အပိုဆုကြေး။
Vol. 9 Ch. 109
လီယောင်က ထိုအတွေးကြောင့် ဆပ်ပြာအလုပ်ရုံဘေးမှာ ရှားရှန့်အတွက် အခန်းတွဲတချို့ကို ဆောက်ပြီး သတ္ထုအရည်ကျိုဖို့ အထူး ပြုလုပ်ထားတဲ့ အပူချိန်မြင့် ပန်းပဲဖိုလေး တစ်ခု ပြုလုပ်ပေးခဲ့သည်။
ဝမ်ယွမ်ကောက တခြားနေရာတွေက တွင်းထွက်ပစ္စည်းမျိုးစုံကို ဝယ်ယူပေးပြီး ရှားရှန့်ကတော့ ထိုတွင်းထွက်ပစ္စည်းတွေကို ပန်းပဲဖိုမှာ သတ္ထုဖြစ်အောင် အရည်ကျိုရသည်။
လီယောင်ရဲ့ မှတ်ဉာဏ်နှင့် ရှားရှန့်ရဲ့ နေ့မအိပ်ညမအိပ် ကြိုးစားမှုတို့ ပေါင်းစပ်လိုက်တော့ ကမ္ဘာ့ပထမဆုံး သံမဏိစပရိန်ကို ဆယ်ရက်အတွင်းမှာ အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့၏။
သံမဏိစပရိန်ရဲ့ အချင်းကို လုံးပတ်တိုင်းကိရိယာနှင့် တိုင်းကြည့်လိုက်တော့ လိုအပ်ချက်တွေနှင့် မဖြစ်ညစ်ကျယ် ကိုက်ညီရုံလောက်သာ ရှိသည်။ ရှားရှန့်က နောက်ဆုံးမှာ သိချင်စိတ်ကို ထိန်းမရဘဲ မေးလိုက်မိတော့သည်။ “ ဒီသံမဏိစပရိန်ကို သူဌေး ဘယ်နေရာမှာ သုံးမလို့လဲ။ ”
“ ဒါက အစီအစဉ်ကြီး တစ်ခုရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ရှိသေးတယ်။ ပန်းပဲဖိုထဲကို လောင်စာတွေ ထပ်ထည့်လိုက်ပါ။ ကျွန်မ ဘာလုပ်မလို့လဲ ဆိုတာကို ရှင် မကြာခင် သိရပါလိမ့်မယ်။ ”
လီယောင်က သံမဏိစပရိန်ကို ညှပ်ဖြင့် ညှပ်ယူကာ တရဲရဲတောက်နေတဲ့ ကျောက်မီးသွေးတွေပေါ်မှာ နီရဲနေအောင် အပူပေးပြီးမှ ထိုစပရိန်ကို သံချောင်းလေး တစ်ချောင်းမှာ ရစ်ပတ်လိုက်သည်။ သူမ လိုချင်တဲ့ အတိုင်းအတာကို ရပြီ ဆိုတော့မှ ရေထဲ အမြန် နှစ်ပြီး အအေးခံလိုက်သည်။ လီယောင်က စပရိန်အခွေလေး လုံးဝ အေးသွားပြီ ဆိုမှ ရေထဲက ထုတ်လိုက်ပါသည်။ အဲ့လိုနှင့်ပဲ ကမ္ဘာ့ပထမဆုံး စပရိန်လေး ထွက်ပေါ်လာခဲ့သည်။
ထိုစပရိန်ကို သူ့လက်ဖြင့် ကိုယ်တိုင် စမ်းသပ်ကြည့်တော့လည်း စံသတ်မှတ်ချက်တွေ အကုန်လုံး ပြည့်စုံနေပေမဲ့ သူ နားမလည်သေးပါ။
“ ဒါကို ဘာအတွက် သုံးမှာလဲ။ ”
“ ဒါကို စပရိန်လို့ ခေါ်တယ်။ နေရာ တော်တော်များများမှာ အသုံးဝင်တယ်။ ”
