ချွေးမလေးရဲ့ အိမ်ပြန်ခရီး။
Vol. 9 Ch. 106
လီယောင်က “ ကောင်းပြီလေ။ ရှင် သတ္ထုလုံးကို ကျွန်မ ပြောတဲ့အတိုင်း တစ်ထပ်တည်း လုပ်နိုင်ရင် ဒီရွာမှာ နေလို့ ရမယ်။ ” ဟု ပြောလိုက်သည်။ “ ကျွန်မ ရှင့်အတွက် နေစရာ အိမ်ဆောက်ပေးရုံတင် မကဘူး ၊ လစဉ် လုပ်အားခပါ ပေးနိုင်တယ်။ ရှင့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အစုံအလင် ရှိတဲ့ ပန်းပဲအလုပ်ရုံ တစ်ရုံလည်း ဆောက်ပေးမယ်။ ”
ရှားရှန့်က “ ကြင်နာတဲ့ ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ဒါဆို ကျုပ် အခုချက်ချင်း အလုပ်စလိုက်ပါ့မယ်။ ” ဟု ပြန်ပြောပြီးနောက် မီးပြင်းဖိုကြီးဆီ ထော့နဲ့ထော့နဲ့ လျှောက်သွားကာ တခြား ပန်းပဲဆရာတွေလိုပဲ အလုပ်စလိုက်၏။ အကြမ်းထည် သတ္ထုလုံးလေးကို အရင်ဆုံး ပြုလုပ်ပြီး ရေထဲမှာ အအေးခံရသည်။ အဲ့ဒီနောက် သူ့ပစ္စည်းတွေကို ထုတ်ပြီး သတ္ထုလုံးလေးကို စပြီး အရောင်တင်လိုက်သည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာကာ မကြာခင် နေ့လယ် ရောက်တော့မည်။
“ ကဲ … အားလုံးပဲ လုပ်လက်စတွေကို အခု ရပ်လိုက်ပါတော့။ ”
လီယောင်က အဲ့ဒီလို ပြောပြီး သူတို့ လုပ်ထားတဲ့ သတ္ထုလုံးတွေကို သူတို့ရှေ့မှာ တင်ထားခိုင်းလိုက်ပါသည်။ ထို့နောက် သတ္ထုလုံးတွေကို အပေါက်ဖောက်ထားတဲ့ သစ်သားပြားလေးဖြင့် တစ်လုံးချင်း လိုက်စမ်းသပ်ရင်း မှတ်ချက်တွေကို တရစပ် ပေးသွားသည်။
“ လုံလောက်တဲ့ အနေအထားထိ မလုံးဝန်းသေးဘူး။ သေးလွန်းတာ်။ ”
“ အဆင်မပြေဘူး။ ကြီးလွန်းတယ်။ ”
“ ဒီတစ်ခုလည်း အလုပ်မဖြစ်ဘူး။ ”
ထင်ထားတဲ့အတိုင်းပင် ပထမ ပန်းပဲဆရာ ( ၁၁ ) ယောက် လုပ်ထားတဲ့ သတ္ထုလုံးတွေက အခြေခံ စံချိန်စံနှုန်းတွေကိုတောင် မမီပါ။
နောက်ဆုံးတော့ သူမ ရှားရှန့် လုပ်ထားတဲ့ သတ္ထုလုံးကို မြင်ချိန်မှာ မျက်လုံးတွေ အရောင်တောက်သွားသည်။ သူ ကျန်တဲ့ လူတွေထက် တစ်နာရီ နောက်ကျပြီးမှ စလုပ်ခဲ့ပေမဲ့ သူ လုပ်ထားတဲ့ သတ္ထုလုံးက အကောင်းဆုံး ဖြစ်ပြီး မျက်နှာပြင်ကလည်း အတော်လေး ချောမွေ့သည်။
