ကြွားဝါပြောဆိုမှု။
Vol. 9 Ch. 107
ဟဲအိမ်တော်ရဲ့ ခြံဝန်းထဲကို သူတို့ ဝင်လာခဲ့တော့မှ တကယ်တမ်းမှာ ခြံက တော်တော်လေး ကျယ်ဝန်းတာကို တွေ့လိုက်ရလေသည်။
ဟဲရှစ်ယို့မှာ သား နှစ်ယောက် ၊ သမီး သုံးယောက် ရှိပြီး ဟဲရှောင်ယာကတော့ အငယ်ဆုံး သမီး ဖြစ်ပါသည်။ ဟဲရှောင်ယာရဲ့ အထက်က အစ်မ နှစ်ယောက်နှင့် အစ်ကို နှစ်ယောက်လုံး အိမ်ထောင်ကိုယ်စီကျပြီးပြီ ဆိုပေမဲ့ အိမ်ခွဲမနေဘဲ ဟဲအိမ်တော်မှာပဲ တစုတစည်းတည်း နေကြသည်။ အဆောင် ငါးခု ပါပြီး ကျယ်ဝန်းတဲ့ ဟဲအိမ်တော်က သူတို့အတွက်လည်း နေရတာ အဆင်ပြေသည်။
ပိုင်ချွမ်းခရိုင်မှာဆို ဒီလို အိမ်ကြီးရခိုင်မျိုးကို လူချမ်းသာမိသားစုလို့ သတ်မှတ်လို့ ရသော်လည်း ယီကျိုးခရိုင်ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာတော့ လူလတ်တန်စားအဖြစ်သာ သတ်မှတ်နိုင်ပါသည်။
ဟဲရှောင်ယာ အိမ်ပြန်လာတဲ့ သတင်းကို ကြားတော့ အစ်ကို နှစ်ယောက်ရဲ့ မိသားစုတွေက အခန်းထဲကနေ ချက်ချင်း ထွက်လာကြသည်။
“ အိုး ၊ ဒါက ယာလေး မဟုတ်လား။ ” ပထမယောင်းမက ပျော်ရွှင်စွာ ပြောလိုက်သည်။ “ နင် အိမ်ထောင်ကျတာ တစ်နှစ်တောင် ပြည့်တော့မယ် ၊ နောက်ဆုံးတော့ နင်က အိမ်ကို ပြန်လာရမယ် ဆိုတာ သိသွားပြီပေါ့လေ။ ”
ဒုတိယယောင်းမကတော့ ပိုလို့တောင် ထေ့ငေါ့ခဲ့သည်။ “ အိမ်ပြန်လာတော့ရော ဘာထူးမှာလဲ။ လက်ဗလာနဲ့ အိမ်ပြန်လာတာက လုံးဝ ပြန်မလာတာထက်တောင် ဆိုးသေးတယ်။ ”
ပထမယောင်းမက “ ညည်း အဲ့လိုတော့ မပြောပါနဲ့ဟယ်။ ယာလေးက တောင်တန်းတွေဘက်က မိသားစုနဲ့ လက်ထပ်ထားတယ် ဆိုတာကို ငါတို့ အားလုံး သိတာပဲ။ အဲ့ဘက်မှာ ပိုက်ဆံရှာရတာ မလွယ်ဘူးဟဲ့။ သူ့မှာ လက်ဆောင်တွေ ဝယ်ဖို့ ဘယ်လိုလုပ် ပိုက်ဆံရှိမှာလဲ။ ” ဟု ပြောလိုက်တော့ ဒုတိယယောင်းမက “ ဆင်းရဲတဲ့ လူတွေလည်း လူ့ကျင့်ဝတ်တွေကို ဂရုမစိုက်ဘဲတော့ မနေသင့်ဘူးလေ။ ဒါပေမဲ့လည်း တောသားတွေက လူကျင့်ဝတ်ကို နားမလည်တာ ထုံးစံပါပဲ။ မထူးဆန်းပါဘူး။ ” ဟု ခွန်းတုံ့ပြန်လိုက်၏။