“ မင်း ဒီပစ္စည်းရဲ့ ဖွဲ့စည်းပုံနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်ကို စာနဲ့ ရေးမှတ်ထားသင့်တယ်။ အဲ့ဒါမှ နောက်တစ်ခေါက် ထပ်လုပ်ရင် လွယ်မှာ။ ”
“ ကောင်းပါပြီ။ ဒါဆို … ကျွန်မ ဘာပစ္စည်းတွေ ထပ်လုပ်ဖို့ လိုသေးပါလိမ့် … ” လီယောင်ရ သူမ ပုံတွေ ဆွဲထားတဲ့ စာရွက်အထပ်လိုက်ကို ထုတ်ယူလိုက်သည်။
ရှားရှန်းသည် လီယောင့်ရဲ့ လက်ထဲက စာရွက်အထပ်လိုက်ကြီးနှင့် ထိုစာရွက်တွေပေါ်မှာ ဆွဲထားတဲ့ ပစ္စည်းပေါင်းစုံကို ကြည့်ပြီး ခေါင်းပေါက်ထွက်သွားတော့မလို ခံစားလိုက်ရလေသည်။
ဒါက အားကောင်းမောင်းသန် ယောက်ျားရင့်မာကြီး တစ်ယောက်ကို ဇာထိုးပန်းထိုး လုပ်ခိုင်းသလိုပါပဲ။ အရည်အချင်းသာ ရှိပြီး ထိုအရည်အချင်းကို သွားအသုံးချစရာ နေရာမရှိတဲ့ ခံစားချက်က တကယ့်ကို ဒေါသထွက်ချင်စရာကောင်းသည်။
ကံကောင်းစွာဖြင့် ဒီတစ်ခေါက်တော့ အခက်အခဲတွေ အများကြီး လျှော့ကျသွား၏။ ဂီယာတွေ ၊ ချိန်းကြိုးတွေ ၊ သံဘီးတွေ ၊ စပရိန်ကြီးတွေနှင့် ဂေါ်လီဘောလ် အသေးလေးတွေကို သုံးရက်ပဲ အချိန်ယူခဲ့ရသည်။
သူ လုပ်သမျှထဲမှာ ချည်မျှင်တွေနှင့် ပတ်သက်နေတဲ့ အလုပ်တွေကို လုပ်ရတာ အခက်ခဲဆုံး ဖြစ်ပေမဲ့ လီယောင်က သူ့အတွက် ရိုးရှင်းတဲ့ လက်ထိုးတွင်ခုံလေး တစ်ခု ပြုလုပ်ပြီး ထိုအခက်အခဲကို နှစ်ရက်အတွင်း ဖြေရှင်းပေးခဲ့ကာ နောက်ဆုံးတော့ သူတို့ လိုချင်တဲ့ ချည်မျှင်တွေကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
လက်သမားချွေ့ကလည်း လီယောင်ရဲ့ အသေးစိတ်မှာကြားချက်တွေအတိုင်း သစ်သားတွေကို ပုံသွင်းနေခဲ့ပြီး သူ လုပ်ရတဲ့ ပစ္စည်းအများစုက တော်တော်လေး ကြီးတဲ့ ကိုယ်ထည်ဘောင်တွေ ဖြစ်သည်။
လီယောင်သည် အစိတ်အပိုင်းတွေ အကုန်လုံး ပြုလုပ်ပြီးသွားသောအခါ ထိုအစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး ပစ္စည်း တစ်ခုကို ဖန်တီးဖို့ မစောင့်နိုင်တော့ပါ။
