← Chapters

ခြေသလုံးအိမ်တိုင် ပန်းပဲဆရာ။

Vol. 9 Ch. 105

ခြေသလုံးအိမ်တိုင် ပန်းပဲဆရာ။

Vol. 9 Ch. 105

သူမရဲ့ လေအလျင်လို ပျောက်ကွယ်သွားတဲ့ ပုံရိပ်လေးကို ကြည့်ပြီး လူတိုင်းက တစ်ယောက်ကို တစ်ယောက် အံ့ဩ မယုံကြည်မှုများဖြင့် ကြည့်လိုက်မိကြသည်။

“ ဒီလောက် မြင်းစီးကျွမ်းကျင်တဲ့ မိန်းကလေးမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ”

ဒါပေမဲ့ ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်ကတော့ နည်းနည်းလေး အခက်တွေ့နေခဲ့ကြပါသည်။

သူတို့အမေက သူတို့ကို ဒီမှာ စွန့်ပစ်သွားတော့ သူတို့က ဘယ်လို ပြန်ရမှာလဲ။

မန်နေဂျာကျိုးက “ တတိယသခင်လေးနဲ့ စတုတ္ထသခင်လေး .. ကျွန်တော် လူ တစ်ယောက်ကို ရထားလုံးမောင်းပြီး သခင်လေးတို့ကို ပြန်ပို့ခိုင်းလိုက်ပါ့မယ်။ ” ဟု ပြောသော်လည်း ဝမ်စန်းအာက လက်ကာပြရင်း “ နေပါစေ။ ကျွန်တော်ပဲ ရထားလုံးမောင်းလိုက်ပါ့မယ်။ ” ဟု ‌ပြန်ပြောလိုက်သည်။

“ သခင်လေးက မောင်းမှာ ..… ”

“ ဘာလဲ ၊ ဦးလေးက ကျွန်တော့်ကို အထင်သေးတာလား။ အစ်ကိုကြီးရဲ့ နွားလှည်ကိုတောင် ကျွန်တော် ကောင်းကောင်း မောင်းတတ်တယ်ဗျ။ ”

ထိုစကားကို ကြားတော့ မန်နေဂျာကျိုးရဲ့ မျက်နှာက လုံးဝကို ကြောင်အသွားခဲ့သည်။

ပြောရရင် ရထားလုံးနဲ့ နွားလှည်း ဆိုတာ မတူတဲ့ အချက်တွေ အများကြီးပဲလေ။

ဒါပေမဲ့ ဝမ်ရှောင်စစ်နှင့် ဝမ်စန်းအာကတော့ ရထားလုံးပေါ်ကို ခုန်တက်ပြီးနေပြီ ဖြစ်ပြီး ကျင့်သားရစွာပင် ဇက်ကြိုးတွေကို ဆွဲခဲ့သည်။ ကံကောင်းစွာဖြင့် ဒီမြင်းညိုက တော်တော်လေး နာခံတတ်သောကြောင့် ဝမ်ရှောင်စစ်က သူ့ကို နေရာမှာပဲ လှည့်ပတ် မောင်းကြည့်နေပြီးနောက် ရထားလုံးကို လမ်းပေါ်ကို ချောချောမွေ့မွေ့ ရောက်သွားအောင် မောင်းနိုင်ခဲ့သည်။

ထိုမြင်ကွင်းက နှစ်ချီ လုပ်သက်ကြာနေတဲ့ မြင်းရထားသမား တစ်ယောက်နှင့်ပင် သိပ်မကွာ။

“ တကယ့်ကို မအေတူသားတွေပဲ။ ”

…

လီယောင်က တစ်လမ်းလုံး မြင်းကို ဒုန်းစိုင်းစီးလာခဲ့ရာ ခဏအကြာမှာပဲ ဟဲဝမ်ရွာကို ရောက်လာခဲ့သည်။

မြင်းဖြူကြီးကို ဝံ့ဝံ့ကြွားကြွား ကျွမ်းကျွမ်းကျင်ကျင် စီးလာတဲ့ လီယောင့်ကို မြင်တော့ ရွာသူ ၊ ရွာသားတွေက ချီးကျူးစကားတွေ အလုအယက် လာပြောခဲ့ကြသည်။ တာ့ကျွမ်းနှင့် ဟဲရှောင်ယာက သူမကို အမြန် လာတွေ့သည်။

“ ဒါက ကျွန်တော်တို့မိသားစုရဲ့ မြင်းလား အမေ။ ”

