သဘောထားသေးသိမ်သူ။
Vol. 9 Ch. 101
အယ်ကာလီရဲ့ ပုံမှန်ဈေးက ( ၁ ) ကတ်တီကို ဝမ် ( ၅၀၀ ) သာ ရှိပေမဲ့ ဒီလူကတော့ ငွေချောင်း ( ၂ ) ချောင်း ဆိုတဲ့ မတန်တဆဈေးကို တောင်းနေတာပင်။ ဒါပေမဲ့ ဟွမ်းသော်ချင်း တစ်ယောက် အယ်ကာလီတွေ အများကြီးကို သိုလှောင်ထားတာတောင်မှ သူမဆီကို ကိုယ်တိုင် လာရောင်းတာက ဆပ်ပြာလုပ်နည်းကို အခုထိ အဖြေရှာမရသေးဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။
“ ဈေးကြီးလွန်းတယ်။ ကျွန်မ မလိုချင်ဘူး။ ”
“ ဈေးကြီးလွန်းတယ် .. ဟုတ်လား။ ” ဟွမ်းသော်ချင်းက သရော်တော်တော် ပြုံးလိုက်သည်။ “ လက်ရှိ အခြေအနေကို အမျိုးသမီး မသိတာလား။ ယီကျိုးခရိုင်မှာ ရှိသမျှ အယ်ကာလီတွေ အကုန်လုံး ကျုပ်လက်ထဲ ရောက်နေတာ။ မင်း ကျုပ်ဆီက မဝယ်ရင် မင်းရဲ့ ဆပ်ပြာအလုပ်ရုံ မကြာခင် ပိတ်လိုက်ရလိမ့်မယ်။ ဒါပေမဲ့ မင်းက ရိုးသားတဲ့ လူ တစ်ယောက် ဆိုတာ မြင်လိုက်ရလို့ ကျုပ် ဈေးလျှော့ပေးမယ် ၊ ( ၁ ) ကတ်တီကို ငွေချောင်း ( ၁ ) ချောင်းနဲ့ ( ၅ ) ဝမ်ပဲ ပေး။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင်တော့ မင်းရဲ့ အလုပ်ရုံကိုလည်း လက်လွှတ်ရလိမ့်မယ်။ ”
“ ဘာပဲဖြစ်ဖြစ် ကျွန်မ မလိုချင်ဘူး။ ”
လီယောင်က အဲ့ဒီလို ပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့လိုက်သည်။ သူမက သူ့စကားကို အရူး တစ်ယောက်လို လက်ခံမှာ မဟုတ်ပါ။
မူလတုန်းက စိတ်ထဲမှာ ယုံကြည်ချက်တွေ ပြည့်နေခဲ့တဲ့ ဟွမ်းသော်ချင်းက တံခါးဝမှာ ရိုင်းပျစွာ အငြင်းခံလိုက်ရသောကြောင့် ဒေါသပေါက်ကွဲသွားလေသည်။
“ ကျေးဇူးမသိတတ်တဲ့ မိန်းမ။ ”
“ စိတ်မပူပါနဲ့ သခင်လေး။ ” ဟု ရှောင်ချွမ်ကျစ်က ပြောလိုက်သည်။ “ အုပ်ချုပ်ရေးမှူးဟူ စောင့်ကြည့်နေလို့ တခြားနေရာက အယ်ကာလီတွေလည်း ရောက်လာမှာ မဟုတ်ဘူး။ သူ့အလုပ်ရုံကို မပိတ်ချင်ရင် ကျွန်တော်တို့ဆီက ဝယ်ဖို့ တစ်နည်းပဲ ရှိတယ်။ နှစ်ရက် ၊ သုံးရက်အတွင်း သူ ကျွန်တော်တို့ကို လာရှာမှာပါ။ ”
ဟွမ်းသော်ချင်းက ဟက်ခနဲ လှောင်ရယ်လိုက်သည်။ အဲ့အချိန်ကျရင်တော့ သူ ဒီမိန်းမကို အယ်ကာလီ ( ၁ ) ကတ်တီကို ငွေချောင်း ( ၃ ) ချောင်းနဲ့ ရောင်းရမယ် … ။