သစ်သားကိုယ်ထည်ဘောင်နှင့် လက်ကိုင်က ဘီးတွေ ၊ တုန်ခါမှုကို လျှော့ချပေးတဲ့ စပရိန်တွေ ၊ ချိန်းကြိုးတွေ ၊ ခြေနင်းတွေနှင့် အံဝင်ခွင်ကျပင်။
နာရီဝက်တောင် မပြည့်လိုက်ဘဲ သူတို့နှစ်ယောက်ရှေ့မှာ ကမ္ဘာ့ပထမဆုံး စက်ဘီး တစ်စီး ဘွားခနဲ ထွက်ပေါ်လာ၏။
လက်သမားချွေ့ရော ၊ ရှားရှန့်ရော ဆွံ့အသွားကြသည်။ ကျောက်မီးသွေးကတ်တီ ရာပေါင်းများစွာကို လဝက်လောက် မီးရှို့ပြီး အချိန်ကုန်ခံ ၊ အပင်ပန်းခံခဲ့ရပေမဲ့ အဆုံးသတ်ရလဒ်ကတော့ သူတို့ လုံးဝ နားမလည်တဲ့ ပစ္စည်း တစ်ခု ဖြစ်နေသည်။
“ ဒါကို ဘယ်နေရာမှာ သုံးမှာလဲ သူဌေး။ ”
“ ဒါကို စက်ဘီးလို့ ခေါ်တယ်။ မြင်းအစား ဒါကို စီးလို့ ရတယ်။ ”
“ ဘီး နှစ်ဘီးပဲ ပါတဲ့ ရထားလုံးလား။ ”
ရှားရှန့်နှင့် လက်သမားချွေ့တင် မဟုတ်ဘဲ စိတ်ဝင်စားစရာမြင်ကွင်းကို လာကြည့်တဲ့ ရွာသူ ၊ ရွာသားတွေပါ မျက်လုံးပြူးသွားခဲ့ကြသည်။
ရှေ့မှာ ဘီး တစ်ဘီး ၊ နောက်မှာ ဘီး တစ်ဘီးနဲ့ စုစုပေါင်းမှ ဘီး နှစ်ဘီးပဲ ပါတဲ့ ရထားလုံးက စီးလို့ရော ရလို့လား။ လဲကျသွားမှာ မဟုတ်ဘူးလား … ။
လီယောင်က စက်ဘီးကို မြေကွက်လပ်ထဲ တွန်းလာခဲ့ပြီးနောက် ထိုင်ခုံပေါ်ကို ဖျတ်ခနဲ ခုန်တက်လိုက်သည်။ စက်ဘီးလက်ကိုင်က အစပိုင်းမှာ နည်းနည်းလေး ယိမ်းနေသော်လည်း တဖြည်းဖြည်း ချောမွေ့တည်ငြိမ်လာပြီး ရွာသူ ၊ ရွာသားတွေကို ထပ်မံ ဆွံ့အသွားစေခဲ့သည်။
“ တကယ် စီးလို့ ရတယ်ဟ။ ”
“ ဒီပစ္စည်းကို ဘယ်လို နိယာမတွေနဲ့ လုပ်ထားတာလဲ။ ” အတော်လေး ဗဟုသုတနှံ့စပ်တဲ့ ရှားရှန့်ပင်လျှင် ဒီတစ်ခေါက်တော့ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ “ အဲ့ဒါက ဘယ်လိုလုပ် လဲကျမသွားရတာလဲ။ ”
လီယောင်က စက်ဘီးကို မြေကွက်လက်ထဲမှာ သုံး ၊ လေးပတ်လောက် ပတ်စီးနေပြီးမှ ရပ်လိုက်သည်။
စမ်းသပ်တဲ့ အဆင့်က အောင်မြင်သွားပေမဲ့ ဒီစက်ဘီးမှာ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိသေးတာမို့ ထိုတာဝန်ကို ရှားရှန့်ကို လွှဲထားလိုက်သည်။