လီယောင်က သတ္ထုလုံးလေးကို သစ်သားပြားပေါ်က စက်ဝိုင်းပုံ အပေါက်လေးထဲ ထည့်ကာ ဟိုဘက်ဒီဘက် လှည့်ကြည့်ပြီးနောက် ထိုသတ္ထုလုံးလေးဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြီးပြည့်စုံစွာပင် ကွက်တိကျနေကြောင်း တွေ့လိုက်ရလေသည်။
တကယ်ပဲ ဒီလူက အရည်အချင်းရှိတာပဲ။
အနိုင်ရရှိသူက ရှားရှန့် ဖြစ်ကြောင်း ကြေညာလိုက်တော့ သူက သူမကို ကျေးဇူးတင်စကား လာပြောခဲ့သည်။
“ အလုပ်ရုံနားက မြေကွက်လပ်မှာ ရှင့်အတွက် အိမ်ခန်းတွဲလေး ဆောက်ခိုင်းထားလိုက်ပါ့မယ်။ ဒီကြားထဲတော့ ရှင် အဆင်ပြေရင် ကျွန်မတို့မိသားစု နေခဲ့တဲ့ အိမ်ဟောင်းမှာ နေလို့ ရတယ်။ ”
ရှားရှန့်ကတော့ “ ဟားဟား ၊ သိပ်ကို အဆင်ပြေတာပေါ့ဗျာ။ နေစရာအိမ် ရှိတာက နွားလှည်းပေါ်မှာ အိပ်ရတာထက်တော့ အပုံကြီး သာပါသေးတယ်။ ” ဟု ရယ်ရယ်မောမော ပြန်ပြောပါသည်။
အဲ့ဒီလိုနှင့် ရှားရှန့် တစ်ယောက် ဟဲဝမ်ရွာမှာ အခြေချဖြစ်သွားသည်။ သူ တစ်နှစ်အတွင်း တရားဥပဒေကို ဆန့်ကျင်တဲ့ ကိစ္စတွေကို မလုပ်ရင် တရားဝင် ဟဲဝမ်ရွာသား တစ်ယောက် ဖြစ်လာပါလိမ့်မည်။
လီယောင်က ထိုနေ့ခင်းမှာပဲ သူ့ကို စိတ်အားထက်သန်စွာ အလုပ် စလုပ်ခိုင်းခဲ့သည်။ ပထမဆုံး အလုပ်က အရွယ်တူ သံမဏိပုတီးစေ့ ( ၃၂ ) လုံးကို ပြုလုပ်ဖို့ပဲ ဖြစ်သည်။
“ အဲ့ဒါက သတ္ထုလုံးတွေ လုပ်ရတာထက်တောင် ပိုခက်လိမ့်မယ်။ ” ရှားရှန့်က လီယောင်ရဲ့ တောင်းဆိုချက်ကို ကြားပြီးတဲ့နောက် ဤသို့ မှတ်ချက်ချခဲ့သည်။ “ မင်း လိုချင်တဲ့ အရွယ်အစားက သေးလွန်းတယ် ၊ သံမဏိက အရမ်း မာတာ။ အရောင်တင်ဖို့ ခက်လိမ့်မယ်။ ”
“ လုပ်လို့ မရဘူးပေါ့။ ”
“ မဟုတ်ပါဘူး။ ကျုပ်က နည်းနည်းလေး ခက်လိမ့်မယ်လို့ပဲ ပြောတာ။ နှစ်ရက်အတွင်း ကျုပ် အပြီး လုပ်ပေးမယ်။ ”
နှစ်ရက်အကြာမှာတော့ ရှားရှန့်က လီယောင့်လက်ထဲကို တောက်ပနေတဲ့ သံမဏိပုတီးစေ့ ( ၃၂ ) လုံး ထည့်ပေးခဲ့သည်။
တစ်ချက်လောက် ကြည့်လိုက်ရုံဖြင့် သံမဏိပုတီးစေ့တွေ အကုန်လုံး လုံးဝန်းနေပြီး အရွယ်အစားကလည်း တပြေးညီတည်းပင်။
