သုံးနှစ်တာ ကိုယ်ဝန်။
Vol. 9 Ch. 103
တာ့ကျွမ်းက သူမတို့ဆီကို လျှောက်လာရင်း “ အမေနဲ့ တရားသူကြီးကတော် ခဏနေရင် အိမ်ပြန်သင့်တယ်နော်။ အပြင်မှာ လေတွေ တအား တိုက်နေတာ။ ” ဟု ပြောသည်။
“ ရတယ် ၊ ဘာမှ မဖြစ်ပါဘူး။ နင် ထယ်ထိုးတာ တစ်ရက်ကို ဘယ်နှဧက ပြီးလဲ။ ”
“ တစ်ဧကလောက်ပါပဲ။ ဒီတောင်တန်းတွေက မြေဆီလွှာက အရမ်း မာတယ်။ ပြီးတော့ နွားကလည်း သေးသေးလေးရယ်။ ”
လီယောင်က ဘေးမှာ ခဏလောက် ရပ်ကြည့်နေပြီးမှ တကယ်လည်း ထယ်ထိုးရတာ မလွယ်ကြောင်း သဘောပေါက်သွားသည်။
စင်စစ်မှာ နွားထီးလေးက အချိန် အတော်ကြာ မွေးမြူပြီးတဲ့နောက် အတော်လေးလည်း အရွယ်အစားကြီးလာခဲ့ပြီ ဖြစ်၍ ထယ်ထိုးရတာ ဒီလောက် မခက်ခဲသင့်ပါ။ တစ်ရက်ကို တစ်ဧကပဲ ထယ်ထိုးနိုင်တာကတော့ နည်းလွန်းသည်။
သူမရဲ့ မှတ်ဉာဏ်အရတော့ နွားထီး တစ်ကောင်ဟာ တစ်ရက်ကို အနည်းဆုံး လယ်ကွင်း ( ၂ ) ဧကတော့ ထယ်ထိုးနိုင်သင့်သည်။ သူမရဲ့ မှတ်ဉာဏ်ကပဲ မှားယွင်းနေတာလား။
မဟုတ်ဘူး ၊ အဲ့ဒါတော့ မဟုတ်ဘူး … ။
အဲ့လိုနှင့် မှားယွင်းနေတာက တာ့ကျွမ်း သုံးနေတဲ့ ထွန်တုံး ဆိုတာကို လီယောင် ရုတ်တရက် နားလည်သွားလေသည်။
သူမရဲ့ အတိတ်ဘဝမှာ ထွန်တုံးတွေက ဘယ်လို ပုံစံလဲ ဆိုတာကို မှတ်မိဖို့ ဦးနှောက်ကို ဖျစ်ညှစ် ကြိုးစားကြည့်ရင်း နောက်ဆုံးတော့ မတူညီတဲ့ အရာ တစ်ခုကို သူမ မှတ်မိသွားပါသည်။
သူမရဲ့ အတိတ်ဘဝမှာတုန်းက လူတွေ အသုံးပြုတဲ့ ထွန်တုံးတွေက ခပ်ကွေးကွေး ပုံသဏ္ဍာန်ရှိပြီး တာ့ကျွမ်း သုံးနေတဲ့ ထွန်တုံးကတော့ တစ်ဖြောင့်တည်းကြီး ဖြစ်သည်။
“ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ပြန်ကြရအောင် တာ့ကျွမ်း။ အမေတို့ ထွန်တုံးကို နည်းနည်းလေး ပြင်ဖို့ လိုတယ်။ ”
“ ဟုတ်ကဲ့ပါ အမေ။ ”
တာ့ကျွမ်းကလည်း ရှည်ရှည်ဝေးဝေး တွေးမနေဘဲ အထုပ်အပိုးတွေကို သိမ်းဆည်းပြီး အိမ်ပြန်လာခဲ့လိုက်သည်။ ထို့နောက် လီယောင်ရဲ့ ညွှန်ကြားချက်အတိုင်း တောအုပ်ထဲကို သွားပြီး ခပ်ကွေးကွေး သစ်ပင်လေး တစ်ပင်ကို ခုတ်လှဲပစ်လိုက်သည်။