“ အေး။ ”

တာ့ကျွမ်း အလွန် ပျော်ရွှင်သွားသည်။ နောက်ဆုံးတော့ သူတို့မိသားစုမှာ ရထားလုံး ရှိလာပြီမို့ ဈေးသွားရတာတွေ ဘာတွေမှာ အများကြီး ပိုပြီး အဆင်ပြေ လွယ်ကူပါတော့မည်။

အရင်တုန်းက အိမ်ရဲ့ လိုအပ်ချက်ကြောင့် မြင်းထက် နွားကို ရွေးချယ်ခဲ့ရပေမဲ့ သူ တကယ် သဘောကျတာကတော့ မြင်း ဖြစ်သည်။

ရထားလုံးက နွားလှည်းထက်လည်း အများကြီး ပိုမြန်တာကြောင့် ရထားလုံးကို သဘောမကျတဲ့ လူ သိပ်ရှိမည် မထင်ပါ။

“ စန်းအာနဲ့ ရှောင်စစ်ရော ဘယ်မှာလဲ အမေ။ ” ဟု သူ မေးလိုက်တော့ သူ့အမေက “ ဈေးထဲမှာ ကျန်ခဲ့တယ်။ ” ဟု ‌ပြန်ပြောသည်။

ဟဲရှောင်ယာ : …

ဒါပေမဲ့လည်း စိုးရိမ်စရာတော့ မလိုပါ။ ထိုဦးလေးငယ် နှစ်ယောက်လုံးက အရွယ်ရောက်နေပြီ ဖြစ်သလို ဝမ်ရှောင်စစ်ကလည်း စဉ်းစားတွေးခေါ်တတ်တာမို့ ဘာပြဿနာမှ မရှိလောက်ဘူးလို့ မျှော်လင့်ရသည်။

နေ့ခင်းရောက်တော့ ဝမ်စန်းအာက ရထားလုံးကို တကျွီကျွီအသံတွေဖြင့် မောင်းလာ၏။

ညီအစ်ကိုနှစ်ယောက် ရထားလုံးပေါ်က မဆင်းရသေးခင်ကတည်းက ဝမ်စန်းအာက တက်တက်ကြွကြွ အော်ပြောခဲ့သည်။ “ အစ်ကိုကြီးရေ ၊ ကျွန်တော် ဒီရထားလုံးကို ကိုယ့်ဘာသာ မောင်းလာခဲ့တာဗျို့။ ကျွန်တော် မတော်ဘူးလား။ ”

“ တော်တယ် ၊ သိပ်ကို တော်တယ်။ ” တာ့ကျွမ်းက ထက်မြတ်တဲ့ ညီငယ်လေးရဲ့ ဆံပင်တွေကို ဆွဲဖွလိုက်သည်။ ဉာဏ်မကောင်းတဲ့ သူက အမေ့ကို အိမ်ဝေယျာဝစ္စတွေမှာ ဝင်ကူညီရုံလောက်သာ တတ်နိုင်ပေမဲ့ ထက်မြတ်တဲ့ ညီငယ်လေးအတွက် သူ အလွန် ဂုဏ်ယူပါသည်။ “ ဒီပုံအတိုင်း ဆက်ကြိုးစားသွား။ မင်းက မကြာခင် အစ်ကိုကြီးကိုတောင် ကျော်တက်သွားလိမ့်မယ်။ ”

ဟဲရှောင်ယာလည်း ရောက်လာပြီး “ မောင်လေးတို့ ပင်ပန်းနေပြီလား။ လာ လာ .. ရေလေး နည်းနည်း သောက်လိုက်ပြီး။ ရေအဆာမခံနဲ့။ ” ဟု ပြောသည်။

လီယောင်ရဲ့ နှုတ်ခမ်းတွေ ပြုံးရီသွား၏။ တာ့ကျွမ်းနှင့်‌ ရှောင်ယာတို့လင်မယားက ညီလေးတွေကို သိပ်ကို အလိုလိုက်လွန်းသည်။

“ ဘီးတွေက တကျွီကျီ မြည်နေပြီပဲ ၊ ဆီ နည်းနည်း ထည့်မှ ဖြစ်မယ်။ ရှောင်ယာ .. ကိုယ့်ကို ဝက်ဆီ နည်းနည်းလောက် သွားယူပေးပါဦး။ ”