နောက်တစ်ဆင့်ကတော့ ဂေါ်လီဘောလ်တွေရဲ့ အတွင်းအပြင် ကွင်းတွေကို ပြုလုပ်ဖို့ ဖြစ်သည်။ ဒီအလုပ်လည်း ခက်ခဲပေမဲ့ အရင်တစ်ခုထက်တော့ ပိုလွယ်တဲ့ အလုပ်ပါ။ ရှားရှန့်က သဘောတရားကို ခပ်မြန်မြန် သဘောပေါက်သွားခဲ့ပြီး လီယောင်က သူ့ကို နည်းနည်းပါးပါး ထပ်ရှင်းပြလိုက်တော့ ဘာလုပ်ရမလဲ ဆိုတာကိုပါ နားလည်သွားသည်။
တစ်ရက်တည်းနှင့် အတွင်းအပြင် ကွင်းတွေကို သူ အပြီး လုပ်ခဲ့ကာ နောက်ထပ် နေ့တစ်ဝက်အတွင်းမှာ ကြေးဝါကို သုံးပြီး ဂေါ်လီဘောလ်ရဲ့ ကိုယ်ထည်ဘောင်ကို ပြုလုပ်ခဲ့သည်။
လီယောင် ခိုင်းတဲ့အတိုင်းသာ လုပ်နေရသော်လည်း သူ ဒါတွေကို ဘယ်နေရာမှာ သုံးမှာလဲ ဆိုတာကိုတော့ သူ အခုထိ မသိသေးပါ။
“ သေချာ ကြည့်ထားနော်။ ကျွန်မ အခု လုပ်ပြီးသွားတဲ့ ပစ္စည်းတွေကို တပ်ပြမယ်။ ”
လီယောင်က ပြောပြောဆိုဆိုပင် သံမဏိပုတီးစေ့လေးတွေနင့် ကွင်းတွေကို ပေါင်းစပ်ကာ ကိုယ်ထည်ဘောင်ပေါ်မှာ မြဲနေအောင် တပ်ဆင်လိုက်၏။ အဲ့လိုနှင့် ဂေါ်လီဘောလ် ( ၄ ) ခု ရရှိလာခဲ့သည်။
ရှားရှန့်က ပြီးစီးသွားတဲ့ ပစ္စည်းကို မြင်တော့မှ အံ့အားသင့်သွားသလို ဒီပစ္စည်းတွေကို ဘာအတွက် သုံးမှာလဲ ဆိုတာကိုလည်း နားလည်သွားသည်။
“ ဒါကို ရထားလုံးဘီးတွေပေါ်မှာ သုံးမှာလား။ ”
“ ရှင်က ဉာဏ်ပြေးသားပဲ။ ဒါပေမဲ့ ဂေါ်လီဘောလ်တွေက ရထားလုံးတွေအတွက်ပဲ အသုံးဝင်တာ မဟုတ်ဘူး ၊ လည်ပတ်ဖို့ လိုတဲ့ နေရာတိုင်းမှာ သူတို့ကို သုံးလို့ ရတယ်။ ”
ဂေါ်လီဘောလ်တွေထဲကို ဝက်ဆီ အနည်းငယ် လောင်းထည့်ပြီးနောက် လှည်းဘီးပြုလုပ်သူရဲ့ လက်ထဲကို ထည့်ပေးလိုက်သည်။
အခုတလော လှည်းဘီးပြုလုပ်သူက လီယောင်ရဲ့ အသေးစိတ် ညွှန်ကြားချက်အတိုင်း ဘီးဝင်ရိုးတွေ ၊ လှည်းဘီးတွေကို အသေးစိတ် ဒီဇိုင်းပြန်ဆွဲထားတာမို့ ဂေါ်လီဘောလ်တွေကို တပ်ဆင်တဲ့ နေရာမှာ ဘာပြဿနာမှ မရှိပေ။
လီယောင်က “ သူတို့ ဘယ်လို အလုပ်,လုပ်လဲ ဆိုတာကို တစ်ချက်လောက် စမ်းကြည့်မလား။ ” ဟု ပြောလိုက်တော့ ရှားရှန့်က “ ကျုပ် စမ်းကြည့်မယ်။ ” ဟု ချက်ချင်း ထပြောလိုက်သည်။
