ရိုးသားကြိုးစားတဲ့ သားတော်မောင်။
Vol. 9 Ch. 102
ဟွမ်းသော်ချင်း : ….. အဲ့စကားက ဘာသဘောလဲ။
“ မင်း အဖြူရောင် အယ်ကာလီတွေကို ဆက်မလိုချင်တော့ဘူးလား။ မင်းရဲ့ အလုပ်ရုံ ပိတ်လိုက်ရမှာကို မင်း မကြောက်ဘူးလား။ ”
“ ရှင် အဲ့ဒါကို လာစိတ်ပူပေးနေစရာ မလိုပါဘူး။ ”
ဟွမ်းသော်ချင်းက “ ဟမ့် ၊ မင်း ဘယ်အချိန်ထိ ဆက်ပြီး စိတ်ကြီးဝင်နိုင်ဦးမလဲ ဆိုတာ ကြည့်သေးတာပေါ့။ ” ဟု ပြောပြီး လှောင်ရယ်လိုက်သည်။ “ မနက်ဖြန် ရောက်တာနဲ့ ဈေးကတော့ တူတော့မှာ မဟုတ်ဘူးနော်။ ”
ထိုအချိန်မှာပဲ ဝမ်ရွှယ်ရှစ်က လေလိုမျိုး အပြင်ကနေ ပြေးဝင်လာခဲ့ပြီး အိမ်ထဲကို ရောက်သည်နှင့် ကျယ်လောင်စွာ ပြောခဲ့သည်။ “ အမေ .. တတိယဦးလေး ပြန်ရောက်လာပြီ။ ”
ဝမ်မိသားစုရဲ့ တတိယသား ဝမ်ယွမ်ကောက လီယောင် ခန့်အပ်ထားတဲ့ ကုန်ကြမ်းပစ္စည်းအဝယ်တော် ဖြစ်သည်။ သူ ပြန်ရောက်လာခြင်းက သူနှင့်အတူ အဖြူရောင် အယ်ကာလီတွေပါ ပါလာတယ်လို့ အဓိပ္ပာယ်ရ၏။
အသေအချာပင် ခဏအကြာမှာပဲ ဝမ်ယွမ်ကော ၊ ကျားကျန်းလျန့်နှင့် လျှို့ယွမ်တို့ ရောက်လာကြကာ သူတို့နောက်မှာတော့ ကုန်ပစ္စည်းတွေ အများကြီး တင်ထားတဲ့ နွားလှည်း အစီး ( ၂၀ ) ကျော် ရှိသည်။
“ ကျွန်တော်တို့ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် အမျိုးသမီးလီ။ ”
“ ဒီတစ်ခေါက် ကျွန်တော် မြောက်အရပ်ကို သွားပြီး အဖြူရောင် အယ်ကာလီ ( ၈၀၀၀ ) ကတ်တီ ဝယ်ခဲ့တယ်။ ”
လျှို့ယွမ်ကလည်း “ တောင်အရပ်မှာတော့ အဖြူရောင် အယ်ကာလီတွေ သိပ်မပေါလို့ ကျွန်တော် ( ၅၀၀၀ ) ကတ်တီပဲ ဝယ်နိုင်ခဲ့တယ်။ ” ဟု ပြောလိုက်သည်။
ဒါဆို စုစုပေါင်း ( ၁၃၀၀၀ ) ကတ်တီပေါ့ … ။ ထိုအယ်ကာလီတွေ အကုန်လုံးကို ဆပ်ပြာလုပ်လိုက်လျှင် ဆပ်ပြာအချောင်း ( ၁၄၀၀၀၀ ) ရလိမ့်မည်။
လောလောဆယ်အတွက်တော့ လုံလောက်တဲ့ ပမာဏပါပဲ။
လီယောင်က ဟွမ်းသော်ချင်းဘက်ကို လှည့်ပြီး “ လူကြီးမင်းဟွမ်းက အဖြူရောင် အယ်ကာလီတွေ ဝယ်လှောင်နေတယ်လို့ ကျွန်မ ကြားတယ်။ ရှင် လှောင်ထားတာ လုံလောက်ရဲ့လားတော့ မသိဘူး ၊ တကယ်လို့ မလုံလောက်ရင် ကျွန်မဆီက နည်းနည်းပါးပါး ဝယ်သွားလို့ ရတယ်နော်။ ” ဟု ပြောလိုက်သည်။
ဟွမ်းသော်ချင်း : …….