သို့ပေမဲ့ နောက်ထပ် ရက် အနည်းငယ် ကြာသွားတဲ့ထိ လီယောင်က သူ့ဆီ ရောက်မလာခဲ့။
သူ ယီကျိုးတစ်ခရိုင်လုံးမှာ ရှိသမျှ အယ်ကာလီတွေကို ဝယ်ရတာ ငွေချောင်း ( ၄၅၀၀ ) ကုန်ကျခဲ့ပြီး အုပ်ချုပ်ရေးမှူးကို လာဘ်ထိုးရတာနှင့်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း ငွေချောင်း ( ၅၀၀၀ ) တောင် ကုန်ခဲ့သည်။
အဲ့လောက် ငွေတွေ အများကြီး ရင်းနှီးထားခဲ့ပေမဲ့ ဘာအကျိုးအမြတ်ကိုမှ မရတာမို့ နည်းနည်းလေးတော့ စိတ်မရှည်ဖြစ်လာမိသည်။
သူ ရှောင်ချွမ်ကျစ်ကို ဟဲဝမ်ရွာကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ လီယောင်ရဲ့ ဆပ်ပြာအလုပ်ရုံက နေ့တိုင်း ပုံမှန်လည်ပတ်နေပြီး ဆပ်ပြာထုတ်လုပ်မှု အရေအတွက်ကလည်း မနည်းကြောင်း သိလိုက်ရသည်။
ထိုသတင်းက ဟွမ်းသော်ချင်းကို ဇောချွေးတွေ ပြန်သွားစေသည်။ “ သူ ဘယ်ကနေ အယ်ကာလီတွေ ရနေတာလဲ။ ”
ရှောင်ချွမ်ကျစ်ကတော့ ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်ဘဲ “ အရင်တုန်းက ဝယ်ပြီး လှောင်ထားတာတွေ နေမှာပေါ့ သခင်လေးရယ်။ ” ဟု ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်၏။ “ လှောင်ထားတဲ့ ပစ္စည်းတွေ ကုန်သွားရင်တော့ အဲ့မိန်းမ ကျွန်တော်တို့ဆီ ရောက်လာမှာ သေချာပါတယ်။ ”
တကယ်လား … ။
အဲ့ဒီလိုနှင့် သူတို့ ဆက်စောင့်ခဲ့ကြသည်။
ဆယ်ရက်သာ ကြာသွားသော်လည်း ဆပ်ပြာအလုပ်ရုံက နေ့စဉ် လည်ပတ်နေဆဲ ဖြစ်ကာ ကုန်ထုတ်လုပ်မှု အရေအတွက်ကလည်း နည်းနည်းလေးတောင် လျှော့ကျမသွားပေ။
ဟွမ်းသော်ချင်းက ဒီတိုင်း ဆက်ထိုင်မနေနိုင်တော့ဘဲ ဟဲဝမ်ရွာကို ရထားလုံးနှင့် ထွက်လာကာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းခဲ့လေသည်။
“ အယ်ကာလီကို သူ့ဘာသာ ထုတ်နေတာတဲ့လား။ ”
“ တစ်ရက်ကို အနည်းဆုံး ( ၂၀ ) ကတ်တီတောင် … ဟုတ်လား။ ”
ဟွမ်းသော်ချင်း ရုတ်တရက် ကြက်သေ,သေသွားသည်။
သွားပြီ ၊ အခုတော့ တကယ် ပွဲပြီးသွားပြီ။
လီယောင့်မှာ လျှို့ဝှက် အကြံအစည် ရှိနေမယ်လို့ သူ ဘယ်လိုလုပ် ထင်ခဲ့မှာလဲ။
တကယ်လို့သာ လီယောင်သာ အခုက စပြီး အယ်ကာလီတွေကို ကိုယ်တိုင်ပဲ ထုတ်တော့မယ် ဆိုရင် သူ ဝယ်လှောင်ထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို အလကားပစ်လိုက်ရမှာ မဟုတ်လား။