လီယောင်က တာ့ကျွမ်းအား ထိုသစ်ပင်လေးကို သူမရဲ့ မှတ်ဉာဏ်တွေအတိုင်း ပုံဖော်စေခဲ့သည်။ တစ်မနက် အလုပ်,လုပ်ပြီးတဲ့နောက်မှာတော့ ခပ်ကွေးကွေး ထွန်တုံးလေး တစ်တုံး ပြုလုပ်ပြီးစီးသွားပြီ ဖြစ်သည်။
“ ဒီထွန်တုံးနဲ့ ထပ်စမ်းကြည့်ချေ။ ”
တာ့ကျွမ်းသည် သူ့ရဲ့ ထွန်တုံးအသစ်ကို သယ်လျက် လယ်ကွင်းထဲကို ပြန်သွားပြီး ထွန်တုံးကို နွားဝါလေးရဲ့ ကျောပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် တပ်ဆင်လိုက်၏။ ထို့နောက် စတင် ထယ်ထိုးခဲ့သည်။ သူ့ပါးစပ်က “ ကဲ .. စမယ်ဟေ့။ ” လို့ အော်သည်နှင့် နွားလေးက ထွန်တုံးကို ဆွဲလျက် ချက်ချင်း စထွက်လိုက်သည်။
ခါတိုင်းလိုပဲ ရုန်းကန်ရမည်လို့ ထင်ထားခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ ထွန်ထိုးရတာ အရမ်း လွယ်ကူချောမွေ့နေ၍ နွားလေးတောင် အံ့ဩသွားရသည်။ ဒီထွန်တုံးအသစ်က သူ့ကို ပိုပြီးတော့လည်း သွက်လက်စေသည်။
တာ့ကျွမ်းကတော့ နောက်မှာ ကျန်ခဲ့တဲ့ ထယ်ထိုးပြီးသွားတဲ့ မြေကွက်တွေကို ကြည့်ပြီး ပိုလို့တောင် အံ့ဩသွားခဲ့ရသည်။
အရင်ထွန်တုံးတုန်းက မြဲမြံစွာ ဆုပ်ကိုင်ထားဖို့တောင် တော်တော်လေး အားစိုက်ခဲ့ရပြီး အနည်းငယ်မျှသော ဟန်ချက်ပျက်သွားခြင်းကပင် ထွန်တုံးကို ဘယ်ညာ ယိမ်းကာ ထယ်ထိုးတဲ့ နေရာမှာ ဟိုတစ်ကွက် ၊ ဒီတစ်ကွက် ပြတ်ကျန်စေခဲ့သည်။
ဒါပေမဲ့ ဒီထွန်တုံးအသစ်ကတော့ အလွန် သုံးရလွယ်ပါသည်။ နည်းနာ်းလေး အားစိုက်လိုက်ရုံဖြင့် ထွန်တုံးရဲ့ လားရာနှင့် အတိမ်အနက်ကို အလွယ်တကူ ထိန်းချုပ်လို့ ရပြီး အရှိန်နှုန်းကလည်း အရင်ကထက် အဆပေါင်းများစွာ ပိုမြန်သည်။
တစ်ကြိမ်ပဲ ထယ်ထိုးရမည် ဆိုလျှင် သူ တစ်ရက်အတွင်း ငါးဧက ထိုးနိုင်လိမ့်မည်ဟု ခံစားရသည်။
“ ဒီထွန်တုံးအသစ်က အရမ်း အံ့ဩစရာကောင်းတယ် အမေ။ ”
“ ကောင်းတာပေါ့ ၊ ဒါပေမဲ့ အနားယူဖို့လည်း မမေ့နဲ့နော်။ လူရော ၊ နွားရော အနားယူရမယ်။ ”
“ ကျွန်တော် နားလည်ပါတယ် အမေ။ ”