ဟွမ်းသော်ချင်းသည် ရေခဲလိုဏ်ဂူထဲကို ပြုတ်ကျသွားတာထက်တောင် ပိုအေးတဲ့ အအေးဓာတ်မျိုးဖြင့် နှလုံးသားထဲမှာ အေးခဲသွားလျက် လုံးဝ ဆွံ့အသွားလေသည်။
လီယောင့်မှာ တခြားဒေသတွေအထိ အဖြူရောင် အယ်ကာလီတွေ တကူးတက သွားဝယ်ပေးမယ့် လူတွေ ရှိနေမယ်လို့ သူ ဘယ်လိုလုပ် စိတ်ကူးခဲ့မိမှာလဲ။
အုပ်ချုပ်ရေးမှူးဟူ ဆိုတဲ့ လူကရော သူတို့ကို နယ်စပ်မှာ တားလိုက်လို့ မရဘူးလား … ။
အခုတော့ လီယောင့်မှာ အဖြူရောင် အယ်ကာလီတွေ လုံလုံလောက်လောက် ရှိသွားပြီမို့ သူမမှာ ဘာအခက်အခဲမှ မရှိတော့သလို သူ ဝယ်လှောင်ထားတဲ့ အဖြူရောင် အယ်ကာလီတွေ အကုန်လုံးကလည်း အလကား ဖြစ်သွားပါပြီ။
မဖြစ်ဘူး မဖြစ်ဘူး ၊ သူ သိုလှောင်ထားတဲ့ အယ်ကာလီတွေ အကုန်လုံးကို အရတဲ့ ဈေးနဲ့ အခုချက်ချင်း ထုတ်ရောင်းမှ ဖြစ်မယ် …။
ဟွမ်းသော်ချင်းက “ မင်း ဘာတွေ ပြောနေတာလဲ အမျိုးသမီးလီ။ ” ဟု ရယ်ရယ်မောမော ပြောလိုက်၏။ “ ကျုပ်လည်း ပိုက်ဆံ နည်းနည်းပါးပါး ရှာချင်ရုံပါပဲဗျာ။ ဒါပေမဲ့ ကျုပ် အရင်တုန်းက ခန့်မှန်းတာ လွဲပြီး ဝယ်လှောင်ထားတာ နည်းနည်းလေး များသွားတယ်။ ကျုပ်တို့ ဒီလို လုပ်ရင်ရော ဘယ်လိုလဲ။ မင်းလည်း အဖြူရောင် အယ်ကာလီတွေ အများကြီး သုံးနေတာ ဆိုတော့ ကျုပ် မင်းကို ( ၁ ) ကတ်တီကို ဝမ် ( ၅၀၀ ) ဈေးနဲ့ပဲ အကုန်လုံး ရောင်းပေးလိုက်မယ်။ ဘယ်လိုလဲ။ ”
“ မဝယ်ဘူး။ ”
“ ဝမ် ( ၄၀၀ ) ဆိုရင်ရော။ ”
“ မဝယ်ဘူး။ ”
“ ဝမ် ( ၃၀၀ ) ပဲ ပေးဗျာ။ ” ဟွမ်းသော်ချင်းက အမှန်တကယ်ပင် စိတ်မရှည်နိုင် ဖြစ်လာခဲ့သည်။ “ ဒါဆို ကျုပ် မင်းကို ထက်ဝက် ဈေးလျှော့ပေးမယ်။ ဝမ် ( ၂၅၀ ) ပဲ ပေးတော့။ ”
ဒီလူက တကယ့်ကို အရှက်မရှိတာပါလား … ။
သူ အလကားပေးရင်တောင် လီယောင်ကတော့ မလိုချင်ပေ။ သူမအတွက် ပိုက်ဆံ ဆိုတာ မရှားသလို ဒီလက်တစ်ဆုပ်စာ အကျိုးအမြတ်လေးကိုလည်း လောဘတက်နေစရာ အကြောင်း မရှိပါ။
ဝမ်ယွမ်ကောနှင့် သူ့လူတွေက အပြန်လမ်းမှာကတည်းက ဒေသအသီးသီးက အယ်ကာလီရောင်းတဲ့ လူတွေနှင့် ချိတ်ဆက်ပြီးသွားပြီမို့ အယ်ကာလီဈေးကွက်က ခိုင်ခိုင်မာမာ ရှိသွားပြီပင်။