အဲ့လိုနှင့် ဆယ့်နှစ်ကြိမ်မြောက် စန္ဒြမာသရဲ့ ( ၂၃ ) ရက်မြောက်နေ့ကို ရောက်လာခဲ့သည်။ ( ၂၃ ) ရက်နေ့က အလုပ်မှန်သမျှကို ရပ်ပြီး အနားယူတဲ့ အားလပ်ရက် ဖြစ်သည်။
ဆပ်ပြာအလုပ်ရုံမှာလည်း အားလပ်ရက် စတင်ခဲ့ကာ လူတိုင်းက သန့်ရှင်းရေးလုပ်ပြီးသွားသည်နှင့် စိတ်လှုပ်ရှားစွာ စုရုံးရောက်ရှိလာပြီး လုပ်အားခပေးမယ့် လီယောင့်ကို စောင့်မျှော်နေခဲ့ကြသည်။
ဒီနေ့ လုပ်အားခမှာ အပိုဆုကြေးတွေလည်း ပါမှာမို့ ခါတိုင်းထက် ထူးခြားတဲ့ လုပ်အားခလို့ ပြောရမည်။
“ အပိုဆုကြေးတွေ ဘယ်လောက်တောင် ရမလဲ ဆိုတာ ကျုပ် သိချင်လိုက်တာ။ ”
“ တစ်ယောက်ကို ဝမ် ( ၅၀၀ ) လောက် ရရင် ကျုပ်တို့ရဲ့ နှစ်သစ်ကတော့ ပျော်စရာပဲတော်။ ”
“ နင် စိတ်ကူးယဉ်တာ တအား များနေပြီ။ အလုပ်သမားက အယောက် ( ၇၀ ) ကျော်တောင် ရှိတာ ၊ တစ်ယောက်ကို ဝမ် ( ၅၀၀ ) ဆိုရင် ငွေချောင်း ( ၄၀ ) နီးပါး ကုန်မှာလေ။ သူဌေးလီက ဘယ်လိုပဲ ရက်ရောတယ် ဆိုရင်တောင် အဲ့လောက် အများကြီးတော့ ပေးမှာ မဟုတ်ဘူး။ ”
“ ဟုတ်တယ်။ ကျုပ်တို့ကတော့ တစ်ယောက်ကို ဝမ် ( ၂၀၀ ) လောက် ရရင်ပဲ ကျေနပ်ပြီ။ ”
…
ကျွက်ကျွက်ညံနေတဲ့ စကားသံတွေကြားထဲမှာ နောက်ဆုံးတော့ လီယောင် ရောက်လာလျှင် လူတိုင်းက လည်ပင်းလေးတွေ ဆန့်ပြီး လီယောင် စကားပြောမှာကို စောင့်နေခဲ့ကြသည်။
“ နှစ်သစ်ကူးချိန် ရောက်ပြီ ဆိုတော့ လူတိုင်း အပိုဆုကြေးတွေကို စိတ်ဝင်စားနေမယ် ဆိုတာ သေချာပါတယ်။ ” ဟု လီယောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ ကျွန်မ အများကြီး မပြောတော့ပါဘူး။ ရှောင်ဟွေ့က လူတိုင်းအတွက် လုပ်အားခတွေနဲ့ အပိုဆုကြေးတွေကို အခု ခွဲဝေပေးပါလိမ့်မယ်။ ”
“ ကျွန်မ နာမည်ခေါ်ရင် ရှေ့ထွက်လာခဲ့ကြပါ။ ” တုရှောင်ဟွေ့ရဲ့ လက်ထဲမှာတော့ စာရင်းစာအုပ်ကြီး တစ်အုပ်ကို ကိုင်ထားသည်။
သူမ ဆပ်ပြာအလုပ်ရုံအတွက် စာရင်းကိုင် ဖြစ်ကတည်းက ဝမ်အာဆီက စကားလုံးတွေ အများကြီးကို သင်ယူခဲ့ရတာမို့ အခုဆို ရွာသားတွေရဲ့ နာမည် အများစုကို မှတ်မိနေပါပြီ။
“ အစ်မလျှို့ … ”
“ အယ် .. လာပြီ လာပြီ။ ”