ရထားလုံးဘီးဝင်ရိုးတွေထဲကို ဖြည်းဖြည်းချင်း ဆီလောင်းထည့်နေတဲ့ တာ့ကျွမ်းကို ကြည့်ပြီး လီယောင် တစ်ယောက် အတွေးထဲ နစ်မြုပ်သွား၏။

ဒီခေတ်မှာ ရထားလုံးဘီးတွေက တကျွီကျွီအသံထွက်တာ မထူးဆန်းတဲ့ သဘာဝပါပဲ။ ဘာအသံမှ မထွက်ရင်သာ ထူးဆန်ရင် ထူးဆန်းလိမ့်မည်။

အဲ့လို အသံထွက်ရတဲ့ အကြောင်းအရင်းက ဒီခေတ် ရထားလုံးဘီးတွေမှာ ဂေါ်လီဘောလ် မပါတာကြောင့် ဖြစ်သည်။ ပြီးတော့ ဘီးတွေကို သစ်သားနှင့် လုပ်ထားတာကြောင့် မြေကြီးနှင့် ကြမ်းတမ်းစွာ ပွတ်တိုက်လေ့ရှိပြီး ချောမွေ့ညီညာတဲ့ လမ်းမှာ ဆိုရင်တောင် ရထားလုံးက ဆိုးဆိုးဝါးဝါး တုန်ခါနေတတ်သည်။

လီယောင်က သူမမှာ အချိန်ရတုန်း ရထားလုံးဘီးကို နည်းနည်း‌လေး အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။

“ ရှောင်ယာ .. နင် ဘယ်တော့ အိမ်ပြန်မယ်လို့ စီစဉ်ထားတာလဲ။ ”

“လပြက္ခဒိန် ( ၁၂ ) လပိုင်းရဲ့ ရှစ်ရက်မြောက်နေ့မှာ ပြန်ဖြစ်မယ် ထင်တယ် အမေ။ ”

လီယောင်သည် ဒီနေ့က လပြက္ခဒိန် ( ၁၂ ) လပိုင်းရဲ့ ပထမဆုံးနေ့ ဆိုတာကို အခုမှ သတိရသွားသည်။ ဒီပုံအတိုင်းဆို သူမ ရထားလုံးကို အခုချက်ချင်း ပြုပြင်မှ အချိန်မီတော့မှာ မဟုတ်လား … ။ နှစ်သစ်ကူးချိန်ကလည်း တရွေ့ရွေ့ နီးကပ်လာပြီ။

ရထားလုံးကို ပြုပြင်ဖို့အတွက် ပန်းပဲဆရာ တစ်ယောက်နှင့် လက်သမား တစ်ယောက် လိုသည်။

လက်သမားကိုတော့ ဝေးဝေးလံလံ ရှာစရာ မလိုပေ။ သူမတို့အိမ်အတွက် ရက်မတွေကို တည်ဆောက်ပေးခဲ့တဲ့ လက်သမားဆရာကြီးချွေ့က တော်တော်လေး အရည်အချင်းရှိသည်။ ဒါပေမဲ့ ပန်းပဲဆရာကတော့ နည်းနည်းလေး ရှာရခက်သည်။

သူမ လိုချင်တဲ့ ဂေါ်လီဘောလ်တွေကို ကျွမ်းကျင်တဲ့ အရည်အချင်းရှိသူမှသာ ပြုလုပ်ပေးနိုင်မှာမို့ နီးစပ်ရာ ပန်းပဲဆရာတွေ အကုန်လုံးကို ခေါ်ပြီး ပစ္စည်း တစ်မျိုးကို ပြုလုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ အကောင်းဆုံး လုပ်နိုင်တဲ့ ပန်းပဲဆရာကတော့ အခုက စပြီး သူမရဲ့ ပင်တိုင် ပန်းပဲဆရာ ဖြစ်လာပါလိမ့်မည်။

သူမရဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနှင့် ကျင့်သားရနေပြီ ဖြစ်တဲ့ ရွာလူကြီးဝမ်ကျားဖူကို ( ၁၂ ) မိုင်အတွင်းက ပန်းပဲဆရာတွေ အကုန်လုံးကို ချက်ချင်း ဖိတ်ခေါ်လိုက်သည်။ ပန်းပဲဆရာတွေ ယှဉ်ပြိုင်ဖို့အတွက် မြေကွက်လက်ထဲမှာ ပန်းပဲဖိုကြီး ( ၁၀ ) ခုကျော်ကို ပြင်ဆင်ထားခဲ့သည်။