ထို့ကြောင့် ဟွမ်းသော်ချင်းရဲ့ အဖြူရောင် အယ်ကာလီတွေဟာ သူ့လက်ထဲမှာ ဒီတိုင်း ပုပ်သိုးသွားရုံမှ လွဲပြီး တခြားလမ်း မရှိတော့။
သူက အဖြူရောင် အယ်ကာလီတွေကို ရှားပါးတဲ့ လူသုံးကုန် တစ်မျိုးလို့ ထင်ခဲ့ပေမဲ့ အဆုံးသတ်မှာ ရှင်းထုတ်ရ ခက်တဲ့ ကျား တစ်ကောင် ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။ ဟွမ်းသော်ချင်း တစ်ယောက် ခါးသီးစွာ နောင်တရသွားမိသည်။
“ စောင့်နေလိုက်။ ကျုပ် မင်းဆီကို အနှေးနဲ့အမြန် စာရင်းလာရှင်းမယ်။ ”
ဟွမ်းသော်ချင်းသည် စိတ်ထဲမှာ ကျိန်ဆဲနေခဲ့ပေမဲ့ လက်တွေ့မှာတော့ ခေါင်းငိုက်စိုက်ချပြီး စိတ်ပျက်အားလျော့စွာ လှည့်ပြန်လာခဲ့ရသည်။
အဖြူရောင် အယ်ကာလီတွေ လုံလုံလောက်လောက် ရလာသည်နှင့် တစ်ပြိုင်နက် လီယောင်က ကျားကျန်းလျန့်နှင့် လျှို့ယွမ်အား လုံလောက်တဲ့ ကုန်ပစ္စည်းတွေ နှစ်မကုန်ခင် ပေးနိုင်စေရန်အတွက် အလုပ်သမားတွေကို အစွမ်းကုန် အလုပ်,လုပ်စေခဲ့သည်။
ဒီတစ်ခေါက် အများကြီး အားစိုက်ထုတ်ထားတဲ့ သူတို့ကို လုပ်အားခ များများ ပေးပြီး ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်အောင် လုပ်ပေးရမည်။
ဆပ်ပြာအလုပ်ရုံက နေ့စဉ်နေ့တိုင်း အဖြူရောင် အယ်ကာလီ ( ၃၀ ) ကတ်တီအထိ အရှိန်ကောင်းကောင်းဖြင့် လည်ပတ်ပြီး ဆပ်ပြာ အချောင်း ( ၃၀၀၀ ) ကို ပုံမှန် ထုတ်လုပ်နေခဲ့သည်။ ဒါက အကန့်အသတ်ဖြင့် ရတဲ့ ဝက်ဆီ ပမာဏအောက်မှာ ထုတ်လုပ်တာပဲ ရှိသေးသည်။
တကယ်လို့ ဝက်ဆီတွေကိုသာ အကန့်အသတ်မရှိ လိုသလောက် ရရင် ဆပ်ပြာထုတ်လုပ်နှုန်းကလည်း ပိုလို့တောင် မြင့်တက်လာပါလိမ့်မည်။
ဆယ်ရက်အတွင်းမှာပဲ ဆပ်ပြာ အချောင်း ( ၃၀၀၀၀ ) ကို ထုတ်လုပ်နိုင်ခဲ့ကာ ယခင် အချောင်း ( ၁၀၀၀၀ ) နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ဆပ်ပြာ အချောင်း ( ၄၀၀၀၀ ) ရှိနေခဲ့ပါပြီ။ ပြီးတော့ ဆပ်ပြာမွှေး အချောင်း ( ၂၀၀၀ ) လည်း ရှိသေးသည်။