လှည်းဘီးကို ဆုပ်ကိုင်ပြီး အားနှင့် ခပ်ပြင်းပြင်းလေး လှည့်လိုက်သည်နှင့် လှည်းဘီးက တဝီဝီအသံတိုးတိုးလေးက လွဲလို့ ဘာတကျွီကျွီအသံမှ မမြည်ဘဲ အံ့ဩဖွယ်ရာ ချောမွေ့မှုဖြင့် လည်ပတ်သွားခဲ့လေသည်။ အနည်းဆုံး အပတ် သုံးဆယ်လောက် လည်နေပြီးမှ သူ့ဟာသူ ဖြည်းဖြည်းချင်း ရပ်သွားသည်။
ရှားရှန့်သည် “ ဒီလှည်းဘီးက အကြာကြီး လည်နိုင်တာပဲ။ ” ဟု တအံ့တဩ ရွေရွတ်မိသွား၏။
လီယောင်ကတော့ ဒါတွေက လက်လုပ်ဂေါ်လီဘောလ်တွေပဲမို့လို့ တိကျမှုအားမှာ အများကြီး နောက်ကောက်ကျကျန်နေသေးတာလို့ စိတ်ထဲက တွေးနေမိသည်။ ခေတ်မီ ဂေါ်လီဘောလ်တွေနှင့်သာ ဆိုရင် ( ၁၈၀ ) ပတ်လောက်တောင် အေးဆေး လည်နိုင်သည်။
“ လှည်းဘီးတွေရဲ့ အပြင်အနားစွန်းတွေရော အဆင်သင့် ဖြစ်ပြီလား လှည်းဘီးလက်သမားဆရာကြီး။ ”
“ အဆင်သင့်ပဲ။ အခု တပ်လို့ ရပြီ။ ”
သူက ရာဘာနှင့် မဟုတ်ဘဲ နွားသားရေနှင့် လုပ်ထားတဲ့ အပြင်အနားစွန်း လေးခုကို လှည်းဘီးတွေမှာ တပ်ဖို့ ယူလာခဲ့သည်။
ရှားရှန့်ရဲ့ အကူအညီဖြင့် သူတို့ နှစ်ယောက်က အပြင်အနားစွန်းတွေကို လှည်းဘီးတွေပေါ်မှာ အံဝင်ခွင်ကျ တပ်ဆင်နိုင်ခဲ့သည်။
ပစ္စည်းတွေ အကုန်လုံး တပ်ဆင်ပြီးသွားတော့ ခြံထဲမှာ စမ်းမောင်းကြည့်ချိန်မှာ ရထားလုံးက အခုတော့ တကယ့်ကို ချောချောမွေ့မွေ့ သွားနေခဲ့ပါပြီ။ တုန်ခါမှု အသေးစာလေးတွေကို နွားသားရေက စုပ်ယူသွားပြီး ရထားလုံးထဲက လူကို ဇိမ်အကျကြီး ကျနေစေသည်။
တရားသူကြီးကတော်က လီယောင် တီထွင်ထားတဲ့ ရထားလုံး အသစ်ကို စမ်း,စီးကြည့်ပြီးနောက် “ ဒါက ကျွန်မ စီးဖူးသမျှထဲမှာ ဇိမ်အကျဆုံး ရထားလုံးပဲ။ ” ဟု အံ့ဩတကြီး ပြောခဲ့သည်။ “ ကျွန်မ အိမ်ပြန်ရောက်ရင် မောင်ကြီးကိုလည်း ကျွန်မတို့ရဲ့ ရထားလုံးကို ဒီလို ပြုပြင်ခိုင်းရမယ်။ ”
“ မလောပါနဲ့ ၊ နွားသားရေနဲ့ လုပ်ထားတဲ့ လှည်းဘီးအနားစွန်းတွေက ကြာကြာ ခံမှာ မဟုတ်ဘူး။ တစ်ခါ ၊ နှစ်ခါ အသုံးပြုလို့ ရရုံလောက်ပဲ ရှိတာ။ ကျွန်မ တောင်အရပ်ကို လူတွေ လွှတ်ပြီး ရာဘာတွေ ဝယ်ခိုင်းထားပြီးပြီ။ ရာဘာတွေ ရောက်လာတာနဲ့ ကျွန်မတို့ ပိုကောင်းတဲ့ လှည်းဘီးတွေကို ထုတ်လုပ်လို့ ရပြီ။ ”
ဘယ်လိုပဲဖြစ်ဖြစ် လီယောင် တီထွင်ထားတဲ့ ရထားလုံးက ဒီခေတ်မှာတော့ ခေတ်အမီဆုံး ရထားလုံး ဖြစ်သည်။
