← Chapters

မြင်းဝယ်ခြင်း။

Vol. 9 Ch. 104

မြင်းဝယ်ခြင်း။

Vol. 9 Ch. 104

တခြား မိသားစုတွေမှာဆို ချွေးမမှာ ကိုယ်ဝန်ရှိလာလည်း ဗိုက်ကြီးတကားကားနှင့် လယ်ကွင်းထဲမှာ အလုပ်,လုပ်ရဆဲ။ ဒါပေမဲ့ ရှောင်ယာ့မှာတော့ အခုထိ ဗိုက်မထွက်သေးတာတောင် အမေက သူမအတွက် အများကြီး တွေးပေးနေပါသည်။

“ ကျေးဇူးတင်ပါတယ် အမေ။ ”

“ အေး ၊ မိန်းမ တစ်ယောက်အနေနဲ့ နင့်ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ဖို့ပဲ ပထမ ဦးစားပေးပဲနော်။ ”

“ ကျွန်မ နားလည်ပါပြီ။ ” ဟဲရှောင်ယာက ခဏလောက် တွေးနေပြီးမှ ထပ်ပြောလိုက်သည်။ “ ကျွန်မ တာ့ကျွမ်းနဲ့ လက်ထပ်ထားတာ အခုဆို အချိန် တစ်ခုလည်း ကြာသွားပြီ အမေ။ ဒါပေမဲ့ ကျွန်မရဲ့ မိသားစုဆီကို တစ်ခါမှ ပြန်မသွားရသေးဘူး။ အဲ့ဒါကြောင့် … ”

“ ရတယ်။ သွားလေ။ ”

ချွေးမ တစ်ယောက်က သူ့မိသားစုဆီကို သွားရောက်လည်ပတ်တာ သဘာဝပါပဲ။

လီယောင်သည် အရင်ဘဝတုန်းကရော ၊ အခုရော သူမရဲ့ ခမည်းခမက်တွေကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။

မူရင်းခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေအရတော့ ရှောင်ယာက တာ့ကျွမ်းကို တိုက်ဆိုင်မှု တစ်ခုကြောင့် လက်ထပ်ခဲ့တာ ဖြစ်သည်။

သူမရဲ့ မိသားစုက ယီကျိုးခရိုင်အနီး ဆင်ခြေဖုံးရပ်ကွက်မှာ နေပြီး ဆေးပင်တွေ ၊ ကုန်ပစ္စည်းတွေကို ဝယ်ယူရောင်းချတဲ့ လုပ်ငန်း အသေးစားလေးကို လုပ်ကိုင်သည်။

တစ်ခါတုန်းက ရှောင်ယာတို့မိသားစုက ပိုင်ချွမ်းခရိုင်ကို ဆေးပင်တွေ ဝယ်ဖို့ ရောက်လာတုန်း တာ့ကျွမ်းကလည်း အဲ့ဒီမှာ ဆေးပင်တွေ ရောင်းနေခဲ့သည်။ ဟဲရှောင်ယာက ရိုးသားတဲ့ တာ့ကျွမ်းကို ဘာ့ကြောင့်ရယ်မသိဘဲ သဘောကျသွားသည်။

တာ့ကျွမ်းကလည်း ဟဲရှောင်ယာကို သဘောကျသည်။ အဲ့လိုနှင့် သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။

နောက်ပိုင်းမှာ ရှောင်ယာက သူမရဲ့ မိသားစုကို ထိုအကြောင်း ဖွင့်ပြောလိုက်တော့ ထင်ထားတဲ့အတိုင်း သူတို့က ခါးခါးသီးသီး ငြင်းဆန်ခဲ့လေသည်။ ဒါပေမဲ့ ကောင်မလေးဟာ တာ့ကျွမ်းက လွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ချင်သောကြောင့် သူမရဲ့ အဖေမှာ လီယောင့်ကို စေ့စပ်ကြောင်းလမ်းသူ လွှတ်ပြီး တရားဝင် လက်ထပ်ခွင့်တောင်းခိုင်းရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။

ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ရှောင်ယာတို့မိသားစုက တစ်ယောက်မှ ရောက်မလာခဲ့ဘဲ ဆွေမျိုး နှစ်ယောက်သာ ရှောင်ယာ့ကို လီယောင်ရဲ့ အိမ်တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။ ပြောရရင် အဲ့ဒါကလည်း မင်္ဂလာဆောင်ရဲ့ အခြေခံ လုပ်ရိုးလုပ်စဉ်လေးတွေကို လုပ်ရုံမျှသာ။

တကယ်လို့ လီယောင်သာ ဒီခန္ဓာကိုယ်ထဲကို ကူးပြောင်းမလာခဲ့ရင် ရှောင်ယာ တစ်ယောက် တာ့ကျွမ်းနှင့် လက်ထပ်မိတာကို နောင်တရမလား မသိပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လီယောင်ကတော့ ရှောင်ယာရဲ့ လွတ်လပ်တဲ့ ချစ်ခြင်းကို အားပေးထောက်ခံသည်။

ဒါက ချွေးမအသစ်စက်စက်လေးရဲ့ သူမမိသားစုဆီကို ပထမဆုံးအကြိမ် သွားလည်ခြင်း ဖြစ်၍ သေချာပေါက်ပင် တစ်ယောက်တည်း သွားလို့ မရဘဲ တာ့ကျွမ်းပါ လိုက်ရလိမ့်မည်။

လီယောင်က ခရီးအကွာအဝေးရယ် ၊ ရှောက်ယာမှာ ကိုယ်ဝန်ရှိနေတာရယ်ကို ထည့်တွက်ပြီး ရထားလုံး တစ်လုံး ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ အဲ့ဒါက ခရီးလမ်းကို ချောမွေ့လုံခြုံစေသလို တစ်ဖက်ဆွေမျိုးတွေအတွက်လည်း လက်ဆောင်တွေ သယ်သွားလို့ ရပါသည်။

ထို့ကြောင့် ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်ကို ခေါ်ပြီး ဈေးထဲကို သုံးယောက် ထွက်လာခဲ့လိုက်သည်။

ဈေးကို သွားတဲ့ လမ်းကို ပြုပြင်ပြီးသွားပြီမို့ နှစ်ဆလောက် ပိုကျယ်သွားကာ အတော်လေး ချောချောမွေ့မွေ့ ဖြစ်သွားသည်။

လမ်းမှာ ရှောင်စစ်က “ ကျွန်တော်တို့ ရထားလုံး ဝယ်မလို့လား အမေ။ ” ဟု ရုတ်တရ်ြ မေးသောကြောင့် လီယောင်က “ အေး။ ” ဟု ပြန်ပြောလိုက်သည်။

“ ကောင်းတယ် ကောင်းတယ်။ ကျွန်တော်တို့မိသားစုတို့မှာလည်း ရထားလုံး ရှိလာတော့မှာပေါ့။ ”

ဒီခေတ်မှာ ရထားလုံး ပိုင်ဆိုင်ထားခြင်းက သူမရဲ့ အရင်ဘဝမှာ ကားပိုင်ဆိုင်ခြင်းကဲ့သို့ပင် ဂုဏ်ရှိသည် ၊ ချမ်းသာကြွယ်ဝမှုကို ပြသည်။

ဝမ်စန်းအာကတော့ ဝမ်ရှောင်စစ်လောက် စိတ်မလှုပ်ရှားဘဲ မဝံ့မရဲလေးသာ မေးခဲ့သည်။ “ အမေ ရထားလုံးကို မသုံးတဲ့ အချိန်ဆို ကျွန်တော် မြင်းစီးလေ့ကျင့်လို့ ရမလား အမေ။ ”

လီယောင်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

ပြီးခဲ့တဲ့ လ အနည်းငယ်အတွင်းမှာ သူ့အရပ်က အနည်းဆုံး ( ၇ ) စင်တီမီတာ ၊ ( ၈ ) စင်တီမီတာလောက်ထိ မြင့်လာပြီး အခုဆို သူမရဲ့ နားရွက်နားကိုတောင် ရောက်တော့မည်။

သူ မွေးထားတဲ့ ဝက်လေးကလည်း အခုဆို ပေါင် ( ၂၀ ) ကျော်ကနေ ပေါင် ( ၁၃၀ ) ကျော်လောက်ထိ ကြီးလာခဲ့ပါပြီ။ ဝမ်ရှောင်စစ်ရဲ့ ခွန်အားက အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်နှင့်တောင် ယှဉ်လို့ ရသည်။