စုစုပေါင်း ပန်းပဲဆရာ ( ၁၁ ) ယောက် ရောက်လာခဲ့ပြီး အကုန်လုံးက ပန်းပဲဆရာအလုပ်ကို နှစ်ရှည်လများ လုပ်ကိုင်လာခဲ့တဲ့ အပူဒဏ်ကြောင့် ရင့်ရော်နေသော မျက်နှာများ ရှိကြသည်။

လာကြည့်တဲ့ ရွာသူ ၊ ရွာသားတွေကလည်း ပတ်ပတ်လည်မှာ ဝိုင်းနေခဲ့ကြပြီး လည်ပင်းလိမ်၍ ပြိုင်ပွဲ စတင်မှာကို စောင့်နေခဲ့ကြသည်။

“ အရင်တုန်းက သဘောတူထားသလိုပါပဲ။ ပထမဆုကို အနိုင်ရတဲ့ လူက ငွေချောင်း ( ၂ ) ချောင်း ဆုချီးမြှင့်ခံရမယ်။ ကျန်တဲ့ လူတွေက ဝမ် ( ၅၀၀ ) စီ ရမယ်။ နေ့လယ်စာလည်း ကျွေးမယ်။ ”

နေ့တစ်ဝက်တည်းနှင့် ဝမ် ( ၅၀၀ ) ရမယ့် အခွင့်အရေးမျိုး တခြား ဘယ်နေရာမှာမှ မရှိပါ။

ပန်းပဲဆရာ ( ၁၁ ) ယောက်က ပြိုင်ပွဲစဖို့ တရွရွ ဖြစ်နေခဲ့ကြပြီး သူတို့ရဲ့ တူတွေကလည်း စိတ်မရှည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

“ မင်း ကျုပ်တို့ကို ဘာပစ္စည်း လုပ်စေချင်တာလဲ။ ”

လီယောင်က လက်သမားဆရာကြီးချွေ့ လုပ်ပေးထားတဲ့ သစ်သားပုတီးစေ့လေးကို လက်ထဲမှာ ကိုင်ထားလျက် ရှေ့ထွက်လာခဲ့သည်။

သူမ တိုင်းတာကြည့်ပြီးသွားပါပြီ။ ‌လုံးဝကြီး အတိအကျ ဖြစ်နေစရာ မလိုပေမဲ့ မှားခွင့်ရှိတဲ့ အတိုင်းအတာကတော့ သေချာပေါက် ( ၀.၅ ) မီလီမီတာအတွင်းမှာ ရှိသည်။

“ ဒီသစ်သားပုတီးစေ့အရွယ်ရှိတဲ့ သံလုံးလေး တစ်လုံး လုပ်ပေးပါ။ ဘယ်လို ပစ္စည်းတွေ ၊ ဘယ်လို နည်းလမ်းတွေကိုပဲ သုံးပြီးတော့ပဲဖြစ်ဖြစ် ဒီသစ်သားပုတီးစေ့လေးနဲ့ အရွယ်အစားတူတဲ့ သံလုံးလေးကို နေ့လယ်မတိုင်ခင် လုပ်ပေးပါ။ သစ်သားပုတီးစေ့လေးနဲ့ အလုံးဝန်းဆုံး ၊ အချောမွေ့ဆုံး ၊ အနီးစပ်ဆုံး အရွယ်အစားတူတဲ့ လူက အနိုင်ရမယ်။ ”

သူတို့ အားလုံးက ဝါရင့်ပန်းပဲဆရာတွေ ဖြစ်၍ ဒါက လွယ်မှာ မဟုတ်မှန်း တန်းသိသည်။ သို့သော်လည်း ပန်းပဲဆရာတိုင်းမှာ အလျှော့မပေးတတ်တဲ့ စိတ်ဝိညာဉ် ရှိသည်။ အဲ့ဒါက ငွေချောင်း ( ၂ ) ချောင်း ဆိုတဲ့ ဆုအတွက် ဆိုလည်း မမှားပါ။ လူတိုင်းက ဦးနှောက်တွေကို ဖျစ်ညှစ်ပြီး နည်းလမ်းပေါင်းစုံကို စဉ်းစားနေခဲ့ကြသည်။

ခဏအကြာမှာတော့ အကုန်လုံး အလုပ် စလုပ်ပါသည်။ အခြေခံ ချဉ်းကပ်ပုံကတော့ ရိုးရိုးရှင်းရှင်းပင်။ သစ်သားပုတီးစေ့လေးကို ပုံစံခွက်အဖြစ် အသုံးချပြီး အပူကြောင့် အရည်ပျော်နေတဲ့ သတ္ထုရည်တွေကို လောင်းချကာ စက်ဝိုင်းပုံ အလုံးလေး ရအောင် လုပ်ရသည်။