အစ်မလျှို့က ဘဲငန်းသားနှပ်ဟင်း လုပ်တဲ့ နေရာမှာ လီယောင့်ကို အရင်ဆုံး ကူညီပေးခဲ့တဲ့ လူတွေထဲက တစ်ယောက် ဖြစ်သည်။ လီယောင်က ဘဲငန်းသားနှပ်လုပ်ငန်းကို ဖန်းမိသားစုထံ လွှဲပြောင်းပေးလိုက်တဲ့နောက်ပိုင်းကတည်းက သူမက အလုပ်ရုံမှာ အလုပ်ဝင်ခဲ့တာမို့ လီယောင့်ရဲ့ အစောဆုံး ဝန်ထမ်းတွေထဲက တစ်ယောက်လို့ ပြောလို့ ရသည်။
တုရှောင်ဟွေ့က “ ဒီလရဲ့ လုပ်အားခက ဝမ် ( ၉၀၀ ) ပါ။ အဲ့ဒါရယ် ၊ နှစ်ကုန် အပိုဆုကြေးတွေရယ်ပေါ့။ ” ဟု ပြောလိုက်သည်။
“ အယ် ၊ နှစ်ကုန် အပိုဆုကြေးလည်း ရှိသေးတာလား။ ”
ဝမ်ယွမ်ကောက လှည်းပေါ်က အိတ် တစ်လုံးကို ယူပေးလိုက်တော့ အစ်မလျှို့က ထိုအိတ်ကို ချက်ချင်း ဖွင့်ကြည့်ပြီး မျက်လုံးပြူးသွားခဲ့သည်။
“ အများကြီးပါလားတော် … ”
ဆီ ( ၂ ) ကျင်း ၊ ဆန် ( ၁၀ ) ကျင်း ၊ ဂျုံ ( ၁၀ ) ကျင်း ၊ အသား ( ၂ ) ကျင်း ၊ ကွာစေ့ ( ၅ ) ကျင်း ၊ သကြားညို ( ၅ ) ကျင်း ။
အမှန်အတိုင်း ပြောရလျှင် သာမန်မိသားစုတွေတောင် နှစ်သစ်ကူးချိန်အတွက် ဒီလောက် ပစ္စည်းတွေ အများကြီး မဝယ်နိုင်ပါ။
“ ငွေသား အပိုဆုကြေးလည်း ရှိပါသေးတယ်။ ” တုရှောင်ဟွေ့က စကား ခဏ ရပ်ကာ စာရင်းစာအုပ်ထဲကို သေချာအောင် ပြန်ကြည့်ပြီးမှ “ ငွေချောင်း ( ၁ ) ချောင်း။ ” ဟု ပြောလိုက်သည်။
“ ဘယ်လောက် ဘယ်လောက် … ”
အစ်မလျှို့က သူ့ကိုယ်သူ နားကြားမှားသွားတာလားဟု ထင်သွားမိသည်။ ငွေချောင်း ( ၁ ) ချောင်းတဲ့လား … ။
“ နင် ဘာလို့ ဒီလောက် အများကြီး ပေးတာလဲ လီယောင်။ ” အစ်မလျှို့ရဲ့ လက်တွေက တုန်ရီနေခဲ့ပြီး ထိုငွေချောင်းကို လှမ်းမယူရဲပါ။ “ နင်လည်း ကြိုးစားပြီး ပိုက်ဆံရှာထားရတာလေ။ ”
လီယောင်က “ ယူလိုက်ပါ ၊ ဒါ ဘယ်လောက်မှ မဟုတ်ပါဘူး။ နောက်နှစ်ကျလည်း အလုပ်ကြိုးစားရင် အပိုဆုကြေးက အနည်းဆုံး နှစ်ဆပဲ။ ” ဟု ပြောလိုက်တော့ အစ်မလျှို့က ငွေချောင်း တစ်ချောင်းနှင့် သူမအတွက် ပေးတဲ့ နှစ်သစ်ကူးလက်ဆောင်တွေကို ဝမ်းသာပျော်ရွှင်စွာ ယူလိုက်သည်။ သူမရဲ့ မျက်လုံးတွေကတော့ မျက်ရည်လည်ကာ နီရဲနေခဲ့သည်။