တာ့ကျွမ်းရဲ့ မျက်နှာက ချက်ချင်း ရဲတက်သွားခဲ့သည်။
သူ့အမေက ရွာမှာကတည်းက လက်ဆောင်တွေ အများကြီး ပြင်ဆင်ပေးခဲ့ပေမဲ့ ထိုလက်ဆောင်တွေ အကုန်လုံးက သူ့ယောက္ခထီးနှင့် ယောက္ခမအတွက်သာ ဖြစ်ပြီး ကျန်တဲ့ လူတွေအတွက် ပါပုံ မရပါ။
ဟဲရှောင်ယာရဲ့ အစ်ကို နှစ်ယောက်က တာ့ကျွမ်းရဲ့ ရိုးရိုးအအ ပုံစံကို ကြည့်ပြီး စိတ်ထဲကနေ ပိုပြီးတော့တောင် အထင်သေးသွားကြသည်။ ရှောင်လေး ဘာအတွေးတွေနဲ့များ ဒီတောသားကောင်နဲ့ ဇွတ်အတင်း လက်ထပ်ခဲ့တာလဲ ဆိုတာ သူတို့ မသိတော့။
“ ခြံထဲမှာပဲ ထိုင်ကြမယ်။ ဒုတိယချွေးမက အသား ကတ်တီဝက် သွားဝယ်ပြီး နေ့လယ်စာ ချက်လိုက်။ ”
ဒုတိယယောင်းမက ဟဲရှစ်ယို့ရဲ့ စကားကြောင့် မသွားချင် သွားချင်ဖြင့် ထွက်သွားခဲ့သည်။
သို့သော်လည်း သူမက ချက်ချင်း အသားသွားဝယ်တာ မဟုတ်ဘဲ ပတ်ဝန်းကျင်ကို လှည့်ပြီး လူတိုင်းကို ဟဲရှောင်ယာတို့လင်မယားက ဘာလက်ဆောင်မှ မပါဘဲ လက်ဗလာနှင့် အိမ်ပြန်လာကြောင်း အတင်းလှည့်ပြောခဲ့သည်။
မနှစ်တုန်းက ဟဲရှောင်ယာ အိမ်ထောင်ပြုသွားတော့ သူမကို နှမြောတသဖြစ်တဲ့ ရွာသားတွေ ဒုနှင့်ဒေး။
သားလူပျိုလေးတွေ ရှိတဲ့ မိသားစု တော်တော်များများက သူမကို ချွေးမတော်ဖို့ စိတ်ကူးထားကြပေမဲ့ ဟဲရှောင်ယာကတော့ ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ပေ။ အဲ့ဒီလိုနှင့် နောက်ပိုင်းကျတော့ သူမကို တောသား တစ်ယောက်က ဖြတ်ခုတ်သွားပြီး သူတို့အားလုံးကို နောင်တဗရပွဖြင့် ကျန်ရစ်စေခဲ့သည်။
“ ထမင်းစားပြီးရင် ကျုပ်တို့အိမ်ကို လာခဲ့ဦး။ ယာလေးရဲ့ ယောက်ျားက ဘယ်လောက်တောင် အရည်အချင်းမရှိတဲ့ လူလဲ ဆိုတာ ပြချင်လို့ … ”
ဒုတိယယောင်းမက အရပ်တကာလှည့်ပြီး ထိုသို့ အတင်းပြောနေစဉ်မှာ ဟဲအိမ်တော်ခြံဝန်းထဲမှာတော့ ဟဲမိသားစု တစ်စုလုံးက တာ့ကျွမ်းကို ရာဇဝတ်သား တစ်ယောက်လို ဝိုင်းကြည့်နေခဲ့ပါသည်။ သူတို့အကြည့်တွေက တာ့ကျွမ်းအား သူ့လက်တွေ ၊ ခြေထောက်တွေကို ဘယ်လို ထားရမလဲတောင် မသိလောက်အောင် ယောက်ယက်ခတ်စေသည်။