တရားသူကြီးကတော်က လီယောင်ရဲ့ တီထွင်မှုအသစ်တွေနှင့် အသားကျနေတာ ကြာခဲ့ပြီ ဖြစ်သည်။ “ ဒါက တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ပစ္စည်းပဲ အမျိုးသမီးလီ။ ကျွန်မရဲ့ ခင်ပွန်းကို ဒီထွန်တုံးကွေးကွေးလေးရဲ့ ပုံကို ဆွဲပြီး နေပြည်တော်ကို ပို့ခိုင်းပြီး ကြေညာချက်ထုတ်ပြန်ခိုင်းလိုက်ရင် မကောင်းဘူးလား။ အဲ့ဒါဆို နေရာတိုင်းက လူတွေအတွက် အကျိုးရှိသွားလိမ့်မယ်။ ”
“ ကောင်းသားပဲ။ ”
ဒါက မူရင်းပုံစံကို နည်းနည်းပါးပါး အဆင့်မြှင့်ထားတဲ့ ထွန်တုံးပဲမို့ လီယောင်က ဒီထွန်တုံးကို မူပိုင်ခွင့်မှတ်ပုံတင်တာတွေ ဘာတွေထိ လုပ်နေမှာလည်း မဟုတ်ပါ။
ထွန်တုံးအကွေးလေးရဲ့ သတင်းက ရွာထဲကို တောမီးပမာ ပျံ့နှံ့သွားပြီး တာ့ကျွမ်းက တစ်နေ့ခင်းတည်းနှင့် စန်းမူတောင်မှာ လယ် သုံးဧက ထွန်ယက်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းကို ကြားခါစတုန်းက တော်တော်များများက မယုံကြည်ခဲ့ပေ။ နောက်တစ်နေ့မနက် ရောက်တော့ သူတို့ အနောက်ဘက်တောင်တန်းကို အပြေးအလွှား သွားပြီး သူတို့ရှေ့မှာ တာ့ကျွမ်း လက်တွေ့ လုပ်ပြတာကို ကြည့်ခဲ့ကြသည်။
လယ်ကွင်းထဲမှာ နွားကို သွက်သွက်လက်လက် မောင်းနေတဲ့ တာ့ကျွမ်းကို ကြည့်ပြီး သူတို့အားလုံး ပါးစပ်အဟောင်းသား … ။
“ ငါ စမ်းကြည့်မယ် တာ့ကျွမ်း။ ”
ရွာလူကြီးဝမ်ကျားဖူက အရင်ဆုံး ပြေးသွားပြီး ထွန်တုံးကွေးကွေးလေးကို ကိုင်ကာ စတင် ထယ်ထိုးလိုက်၏။ တစ်ကြိမ် ထယ်ထိုးပြီးသည်နှင့် ဒီထွန်တုံးရဲ့ အသုံးဝင်မှုကို သူ စိတ်ချသွားသည်။
“ ထွန်တုံးကောင်းပဲဟေ့ ၊ သိပ်ကို ကောင်းတဲ့ ထွန်တုံးပဲ။ ” ဝမ်ကျားဖူက ထွန်တုံးအသစ်ကို ခဏ စမ်းသပ်ကြည့်ပြီးသွားတော့ ချီးကျူးမှုတွေ ပြည့်နေတဲ့ အသံဖြင့် ပြောလိုက်သည်။ “ ငါလည်း အိမ်ပြန်ရောက်ရင် ဒီလို ထွန်တုံးမျိုး လုပ်ရမယ်။ ”
ရွာသူ ၊ ရွာသားတွေက ထွန်တုံးအသစ်ကို တစ်မနက်လုံး အလှည့်ကျ စမ်းသမ်နေခဲ့ကြသည်။ တာ့ကျွမ်းက ထွန်တုံးကို တစ်စက္ကန့်လောက်တောင် ထိခွင့် မရလိုက်ဘဲ ဘာ့ကြောင့်ရယ်မသိ တစ်ခုခုကို စိုးရိမ်စပြုလာမိသည်။