သူမ ဘဝသက်တမ်း တစ်ဝက်ကျော် အသက်ရှင်နေထိုင်လာခဲ့ပေမဲ့ ဒီလောက် လက်ဆောင်တွေ အများကြီးကို တစ်ခါမှ မရဖူးသလို နှစ်သစ်ကူးလက်ဆောင်တွေလည်း တစ်ခါမှ တနင့်တပိုး မရဖူးခဲ့။ လီယောင်က လူတိုင်းအပေါ် အရမ်း ကောင်းသည်။
“ စိတ်ချပါ လီယောင်။ ငါ နင့်အတွက် နောက်နှစ်လည်း အလုပ်ကြိုးစားပါ့မယ်။ ”
အလုပ်သမားတွေရဲ့ အပိုဆုကြေးတွေ ၊ နှစ်သစ်ကူးလက်ဆောင်တွေ ပြီးသွားတော့ ကြီးကြပ်ရေးမှူးတွေရဲ့ အလှည့်ရောက်လာသည်။
ကြီးကြပ်ရေးမှူးတွေအားလုံးထဲမှာ လီယောင်က အဘွားဝမ်ရွှယ်ရှစ်ကို ငွေချောင်း ( ၅ ) ချောင်း ဆိုတဲ့ အများဆုံး ပမာဏကို ပေးခဲ့သည်။
ဒီအဘွားက အသက်လည်း ကြီးပြီမို့ စကားလုံးတွေ အများကြီး မမှတ်နိုင်တော့တာတောင်မှ တကယ့်ကို တာဝန်ကျေပွန်သည်။ အလုပ်ရုံထဲက အမျိုးမျိုးသော သောင်းပြောင်းထွေလာကိစ္စတွေ အကုန်လုံးကိုလည်း သူမပဲ ဖြေရှင်းပေးတာပင်။
ထို့ကြောင့် ငွေချောင်း ( ၅ ) ချောင်းက များတယ်လို့ သတ်မှတ်လို့ မရပါ။
အဘွားဝမ်ရွှယ်ရှစ်က သူမတို့ရဲ့ အားကိုးယုံကြည်ရတဲ့ လူရင်းဝန်ထမ်းတွေထဲက တစ်ယောက်ပီပီ အပိုဆုကြေးတွေကို ရပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် အလုပ်ကြိုးစားပါလိမ့်ဦးမည်။
တခြား ကြီးကြပ်ရေးမှူးတွေကလည်း အပိုဆုကြေးအဖြစ် ငွေချောင်း ( ၂ ) ချောင်းကို အသီးသီး ရခဲ့ကြသည်။ လေးလံတဲ့ ငွေချောင်းတွေ ၊ နှစ်သစ်ကူးလက်ဆောင်က လူတိုင်းကို စိတ်ကျေနပ်သွားစေပြီး နောက်နှစ်အတွက်လည်း အလုပ်ကြိုးစားချင်စိတ်တွေ ပြည့်နှက်သွားစေခဲ့သည်။
“ ရှားရှန့်နဲ့ လက်သမားချွေ့လည်း ရှင်တို့ရဲ့ အပိုဆုကြေးတွေကို လာယူကြပါ။ ”
“ ကျုပ်တို့လည်း ရမှာပါ။ ”
ပျော်ရွှင်မှုတွေဖြင့် အသက်ဝင်နေတဲ့ မြင်ကွင်းကို ဘေးကနေ ရပ်ကြည့်နေတဲ့ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ဟဲဝမ်ရွာမှာ နေတာ ရက်ပိုင်းလောက်ပဲ ရှိသေးပြီး လီယောင့်အတွက် အခုထိ ဘာမှ မလုပ်ပေးရသေးတဲ့ ရှားရှန့်ပါပဲ။ သူလည်း ပိုက်ဆံရတယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။