ထိုအဆင့်က ရိုးရှင်းပေခဲ့ အရွယ်အစားနှင့် လုံးဝန်းမှုကို ထိန်းချုပ်ရတာကတော့ ခက်သည်။

သာမန် ပစ္စည်းကိရိယာတွေ ၊ နည်းပညာတွေကိုသာ မှီခိုနေရတဲ့ ဝါရင့် ပန်းပဲဆရာကြီးတွေ အကုန်လုံး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါ။ ထိုအလုံးလေးကို တစ်နာရီလောက် သွေးပြီးတာတောင် ပြီးပြည့်စုံတဲ့ သံလုံးလေးကို ရဖို့ အဝေးကြီး လိုနေသေးပါသည်။

“ ဘာတွေ ဒီလောက် ခက်နေကြတာလဲ။ ”

ထိုအချိန်မှာပဲ လူအုပ်ထဲကနေ အသံ တစ်သံ ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်တော့ မရင်းနှီးတဲ့ မျက်နှာ တစ်ခုကို မြင်လိုက်ရလေသည်။ သူ့မျက်နှာပေါ်မှာ အပူလောင်ထားတဲ့ အမာရွတ်လို ပုံပျက်ပန်းပျက် အမာရွတ်ကြီးက အထင်းသား။

“ မင်းက ဘယ်သူလဲ။ ”

“ ဘာမှ မထူးဆန်းသလို ပြောနေရအောင် မင်းရော လုပ်တတ်လို့လား။ ”

ကိုလူစိမ်းက “ ကျုပ် သေချာပေါက် လုပ်နိုင်တာပေါ့ဗျာ။ ဒါပေမဲ့ ပြိုင်ပွဲကို စီစဉ်တဲ့ လူက ကျုပ်ကို အခွင့်အရေးပေးပါ့မလား မသေချာဘူး။ ” ဟု ပြန်ပြောခဲ့သည်။

လီယောင်က ထိုစကားကို ကြားသည်နှင့် သူ့ဆီ အမြန် ပြေးသွားပြီး “ ရှင် လုပ်နိုင်တယ် ဆိုရင် ကျွန်မ ရှင့်ကို သူတို့လိုပဲ ဆုပေးနိုင်တယ်။ ရှင့်ကို အချိန်ပို တစ်နာရီလည်း ပေးမယ်။ ” ဟု ပြောလိုက်၏။

“ ဘာအချိန်ပိုမှ မလိုဘူး။ ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်။ ပြိုင်ပွဲစီစဉ်သူက အဲ့ဒါကို လက်ခံပေးနိုင်ပါ့မလားတော့ မသိဘူး။ ”

လီယောင် အနည်းငယ် မျက်ခုံးပင့်သွားရသည်။ “ ပြောကြည့်ပါ။ ”

“ ကျုပ်လည်း ပန်းပဲဆရာ တစ်ယောက်ပါပဲ ၊ ဒါပေမဲ့ တစ်နေရာတည်းမှာ အတည်တကျ မရှိဘဲနဲ့ မြို့တွေ ၊ ရွာတွေကို တစ်နေရာပြီး တစ်နေရာ လှည့်သွားနေတဲ့ ပန်းပဲဆရာပေါ့။ ကျုပ်က ပေါက်ပြားတွေ ၊ တံစဉ်တွေနဲ့ အဲ့လို ပစ္စည်းတွေကို လုပ်တဲ့ နေရာမှာ အဓိက ကျွမ်းကျင်တယ်။ အစတုန်းကတော့ နေရာ အတည်တကျ မရှိတာ အဆင်ပြေပေမဲ့ ကြာလာတော့ ကျုပ်လည်း တစ်နေရာရာမှာ အခြေချချင်တယ်။ အဲ့ဒါကြောင့် တကယ်လို့ ကျုပ်သာ ပြိုင်ပွဲစီစဉ်သူ လိုချင်တဲ့ သတ္ထုလုံးကို လုပ်ပေးနိုင်ရင် ဒီရွာထဲမှာ နေစရာ ရှာလို့ ရမလား ဆိုတာ ကျုပ် သိချင်တယ်။ ”