ဒါပေမဲ့ တကယ့် ကိုးရိုးကားရားအနိုင်ဆုံး အဖြစ်အပျက်က နေ့လယ်စာစားချိန်ရောက်တော့မှ ဖြစ်ပေါ်ခဲ့တာပင်။
“ ထမင်းစားပွဲက သေးပြီး လူက များနေတော့ လူတိုင်းအတွက် နေရာမဆန့်ဘူး။ ယောက်ဖ အဆင်ပြေရင် စားပွဲဝိုင်းသေးသေးလေးမှာပဲ ထိုင်စားလိုက်ပါလား။ ”
“ ကျုပ် အ .. အဆင်ပြေပါတယ် … ”
ဟဲအိမ်တော်မှာ တစ်နာရီ နေရခြင်းကပင် တာ့ကျွမ်းအတွက် မပြီးဆုံးနိုင်တဲ့ ဆယ်နှစ်တာကဲ့သို့ ခံစားရပြီး ဖြစ်နိုင်ရင် အခုချက်ချင်း အိမ်ကို ထပြန်လိုက်ချင်သည်။ သူတို့နှင့် ထမင်းစားပွဲ တစ်ဝိုင်းထဲ စားလို့ မရဘူး ဆိုတာကို သိလိုက်ရတော့ အိမ်ပြန်ချင်စိတ် ပိုများသွားသည်။
ဟဲရှောင်ယာရဲ့ အမြင်မှာတော့ ဒါက မတူညီပါ။ သမီးဖြစ်သူရဲ့ အိမ်ကို ပထမဆုံးအကြိမ် လာလည်တဲ့ သားမက်ကို ထမင်းစားပွဲမှာ မစားခိုင်းတာက သူ့ကို အထင်သေးကြောင်း အတိအလင်း ဖော်ပြနေတာပဲ ဖြစ်သည်။
တာ့ကျွမ်းက ဟဲရှောင်ယာရဲ့ အင်္ကျီလက်ကို ဆွဲရင်း “ ထားလိုက်ပါ။ အမေက သိုသိုသိပ်သိပ် နေပြီး ပြဿနာမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်လို့ ပြောထားတယ်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ဟဲရှောင်ယာက စိတ်ထဲကနေပဲ သက်ပြင်းရှိုက်လိုက်မိသည်။ အမေ ဘာလို့ အဲ့လို ပြောခဲ့တာလဲ ဆိုတာကိုလည်း နားမလည်ပါ။ အမေကိုယ်တိုင်က တဇွတ်ထိုးဆန်ပြီး စိတ်ကြီးပေမဲ့ တာ့ကျွမ်းကိုကျ နေရာတိုင်းမှာ ခေါင်းငုံ့ခံခိုင်းနေသည်။
“ ကျွန်မလည်း စားပွဲဝိုင်းလေးမှာ တာ့ကျွမ်းနဲ့ အတူတူ ထိုင်လိုက်မယ်။ ”
ထမင်းစားပွဲဘေးက စားပွဲဝိုင်းအပုလေးမှာ ထိုင်စားရတဲ့ စုံတွဲလေးရဲ့ နေ့လယ်စာက အရသာမရှိတာ မထူးဆန်း။ ဟဲရှောင်ယာက သူမရဲ့ မိသားစုဟာ အနိုင်ကျင့်လွန်းသည်ဟု ခံစားနေရချိန်မှာ တာ့ကျွမ်းရဲ့ စိတ်ထဲမှာတော့ ဒီဟင်းတွေက သူ့အမေနှင့် ရှောင်ယာ ချက်တဲ့ ဟင်းတွေနှင့် အရသာချင်း မိုးနှင့် မြေလို ကွာနေတယ်လို့ပဲ ခံစားနေခဲ့ရသည်။
