရှိချေ။ နဂါး၏ ပခုံးပေါ်တွင် ထမ်းထားရသည့် ဝန်ထုပ်ကြောင့် မာနကြီးလှသည့် နဂါးသည် ဦးညွှတ်ကာဖြင့် ရန်သူ့ထံမှ အစာတောင်းခံနေလေသည်။ မိသားစုအတွက် ဖြစ်သည်။
ဘာကြောင့်မှန်း မသိသော်လည်း အတော်လေး စိတ်လှုပ်ရှားမိသည်။
နဂါးနက်၏ စိတ်ခံစားချက်များသည် အလွန်ရှုပ်ထွေး နေလေသည်။ ဘာလို့များ ထိုကျင့်ကြံသူများထံမှ အစာတောင်းခံ မိရသနည်း။
ခွေးပေါ်တွင် ရှိနေသည့် ကျင့်ကြံသူ၏ အကြည့်တစ်ချက်ကြောင့် ဖြစ်ပေလိမ့်မည်။
ထိုကျင့်ကြံသူသည် ထူးခြားပြီး အကူအညီ ပေးနိုင်မည်သူဟု ခံစားမိခြင်းကြောင့် ဖြစ်သည်။
လက်ဗလာဖြင့် ပြန်သွားမည်ဆိုလျှင် ညစာစားနိုင်မည် မဟုတ်ချေ။ ထို့အပြင် နဂါးမ၏ ပြစ်တင်ကြိမ်းမောင်းကာ ရိုက်နှက်ခြင်းကိုပင် ခံရနိုင်သေးသည်။ ထိုအခြင်းအရာအား ဖော်ပြဖို့ရန်ပင် မစွမ်းသာချေ။
အန်လင်းသည် သက်ပြင်းချလိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ် အတွင်းမှ ကြီးမားသည့် ယူနီကွန်းတစ်ကောင်အား ထုတ်ယူလိုက်သည်။
“ဒီ ယူနီကွန်းကို အသင်္ချေတောင်တန်း နယ်မြေက ရလာခဲ့တာ။ အတော်လေးကြီးပြီး အသားက အရမ်းအရသာရှိတယ်။ မင်းယူလိုက်တော့။” (ယူနီကွန်း = သိင်္ဂဿမြင်း _ နဖူးမှာ ချိုတစ်ချောင်း ပါပါတယ်_)
ထိုသို့ပြောပြီးနောက် ယူနီကွန်းအား နဂါးနက်ထံ ပစ်ပေးလိုက်သည်။
နဂါးနက်သည် တုန်လှုပ်မှုကြောင့် အေးခဲသွားလေသည်။ လူသားကျင့်ကြံသူသည် သူ့အား အစာပေးလာမည်ဟု တစ်ခါမျှပင် မတွေးမိခဲ့ချေ။
ယူနီကွန်းအား ပါးစပ်ဖြင့် ကိုက်ယူလိုက်ပြီးနောက် မျက်ရည်များ စီးကျလာတော့သည်။ “ကျုပ်က မင်းတို့က သတ်ဖို့ ကြိုးစားခဲ့တာတောင် ကျုပ်ကို ကြင်ကြင်နာနာနဲ့ ကယ်တင်ပေးခဲ့တယ်။ ကျုပ် ... ကျုပ်က တကယ်ကို မကောင်းတဲ့ကောင်ပဲ ...”
နဂါးနက်၏ နောင်တ စကားများကြောင့် အန်လင်း၏ မျက်နှာတွင် ကျေနပ်ပီတိ ဖြစ်သည့် အပြုံးတစ်ခု ပေါ်လာသည်။
“ကယ်တင်ရှင်ကြီးရဲ့ တာအိုနာမည်လေးများ သိလို့ရမလား ခင်ဗျာ” နဂါးနက်သည် ကျေးဇူးတင်စွာဖြင့် မေးမြန်းလိုက်သည်။
အန်လင်း : “ကျုပ်နာမည် အန်လင်း”
နဂါးနက်သည် ဆက်လက်၍ “အန်လင်းက ကယ်တင်ရှင်ကြီးရဲ့ နာမည်ပဲ။ ကျုပ်မှာ ကယ်တင်ရှင်ကြီးရဲ့ ကြင်နာမှုအတွက် ပြန်ပေးစရာ ဘာမှမရှိပါဘူး။ ဒါပေမဲ့လည်း ကျုပ်ရဲ့ ကလေးကို အန်လင်းဆိုတဲ့ နာမည် သေချာပေါက် ပေးပေးပါ့မယ်။ ကယ်တင်ရှင်ကြီးရဲ့ ကျုပ်အပေါ် ကြင်နာသနားမှု အမှတ်တရပေါ့”
နဂါးမျိုးနွယ်များ၏ ကလေးနာမည်ပေး ကင်ပွန်းတပ်ခြင်းသည် အလွန် အရေးကြီးသည့်အရာ ဖြစ်သည်။ ထို့ကြောင့် နဂါးနက်သည် အန်လင်းအား အမှန်တကယ်ကို ကျေးဇူးတင်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
“ဖူး ...” တပိုင်သည် နဂါးနက်၏ စကားများကြောင့် ဝါးလုံးကွဲ အော်ရယ်တော့သည်။
“ဟားဟားဟားဟား အစ်ကိုကြီးအန် နဂါးကလေးလေး ... ဟားဟားဟား”
စုရှောင်လန်နှင့် အခြားသူများ သည်လည်း နဂါးနက်၏ တောင်းဆိုမှုကြောင့် တိတ်တဆိတ် ရယ်မောနေကြသည်။
အန်လင်းသည် ရှုံ့မဲ့သွားပြီးနောက် နဂါးနက်အား လျစ်လျစ်ရှုကာဖြင့် တပိုင်၏ ကျောပေါ်တွင် လဲလျောင်းလျက် အသူရာချောက်နက်မှ ချက်ချင်းဆိုသလို ပျံသန်းထွက်ခွာ သွားတော့သည်။
***