“ မဖြစ်ဘူး။ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းရမယ်။ မဟုတ်ရင် ငါ အရှုံးပေါ်သွားလိမ့်မယ်။ ”
အခြေအနေကို နားလည်သွားတဲ့ ဟွမ်းသော်ချင်းက ခရိုင်အုပ်ချုပ်ရေးမှူးဟူကို ချက်ချင်းပဲ သတင်းပေးခဲ့သည်။ အုပ်ချုပ်ရေးမှူးဟူကလည်း ဒီကိစ္စက ခပ်ပေါ့ပေါ့ မဟုတ်မှန်း သိသလို ပြဿနာကို ဖြေရှင်းပြီးတဲ့အခါ ငွေချောင်းတွေ အများကြီး ရနိုင်တာမို့ သူ့လူတွေကို ပိုင်ချွမ်းခရိုင်ကို ချက်ချင်း လွှတ်ခဲ့သည်။
…
“ အမေ .. တရားသူကြီးကတော် … ၊ ဒီမှာ တရားသူကြီးစုန့် ရောက်နေတယ်။ ”
လီယောင်က တရားသူကြီးကတော်နှင့် ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောနေစဉ်မှာပဲ ရထားလုံး သုံးလုံးက ခြံတံခါးဝကို ဖြတ်ကျော်ဝင်လာပြီး လီယောင်ရဲ့ ခြံထဲမှာ ရပ်တန့်သွား၏။
တရားသူကြီးကတော်က ရထားလုံးတွေထဲမှာ အဆင်တန်ဆာတွေ ကျော့မော့နေအောင် အလှဆင်ထားတဲ့ ရထားလုံး နှစ်လုံးကို တစ်ချက် ကြည့်ရုံဖြင့် ဒီရထားလုံးတွေက တရားရုံတော်က လာတဲ့ ရထားလုံးတွေ မဟုတ်မှန်း သိလိုက်သည်။
“ အရေးကြီးတဲ့ လူတွေ ရောက်လာတဲ့ ပုံပဲ အစ်မလီ။ ရှင် သူတို့နဲ့ သတိထားပြီး စကားပြောနော်။ ”
လီယောင်ကတော့ နည်းနည်းလေးတောင် မစိုးရိမ်မိပါ။ အချိန်ကူးပြောင်းလာသူ တစ်ယောက်အတွက်တော့ ဒီရာထူးရာခံရှိတဲ့ ပုဂ္ဂိုလ်တွေက သူမအတွက် သာမန်လူလိုပါပဲ။
ရထားလုံးပေါ်က အရင်ဆုံး ဆင်းလာတဲ့ လူက တရားသူကြီးစုန့် ဖြစ်ပြီး ဒုတိယ ရထားလုံးပေါ်ကနေ ချမ်းသာကြွယ်ဝမှန်း သိသာစွာ ဝတ်စားထားတဲ့ အမျိုးသား တစ်ယောက် လိုက်ဆင်းလာသည်။
“ ဒါ လူကြီးမင်းဟုန်ပဲ။ ” ဟု တရားသူကြီးကတော်က တီးတိုး ရေရွတ်လိုက်၏။ “ သူက ယီကျိုးခရိုင်ရဲ့ အိမ်ထောင်စုမှတ်ပုံတင်ရေးရာ အရာရှိလေ။ လူဦးရေတွေ ၊ ဘိုးဘေးစဉ်ဆက် ကိုးကွယ်ယုံကြည်ပွဲတွေ ၊ စိုက်ပျိုးမွေးမြူရေးတွေ ၊ ပိုးချည်ထုတ်လုပ်မွေးမြူရေးတွေ အကုန်လုံးကို သူပဲ အုပ်ချုပ်ရတာ။ ”
လီယောင် ထိုလူ ရောက်လာတဲ့ အကြောင်းအရင်းကို နားလည်သွားပါသည်။ ယီကျိုးခရိုင်က အရာရှိကြီး တစ်ယောက်က ဒီလို ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသလေးကို ရှုခင်းကြည့်ဖို့သက်သက် ရောက်လာတာ မဟုတ်တာတော့ သေချာသည်။