လီယောင် ပေးတဲ့ ပစ္စည်းတွေက နည်းနည်းနောနော မဟုတ်ခြင်းက သူ့ကို ပိုအံ့ဩသွားစေခဲ့သည်။
ငွေချောင်း ( ၂ ) ချောင်းနှင့် တခြားလူတွေကို ပေးတဲ့ နှစ်သစ်ကူးလက်ဆောင်ရဲ့ နှစ်ဆ ဖြစ်သည်။
“ သူဌေးက သဘောကောင်းလွန်းနေပါပြီ။ ”
“ ရှင် ရသင့်ရထိုက်တာပါ။ ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ။ နောက်နှစ်လည်း ကျွန်မတို့မှာ လုပ်စရာတွေ အများကြီး ရှိသေးလို့ ရှင့်ကို အလုပ်ကြိုးစားခိုင်းရဦးမယ်။ ”
“ ဟုတ်ကဲ့။ ”
ရှားရှန့်က သူမကို ပိုက်ဆံရှာတဲ့ နေရာမှာ မကူညီပေးပေမဲ့ သူ့ကူညီမှုတွေက အကြီးမားဆုံးပဲ ဆိုတာ သံသယဖြစ်စရာ မလိုပေ။ သူ မရှိရင် သူမရဲ့ စက်ဘီးကိုလည်း ဒီလောက် မြန်မြန်ဆန်ဆန် လုပ်နိုင်ခဲ့မှာ မဟုတ်။
လီယောင်သည် လက်သမားချွေ့ရဲ့ အရည်အချင်းကိုလည်း အလွန် တန်ဖိုးထားသည်။ သူမ နောက်နှစ်မှာ လုပ်ချင်တာတွေ အများကြီး ရှိသေးတာကြောင့် အရည်အချင်းရှိတဲ့ လက်သမားချွေ့ရဲ့ အကူအညီကို လိုအပ်လိမ့်မည်။
အလုပ်ရုံပိတ်ရက်မှာ လီယောင်လည်း အားလပ်ရက်အတွက် စတင် ပြင်ဆင်ခဲ့သည်။
တရားရုံးတော် အဆောက်အအုံသစ်က ဆောက်လုပ်နေဆဲ ဖြစ်၍ တရားသူကြီးစုန့်နှင့် သူ့မိသားစုအား နှစ်သစ်ကူးချိန်ကို သူမရဲ့ အိမ်မှာ လာရောက်ဖြတ်သန်းဖို့ ဖိတ်ခေါ်ခဲ့သည်။ တရားသူကြီးစုန့်တို့လင်မယားကလည်း သူမရဲ့ ဖိတ်ခေါ်ချက်ကို ဝမ်းသာစွာ လက်ခံခဲ့ပါသည်။
ဒါက ဒီခေတ်မှာ သူမရဲ့ ပထမဆုံး နှစ်သစ်ကူးချိန်လည်း ဟုတ်သလို သူမဘဝမှာ လူတွေ အများကြီးနှင့် ပထမဆုံး ဖြတ်သန်းကုန်ဆုံးရမယ့် နှစ်သစ်ကူးချိန်ဆိုလည်း မမှားတာမို့ ပျော်စရာကောင်းစေချင်သည်။
အသားအမျိုးမျိုး ၊ အစေ့အဆန်တွေ ၊ သကြားလုံးတွေကတော့ မရှိမဖြစ်ပေါ့။ ဟော့ပေါ့ကလည်း မပါမဖြစ်။ သူတို့အားလုံး ဟော့ပေါ့တွေ အများကြီး စားရမည်။
လီယောင်သည် လိုအပ်တဲ့ အစားအသောက်တွေ အကုန်လုံးကို စာရင်းလုပ်ပြီး တာ့ကျွမ်းနှင့် ဝမ်ယွမ်ကောကို ပြင်ဆင်ခိုင်းလိုက်လေသည်။
…