နေ့လယ်စာ စားပြီးသွားတော့ ဒုတိယယောင်းမရဲ့ “ ဖိတ်ကြားချက် ” ကြောင့် ဟဲအိမ်တော်ခြံဝန်းထဲကို ရွာလုံးကျွတ်နီးပါး တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ ဟဲရှောင်ယာရဲ့ ခင်ပွန်းက ဘယ်လို လူမျိုးလဲ ဆိုတာ သူတို့ စပ်စုချင်သည်။
သူ့ကို ဝိုင်းကြည့်နေတဲ့ လူတွေ ထပ်တိုးလာသောကြောင့် တာ့ကျွမ်းလည်း ပိုစိတ်လှုပ်ရှားလာခဲ့သည်။ ဟဲရှောင်ယာကလည်း ပင်ပန်းသည်ဟု ဆိုကာ အိမ်ထဲမှာ တစ်ရေးသွားအိပ်နေတာမို့ သူ့ဘေးမှာ ရင်းနှီးတဲ့ လူ တစ်ယောက်မှ မရှိတော့ဘဲ သူ့ကို နောက်တစ်ခေါက် ထပ်ပြီး ဂဏှာမငြိမ် ဖြစ်စေခဲ့သည်။
သူ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ ဟဲရှစ်ယို့က နောက်ဆုံးတော့ သူ့ကို စကားပြောခဲ့သည်။ “ မင်းအမေရော နေကောင်းလား တာ့ကျွမ်း။ ”
“ သိပ် … သိပ်ကို ကျန်းမာပါတယ်ခင်ဗျာ … ”
“ အေး ၊ မင်းတို့မိသားစုမှာ မြေ ဘယ်နှဧက ရှိလဲ။ ”
“ ကျွန်တော်တို့ ပိုင်တဲ့ မြေဧကလား ….. ”
တာ့ကျွမ်း အနည်းငယ် ကြောင်အသွားသည်။
အမေ မြေကွက်တွေ ဝယ်တုန်းက တောင်ထိပ်တွေကိုသာ လက်ညိုးထိုးပြပြီး ဒီတောင် ၊ ဟိုတောင် ၊ အဲ့ဒီတောင် စသည်ဖြင့် ပြောခဲ့တာ ဖြစ်သည်။ သူမ လက်ညိုးထိုးပြတဲ့ တောင်တွေ အကုန်လုံးက သူတို့မိသားစု ပိုင်တဲ့ မြေတွေပါပဲ။ ဘယ်နှဧက ရှိလဲ ဆိုတာကို အမေ ပြောတော့ ပြောပြဖူးပေမဲ့ တော်တော်လေး ကြာသွားပြီမို့ အခုအချိန်မှာ သူ သေချာ မမှတ်မိတော့ပါ။
“ ကျ … ကျွန်တော် ထင်တာတော့ … ”
ဒုတိယယောင်းမက အထစ်ထစ် အငေါ့ငေါ့ ပြောနေတဲ့ သူ့ကို ကြည့်ပြီး ရယ်မောခဲ့သည်။ “ ကျုပ်တို့ရဲ့ မတ်လေးက မှတ်ဉာဏ်သိပ်မကောင်းဘူး ထင်ပါရဲ့တော်။ ”
ထိုစကားကို ကျန်တဲ့ ရွာသူ ၊ ရွာသားတွေကလည်း ခေါင်းညိတ်ထောက်ခံကြသည်။ ကိုယ့်မိသားစုမှာ မြေ ဘယ်နှဧက ရှိလဲ ဆိုတာကိုတောင် မသိတဲ့ လူက မှတ်ဉာဏ်မကောင်းရုံတင် မဟုတ်ဘဲ အသုံးမကျတဲ့ အခြေအနေကို ရောက်သွားပါပြီ။
“ ကျ … ကျွန်တော် သိတော့ သိပေမဲ့ သေချာ တွက်ကြည့်မှ ရမှာဗျ။ ”