တတိယ ရထားလုံးပေါ်က ဆင်းလာတဲ့ ဟွမ်းသော်ချင်းကို မြင်လိုက်ရချိန်မှာတော့ သူမရဲ့ အထင်က ပိုလို့တောင် သေချာသွားရလေသည်။
ကြည့်ရတာ သူတို့ ဝယ်လှောင်ထားတဲ့ အယ်ကာလီတွေကြောင့် ဖြစ်မည် ထင်သည်။ ဒီကိစ္စတွေရဲ့ နောက်ကွယ်က အုပ်ချုပ်ရေးမှူးဟူက သူမလို အရပ်သား တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် အရာရှိကြီး တစ်ယောက်ကိုပါ ခေါ်ချလာတာကိုတော့ သူမ သိပ်နားမလည်ပါ။
ရထားလုံးတွေပေါ်က လူစုံတက်စုံ ဆင်းလာပြီးနောက် လူကြီးမင်းဟုန်က ဝံ့ဝံ့ကြွားကြွား ရပ်နေပြီး ဟွမ်းသော်ချင်းကတော့ ကျယ်လောင်စွာ ပြောခဲ့သည်။ “ လီယောင် ဆိုတဲ့ ရွာသူမ ဘယ်မှာလဲ။ အိမ်ထောင်စုမှတ်ပုံတင်ရေးရာဌာနက လူကြီးမင်းဟုန်ကို မြန်မြန် လာနှုတ်ဆက်စမ်း။ ”
လီယောင်က ရှေ့ထွက်လာပြီး အနည်းငယ် ဦးညွှတ်လိုက်၏။ တရားသူကြီးစုန့်ရဲ့ မျက်လုံးထဲက စိုးရိမ်မှုတွေ ပြည့်နေတဲ့ အကြည့်ကိုလည်း တစ်ချိန်တည်းမှာ သူမ မြင်လိုက်သည်။
“ ဒီကျေးတောသူမလီယောင်က လူကြီးမင်းကို နှုတ်ဆက်ကြိုဆိုပါတယ်။ ”
“ ဒါဆို မင်းက လီယောင်ပေါ့ .. ဟုတ်လား။ မင်း ဘယ်လို ပြစ်မှုမျိုး ကျူးလွန်ထားလဲ ဆိုတာ သိလား။ ”
“ မသိပါဘူး။ ”
ဟွမ်းသော်ချင်းက “ ဒီအာကြမ်းလျှာကြမ်းမိန်းမကတော့ အတင့်ရဲလိုက်တာ။ ” ဟု ဝင်ကြိမ်းမောင်းလိုက်သည်။ “ မင်း ရွာသားတွေကို အကြောင်းပြချက်မရှိဘဲနဲ့ သစ်ပင်တွေကို လက်လွတ်စပယ် ခုတ်လှဲခိုင်းပြီးတော့မှ မသိချင်ယောင်ဆောင်နေတာလား။ အဲ့ဒီသစ်တောတွေက ယီကျိုးခရိုင်ရဲ့ ပိုင်ဆိုင်မှု ဆိုတာကို မင်း သိရဲ့လား ၊ ခွင့်ပြုချက်မရှိဘဲနဲ့ ခုတ်ချင်တိုင်း ခုတ်ပစ်လို့ မရဘူးကွ။ ”
လီယောင် ကြောင်အသွားသည်။
သူမ ဧကရာဇ်လင်းရဲ့ ဥပဒေတွေကို အရင်ကတည်းက စစ်ဆေးကြည့်ပြီးသားပါ။ ပိုင်ရှင်မဲ့ မြေယာတွေမှာ အိမ်ဆောက်လို့ မရပေမဲ့ သစ်ပင်ခုတ်လို့ မရဘူးလို့ ပြောမထား။ ပြီးတော့ သူမက သစ်ပင်တွေကို လက်လွတ်စပယ် ခုတ်လှဲခဲ့တာ မဟုတ်ဘဲ သစ်ကိုင်းတွေ ၊ သစ်ပင်အသေတွေ ၊ ခြုံပုတ်တွေ ၊ နွယ်ပင်တွေ ၊ ပေါင်းပင်တွေလောက်ကိုသာ ခုတ်လှဲခဲ့ရုံသာရှိသည်။