လယ်ကွက်တွေ သိပ်မကျန်တော့ပါ။ ဒီနှုန်းအတိုင်းဆို ထွန်တုံးအသစ်ကို လူတိုင်း စမ်းသုံးကြည့်နေတာနှင့်ပဲ လယ်ကွက်တွေ အကုန်လုံး ထယ်ထိုးပြီးသွားလိမ့်မည်။ အဲ့ဒါဆို သူက ဘာဆက်လုပ်ရမှာလဲ … ။
လီယောင်ကတော့ တာ့ကျွမ်းရဲ့ စိုးရိမ်မှုတွေကို နားမလည်ဘဲ နေမြင့်လာတဲ့ အချိန်ကို ကြည့်ကာ အိမ်ပြန်ပြီး ဟင်းချက်ဖို့ ဟန်ပြင်လိုက်သည်။
“ ဒီနေ့ နေ့လယ်စာက ဘာဟင်းလဲ အမေ။ ”
အနောက်ဘက်တောင်တန်းတွေဆီက ပြန်လာတဲ့ ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့ ညီအစ်ကို နှစ်ယောက်ဟာ ဝမ်းဗိုက်နှင့် ကျောပြင် တစ်သားတည်းဖြစ်လောက်တဲ့အထိ ဗိုက်ဆာနေခဲ့သည်။ အိမ်ကို ရောက်တာနှင့် မီးဖိုချောင်ထဲကို ချက်ချင်း ပြေးဝင်လာသည်။
“ ဝက်သားနဲ့ငရုတ်သီး မွှေကြော်။ ”
“ ပျော်လိုက်တာ။ ကျွန်တော်တို့ ငရုတ်သီး ထပ်စားရတော့မယ်။ ”
စိတ်လှုပ်ရှား ပျော်ရွှင်မှုကြောင့် ညီအစ်ကို နှစ်ယောက်သား ချက်ချင်း ဆိုသလိုပဲ ခုန်ဆွခုန်ဆွလေး ဖြစ်သွားခဲ့ကြသည်။
လီယောင်ရဲ့ လွှမ်းမိုးမှုအောက်မှာ အခုတော့ တစ်မိသားစုလုံး ငရုတ်သီးတွေကို လက်ခံသွားတဲ့အပြင် ငရုတ်သီးကို သုံးရက်လောက် မစားရရင် နေမထိ ထိုင်မသာဖြစ်တဲ့ အနေအထားကိုပါ ရောက်သွားခဲ့ကြပါပြီ။
အထူးသဖြင့် ဟဲရှောင်ယာက ငရုတ်သီးတွေကို စားရတာ ကျင့်သားရသွားပြီးနောက် သူမရဲ့ အစာစားချင်စိတ်က နှစ်ဆ မြင့်တက်လာခဲ့သည်။ ငရုတ်သီးတွေကို မွှေကြော်တဲ့အခါတိုင်း သူမက အများဆုံး စားလေ့ရှိသည်။
လီယောင်က တစ်ခုခု ပုံမှန်မဟုတ်သလို ခံစားရသော်လည်း ဘာကိုမှ အတည်မပြုရသေးဘဲ မပြောချင်ပါ။
“ နေ့လယ်စာ စားချိန် ရောက်ပြီ။ ”
ဝက်သားနှင့်ငရုတ်သီး မွှေကြော် ၊ ဝက်သားနှပ် ၊ မုန်လာဥဖြူနှင့် ဝက်ရိုးဟင်းရည် ၊ ဂေါ်ဖီထုပ်မွှေကြော်တို့က စားပွဲပေါ်မှာ အဆင်သင့်။
ဒါက လီမိသားစုရဲ့ နေ့လယ်စာပါပဲ။
တစ်မိသားစုလုံး အတူတူ ထိုင်လိုက်ကြ၏။ ကလေးတွေက တကယ့်ကို ယဉ်ကျေးမှုရှိသည်။ အထူးသဖြင့် တရားသူကြီးကတော်ပါ ရှိနေတဲ့ အချိန်မှာ လီယောင်က တူတွေကို မကိုင်သေးခင် ဟင်းခွက်တွေကို လှမ်းမနှိုက်ကြပါ။