ကုန်ပစ္စည်းတွေ အများကြီးကို မြင်ချိန်မှာ ကျားကျန်းလျန့်ရော ၊ လျှို့ယွမ်ပါ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“ ကျွန်တော်တို့ကို ဒီဆပ်ပြာတွေကို ဘယ်ဈေးနဲ့ ပေးမယ်လို့ တွေးထားလဲ အမျိုးသမီးလီ။ ”
“ ဆပ်ပြာ တစ်ချောင်းကို ဝမ် ( ၅၀ ) နဲ့ ပေးမယ်။ ဈေးကွက်ထဲက ပုံသေ ဈေးနှုန်းကတော့ ဝမ် ( ၁၀၀ ) ပဲ။ ရှင်တို့အတွက် အမြတ် ဘယ်လောက် တင်မလဲ ဆိုတာကတော့ ရှင်တို့ပဲ ဆုံးဖြတ်ပေါ့။ ”
သူတို့ နှစ်ယောက်လုံး လှိုက်ခနဲ ပျော်သွားကြသည်။
ဝမ် ( ၅၀ ) ဆိုတဲ့ အရင်းဈေးက လုံလောက်နေပြီမို့ သူတို့ အများကြီး ပိုက်ဆံရှာနိုင်လိမ့်မည်။
လီယောင်ကတော့ ပိုလို့တောင် ပိုက်ဆံရှာနိုင်ပါသည်။ သေသေချာချာ တွက်ချက်ကြည့်ပြီးနောက် ဆပ်ပြာ တစ်ချောင်းရဲ့ စုစုပေါင်း ကုန်ကျစရိတ်က ( ၁၀ ) ဝမ် ဖြစ်၍ သူမက ဆပ်ပြာ တစ်ချောင်းကို ဝမ် ( ၄၀ ) မြတ်ပြီး ဆပ်ပြာ အချောင်း ( ၄၀၀၀၀ ) က ငွေချောင်း ( ၁၆၀၀ ) ကို အသားတင်အမြတ် ရရှိစေလိမ့်မည်။
ကျားကျန်းလျန့်နှင့် လျှို့ယွမ်ကတော့ ရိုးရိုး ဆပ်ပြာနှင့် ယှဉ်လျှင် အမြတ်အစွန်း ပိုထွက်တဲ့ ဈေးကြီးတဲ့ ဆပ်ပြာမွှေးကို ပိုစိတ်ဝင်စားသည်။
“ ဆပ်ပြာမွှေး တစ်ချောင်းကို ငွေချောင်း ( ၁ ) ချောင်းနဲ့ ပေးမယ်။ ဈေးကွက်ထဲမှာ ရောင်းမယ့် ဈေးကိုတော့ ပထမနှစ်မှာ ရှင်တို့ပဲ ဆုံးဖြတ်ပါ။ ”
သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဘယ်လို စကားလုံးတွေနှင့် ဖော်ပြရမလဲတောင် မသိတော့။
ဈေးနှုန်းကို ကိုယ်တိုင် သတ်မှတ်နိုင်ခြင်းက သူတို့ ဈေးကစားပြီး ပိုပြီးတော့တောင် ပိုက်ဆံရှာလို့ ရတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။
အမြတ်အစွန်းတွေကို သဘောကျတဲ့ စီးပွားရေးသမားတွေအတွက်တော့ ပိုက်ဆံတွေ အများကြီးကို ငြင်းဆန်မယ့် လူ မရှိပါ။
ဆပ်ပြာမွှေးရဲ့ ကုန်ကျစရိတ်က သာမန်ဆပ်ပြာတွေနှင့် သိပ်မကွာပေမဲ့ ဆပ်ပြာမွှေး အချောင်း ( ၂၀၀၀ ) က ငွေချောင်း ( ၁၉၈၀ ) ဆိုတဲ့ အမြတ်အစွန်းကို ယူဆောင်လာပါသည်။