“ ဪ ၊ အကြာကြီး တွက်ကြည့်နေရလောက်တဲ့ထိကို မတ်လေးတို့မိသားစုက မြေကွက်တွေ အများကြီး ပိုင်တာလား။ ကျုပ် မတ်လေးကို ပေသီးတွက်ခုံ ယူပေးရဦးမလား။ ”
“ ကျွန်တော် ပေသီးတွက်ခုံနဲ့ မတွက်တတ်ဘူးဗျ။ ”
ရယ်သံတွေ ဝေါခနဲ ထွက်လာပြန်သည်။ ဒီ တာ့ကျွမ်း ဆိုတဲ့ လူက တကယ့်ကို ငတုံးပဲ … ။ ဟိုက သူ့ကို လှောင်နေတာတောင်မှ သူက အဲ့ဒါကို အတည်မှတ်နေသေးတယ် … ။
တာ့ကျွမ်းသည် ဦးနှောက်ကို ပူထူနေအောင် ပြန်စဉ်းစားနေခဲ့သည်။ သူတို့မိသားစုက မြေကွက် သုံးကြိမ် ဝယ်ခဲ့ဖူးသည်။ တစ်ကြိမ်က အိမ်ဆောက်ဖို့ မြေကွက် ဝယ်တာ ဖြစ်ပြီး ကျန်တဲ့ နှစ်ကြိမ်က ဘာသီးနှံမှ မဖြစ်ထွန်းတဲ့ တောင်တန်းတွေကို ဝယ်တာပါ။ တောင်တန်း တစ်ခုက ( ၈၂၅ ) ဧက ရှိပြီး တခြား တောင်တန်း တစ်ခုကတော့ ( ၇၉၂ ) ဧကမို့ စုစုပေါင်း ( ၁၆၁၇ ) ဧက ရှိပြီး မူလကတည်းက ရှိနှင့်ပြီးသား လယ်ကွက်တွေကတော့ ( ၃ ) ဧက ရှိသည်။
“ အခုထိ တွက်လို့ မပြီးသေးဘူးလား။ ”
“ ကျွန်တော် တွက်ပြီးပါပြီ။ ကျွန်တော်တို့မိသားစုမှာ လယ် ( ၃ ) ဧက ရှိတယ် … ”
“ ဟင်းဟင်း ၊ မတ်လေးကလည်း လယ် ( ၃ ) ဧကလောက်ကိုများ အကြာကြီး တွက်နေရတယ်လို့ … ”
တာ့ကျွမ်းက “ ကျွန်တော်တို့မိသားစု ဝယ်ထားတဲ့ တောင်တန်းတွေလည်း ရှိပါသေးတယ်။ ” ဟု အမြန် ထပ်ဖြည့်ပြောလိုက်သည်။
“ ဟုတ်လား။ တောင်တန်းတွေကရော ဘယ်နှဧက ရှိတာလဲ။ ”
“ တစ် … တစ်ထောင့်ခြောက်ရာဆယ့်ခွန်ဧက … ”
“ ဘယ်လို ဘယ်လို … ” ဒုတိယယောင်းမရဲ့ အသံက ကြက်ကြီးလည်လိမ်ခံထားရတဲ့ အသံမျိုး ဖြစ်သွားသည်။ “ နင် လာလိမ်နေတာလား။ ဘာ .. ( ၁၆၁၇ ) ဧက … ဟုတ်လား။ လိမ်မယ် ဆိုလည်း ယုံချင်စရာကောင်းအောင် လိမ်စမ်းပါဟယ်။ နင် ဘယ်သူ့ကို အရူးလာလုပ်ဖို့ ကြံနေတာလဲ။ ”
“ ဟားဟား ၊ သူ မဟုတ်မဟတ်တွေ လျှောက်ကြွားနေတာ သေချာတယ်။ ယီကျိုးခရိုင်က အချမ်းသာဆုံး လူတွေမှာတောင် တောင်တန်း ( ၁၆၁၇ ) ဧက ပိုင်မှာ မဟုတ်ဘူး။ ”
“ ဆန်မရှိ အစားကြီးပြီး လေလုံးထွားလွန်းတဲ့ မိသားစုပဲဟေ့။ မရိုးသားတဲ့ မိသားစုပဲ။ ”