သူမ သူ့ကို နေ့တိုင်း ပေးထားတဲ့ လေ့ကျင့်ရေးတွေနှင့်ပါ ပေါင်းစပ်လိုက်တော့ ဝမ်စန်းအာက သာမန်စစ်သား တစ်ယောက်ထက်တောင် သန်မာနေခဲ့ပြီ ဖြစ်သည်။

“ ငါ မင်းအတွက်လည်း မြင်း တစ်ကောင် ဝယ်ပေးမယ်။ မြင်းကောင်း တစ်ကောင်ပေါ့။ မင်း နောက်နှစ်ထဲမှာ စစ်မှုထမ်းရင် အဲ့မြင်းကိုပါ မင်းနဲ့အတူ ယူသွားလို့ ရတယ်။ ”

“ တကယ်လား အမေ။ ”

အမေက သူ့အတွက် မြင်းကောင်း တစ်ကောင်ကို သီးသန့် ဝယ်ပေးမယ်တဲ့လား … ။

မြင်းကြီးကို စစ်သူကြီး တစ်ယောက်လို ဒုန်းစိုင်းစီးနေတဲ့ မြင်ကွင်းကို ပုံဖော်ကြည့်ရုံဖြင့်ပင် ဝမ်စန်းအာသည် စိတ်လှုပ်ရှားလွန်းလို့ အနည်းငယ် တုန်ယင်လာကာ အသံတွေပါ တိမ်ဝင်သွား၏။

“ ကျေးဇူးတင်ပါတယ် အမေ။ ကျွန်တော် ဒီနေ့က စပြီး အများကြီး ပိုကြိုးစားပါ့မယ်။ ”

သူတို့ ဈေးကို ရောက်သွားတော့ လူတွေ သိပ်မရှိတော့ပါ။ လီယောင်က ဆိုင်ထဲကို တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

“ သခင်မလီ ရောက်လာတာပဲ။ ” မန်နေဂျာကျိုးက သူမကို အားရဝမ်းသာ ကြိုဆိုခဲ့သည်။ “ သခင်မလီ ဘာကိစ္စရှိလို့ ဈေးထဲကို ဒီအချိန်ကြီး ရောက်လာတာလဲ။ ”

“ ကျွန်မ ရထားလုံး ဝယ်ချင်လို့ပါ။ စိတ်ချရတဲ့ တစ်ယောက်ယောက်ကိုများ ရှင် သိမလားလို့။ ”

“ သိတာပေါ့ ၊ ဈေးထဲက လက်သမားကျန်းက ရထားလုံးတွေ ၊ နွားလှည်းတွေလး လုပ်တဲ့ နေရာမှာ နာမည်ကြီးပဲ။ ကျုပ် သခင်မလီကို သူ့ဆီ ခေါ်သွားပေးမယ်။ ”

သူတို့ လက်သမားကျန်းရဲ့ အိမ်ကို ရောက်သွားတော့ တကယ်ပဲ သူ့ခြံထဲမှာ ရထားလုံးကိုယ်ထည်နှင့် နွားလှည်းကိုယ်ထည်တချို့ ရှိနေခဲ့သည်။ လက်ရာ သေသေသပ်သပ် ရှိပြီး ဈေးလည်း အရမ်းကြီး မများသောကြောင့် လီယောင်က ရထားလုံးကောင်းကောင်း တစ်စီးကို ရွေးချယ်လိုက်သည်။

နောက်တစ်ဆင့်က မြင်းတွေ ဝယ်ရမည်။ ဒါပေမဲ့ ပိုင်ချွမ်းဈေးထဲမှာ မြင်း နည်းနည်းပဲ ရှိသလို အရည်အသွေးကလည်း မကောင်းပါ။

ရတဲ့ မြင်းကိုပဲ ဝယ်သွားရင် ကောင်းမလား ၊ မဝယ်ဘဲ နေရင် ကောင်းမလားဟု လီယောင် ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက အမှုထမ်း နှစ်ယောက်နှင့် ရောက်လာသည်။ “ အမျိုးသမီး … မင်း မြင်းဝယ်နေတာလား။ ”