“ လူကြီးမင်းဟုန် … ဧကရာဇ်လင်း ပြဌာန်းခဲ့တဲ့ ဥပဒေတွေထဲမှာ သစ်ပင်ခုတ်တာကို ခွင့်မပြုတဲ့ ဥပဒေ မပါဘူး မဟုတ်ဘူးလား။ ”
ဟွမ်းသော်ချင်းက ခြိမ်းခြောက်လိုက်သည်။ “ မင်း … မင်းကများ ရာရာစစ ပြောရဆိုရလက်ပေါက်ကပ်နေတယ်ပေါ့လေ။ မင်းရဲ့ ပြစ်မှုအတွက် ငါ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ် ဆိုတာကို မင်း ယုံလား။ ”
“ ရှင် ချမှတ်တဲ့ အပြစ်ဒဏ်မှန်သမျှကို ကျွန်မ လက်ခံပါ့မယ် လူကြီးမင်း။ ဒါပေမဲ့ အဲ့ဒါ မတိုင်ခင် လူကြီးမင်းက ကျွန်မကို ဧကရာဇ်လင်းရဲ့ ဘယ်ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်မှာလဲ ဆိုတာ အရင် ပြောပြပေးလို့ ရမလား။ ”
ဟွမ်းသော်ချင်းမှာ ချက်ချင်းပဲ ပြောစရာ စကားတွေ ပျောက်ဆုံးသွားရသည်။ သူတို့က သူမကို ခြိမ်းခြောက်ဖို့သာ ရောက်လာကြတာ ဖြစ်ပြီး သူမကတော့ သူတို့ကို မကြောက်ရုံသာမက ဧကရာဇ်လင်းရဲ့ ဥပဒေတွေကိုပါ ထောက်ပြလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပေ။
ဒီနည်းလမ်းက အလုပ်မဖြစ်တာကို မြင်တော့ လူကြီးမင်းဟုန်က “ ဧကရာဇ်လင်းရဲ့ ဥပဒေထဲမှာ ပိုင်ရှင်မဲ့ သစ်ပင်တွေကို မခုတ်ရဘူးလို့ အတိအလင်း ကန့်သတ်ထားတာ မပါတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက မနေ့တုန်းက ဥပဒေ တစ်ခု ထုတ်ပြန်ခဲ့တယ်။ အဲ့ဥပဒေကို အခုက စပြီး လူတိုင်း လိုက်နာရမယ် ၊ ပိုင်ရှင်မဲ့မြေယာပေါ်က သစ်ပင်တွေ အကုန်လုံးကို ယီကျိုးခရိုင်က ပိုင်တယ်။ သစ်ထုတ်လုပ်ဖို့ လိုအပ်တယ် ဆိုရင် ခရိုင်တရားရုံးတော်ကို အရင်ဆုံး အစီရင်ခံရမယ်။ ” ဟု ပြောလိုက်၏။
လီယောင် လှောင်ပြုံး ပြုံးမိသွားသည်။
အုပ်ချုပ်ရေးမှူးဟူက သူမအတွက် ဥပဒေအသစ် တစ်ခု ထုတ်ပြန်လိုက်တယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ်တောင် ဂုဏ်ယူသွားမိသလိုပါပဲ။
“ ဒီကျေးတောသူမ နားလည်ပါပြီ လူကြီးမင်း။ ဒီကျေးတောသူမက အခုချက်ချင်း ရွာသားတွေ အကုန်လုံးကို ပြန်ခေါ်လိုက်ပါ့မယ် ၊ နောက်နောင်မှာလည်း ဘယ်တော့မှ သစ်ပင်ထပ်မခုတ်တော့ပါဘူး။ ”
ရည်ရွယ်ချက် အထမြောက်သွားသောကြောင့် လူကြီးမင်းဟုန် ဘာမှ ဆက်ပြောချင်စိတ် မရှိတော့ပါ။