ဟဲရှောင်ယာသည် သူမရဲ့ ယောက္ခမဟာ သူမ အိမ်ပြန်တဲ့အခါ သက်သောင့်သက်သာ ခရီးသွားနိုင်စေဖို့ အချိန်တွေ ၊ အင်အားတွေ အများကြီး စိုက်ထုတ်ပြီး ပန်းပဲဆရာတွေ ၊ လှည်းဘီးပြုလုပ်သူတွေကို တကူးတက ငှားရမ်းခဲ့ကြောင်း သိသွားလျှင် သူမရဲ့ ကျေးဇူးသိတတ်မှုက အဆုံးမရှိတော့ပါ။
“ မင်း ကျုပ်ကို ဘာထပ်လုပ်စေချင်လဲ ဆိုတာ ပြောပါ သူဌေး။ ” ရှားရှန့် ဆိုတဲ့ နာမည်မှာ “ အနားယူချိန် ” ဆိုတဲ့ အက္ခရာ ပါနေပေမဲ့ လူကတော့ ခဏတဖြုတ်တောင် ဘာမှ မလုပ်ဘဲ ထိုင်နေနိုင်ပုံမပေါ်ပါ။ “ ကျုပ် ခင်ဗျား ခိုင်းတာမှန်သမျှ လုပ်ပေးမယ်။ ”
လီယောင်က ခဏ စဉ်းစားကြည့်ပြီးမှ “ လုံးပတ်တိုင်းတဲ့ ကိရိယာ လုပ်မယ်။ ” ဟု ပြောလိုက်သည်။
လီယောင်ရဲ့ ညွှန်ကြားမှုအောက်မှာ ရှားရှန့်က ကမ္ဘာ့ပထမဆုံး လုံးပတ်တိုင်းကိရိယာကို စတင် ပြုလုပ်ခဲ့သည်။ လုံးပတ်တွေကို တိတိကျကျ တိုင်းတာနိုင်တဲ့ ကိရိယာနှင့် ဆိုလျှင် အနာဂတ်မှာ ပြုလုပ်မယ့် ပစ္စည်းတွေက ပိုလို့တောင် အရည်အသွေးမြင့်ပြီး တိကျလာပါလိမ့်မည်။
မကြာခင်မှာပဲ ဆယ့်နှစ်ကြိမ်မြောက် စန္ဒမြာသရဲ့ ရှစ်ရက်မြောက်နေ့ကို ရောက်လာကာ တာ့ကျွမ်းနှင့် ဟဲရှောင်ယာက ဟဲရှောင်ယာရဲ့ အိမ်ကို အလည်ပြန်ဖို့ ပြင်ဆင်ခဲ့ကြလေသည်။
ဟဲရှောင်ယာက သက်သောင့်သက်သာရှိရှိ ဇိမ်ကျနေတဲ့ ရထားလုံးကို စီးကာ ဟိုးခပ်ဝေးဝေးမှာ တဖြည်းဖြည်း ကျန်ရစ်ပျောက်ကွယ်သွားတဲ့ ဟဲဝမ်ရွာလေးကို ကြည့်ပြီး စိတ်လှုပ်ရှားနေမိသည်။
ဒီတစ်ခေါက် သူမတို့ ပြန်သွားတဲ့အခါ သူမရဲ့ မိဘတွေက သူမနှင့် တာ့ကျွမ်းကို ဘယ်လို ဆက်ဆံမလဲ ဆိုတာ သူမ မသိပါ။
…
ဟဲရှောင်ယာက ဟဲအိမ်တော်တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။
ခဏကြာတော့ ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူတွေနှင့် လူကြီး တစ်ယောက် တံခါးလာဖွင့်ပေးခဲ့ပြီး ရှောင်ယာကို မြင်တော့ သိပ်ပျော်သွားတဲ့ပုံ မပေါ်ပေ။