“ ဟုတ်တယ်။ ”

“ ဒီက မြင်းတွေက လုံးဝ အရည်အသွေးမကောင်းဘူး။ တရားရုံးတော်က ကျုပ်တို့မြင်းတွေ အကုန်လုံးကို ယီကျိုးခရိုင်က ဝယ်ထားတာ။ အထူးသဖြင့် ကျုပ်မြင်းပဲ ၊ တိုက်ပွဲတောင် ဝင်နိုင်တဲ့ တကယ့်ကို ရှားရှားပါးပါး စစ်မြင်းတွေထဲက တစ်ကောင်ပေါ့။ ”

လီယောင်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ မြင်းကို သူမ မြင်ဖူးပါသည်။ အမှန်တကယ်လည်း မြင်းကောင်း တစ်ကောင် ဖြစ်သည်။

“ ဒီလို ဆိုရင်ရော ဘယ်လိုလဲ ခေါင်းဆောင်ကျန်း။ ကျွန်မကို ရှင့်မြင်းတွေထဲက နှစ်ကောင် ရောင်းလိုက်ပါလား ၊ နောက်မှ ရှင့်ဘာသာ မြင်းတွေ ထပ်ဝယ်လိုက်ပေါ့။ ”

မန်နေဂျာကျိုး : … ဒါက တော်တော်လေး တရားလွန်သွားတာ မဟုတ်ဘူးလား။

အံ့ဩစရာကောင်းစွာဖြင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းကတော့ ဒေါသမထွက်သည့်အပြင် ချက်ချင်း လက်ခံခဲ့သည်။ “ ကျွန်တော် မြင်း နှစ်ကောင်ကို အခုချက်ချင်း သွားယူလိုက်မယ်။ ”

ခဏအကြာမှာ လီယောင့်ရှေ့ကို မြင်းကြီး နှစ်ကောင် ရောက်လာသည်။ တစ်ကောင်က အညိုရောင် ၊ တစ်ကောင်က အဖြူရောင်။

မြင်းဖြူက ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ မြင်း ဖြစ်သည်။

လီယောင်က မြင်းတွေအကြောင်း ‌နားလည်တာမို့ ဒီနှစ်ကောင်က မြင်းကောင်းတွေ ဆိုတာ ပြောနိုင်သည်။ အထူးသဖြင့် စစ်မြင်း တစ်ကောင်ရဲ့ ကြင်အန်လက္ခဏာတွေနှင့် ပြည့်စုံနေတဲ့ မြင်းဖြူပဲ။

“ ကျွန်မ ဘယ်လောက် ပေးရမလဲ။ ”

“ နှစ်ကောင်လုံးအတွက် ငွေချောင်း ( ၅ ) ချောင်းပဲ ပေးပါ။ ”

လီယောင် ခေါင်းခါယမ်းလိုက်သည်။ “ ဒီလို မြင်းကောင်းတွေက ငွေချောင်း ( ၅ ) ချောင်းမက တန်ပါတယ်။ ကျွန်မ ရှင့်ကို ငွေချောင်း ( ၃၀ ) ပေးမယ် ဆိုရင်ရော ဘယ်လို သဘောရလဲ။ ”

“ အဲ့ဒါကတော့ များလွန်းပါတယ် အမျိုးသမီးလီ။ ”

“ ယီကျိုးခရိုင်မှာ မြင်းအသစ်တွေ သွားဝယ်ဖို့ အချိန်လည်း ကြာဦးမှာ။ ပြီးတော့ ဒီလို မြင်းကောင်းတွေက ငွေချောင်း ( ၃၀ ) မကတောင် တန်ပါသေးတယ်။ ”

“ ဒါဆိုလည်း အမျိုးသမီးလီရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ”

လီယောင်က ကာကွယ်ရေးခေါင်းဆောင်ကျန်းကို သူမအနား ခေါ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ ဒီမှာက နောက်ထပ် ငွေချောင်း ( ၅၀ ) ပါ။ ရှင် ယီကျိုးခရိုင်ကို ရောက်ရင် ကျွန်မအတွက် စစ်မြင်း ကောင်းကောင်းလေး တစ်ကောင် ကူရှာပေးပါ ခေါင်းဆောင်ကျန်း။ ဝမ်စန်းအာက နောက်နှစ်ထဲမှာ စစ်မှုထမ်းလိမ့်မယ်။ ကျွန်မ သူ့အတွက် အခုကတည်းက ပြင်ဆင်ပေးထားချင်တယ်။ ”