“ မစားခင် ပြောစရာ တစ်ခု ရှိတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ရှောင်ယာ ဒီနေ့ နေ့ခင်း အလုပ်,လုပ်စရာ မလိုဘူး။ ငါ နင့်ကို စစ်ဆေးခိုင်းဖို့ ဈေးထဲက သမားတော်ကို ပင့်ခိုင်းထားတယ်။ ”
“ ကျွန်မကို စစ်ဆေးဖို့ … ” ဟဲရှောင်ယာ အူကြောင်ကြောင် ဖြစ်သွားသည်။ “ ကျွန်မ နေကောင်းပါတယ် အမေရဲ့။ ဘာလို့ သမားတော်နဲ့ တွေ့ရမှာလဲ။ ”
“ ငါက တွေ့ခိုင်းရင် တွေ့လိုက်ပေါ့။ ကဲ ကဲ .. စကားမများနဲ့တော့ ၊ စားကြမယ်။ ”
ကလေးတွေက လီယောင်ရဲ့ “ စကားပြောပြတ်သားခြင်း ” ကို အချိန်ကြာမြင့်စွာ ကြုံတွေ့ဖူးခဲ့ပြီမို့ ဘာမေးခွန်းမှ ထပ်မမေးရဲတော့။
တရားသူကြီးကတော်ကတော့ လီယောင် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သည်။ သူမကိုယ်တိုင်လည်း အမေ တစ်ယောက် ဖြစ်တဲ့အတွက် လီယောင်ရဲ့ ရည်ရွယ်ချက်ကို သဘာဝကျစွာပင် နားလည်ပါသည်။
နေ့လယ်စာ စားပြီးသွားတော့ တာ့ကျွမ်းတို့ညီအစ်ကိုတွေက အလုပ်သွားကြပြီး လီယောင် ၊ လီကျန်းနှင့် ဟဲရှောင်ယာတို့ကတော့ အိမ်မှာပဲ ကျန်ခဲ့သည်။
သမားတော်က ဟဲရှောင်ယာရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ပျော်ရွှင်စွာ ဂုဏ်ပြုစကားပြောခဲ့လေသည်။ “ ဂုဏ်ပြုပါတယ် အမျိုးသမီးလီ။ ခင်ဗျားချွေးမမှာ ကိုယ်ဝန်ရှိနေပြီ။ ”
“ ရှင် သေချာပါတယ်နော်။ ”
“ အမျိုးသမီးလီကလည်းဗျာ ၊ ကျုပ် ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေး ရာပေါင်းများစွာကို စမ်းသပ်လာတာဗျ။ ကျုပ် တစ်ခါမှ မမှားဖူးဘူး။ ”
လီယောင်ရဲ့ နှုတ်ခမ်း တွန့်ချိုးသွားသလို ဟဲရှောင်ယာကတော့ စိတ်ထဲမှာ လှုပ်ခတ်သွားကာ မျက်နှာက ရဲတက်လာ၏။
သူမနဲ့ တာ့ကျွမ်း လက်ထပ်ထားတာ ရှစ်လကျော်သွားပြီ။ နောက်ဆုံးတော့ သူမမှာ ကိုယ်ဝန်ရလာခဲ့ပြီ။
အမေနဲ့ တာ့ကျွမ်းလည်း အရမ်း ပျော်သွားလောက်တယ် မဟုတ်လား … ။
ကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလား ဆိုတာလည်း သူမ သိချင်သည်။ ယောက်ျာလေး ဆိုရင် ကောင်းပေမဲ့ မိန်းကလေး ဆိုရင်တော့ ယောက္ခမ ကျေနပ်ပါ့မလား မသိပါ။