ဟဲရှောင်ယာက “ အဖေ … ” လို့ နူးညံ့စွာ ခေါ်လိုက်၏။ တောင့်တောင့်ကြီး ရပ်ပြီး ဆွံ့အနေတဲ့ တာ့ကျွမ်းရဲ့ အင်္ကျီလက်ကို ဆောင့်ဆွဲလိုက်တော့မှ သူက သတိပြန်ဝင်လာပြီး လမ်းမှာ သူ့ကို ရှောင်ယာ သင်ပေးခဲ့တာတွေကို ပြန်သတိရသွားသည်။ သူ ရှေ့ထွက်ပြီး ယောက္ခကြီးဖြစ်သူကို ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။ “ မင် .. မင်္ဂလာပါ .. အ .. အဖေ … ”
ဟဲရှစ်ယို့ရဲ့ မျက်နှာက ပိုလို့တောင် မည်းမှောင်သွားခဲ့သည်။
သူ တာ့ကျွမ်းကို ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘဲ အရင်တုန်းကဆို စကား တစ်ခွန်းတောင် ပြောခဲ့တာ မဟုတ်ပါ။ ဒင်းကို စကားထစ်တဲ့ ကောင် ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူ့သမီးထွေးလေး အိမ်ပြန်လာတာကို အပြင်မှာ ဒီတိုင်းကြီး ရပ်နေခိုင်းလို့ မရသောကြောင့် “ ဝင်ခဲ့လေ။ ” ဟု ဒေါသကို ထိန်းပြီး ပြောလိုက်ရသည်။
“ ဪ ၊ ဒါဆို ကျွန်တော် ရထားလုံးကို တစ်နေရာရာမှာ ရပ်ထားလိုက်မယ်နော် အဖေ။ ” ဟု တာ့ကျွမ်းက ရိုရိုသေသေ ပြန်ပြောလိုက်၏။
သို့သော်လည်း ယောက္ခမကြီးကတော့ သူ့ကို “ ခြံက ကျဉ်းတယ်။ နွားလှည်းကို လမ်းပေါ်မှာပဲ ရပ်ခဲ့လိုက်။ ” လှောင်ပြုံးဖြင့် တုံ့ပြန်ခဲ့သည်။
တာ့ကျွမ်း : …
သူမအဖေရဲ့ စိတ်ကို ဟဲရှောင်ယာ ကောင်းကောင်း သိသည်။ တစ်ယောက်ယောက်က သူ ပြောတဲ့ စကားကို ဆန့်ကျင်ရဲရင် သူ့ဆီက ကြင်နာတဲ့ အကြည့်ကို တစ်သက်လုံး ရတော့မည် မဟုတ်ပါ။ တာ့ကျွမ်းကို အဖေ့အား ဒေါသထွက်အောင် မလုပ်စေချင်၍ သူ့ကို တစ်ချက် ကြည့်ပြီး တီးတိုး ပြောလိုက်သည်။ “ အဖေ ပြောသလိုပဲ အဆင်ပြေတဲ့ နေရာမှာ ရပ်ခဲ့လိုက်။ ပြီးမှ ကျွန်မ တစ်ယောက်ယောက်ကို ကြည့်ခိုင်းထားလိုက်မယ်။ ”
မိသားစုက ချမ်းသာတာကြောင့်သာ လက်ဆောင်ထုပ်တွေ အများကြီး ပါတဲ့ ရထားလုံးကြီးကို ဟဲရှောင်ယာ တစ်ယောက် အပြင်မှာ ရပ်ရဲတာပါ။ မဟုတ်ရင် သူမ ထိုရထားလုံးကို ဘယ်တော့မှ စိတ်ချမှာ မဟုတ်။
ဇနီးဖြစ်သူရဲ့ အိမ်အပြန်ကို အတူတူ လိုက်ပါလာတဲ့ တာ့ကျွမ်းကလည်း မိန်းမစကားကို မြေဝယ်မကျ နားထောင်ကာ “ မင်း ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်။ ” ဟူ၍ ခေါင်းညိတ်လိုက်ရသည်။
…