တာ့ကျွမ်းက “ ကျွန်တော့်အမေက လိမ်မပြောရဘူးလို့ မှာထားတယ်။ ကျွန်တော်တို့မိသားစု ပိုင်တဲ့ တောင်တန်းတွေ အဲ့လောက် ရှိတယ် ဆိုတာ တကယ်ပါ။ အဲ့ဒါတွေ အကုန်လုံးကို ကျွန်တော့်အမေ ဝယ်ထားတာ။ ” ဟု ပြန်ပြောလိုက်၏။
“ နင်တို့မိသားစုက တစ်နေ့ကို ထမင်းနပ်မှန်အောင်တောင် စားနိုင်လို့လား။ ယာလေးကိုတောင် ဝမ် ( ၅၀၀ ) နဲ့ပဲ တင်တောင်းခဲ့တာကို အပိုတွေ လာပြောနေတယ်။ နင်တို့မိသားစုက ဘယ်က ပိုက်ဆံနဲ့ အဲ့လောက် တောင်တန်းတွေ အများကြီးကို သွားဝယ်မှာလဲ။ ”
“ ကျွန်တော့်အမေ ရှာတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ခဲ့တာလေ။ ”
တာ့ကျွမ်းသည် လီယောင့်အကြောင်းကို စပြောသည်နှင့် ယုံကြည်မှုတွေ ချက်ချင်း တိုးပွားလာလေသည်။ “ ကျွန်တော့်အမေက သိပ်ကို အရည်အချင်းရှိတဲ့ အမျိုးသမီး တစ်ယောက်ပဲ။ ခရိုင်တရားသူကြီးမင်းတောင် ကျွန်တော့်အမေကို လေးစားရတယ်။ တရားသူကြီးကတော်ကလည်း အခု ကျွန်တော်တို့အိမ်မှာ နေ,နေတာ။ ”
“ ဟားဟား … ”
လူအုပ်ကြီးဆီက ရယ်သံတွေ ဝေါခနဲ ထွက်လာပြန်သည်။
“ တရားသူကြီးကတော်က တရားရုံးတော်မှာ မနေဘဲနဲ့ မင်းတို့အိမ်မှာ လာနေတယ်တဲ့လား။ ”
“ ဒီလောက် လေလုံးထွားနေတဲ့ စကားတွေကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ”
“ ကြည့်ရတာ ဒီကောင်က အသုံးမကျရုံတင် မဟုတ်ဘူး ၊ မျက်နှာလည်း ပြောင်တတ်တာပဲ။ ”
…
တာ့ကျွမ်းက ဆက်ရှင်းပြချင်သော်လည်း လီယောင် မှာလိုက်တဲ့ ‘ အပြင်ရောက်ရင် ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့ ’ ဆိုတဲ့ စကားကို ရုတ်တရက် ပြန်သတိရသွားပြီး သက်ပြင်းချလိုက်မိသည်။
တကယ်တော့ တရားသူကြီးကတော်နှင့် သူတို့မိသားစု ခင်မင်ရင်းနှီးတယ် ဆိုတာက လူတိုင်းနီးပါး သိတဲ့ အမှန်တရားပင်။ သူတို့ကို ဟဲမိသားစုက လုံးဝ အထင်မကြီးတဲ့ အဖြစ်ကို အမေ့စကားနဲ့ ပြောရရင် …. ဘာပါလိမ့် ….. ။
‘ စစ်ရထားကို တားဖို့ ကြိုးစားနေတဲ့ ဓားခုတ်ကောင် ’ ဆိုလား … ။
ထို့ကြောင့် သူ ဘာမှ ဆက်ရှင်းပြမနေတော့ပါ။
…