ကာကွယ်ရေးခေါင်းဆောင်ကျန်းက ငွေချောင်းတွေကို ယူရင်း ဝမ်စန်းအာကို အလွန် အားကျသွားမိလေသည်။ ဒီလို ချမ်းသာပြီး စေတနာရက်ရောတဲ့ မိခင်ကို ပိုင်ဆိုင်ထားရတဲ့ ဝမ်စန်းအာက ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ကလေးပါလိမ့် … ။

သူ စစ်မှုထမ်းတုန်းက စစ်မြင်း မပြောနဲ့ ၊ နွား တစ်ကောင်တောင် မရှိခဲ့ပေ။ အရာအားလုံးကို သူ့ပခုံးပေါ်မှာပဲ သယ်ပိုးခဲ့ရသည်။

“ စိတ်ချပါ အမျိုးသမီးလီ။ ကျွန်တော် အကောင်းဆုံး မြင်းကို ရွေးချယ်ခဲ့ပါ့မယ်။ ”

လီယောင်က သူမ မြင်းမစီးဖြစ်တာလည်း အတော် ကြာသွားပြီမို့ အပြန်လမ်းမှာ မြင်းစီးသွားဖို့ ဆုံးဖြတ်လိုက်သည်။

ခေါင်းဆောင်ကျန်းက “ ဂရုစိုက်ဦးနော်။ ဒီမြင်းက စိတ်ကြီးတယ် ၊ လူစိမ်းတွေကို ချိုချိုသာသာ မဆက်ဆံတတ်ဘူး။ ” ဟု ပြောနေပေမဲ့ လီယောင်ကတော့ “ ကိစ္စမရှိပါဘူး။ ” ဟု အေးအေးဆေးဆေးပဲ ပြန်ပြောခဲ့သည်။

လီယောင်သည် ဇက်ကြိုးကို ကိုင်ကာ မြင်းလည်ပင်းကို အကြိမ် အနည်းငယ်လောက် ပွတ်သပ်ပေးပြီးမှ ကုန်းနှီးပေါ်ကို လှစ်ခနဲ အလွယ်တကူ ခုန်တက်လိုက်၏။

ဒါပေမဲ့ သူမရဲ့ ညာဘက်ခြေထောက်ကို ခြေနင်းကွင်းပေါ် တင်ချိန်မှာ လေကိုသာ ထိမိပြီး ဟန်ချက်ပျက်တော့မလို ဖြစ်သွားသည်။ သူမ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်လို့ တော်ပါသေးရဲ့။ မြင်းရဲ့ ကျောကုန်းကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အမြန် ဟန်ချက်ထိန်းလိုက်ရသည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ ကုန်းနှီးရဲ့ ဘယ်ဘက်မှာသာ ခြေနင်းကွင်း ရှိပြီး ညာဘက်မှာတော့ မရှိပါ။

ခြေနင်းကွင်း တစ်ကွင်းပဲ ရှိတာလား … ။

“ အဆင်ပြေရဲ့လား အမျိုးသမီးလီ။ မင်း လောလောဆယ် ရထားလုံးပဲ စီးပြီး မြင်းနဲ့ အသားကျအောင် လုပ်ပြီးမှ စီးပါလား။ ”

“ အဲ့လို လုပ်ဖို့ မလိုပါဘူး။ ”

ခြေနင်းကွင်း တစ်ကွင်းပဲ ရှိရှိ ၊ တစ်ကွင်းမှ မရှိတာပဲဖြစ်ဖြစ် လီယောင်က မြင်းကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

ထိုင်ခုံကို ချိန်ညှိလိုက်ပြီးနောက် ကြာပွတ်နှင့် ခပ်ဖွဖွ ရိုက်လိုက်သည်နှင့် မြင်းဖြူကြီးက ခြေစုံရပ်၍ ဟီကာ မြစ်ကမ်းပါးကျေးရွာဆီသို့ လေလိုအလျင်ဖြင့် ဒုန်းစိုင်းသွားလေတော့သည်။

…

All Chapters