ရုတ်တရက် ဆိုသလိုပဲ ဟဲရှောင်ယာရဲ့ ခေါင်းတွေထဲမှာ အတွေးပေါင်းစုံ ပြည့်နှက်သွားခဲ့သည်။
တရားသူကြီးကတော်က “ ကျွန်မလည်း ဂုဏ်ပြုပါတယ်နော် အမျိုးသမီးလီ။ ရှောင်ယာအတွက် ကျွန်မ လက်ဆောင် တစ်ခု ပြင်ဆင်ထားလိုက်မယ်။ ” ဟု ပြောလိုက်သည်။
သမားတော်ကို လိုက်ပို့ပြီးသွားတော့ လီယောင်က ဟဲရှောင်ယာကို တည်ငြိမ်စွာပဲ ခေါ်ပြောခဲ့သည်။ “ အခု နင့်မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတော့ သတိထားရမယ့် ကိစ္စလေးတွေ ရှိလာပြီ။ ”
“ အမေ ပြောတဲ့ စကားတွေ အကုန်လုံးကို ကျွန်မ နာခံပါ့မယ် အမေ။ ”
“ အခုက စပြီး အဝတ်လျှော် ၊ အချက်အပြုတ် ၊ သန့်ရှင်းရေးကိစ္စတွေကို ရှောင်ဟွေ့ကိုပဲ လုပ်ခိုင်းလိုက်တော့။ လယ်အလုပ်တွေလည်း မလုပ်နဲ့ ၊ ရေအေး သောက်တာကို ရှောင် ၊ ဆပ်ပြာအလုပ်ရုံအနား မသွားနဲ့ ၊ ကြက်ဥနဲ့ အသားတွေကို နေ့တိုင်း များများ စား။ ”
လီယောင်ရဲ့ တရစပ် ညွှန်ကြားချက်တွေကို နားထောင်ပြီး ဟဲရှောင်ယာ တစ်ယောက် ခေါင်းမူးလာသလိုတောင် ခံစားလိုက်ရသည်။
ကောင်းကောင်း စားပြီး ဘာအလုပ်မှ မလုပ်ဘဲ နေတာက လူချမ်းသာမိသားစု တစ်စုရဲ့ သခင်မလေး ဖြစ်လာတာပဲ မဟုတ်လား … ။
“ ကျွန်မ အဲ့ဒါတွေ တစ်ခုမှ မလုပ်ဘဲနဲ့ ဘာလုပ်ရမှာလဲ အမေ။ ”
ကိုယ်ဝန်ဆောင်ခြင်းက အမျိုးသမီး တစ်ယောက်ကို သုံးနှစ်ကြာ ရူးသွပ်သွားစေသည်ဟု ပြောကြသည်။ အကြောင်းအရာ တစ်ခုကို စဉ်းစားမိရုံပဲ ရှိသေး ၊ စကားပြောနေရင်း လမ်းကြောင်းချော်သွားပြန်သည်။
“ လမ်းလျှောက်ပေါ့ ၊ လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်။ ” လီယောင်က စကား ခဏ ရပ်ပြီး စဉ်းစားလိုက်သည်။ “ နင် အရမ်း ပျင်းနေရင် အဝတ်တွေမှာ ပန်းထိုးတာတို့ ဘာတို့လို ဇာထိုးပန်းထိုးတွေ လုပ်ပေါ့။ ငါ တာ့ကျွမ်းကို နင့်အတွက် ချည်လုံးတွေ ဝယ်ခိုင်းထားလိုက်မယ်။ အဲ့ဒါနဲ့ နင့်စိတ်ကြိုက် လုပ်။ ငါ ပြောတာတွေ အကုန်လုံးကို မှတ်မိလား။ ”
“ မှတ်မိပါတယ် အမေ။ ”
ဟဲရှောင်ယာသည် သူမကိုယ်သူမ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ချွေးမ တစ်ယောက်ပဲလို့ ခံစားလိုက်ရ၏။
…