ကုန်ပစ္စည်းပို့ဆောင်မှု နှစ်ခု ပေါင်းစပ်လိုက်သောအခါ စုစုပေါင်း ငွေချောင်း ( ၃၅၈၀ ) ကို ရရှိခဲ့ပြီး အကုန်လုံးကလည်း ပစ္စည်းရောက်ငွေချေ ဖြစ်သည်။
ဆွေးနွေးစရာရှိတာတွေ ဆွေးနွေးပြီးတဲ့နောက်မှာ ကျားကျန်းလျန့်နှင့် လျှို့ယွမ်က ကုန်ပစ္စည်းတွေကို ညီတူညီမျှ ခွဲယူပြီး တောင်အရပ် ၊ မြောက်အရပ်မှာ နှစ်ယောက် ခွဲရောင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
မြောက်အရပ်မှာ ပေကျင်းမြို့တော် ရှိပြီး တောင်အရပ်မှာ လူချမ်းသာတွေ အများကြီး နေကြတာမို့ သူတို့ နှစ်ယောက်က ကုန်ပစ္စည်းတွေကို ဈေးကောင်းနှင့် မရောင်းနိုင်မှာကို စိတ်ပူစရာ မလိုပေ။
သဘောတူညီပြီးသွားသောအခါ လီယောင်က သူတို့ နှစ်ယောက်ကို အလုပ်ရုံရဲ့ “ ဘဏ္ဍာရေးရာဌာန ” ကို ခေါ်သွား၏။
သူတို့ကို အံ့ဩသွားစေတာကတော့ ဒီလို ငွေတွေ အများကြီးနှင့် လည်ပတ်နေတဲ့ လုပ်ငန်းကြီး တစ်ခုမှယ လီယောင်က သူစိမ်း တစ်ယောက်ကို ငွေသိမ်းတဲ့ တာဝန်ကို ပေးထားတာပါပဲ။ တကယ့်ကို မယုံကြည်နိုင်ဖွယ်ရာ။
ငွေကိုင်က ငွေသိမ်းတဲ့ အလုပ်ကို လုပ်ပြီး စာရင်းကိုင်ကတော့ စာရင်းဇယားကိစ္စတွေကို တာဝန်ယူရသည်။ အဲ့ဒီနောက် သူတို့ နှစ်ယောက်က ငွေလက်ခံရရှိကြောင်း ငွေစာရင်းပြေစာတွေကို ယူပြီး ကုန်လှောင်ရုံကို ကုန်ပစ္စည်းတွေ ပို့ရသည်။
ထိုငွေစာရင်းပြေစာတွေမှာ ကုန်ပစ္စည်း အမျိုးအစား ၊ အရေအတွက်နှင့် စုဆောင်းသူနာမည်ကိုပါ တင်ပြထားသည်။ အဲ့ဒီ သုံးမျိုးလုံး ပြည့်စုံတော့မှ ကုန်ပစ္စည်းတွေကို တစ်ဆင့် ရောင်းချသူတွေလက်ထဲ ပို့ဆောင်ခြင်း စတင်လေသည်။
ကျားကျန်းလျန့်နှင့် လျှို့ယွမ်က ဘယ်နေရာမှာမှ ဟာကွက် မရှိတဲ့ လီယောင်ရဲ့ တိကျသေချာတဲ့ အလုပ်,လုပ်ပုံတွေကို နောက်တစ်ကြိမ် ပါးစပ်အဟောင်းသား ဖြစ်ရပြန်သည်။ အလုပ်,လုပ်တဲ့နေရာမှာ ဒီလောက်တောင် အကွက်စေ့တဲ့ လူမျိုးနဲ့ ပူးပေါင်းပြီး ပိုက်ဆံမရှာတဲ့ လူက အရူးပဲ ဖြစ်ပါလိမ့်မည်။
......