နည်းနည်းလေးတော့ ထူးဆန်းသည်ဟု လီယောင် ခံစားမိသည်။

အရပ်လေးမျက်နှာကို လှည့်လည်သွားလာနေတဲ့ သမားတော်တွေ ၊ တာအိုဆရာတွေကို မြင်ဖူးပေမဲ့ အရပ်လေးမျက်နှာကို လှည့်လည်သွားလာနေတဲ့ ပန်းပဲဆရာကိုတော့ … အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်လေသည်။

သူ့ရဲ့ ယုံကြည်ချက်ရှိတဲ့ အမူအရာကို ကြည့်ရသလောက်တော့ အရည်အချင်းရှိတဲ့ လူ တစ်ယောက်နှင့် တူပေမဲ့ တကယ်လို့ ဒီလူက …

အင်း ၊ သတိထားတာတော့ ပိုကောင်းတယ် … ။

“ ရှင်က ဘာလို့ တစ်နေရာတည်းမှာ မနေဘဲ လှည့်လည်သွားလာနေတာလဲ။ ပြီးတော့ ကျွန်မရဲ့ ဟဲဝမ်ရွာမှာ ဘာလို့ နေချင်ရတာလဲ။ ”

“ အရပ်လေးမျက်နှာကို လှည့်လည်သွားလာတာက အတွေ့အကြုံတွေ ရလို့ပဲ။ ဒီမှာ အခြေချချင်ရတဲ့ အကြောင်းအရင်းကတော့ ကျုပ်ခြေထောက်တွေက ဆက်မသွားနိုင်တော့လို့လဲ။ ” ကိုလူစိမ်းက လူအုပ်ထဲကနေ ချိုင်းထောက် တစ်ချောင်းဖြင့် ထွက်လာပြီး သူ ဝတ်ထားတဲ့ ဘောင်းဘီ တစ်ဖက်အောက်မှာ ခြေထောက် မရှိဘဲ အလွတ်ကြီး ဖြစ်နေတာကို ပြခဲ့သည်။ လတ်စသတ်တော့ သူက ဒုက္ခိတ ဖြစ်နေတာကိုး။

“ မင်းတို့ရွာမှာ နေလို့ ကောင်းတယ်လို့ ခံစားရတယ် ၊ ပြီးတော့ မင်းတို့မိသားစုမှာ စီးပွားရေးလုပ်ငန်း အကြီးကြီး ရှိတာလည်း ကျုပ် သိတယ်။ မင်းကလည်း အသစ်အဆန်းတွေကို တီထွင်ရတာ ကြိုက်တော့ ကျုပ်များ ကူညီနိုင်မလားလို့ပါ။ ”

လီယောင်က သူ့မျက်လုံးတွေကို ဆက်တိုက် ကြည့်နေမိသည်။ သူ့ကို ကြည့်ရတာ လိမ်နေတဲ့ပုံတော့ မပေါ်ပါ။ အဲ့ဒီမှာ ရပ်ပြီး သူမ မေးတဲ့ မေးခွန်းကို ဖြေနေတဲ့ သူ့ပုံစံမှာ လက်ချောင်းတွေလည်း ဂဏှာမငြိမ် ဖြစ်မနေပါ။

သို့သော်လည်း လီယောင်ကတော့ သူ့ကို လူကောင်း တစ်ယောက်လို့ ချက်ချင်း မသတ်မှတ်ဘဲ နည်းနည်းလောက် ထပ်ပြီး စောင့်ကြည့်လေ့လာဖို့ ဆုံးဖြတ်လိုက်လေသည်။

( *T/N လီယောင် ပြောတဲ့ ‘ ဂေါ်လီဘောလ် ’ ဆိုတာကို မြင်သာအောင် ပုံထည့်ပေးတာပါ။ ဂေါ်လီဘောလ်အပြင် စောင်းဘောလ် ၊ စည်ပိုင်းဘောလ် စတဲ့ အခေါ်အဝေါ်တွေလည်း ရှိပါသေးတယ်။

နောင်တစ်ခုက ဟဲရှောင်ယာ ပြောတဲ့ ‘ လပြက္ခဒိန် ’ ဆိုတာက လပြည့်အမှတ်တစ်ခုကနေ နောက်ထပ် လပြည့်အမှတ်တစ်ခုကို ရောက်ဖို့ ကြာမြင့်တဲ့ လကို ပြောတာပါ။ အင်္ဂလိပ်လို Lunar Month ‘ လမင်းကြီးကို အခြေပြုတဲ့ လ ’ လို့ ခေါ်ပါတယ်။ )

…

All Chapters