ဒီတစ်ခေါက် ဟဲဝမ်ရွာကို လာရတာ သူ တော်တော်လေး မပျော်မရွှင် ဖြစ်ရသည်။
ပိုက်ဆံရှာချင်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို သူ နားလည်ပေမဲ့ သူ့ကိုလည်း တစ်ပြားတစ်ချပ်မှ မပေးဘဲ မနေ့ညတုန်းက ညတွင်းချင်း ဒီလို ကျေးရွာဇနပုဒ်ကို ထွက်လာဖို့ ညသန်းခေါင်ကြီး အမိန့်ပေးတာကို ဘယ်သူက ပျော်မှာလဲ။
“ နောက်ပိုင်းကျ ကိစ္စတွေကို ပိုပြီးတော့ ဂရုတစိုက် ဆောင်ရွက်ပါ တရားသူကြီးစုန့်။ လောလောဆယ်တော့ ကျုပ် ပြန်တော့မယ်။ ”
“ ကောင်းကောင်း သွားပါ လူကြီးမင်းဟုန်။ ”
လူကြီးမင်းဟုန် ပြန်သွားတော့မှ တရားသူကြီးစုန့်က သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။
“ ဒါတွေ အကုန်လုံးက ရုတ်တရက်ကြီး ဖြစ်သွားတာပဲ အမျိုးသမီးလီ။ ကျွန်တော့်မှာ မင်းကို ကြိုပြီး သတိပေးဖို့ အချိန်မရလိုက်ဘူး။ ”
“ ကိစ္စမရှိပါဘူး။ ”
တရားသူကြီးကတော်က “ ဒုက္ခပါပဲ။ ” ဟု ရေရွတ်ရင်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “ အခု သစ်ပင်ခုတ်တာကို ကန့်သတ်လိုက်ပြီ ဆိုတော့ အမျိုးသမီးလီရဲ့ ဆပ်ပြာအလုပ်ရုံကို ဘယ်လို ဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ ”
အခုထိ မပြန်သေးတဲ့ ဟွမ်းသော်ချင်းက မျက်နှာပေါ်မှာ အပြုံးတု တစ်ခုကို ဖန်တီးပြီး သူတို့နားကို ရောက်လာခဲ့သည်။ “ အဲ့ဒါကိုတော့ စိတ်မပူကြပါနဲ့ဗျာ။ အမျိုးသမီးလီ … မင်း အယ်ကာလီတွေ ထုတ်လို့ မရတော့ဘူး ဆိုရင် ကျုပ်ဆီက ဝယ်လို့ ရသေးတာပဲ။ ကျုပ် ဆိုတဲ့ ဟွမ်းမျိုးရိုးက စိတ်သဘောထား မသေးသိမ်ပါဘူးဗျ။ မင်း ကျုပ်အပေါ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ပေမဲ့ ကျုပ်ကတော့ ခွင့်လွှတ်ပါတယ် ၊ ပြီးတော့ ကျုပ် မင်းနဲ့ စီးပွားရေး တွဲလုပ်ချင်နေပါသေးတယ်။ ”
လီယောင်က သူ့ကို တစ်ဖက်မဲ့ ၊ တစ်ဖက်ပြုံး နှုတ်ခမ်းဖြင့် ကြည့်လိုက်သည်။ “ ဪ … ။ ရှင်က သဘောထားမသေးသိမ်ဘူးပေါ့နော် … ”
“ ဒါပေါ့ ဒါပေါ့။ ကျုပ်တို့က စီးပွားရေးသမားတွေပဲလေ ၊ လူတိုင်းနဲ့ သင့်မြတ်တာက အကောင်းဆုံးပေါ့။ ”
“ ဒါဆို ကျွန်မကတော့ ရှင့်ကို စိတ်ပျက်အောင် လုပ်မိမှာ စိုးတယ်။ ဘာလို့ဆို ကျွန်မကတော့ သဘောထားသေးသိမ်တဲ့ လူမို့လို့ပဲ။ ”
…