ဆပ်ပြာအလုပ်ရုံထဲက အလုပ်သမားတွေက ကုန်ပစ္စည်း ပထမအသုတ်ကို မြို့ထဲကနေ ထုတ်ယူပို့ဆောင်သွားတာကို မြင်တော့ တိတ်တိတ်လေး ဝမ်းသာသွားခဲ့ကြသည်။
ကုန်ပစ္စည်းပို့ဆောင်မှုတွေ ပိုများလေ ၊ လီယောင် ပိုက်ဆံတွေ ပိုရလေ ၊ ဆပ်ပြာအလုပ်ရုံလည်း ပိုအောင်မြင်လေ။ အကျိုးဆက်အနေဖြင့် သူတို့ရဲ့ လုပ်အားခတွေကလည်း အာမခံချက်ရှိပြီး ပိုလို့ တည်မြဲလာပါလိမ့်မည်။ ဒါက ရိုးရှင်းလွန်းတဲ့ တွေးခေါ်ပုံ တစ်မျိုးပဲ ဖြစ်သည်။
“ ကုန်ပစ္စည်းတွေ နောက်တစ်သုတ် ထပ်ပို့နိုင်အောင်လို့ နှစ်မကူးခင် အလုပ်ကြိုးစားကြရအောင်။ လီယောင် ပျော်နေရင် ငါတို့ကို အပိုလစာတွေ ပေးလောက်တယ်။ ”
ဝမ်ရွှယ်ရှစ်ရဲ့ တိုက်တွန်းမှုကြောင့် အလုပ်သမားတွေ အကုန်လုဲး စိတ်အားတက်ကြွသွားကာ နေ့တိုင်း မနက်စောစောကတည်းက စပြီး အလုပ်,လုပ်နေခဲ့ကြသည်။ ဝက်ဆီပမာဏ အကန့်အသတ်ကြောင့်သာ မဟုတ်ရင် ညသန်းခေါင်အထိ သူတို့ အလုပ်,လုပ်နေမှာပါ။
လီယောင်ကလည်း သူတို့ကို လုပ်အားခတွေ ရက်ရက်ရောရော ပေးကာ သူတို့ ပိုက်ဆံအကုန်ခံပြီး အသားဝယ်စားစရာ မလိုစေရန်အတွက် ဆပ်ပြာထုတ်လုပ်ရာကနေ ကျန်တဲ့ သန့်သန့်ရှင်းရှင်း ဝက်ဆီတွေကို သူတို့ဆီ သုံး ၊ လေးရက် တစ်ခါ ခွဲပေးတတ်သည်။
ဆပ်ပြာအလုပ်ရုံကို လီယောင် အာရုံစိုက်စရာ မလိုတော့သလို တရားသူကြီးစုန့်ကလည်း အခုတလော သူမကို အကူအညီမတောင်းတဲ့အတွက် လီယောင့်မှာ အားလပ်ချိန်တွေ အများကြီး ရှိနေသည်။
တရားသူကြီးကတော်နှင့် နေ့တိုင်း ထွေရာလေးပါး စကားတွေ ပြောတာအပြင် တောင်တန်းတွေနောက်ကို သွားပြီး စူးစမ်းရှာဖွေကြည့်ဖြစ်သည်။
တာ့ကျွမ်းကလည်း အလုပ်မရှိဘဲ ထိုင်မနေတတ်တဲ့ လူမျိုးပင်။ ဆောင်းတွင်းရောက်နေပြီ ဆိုသော်လည်း လယ်ကွင်းတွေထဲမှာ ဘာမှ လုပ်စရာ မရှိတာမို့ သူက နေ့တိုင်း နွားတွေကို မောင်းသွားပြီး အနောက်ဘက် တောင်တန်းတွေဆီက မြေကွက်လပ်မှာ နောက်နှစ်ထဲမှာ ကန်စွန်းဥ ၊ ဒါမှမဟုတ် အာလူးတွေ စိုက်ဖို့ ထယ်ထိုးနေခဲ့၏။
“ သခင်လေးက တကယ့်ကို လုံ့လဝီရိယရဲ့ သာဓကပါပဲ။ ”
တရားသူကြီးကတော်က တာ့ကျွမ်း အလုပ်,လုပ်နေတာကို မြင်တိုင်း အကြိမ် အနည်းငယ် မချီးကျူးမိဘဲ မနေနိုင်ပါ။
လီယောင်လည်း တာ့ကျွမ်းက နည်းနည်းလေး ရိုးသားလွန်းတာက လွဲရင် တော်တယ်လို့ ခံစားရပါသည်။ ကံကောင်းစွာဖြင့် ဟဲရှောင်ယာကလည်း အရင်တုန်းကလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲတော့ဘဲ စဉ်းစားတွေးခေါ်တတ်လာ၍ နှစ်ယောက်သားဟာ တော်တော်လေး လိုက်ဖက်ညီနေသည်။
…